← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း (၁၂၁)

ထိုအသံကြောင့် ရန်အာဟူ၏ ရင်ထဲ တုန်လှုပ်ခြောက်ခြားသွားပြီးနောက် မျက်နှာတွင် အားနာရိပ်များ ယှက်သန်းလျက် တောင်းပန်တိုးလျှိုးသံဖြင့် ဆိုလိုက်သည်။

“အကာအကွယ်ဝတ်စုံ မဝတ်ထားတဲ့ ဟန်တော့ ရှိနေသေးတာကို ငါ မေ့သွားတယ်”

ဟန်ဟော့မှာ တရုန်းရုန်း လိုက်တိုက်ခိုက်နေသော တရုတ်ပျားရိုင်းအုပ်ကြီးကြောင့် ပျာပျာသလဲ ထွက်ပြေးတိမ်းရှောင်နေရ၍ ၎င်း၏ စူးစူးဝါးဝါး အော်ဟစ်ညည်းတွားသံများမှာ တောအုပ်တစ်ခုလုံး အနှံ့အပြား ပဲ့တင်ထပ်လျက် ရှိတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းယန်၏ ရင်ထဲတွင် အတိုင်းအဆမဲ့သော အားကိုးရာမဲ့မှုနှင့် မတတ်နိုင်ခြင်းတို့ ကြီးစိုးလာကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“မင်းဘာသာမင်း ဟန်ဟော့ဆီသွားပြီး ရှင်းပြလိုက်တော့”

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော ပရိသတ်များမှာ မှတ်ချက်များ တရစပ် ရေးသားလာတော့သည်။

“ဒါကတော့ တကယ်ကို ရယ်ချင်စရာကြီးပဲ၊ အမှားလုပ်တာက ရန်အာဟူ ဖြစ်ပြီး ဘာလို့ ဒုက္ခခံရတာကျမှ ဟန်ဟော့ ဖြစ်နေရတာလဲ”

“ဟန်ဟော့တစ်ယောက် စိတ်ထဲကနေ မင်းတို့လို အားကိုးမရတဲ့ သခင်နှစ်ယောက်နဲ့ တွေ့လို့ကတော့ ငါ့ဘဝတော့ သွားပါပြီ လို့ တွေးနေလောက်ပြီ”

“ဟန်ဟော့ တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပြန်နောင်တရပြီး ရိုက်နှက်ချင်စိတ် ပေါက်နေမှာ အသေအချာပဲ၊ ဒီလိုဖြစ်မှန်း သိရင် အိမ်မှာပဲ မိန်းမနဲ့အတူ ငြိမ်ငြိမ်လေး နေခဲ့ပါတယ်ဆိုပြီးတော့လေ”

“တစ်ယောက်လောက် ပြောပြပေးလို့ ရမလား၊ ဒီ တရုတ်ပျားရိုင်းတွေက အဆိပ်ရှိလားဟင်၊ ဟန်ဟော် တစ်ခုခု ဖြစ်သွားနိုင်မလား”

“တရုတ်ပျားရိုင်းတွေက အဆိပ်အနည်းငယ် ရှိပေမဲ့ သိပ်တော့ မပြင်းထန်ပါဘူး၊ သူတို့ရဲ့ အဆိပ်က အဓိကအားဖြင့် ပျားတုပ်တံကနေ လာတာပါ၊ အဲဒီတုပ်တံမှာ ကျောဘက်တုပ်တံတစ်ခုနဲ့ ဝမ်းဗိုက်ဘက်တုပ်တံ နှစ်ခု ပါဝင်ပါတယ်၊ အကယ်၍ သူတို့ တုပ်လိုက်ပြီဆိုရင် အဲဒီတုပ်တံက အရေပြားမှာ တိုက်ရိုက် စွဲကပ်ကျန်ရစ်ခဲ့ပြီး ပျားရဲ့ အတွင်းကလီစာတွေကိုပါ ဆွဲထုတ်သွားတတ်လို့ အဲဒီပျားဟာလည်း ချက်ချင်း သေဆုံးသွားတတ်ပါတယ်”

“ကြည့်ရတာ အဲဒီ တရုတ်ပျားရိုင်းလေးလည်း သနားစရာပါပဲ”

ကံကောင်းထောက်မစွာဖြင့် ဟန်ဟော့၏ ခြေလှမ်းများမှာ လျင်မြန်လွန်းသဖြင့် တရုတ်ပျားရိုင်းများ အမှီမလိုက်နိုင်ဘဲ ကျန်ရစ်ခဲ့သည်။

လင်းယန်သည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ပျားရည်များ စတင်သိမ်းဆည်းရန် ပြင်ဆင်လိုက်ကာ လှမ်းအော်ပြောလိုက်သည်။

“ဟန်ဟော့... ဒီနေ့ည အိမ်ပြန်ရောက်ရင် မင်းကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုပါ့မယ်၊ မင်းရဲ့ လုပ်ရပ်ကို မေ့ပစ်မှာ မဟုတ်ပါဘူး”

ပျားအုံကြီးအတွင်းမှ ပျားရည်များ ဖန်အိုးများထဲသို့ စိတ်တိုင်းကျ ထည့်သွင်းပြီးနောက် လင်းယန်သည် ရင်ထဲမှ သက်ပြင်းကြီးတစ်ချက် စိတ်အေးလက်အေး ချနိုင်တော့သည်။

ဤပျားအုံကြီးမှာ အမှန်တကယ် ကြီးမားလှကာ တစ်အိုးလျှင် နှစ်ကီလိုဂရမ်ခန့် အလေးချိန်ရှိသော ပျားရည်အိုးပေါင်း ဆယ်အိုးခန့်အထိ ရှိခဲ့သည်။

“ဟိုးဘက်မှာ ပျားအုံတွေ အများကြီး ကျန်သေးတယ်”

ဤနေရာအထိ ရောက်ရှိလာခဲ့၍ လက်ဗလာဖြင့် ပြန်လှည့်သွားရန်မှာ သူတို့၏ ထုံးစံမဟုတ်ပေ၊

“ဆရာ... ဒီပျားတွေကို အပြင်ထွက်လာအောင် ဘယ်လို မျှားခေါ်မလဲ”

ရန်အာဟူသည် စူးစမ်းစွာ မေးမြန်းလိုက်သည်။

လင်းယန်သည် သူ့အား တစ်ချက် ကြည့်လိုက်ကာဆိုသည်။

“မင်းလည်း တစ်ခုခုလောက်တော့ လေ့လာဦးမှပေါ့”

ခြင်းတောင်းထဲမှ သကြားဖြူတစ်ထုပ်နှင့် ပန်းကန်လုံးကြီးတစ်လုံး ထုတ်ယူလိုက်ကာ သကြားများအား ပန်းကန်လုံးထဲသို့ လောင်းထည့်ပြီးနောက် သူနှင့်အတူ အမြဲမပြတ် သယ်ဆောင်လေ့ရှိသော ဝိဉာဉ်စမ်းရေ ကို ရော၍လောင်းထည့်လိုက်သည်။

ထို့နောက် ရန်အာဟူအား ဆွဲခေါ်ကာ သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် ပုန်းကွယ်နေလိုက်ကြသည်။

“ခဏလောက် စောင့်ကြည့်လိုက်၊ ဒီအနံ့ကြောင့် ပျားတွေ မကြာခင် စုပြုံရောက်ရှိလာလိမ့်မယ်”

လင်းယန်နှင့် ရန်အာဟူတို့၏ သတိကြီးစွာ ထားနေသော အမူအရာအား မြင်တွေ့သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူများမှာ မသိစိတ်အလျောက် အသက်ရှူမှားမတတ် ရင်သပ်ရှုမော ဖြစ်နေကြသည်။

“ထူးဆန်းလိုက်တာ၊ ငါ့မှာလည်း သူတို့နဲ့အတူ ရင်တုန်ပန်းတုန် ဖြစ်လာရတယ်”

“ငါလည်း တူတူပဲ၊ အနားမှာရှိတဲ့ ပျားတွေကို လန့်သွားမှာ စိုးလို့ အသက်တောင် ပြင်းပြင်းမရှူရဲဘူး”

“ဒီပျားတွေ တကယ်ပဲ အပြင်ကို ထွက်လာပါ့မလား”

“ဘယ်သူမှ ဟန်ဟော့ရဲ့ ဒဏ်ရာကို စိတ်မပူကြဘူးလား”

“ဟားဟားဟား….အခုအချိန်မှာတော့ ပျားရည်စုဆောင်းဖို့က အရေးကြီးဆုံးပဲလေ”

လင်းယန်သည် လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။

“သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး၊ တရုတ်ပျားရိုင်းတွေရဲ့ အဆိပ်က သိပ်မပြင်းပါဘူး”

သူ တွေးထားသည့်အတိုင်း သကြားရေ၏ မွှေးသော အနံ့အသက်ကြောင့် ပျားအုပ်ကြီးမှာ အချိန်တိုအတွင်း ဆွဲဆောင်ခြင်း ခံလိုက်ရကာ တဝုန်းဝုန်းဖြင့် ရောက်ရှိလာကြတော့သည်။

ပုံမှန်အားဖြင့် သကြားဖြူသက်သက်သည် ပျားများကို ဆွဲဆောင်လျှင် ဤမျှ လျင်လျင်မြန်မြန် ရောက်ရှိလာနိုင်မည် မဟုတ်ပေ။

ထို့ပြင် ဤနည်းလမ်းသည် ပန်းဝတ်ရည် ရှာဖွေရခက်ခဲသော ရာသီဥတုမျိုးတွင် အသုံးပြုရန် သင့်တော်သည်။

သို့သော် ယခု လင်းယန် အသုံးပြုထားသည်မှာ သာမန်ရေ မဟုတ်ဘဲ ထူးခြားဆန်းပြားသော ဝိဉာဉ်စမ်းရေ ဖြစ်နေခြင်းကြောင့်ဖြစ်သည်။

မကြာမီ လင်းယန်သည် ပျားအုပ်ကြီးထဲမှ ထူးခြား ထင်ရှားလှသော ပျားဘုရင်မ တစ်ကောင်အား ကွက်ကွက်ကွင်းကွင်း ရှာတွေ့သွားခဲ့သည်။

သူ့မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်သွားကာ ဘေးနားရှိ ရန်အာဟူ၏ လက်မောင်းအား ပုတ်ကာ တိုးတိုးလေးပြောလိုက်သည်။

“မင်း မြင်လိုက်လား၊ ပျားဘုရင်မကိုယ်တိုင်တောင် ဒီအနံ့နောက်ကို ပါလာပြီ”

ထိုပျားဘုရင်မအား မြင်လိုက်ရသည့် ခဏ၌ သူ၏ ခေါင်းထဲတွင် စီးပွားရေးအကြံတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။

ရန်အာဟူသည် ခေါင်းကုတ်လျက် မေးသည်။

“ဆရာပြောတာ အရှေ့ဆုံးက သွားနေတဲ့တစ်ကောင်က ပျားဘုရင်မလား”

သူသည် သာမန်ပျားနှင့် ပျားဘုရင်မအား ခွဲခြားနိုင်စွမ်း မရှိပေ။

လင်းယန်သည် ခေါင်းညိတ်ပြကာ အသေးစိတ် ရှင်းပြသည်။

“ပျားဘုရင်မက သာမန်အလုပ်သမားပျားတွေထက် ခန္ဓာကိုယ် ပိုမိုရှည်လျားပြီး သူ့ရဲ့ အတောင်ပံတွေက ဝမ်းဗိုက်ပိုင်းရဲ့ တစ်ဝက်လောက်ကိုပဲ ဖုံးအုပ်ထားနိုင်တယ်”

ရန်အာဟူသည် စူးစမ်းလိုစိတ်အပြည့်ဖြင့် ထပ်မေးသည်။

“ဒါဆို ပျားဘုရင်မရဲ့ အဓိက တာဝန်က ဘာလဲ သူဌေး”

လင်းယန်သည် သေချာရှင်းပြသည်။

“ပျားဘုရင်မနဲ့ အလုပ်သမားပျား နှစ်မျိုးလုံးဟာ သန္ဓေအောင်ထားတဲ့ ဥတွေကနေ ပေါက်ဖွားလာတဲ့ ခရိုမိုဆုန်းစုံတွဲ ပါဝင်တဲ့ အမမျိုးဆက် ပျားတွေ ဖြစ်ကြတယ်၊ ပျားဘုရင်မရဲ့ ခန္ဓာကိုယ် အရောင်ဟာ များသောအားဖြင့် အဝါရင့်ရောင် ရှိတတ်ပြီး ဒါဟာ အလုပ်သမားပျားတွေ၊ အမပျားတွေနဲ့ ဆင်တူပါတယ်၊ ထူးခြားချက်ကတော့ ပျားဘုရင်မဟာ ပျားအုံတစ်ခုလုံးမှာ ဥဥနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော အမပျား ဖြစ်ပြီး သူမဟာ ပျားအုံအဖွဲ့ဝင် အားလုံးရဲ့ မိခင်လည်း ဖြစ်ပါတယ်၊ ပျားဘုရင်မမှာ ပျားအုံတွင်း ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်စွမ်းရှိသလို ပျားအုပ်စုရဲ့ စနစ်တကျ ရှိမှုကို ထိန်းသိမ်းဖို့အတွက် ပျားဘုရင်မက ဓာတုပစ္စည်း တွေကိုလည်း ထုတ်လွှတ်ပေးနိုင်စွမ်း ရှိတယ်၊ တစ်နည်းအားဖြင့် ပြောရရင် ပျားအုံတစ်ခုမှာ ပျားဘုရင်မတစ်ကောင် မရှိမဖြစ် လိုအပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပျားဘုရင်မဟာ မတူညီတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တဲ့ ‘ဖာရိုမုန်း’ အနံ့အသက်တွေကို ထုတ်လွှတ်ပြီး ပျားအုပ်စုတစ်ခုလုံးရဲ့ အပြုအမူတွေကို စနစ်တကျ ထိန်းကျောင်း မောင်းနှင်ပေးနိုင်လို့ပဲ”

လင်းယန်သည် လေးလေးနက်နက်ဆိုသည်။

ရန်အာဟူသည် နားလည်သလိုလို အမူအရာဖြင့် ခေါင်းညိတ်ရင်း ရယ်ရယ်မောမောပြောသည်။

“ဆရာ့စကားတွေကို နားထောင်ရတာ အသိပညာတွေက ဦးနှောက်ထဲကို အတင်းအဓမ္မ တိုးဝင်လာသလိုမျိုး ခံစားရတယ်”

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများသည် မှတ်ချက်များ ထပ်မံပေးလာကြသည်။

“ဒီ Live ကို ကြည့်ရတာ ဇီဝဗေဒအတန်းထဲမှာ သင်ရတာထက်တောင် ပိုပြီး အသိပညာရသေးတယ်”

“ငါ့ရဲ့ ဇီဝဗေဒဆရာသာ ဒီဗီဒီယိုထုတ်လွှင့်သူလိုမျိုး ဟာသဉာဏ်ရွှင်ရင် သိပ်ကောင်းမှာပဲ”

“ငါ့ရဲ့ ဇီဝဗေဒဆရာသာ အဲဒီတုန်းက ဒီလောက် ကောင်းကောင်းမွန်မွန် သင်ပေးခဲ့ရင် ငါ့ရဲ့ ဇီဝဗေဒစာမေးပွဲ အမှတ်တွေ ဒီလောက်အထိ နိမ့်နေမှာ မဟုတ်ဘူး”

သို့သော် လင်းယန် နောက်ထပ် ပြောလိုက်သော စကားတစ်ခွန်းကြောင့် ရန်အာဟူမှာ တံတွေးသီးသွားသည်။

“ဒီပျားဘုရင်မကို ငါတို့ ဖမ်းဆီးပြီး ပြန်သယ်သွားရင် ဘယ်လိုနေမလဲ”

ရန်အာဟူတစ်ယောက် လုံးဝ တွေဝေမိန်းမောသွားကာ အံ့အံ့မေးလိုက်သည်။

“သူဌေး... သူဌေး ဆိုလိုချင်တာက ငါတို့ကို ပြန်ခေါ်သွားပြီး ကိုယ်တိုင် ပျားမွေးတော့မလို့လား”

လင်းယန်သည် ပြတ်ပြတ်သားသားအကြည့်ဖြင့် ခေါင်းညိတ်ပြကာ သူ၏ စီးပွားရေးအတွေးအခေါ်အားဖွင့်ဟလိုက်သည်။

“တောရိုင်းပျားရည် တစ်ခုတည်းအပေါ်မှာပဲ မှီခိုနေမယ်ဆိုရင်တော့ ငါတို့ရဲ့ ဈေးကွက်ကို ချဲ့ထွင်နိုင်မှာ မဟုတ်ဘူး၊ လက်ရှိ ဈေးကွက်ထဲမှာ လင်မုပျားရည် ကို ရောင်းချတဲ့သူ သိပ်မရှိသေးဘူး၊ ဒါကြောင့် ငါတို့အနေနဲ့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ ဒီထူးခြားတဲ့ စီးပွားရေးဈေးကွက်သစ်ကြီးကို အမိအရ ဖွင့်လှစ် အောင်နိုင်ရမယ်”

လင်းယန်သည် အနာဂတ်အတွက် ရည်မှန်းချက်ကြီးစွာဖြင့် ဆိုသည်။

ရန်အာဟူသည် “ယာတောအိမ်” စီမံကိန်းနှင့် ပတ်သက်လာလျှင် လင်းယန်၏ ဆုံးဖြတ်ချက်များ အမြဲဦးစားပေး ယုံကြည်သူဖြစ်သည်။

“သူဌေး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့၊ ကျွန်တော် လုပ်ပေးရမယ့်အလုပ် ရှိရင်သာ အမိန့်ရှိပါ သူဌေး”

ရန်အာဟူသည် ဝမ်းမြောက်ဝမ်းသာ ထောက်ခံလိုက်သည်။

လင်းယန်သည် အိုးအလွတ်တစ်လုံး ထုတ်လိုက်ကာ ပျားအုပ်ကြီး ဝိုင်းအုံနေသည့် ကြားထဲမှ ပျားဘုရင်မအား တိကျသော လက်လှုပ်ရှားမှုဖြင့် အိုးထဲသို့ ဖမ်းဆီးထည့်သွင်းလိုက်သည်။

ထိုအချိန်တွင် အွန်လိုင်းအသုံးပြုသူ အချို့သည် သူတို့၏ သံသယ အတွေးများဖြင့် မေးလာကြသည်။

“ပျားဘုရင်မက ပျားအုံတစ်ခုလုံးအတွက် ဒီလောက်အထိ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာဆိုတော့ အကယ်၍ ပျားဘုရင်မသာ ပျောက်ဆုံးသွားရင် အဲဒီပျားအုံကြီး ဘာဖြစ်သွားမလဲ”

လင်းယန်သည် အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေခဲ့သည်။

“သူတို့ဟာ မကြာခင်မှာပဲ နောက်ထပ် ပျားဘုရင်မအသစ်တစ်ကောင်ကို ပြန်လည်ရွေးချယ် တင်မြှောက်ကြမှာပါ”

ခြုံငုံ၍ ကြည့်ရလျှင် ပျားအုံအတွက် ကြီးမားသော ပြဿနာတစ်စုံတစ်ရာ ရှိလာနိုင်မည် မဟုတ်ပေ။

All Chapters