အခန်း ၁၂၃
Vol. 13 Ch. 123
အခန်း (၁၂၃)
လင်းယန်သည် သူ၏ခြင်းတောင်းထဲမှ ပျားရည်အိုးတစ်လုံးကို ထုတ်ယူလိုက်သည်။
“နောင်ကို လက်တွေ အနာတရဖြစ်အောင် မလုပ်နဲ့ဦး၊ မဟုတ်ရင် မင်း ငတ်သေလိမ့်မယ်”
လင်းယန်သည် ဝက်ဝံနက်ကြီး၏အနီး မြေပြင်ပေါ်သို့ ပျားရည်အိုး ချပေးလိုက်ရင်း မေးလိုက်၏။
“မင်း သစ်ပင်နောက်မှာ ဘာလို့ ပုန်းနေသေးတာလဲ၊ အိမ်မပြန်တော့ဘူးလား”
ရန်အာဟူသည် သစ်ပင်နောက်မှ ကြောက်ကြောက်ရွံ့ရွံ့ ကိုယ်တစ်ပိုင်းငုံ့ထွက်လာကာ တုန်လှုပ်ချောက်ချားစွာ မေးသည်။
“ဒီဝက်ဝံက လူကို တကယ်မစားဘူးဆိုတာ သေချာလို့လားဗျ”
“မစားလို့ပဲ ငါ မင်းအရှေ့မှာ အသက်ရှင်လျက် ရပ်နေနိုင်တာပေါ့”
လင်းယန်သည် မျက်လုံးအစုံကို အပေါ်သို့ ပင့်ကာ စိတ်ပျက်သလို ကြည့်လိုက်သည်။
ထို့နောက် လင်းယန်တို့သည် တောင်အောက်သို့ ဖြည်းဖြည်း ဆင်းလာခဲ့ကြ၏။
ဝက်ဝံနက်ကြီးသည် မြေပြင်ပေါ်ရှိ ပျားရည်အိုးကို တစ်လှည့်၊ ဝေးကွာသွားသော လင်းယန်၏ကျောပြင်ကို တစ်လှည့် ငေးမောကြည့်ရင်း ထိုနေရာ၌ အချိန်အတော်ကြာ ရစ်ဝဲကျန်ခဲ့သည်။
မျက်နှာ ဖြူဖတ်ဖြူလျော်ဖြစ်နေသော ရန်အာဟူနှင့်အတူ ဟန်ဟော့တစ်ယောက် ခြံဝင်းအတွင်းသို့ ပြန်ရောက်ရှိလာသောအခါ အိမ်တွင်းရှိ တိရစ္ဆာန်အပေါင်းတို့သည် ထိတ်လန့်တုန်လှုပ်သွားကြ၏။ ပိုင်မောင်နှင့် ဟွမ်မောင်တို့သည် ၎င်းကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေကြသည်။
အင်တာနက်အသုံးပြုသူ ပရိသတ်များသည်လည်း ထိုအကောင်ငယ်လေးနှစ်ကောင်၏ မျက်နှာပေါ်တွင် “အံ့ဩတုန်လှုပ်ခြင်း” ဟူသော အရိပ်အယောင်အား ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ကြ၏။
“ဟင်”
‘ဤမျှ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော သတ္တဝါဆန်းကြီးသည် အဘယ်အရပ်မှ ရောက်ရှိလာပါသနည်း’
‘အရှင်သခင်သည် ၎င်းကို တောင်ပေါ်မှ ကောက်ယူလာခဲ့ခြင်း ဖြစ်လေမလား’
ဟွမ်မောင်သည် လင်းယန်၏ခြေဖဝါးနားသို့ တိုးသွားကာ ဟန်ဟော့အား သိသာထင်ရှားသော အထင်သေးကဲ့ရဲ့မှုများဖြင့် ကြည့်လေသည်။
ဟန်ဟော့၏ နုနယ်သော နှလုံးသားသည် တစ်ဖက်လူ၏ နှိမ်ချဆက်ဆံမှုကို ခံလိုက်ရသဖြင့် ပြင်းထန်သော ရိုက်ခတ်မှု ခံလိုက်ရသကဲ့သို့ ခံစားရကာ ကျောက်ကျောက်အနားသို့ ချဉ်းကပ်ရန် လုံးဝမဝံ့မရဲ ဖြစ်သွားသည်။
လင်းယန်၏ နှုတ်ခမ်းအစုံသည် တွန့်ကွေးသွားကာ ပြောလိုက်၏။
“ဟန်ဟော့ကို အဲလိုမပြောပါနဲ့၊ ဟန်ဟော့က ပျားတုပ်ခံထားရတာ၊ သူက ဒီနေ့အတွက် သူရဲကောင်းလေးပဲ၊ ဒီညကျရင် သူ့ကို ထူးထူးခြားခြား ကျွေးမွေးရမယ်”
သို့သော် ထိုစကားများသည် ဟန်ဟော့အတွက် အနည်းငယ်မျှ သက်သာရာမရစေခဲ့ပေ။
၎င်းသည် မိမိ၏ခွေးအိမ်လေးထဲသို့ ပြန်ဝင်ရောက်သွားပြီးနောက် ပုံမှန်ကဲ့သို့ တက်ကြွလန်းဆန်းခြင်းမရှိဘဲ လုံးဝတိတ်ဆိတ်ငြိမ်သက်သွားသည်။
“ဟင်း”
လင်းယန်၏ အကြည့်သည် ရန်အာဟူထံသို့ ကျသွားကာ အသံတိတ်စွပ်စွဲလိုက်၏။
“မင်းက တရားခံပဲ”
“အဟွတ် အဟွတ် အဟွတ်”
ရန်အာဟူသည် အားနာလှသော မျက်နှာထားဖြင့် မေးသည်။
“ငါ ဘာလုပ်ရမလဲ၊ သူ့ကို သွားပြီးတော့ တောင်းပန်ရမလား”
လင်းယန်သည် ခေါင်းခါယမ်းလိုက်ကာ ဆို၏။
“အရင်ဆုံး ဦးလေးလျူဆီ အဝတ်အစားတွေ သွားပြန်ပေးရမယ်၊ ပြီးတော့ သူ့ကို ပျားရည်နှစ်အိုး ပေးရမယ်၊ ဒါ့အပြင် ပျားမွေးမြူရေးအကြောင်းကိုလည်း သူ့ဆီကနေ အကြံဉာဏ်တောင်းရဦးမယ် ထင်တယ်”
“သူဌေးကလည်းဗျာ၊ သူတစ်ပါးအပေါ်ကို ပိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံစမ်းပါဗျ”
ရန်အာဟူသည် မကျေမနပ် ညည်းညူလိုက်သည်။
“မင်းပြောပုံက ငါကပဲ လူတိုင်းအပေါ် ရိုင်းစိုင်းနေသလိုမျိုးပဲ”
“ဒါကို ငါ့လက်ထဲသာ အပ်ထားလိုက်စမ်းပါ၊ မင်း စိတ်အေးအေးထားပါ”
ကံကောင်းထောက်မစွာဖြင့် ဟန်ဟော့၏ စိတ်ဒဏ်ရာသည် ယာယီဖြစ်ခဲ့၏။ ကျောက်ကျောက်သည် ၎င်း၏အနားမှ ဖြတ်သွားသောအခါ ဟန်ဟော့သည် ယခင်ကဲ့သို့ မြေခွေးမြီးကဲ့သို့ ကပ်ဖားရပ်ဖားလုပ်တတ်သော ခွေးကလေးအဖြစ် ပြန်ပြောင်းသွားသည်။
ကျောက်ကျောက်သည် ဟန်ဟော့၏ ဖူးယောင်နေသော မျက်နှာကြီးအား မြင်သောအခါ လှောင်ပြောင်ခြင်းမရှိဘဲ အံ့ဩသင့်ရုံမျှသာဖြစ်သွား၏။
လင်းယန်သည် ပျားမွေးမြူရန်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။
သူသည် ပျားများကို တစ်ကြိမ်တစ်ခါမျှ မမွေးမြူဖူးသော်လည်း ကျေးလက်တောရွာတွင် ကြီးပြင်းလာခဲ့သူပီပီ ရှေးဦးစွာ မည်သည်ကိုလုပ်ဆောင်ရမည်ကို ကောင်းကောင်း သိရှိနားလည်ထား၏။
အလုပ်များနေချိန်တွင် လက်ကိုင်ဖုန်း တစ်ချိန်လုံး ကိုင်ထားရန် မသင့်လျော်သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအား ရိုးရှင်းစွာ ရပ်တန့်လိုက်သည်။
အွန်လိုင်းပေါ်ရှိ မိဘပြည်သူ ပရိသတ်များသည် အားမရနိုင်သေးဘဲ ထပ်ကြည့်လိုစိတ်များ ပြင်းပြနေကြဆဲ ဖြစ်သည်။
လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တိုင်း အမြဲတမ်း ဤကဲ့သို့ဖြစ်ရမြဲဖြစ်ကာ မည်သည့်အခါမျှ ရောင့်ရဲတင်းတိမ်ခြင်း မရှိကြပေ။
လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသည့်တိုင်အောင် အွန်လိုင်းပေါ်ရှိ ဆွေးနွေးမှုများသည် ဆက်လက်ဆူညံနေခဲ့သည်။
အချို့သော ပရိသတ်များသည် ဝက်ဝံနက်ကြီး၏ ကြောင်အမ်းအမ်းဖြစ်နေသော မျက်နှာထား ဗီဒီယိုအတိုကို ညှပ်ထုတ်၍ တည်းဖြတ်ခဲ့ကြသေး၏။
၎င်းသည် လင်းယန်အတွက် သောင်းနှင့်ချီသော ပရိသတ်အသစ်များ ဆွဲဆောင်ပေးနိုင်ခဲ့သည်။
လင်းယန်သည် လက်ရှိတွင် ပျားမွေးမြူရေးခြံအား မည်သည့်နေရာ၌ တည်ဆောက်ရမည်အား စဉ်းစားတွေးတောနေ၏။
ဤကိစ္စသည် အလွန်တရာ အရေးကြီးလှသည်။
သူသည် လင်မု ပျားရည်ကို ရောင်းချရန် ရည်ရွယ်ထားသဖြင့် ပျားမွေးမြူရေးခြံ တည်ဆောက်မည့်နေရာ၏ အနီးအနားတွင် လင်မုသစ်တောများ သေချာပေါက် ရှိနေရမည် ဖြစ်သည်။
ယနေ့ သူတို့သွားခဲ့သော နေရာသည် အိမ်နှင့် အနည်းငယ်ဝေးသော်လည်း အကောင်းဆုံး နေရာတစ်ခု ဖြစ်သည်။
အနီးအနားတွင် ရေကန်ရှိရုံမျှမက အမြောက်အမြားရှိသော လင်မုပင် များလည်း ရှိနေသဖြင့် ပျားရည်ရိတ်သိမ်းရန်အတွက် ပူပန်စရာ မလိုတော့ပေ။
ပြဿနာအား အဖြေရှာနိုင်ခဲ့ပြီးနောက် လင်းယန်သည် ရွာထဲရှိ လက်သမားတစ်ဦးထံ သွားကာ ပျားသေတ္တာအမြောက်အမြား ဝယ်ယူခဲ့သည်။
တစ်ပတ်မပြည့်မီအချိန်အတွင်းမှာ လက်သမားသည် ပျားသေတ္တာများကို အပြီးပြုလုပ်ပေးခဲ့သည်။
လင်းယန်သည် ပျားသေတ္တာများအား မည်သည့်အချိန်တွင် တပ်ဆင်ရမည်ကို စဉ်းစားနေ၏။
ပျားများကို ဝယ်ယူရန် လိုအပ်ခြင်း ရှိ၊ မရှိ ဟူသော မေးခွန်းကိုမူ သူလုံးဝစဉ်းစားခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် ပျားဘုရင်မ ရှိနေပြီဖြစ်ရာ အချိန်ကျလာပါက တရုတ်ပျားလုပ်သားများကို သဘာဝအတိုင်း ခေါ်ယူနိုင်မည် ဖြစ်သဖြင့် ကုန်ကျစရိတ်အချို့ သက်သာစေမည် ဖြစ်သည်။
ဤသတင်းကောင်းအပြင် လူလုပ်ရေကန်သည်လည်း တရားဝင် တည်ဆောက်ပြီးသွားပြီဖြစ်ရာ ယခုအခါ စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
လင်းယန်သည် လွန်ခဲ့သော နှစ်ရက်အတွင်း သူ၏ငါးကန်ထဲရှိ ငါးအားလုံး ရွာသားများထံသို့ ဝေပေးခဲ့ကာ ငါးသားပေါက်အသစ်များ လူလုပ်ရေကန်ကြီးထဲသို့ လွှတ်ရန် စီစဉ်နေ၏။
နောက်ဘက်ရှိ ငါးကန်ကိုမူ နွေရာသီတွင် ကြာစေ့နှင့် ကြာစွယ် အမြောက်အမြား ထွက်ရှိစေရန်အတွက် ကြာပန်းများ စိုက်ပျိုးရန် စီစဉ်ထားသည်။
၎င်းသည် သာယာလှသော ရှုခင်းတစ်ခုလည်း ဖြစ်လာလိမ့်မည်။
“သူဌေး... သစ်တောဦးစီးဌာနက ဖုန်းဆက်တယ်”
ရန်အာဟူသည် အလုပ်လုပ်နေသော လင်းယန်အား လှမ်းကြည့်ရင်း အော်ဟစ်ပြောဆိုလိုက်၏။
လင်းယန်သည် သူ၏လက်များ သုတ်လိုက်ကာ ထူးလိုက်သည်။
“ဟဲလို... ညွှန်ကြားရေးမှူးလီလား”
“ရှောင်လင်း... မင်းရဲ့ တိရစ္ဆာန်တွေ အခုတလော ဘယ်လိုလဲ”
လင်းယန်သည် ဇဝေဇဝါ ဖြစ်သွား၏။ ညွှန်ကြားရေးမှူးလီသည် သူ့ထံသို့ ဦးစွာဖုန်းဆက်ခဲလှသည့်အပြင် ထိုတိရစ္ဆာန်များ၏အရေးကို ချက်ချင်းမေးမြန်းကာ စိုးရိမ်ပူပန်ပြနေခြင်းမှာ သေချာပေါက် အခြားအကြောင်းအရင်းတစ်ခုခု ရှိနေရသည်။
“အဆင်ပြေပါတယ်... အစားကောင်းကောင်းစားပြီး အိပ်လို့ပျော်ပါတယ်”
“အရှေ့မြောက်ကျားမကြီးရဲ့ ဒဏ်ရာတွေကကော လုံးဝသက်သာသွားပြီလား”
ထိုအခါမှ လင်းယန်သည် ပုံမှန်မဟုတ်သော အခြေအနေကို ရိပ်မိသွားကာ မေးလိုက်၏။
“ကျားမကြီးက ဆေးကုသမှုခံယူနေတာ ကြာပြီဆိုတော့ အခုဆိုရင် လုံးဝ ပြန်လည်ကျန်းမာလာပါပြီ။ ညွှန်ကြားရေးမှူးလီက ကျားအမေကြီးကို တောရိုင်းထဲ ပြန်လွှတ်ဖို့ စီစဉ်နေလို့ ဒါကို မေးတာလား”
သူသည် ဤကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးလီနှင့် ယခင်က ဆွေးနွေးခဲ့ဖူးသော်လည်း ညွှန်ကြားရေးမှူးလီသည် ကျားမကြီးကြောင့် ဖြစ်လာနိုင်သော ဖုံးကွယ်ထားသည့် အန္တရာယ်များအား စိုးရိမ်သဖြင့် သူမအား အချိန်အတန်ကြာအောင် ဆက်လက်မွေးမြူထားရန် အတင်းအကျပ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ဟုတ်တယ်... ပြီးခဲ့တဲ့အကြိမ်က တိရစ္ဆာန်တွေကို လွှတ်လိုက်တုန်းက ကျားမကြီး ဒဏ်ရာရသွားခဲ့တယ်၊ ဒီတစ်ကြိမ်မှာတော့ တို့တွေ ဒရုန်းတွေကို သုံးပြီး ကျားမကြီးရဲ့ လှုပ်ရှားမှုတွေကို ၂၄ နာရီပတ်လုံး သေချာပေါက် စောင့်ကြည့်သွားမှာပါ၊ ဒီလိုမျိုး အဖြစ်အပျက်ဆိုးမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မဖြစ်စေရဘူး၊ အရှေ့မြောက်ကျားလေး နှစ်ကောင်ကိုတော့ မင်းရဲ့အိမ်မှာပဲ ဆက်ပြီး မွေးမြူထားနိုင်ပါတယ်”