← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇)

ကံကောင်းထောက်မစွာဖြင့် ညွှန်ကြားရေးမှူးလီသည် အချိန်မီ အလျင်အမြန် အရေးယူဆောင်ရွက်ပေးခဲ့သဖြင့် မကြာမီအချိန်အတွင်းမှာ ဆရာဝန်ချင်သည် တိရစ္ဆာန်ရုံထိန်းသိမ်းစောင့်ရှောက်ရေးသမားနှစ်ဦး၊ လုံခြုံရေးဝန်ထမ်းအချို့နှင့်အတူ လင်းရန်၏ နေအိမ်သို့ ရောက်ရှိလာကြသည်။

“လင်းရန်... မင်းကတော့ တကယ်ကို ထူးကိုထူးတာ၊ မင်းအိမ်မှာ ပန်ဒါဝက်ဝံတစ်ကောင် ရောက်နေတယ်လို့ ညွှန်ကြားရေးမှူးလီ ပြောကတည်းက ငါ မယုံနိုင်ဘူး ဖြစ်နေတာ၊ မင်းရဲ့အိမ်မှာ တိရစ္ဆာန်ငယ်လေးတွေကို ဆွဲဆောင်နိုင်တဲ့ စွမ်းအားတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်”

ဆရာဝန်ချင်သည် သူ၏ ထုံးစံအတိုင်း လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ထားသည်။

သူသည် လူနာများကို ကုသပေးသည့် ဆရာဝန်တစ်ဦးနှင့် လုံးဝ မတူပေ။

လင်းရန်သည် ခွေးအိမ်လေးထဲတွင် ကွေးကွေးလေး အိပ်ပျော်နေသော ပန်ဒါဝက်ဝံပေါက်ကလေးကို လက်ညှိုးညွှန်ပြလျက် ပြောသည်။

“သူကတော့ ဗိုက်ပြည့်အောင် စားသောက်ပြီးတာနဲ့ အိပ်ပျော်သွားတာပဲ၊ သူ့ကို တစ်ပါတည်း ခေါ်ဆောင်သွားလို့ ရပါပြီ” ဟု ပြောဆိုလိုက်သည်။

ညွှန်ကြားရေးမှူးလီအနေဖြင့် စိတ်ပြောင်းသွားကာ ထိုပန်ဒါဝက်ဝံပေါက်ကလေးကို သူ၏ အိမ်တွင် ဆက်ထားရှိမည်ကို လင်းရန် အလွန်စိုးရိမ်မိသည်။

၎င်းသည် ထောက်ပံ့ကြေး ရရှိခြင်း၊ မရရှိခြင်းဟူသော ကိစ္စရပ်ထက် တိရစ္ဆာန်အမြောက်အမြားကို သူတစ်ဦးတည်း အာရုံစိုက် စောင့်ရှောက်ရန် မဖြစ်နိုင်ခြင်းကြောင့်ဖြစ်သည်။

ဤတိရစ္ဆာန်ငယ်လေးများကို ပြုစုစောင့်ရှောက်နေရသဖြင့် သူသည် စပါးစိုက်ခင်းများဆီသို့ မရောက်ရှိသည်မှာလည်း ရက်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။

ဆရာဝန်ချင်သည် ဝဝတုတ်တုတ်နှင့် ချစ်စရာကောင်းလှသော ပန်ဒါဝက်ဝံပေါက်ကလေးကို တစ်ချက်ကြည့်လိုက်ကာ ချီးမွမ်းစကား ဆိုသည်။

“အမျိုးသားအဆင့် ရတနာတစ်ပါး ဖြစ်ရုံတင်မကဘဲ အိပ်ပျော်နေတဲ့အချိန်မှာတောင် မြင်ရသူအပေါင်းကို အသည်းယားစေလောက်အောင် ချစ်ဖို့ကောင်းလွန်းတယ်ဗျာ”

ထိုအချိန်တွင် မြေခွေးဖြူလေး ရှောင်ရွှေသည် ပန်ဒါဝက်ဝံပေါက်ကလေး၏ ဘေးတွင် တိုးဝှေ့လျက် ၎င်း၏ အမွှေးပွအမြီးကလေးဖြင့် ပန်ဒါကလေး၏ မျက်နှာကို ခပ်ဖွဖွ ပွတ်သပ်ပေးနေသည်။

ပန်ဒါဝက်ဝံပေါက်ကလေးမှာ ကိုယ်လုံးလေးကို ဘောလုံးတစ်လုံးကဲ့သို့ ပိုတွန့်လိပ်ကွေးကုတ်သွားတော့သည်။

တိရစ္ဆာန်ရုံထိန်းသိမ်းစောင့်ရှောက်ရေးသမားနှစ်ဦးသည် အိပ်ပျော်နေသော ပန်ဒါဝက်ဝံပေါက်ကလေးကို အသာအယာ မချီယူ၍ ကြိုတင်ပြင်ဆင်လာသော သံလှောင်အိမ်ထဲသို့ ထည့်သွင်းလိုက်ကြသည်။

သို့သော် ထိုသို့ ပြုလုပ်လိုက်ခြင်းသည် ပန်ဒါဝက်ဝံပေါက်ကလေးကို နိုးသွားစေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ပေ။

ပန်ဒါကလေးနိုးလာသည်နှင့်တပြိုင်နက် သံလှောင်အိမ်ကို ကိုက်ခြင်း၊ လက်သည်းများဖြင့် ကုတ်ခြစ်ခြင်းတို့ပြုလုပ်ကာ ရုန်းတော့သည်။

၎င်းသည် ဤသို့ ပိတ်လှောင်ခံထားရခြင်းကို လုံးဝ အလိုမရှိကြောင်း ထင်ရှားလှသည်။

ဤမြင်ကွင်းကို ကြည့်ရင်း လင်းရန်သည် စိတ်မသက်မသာ ဖြစ်မိကာ သက်ပြင်းတစ်ချက်ချလျက် ချော့မော့ပြောလိုက်သည်။

“ကဲပါ... တော်တော့၊ ရုန်းမနေနဲ့တော့၊ ဒီဦးလေးတွေက မင်းကို မင်းရဲ့ အမေဆီ ပြန်ပို့ပေးမလို့ပါ၊ မင်း ရုတ်တရက် ပျောက်သွားတဲ့အတွက် မင်းရဲ့ အမေလည်း မင်းကို စိုးရိမ်ပြီး လိုက်ရှာနေလောက်ပြီ”

ပန်ဒါဝက်ဝံပေါက်ကလေးသည် မျက်ရည်ဝိုင်းနေသော မျက်ဝန်းအစုံဖြင့် လင်းရန်ကို ကြည့်လျက် ၎င်း၏ ခြေဖဝါးငယ်များ ဆန့်တန်းကာ လင်းရန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်ရန် ကြိုးပမ်းရှာသည်။

သို့သော် ရင်ခွင်အစစ်အစား အေးစက်လှသော သံတိုင်များနှင့်သာ တိုက်မိသွားသည်။

ဆရာဝန်ချင်သည် သူ၏ မျက်ခုံးကို အသာအယာ ပင့်တင်လိုက်ရင်း မေးလိုက်သည်။

“ဒီကောင်လေးက မင်းအပေါ်ကို သံယောဇဉ် တော်တော်တွယ်နေတဲ့ ပုံပဲဗျ၊ သူ မင်းအိမ်မှာ နေခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ၊ ငါ တကယ်ကို စဉ်းစားလို့မရဘူး၊ တိရစ္ဆာန်တွေက မင်းဆီကို ဘာကြောင့် ဒီလောက်တောင် အုပ်စုလိုက်ကြီး ရောက်လာကြတာလဲ”

လင်းရန်သည်လည်း မတတ်နိုင်သည့် အမူအရာဖြင့် ပခုံးကို အသာတွန့်ပြလျက် ပြန်ဖြေသည်။

“မင်းလို တိမွေးကုတောင် မသိမှတော့ ငါကဘယ်လိုသိမှာတုန်း”

လင်းယန်သည် ပန်ဒါဝက်ဝံပေါက်ကလေး၏ ဦးခေါင်းကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်ကာ ပြောလိုက်သည်။

“လိမ္မာရမယ်နော်၊ ဟုတ်ပြီလား၊ မကြာခင်မှာ မင်းရဲ့ အမေနဲ့ ပြန်တွေ့ရတော့မှာပါ”

ထို့နောက် ဆရာဝန်ချင်ဘက်သို့ လှည့်၍ ပြောလိုက်သည်။

“မင်းတို့ သူ့ကို ပန်ဒါဘေးမဲ့တောဆီ ပြန်ပို့ပေးမှာ မဟုတ်လား၊ သူက ဘယ်ပန်ဒါမိခင်ရဲ့ သားသမီးလဲဆိုတာ ငါတို့ အတိအကျ မသိရသေးဘူး၊ သူ့ကို သူ့အမေဆီ ရောက်အောင် ပြန်ပို့ပေးတာက အကောင်းဆုံးပဲ၊ မဟုတ်ရင် တခြားပန်ဒါအကြီးကြီးတွေက သူ့ရဲ့ အနံ့ကို ခံပြီး ငါ့အိမ်အထိ လိုက်လာမှာကို စိုးရိမ်မိတယ်”

အကယ်၍ ကမ္ဘာ့အကြီးဆုံး ပန်ဒါဝက်ဝံကြီးသည် သူ၏ သားငယ်ကို လင်းရန် ခိုးယူထားကြောင်း ထင်မှတ်သွားပါက အလွန်ကြီးမားသော မတရားစွပ်စွဲချက်ကြီး ဖြစ်လာလိမ့်မည်။

“ငါတို့ ပြောနိုင်တာကတော့ ပန်ဒါဘေးမဲ့တောဟာ ဒီနေရာနဲ့ တော်တော်လေး ဝေးပြီး ငါတို့ဘက်ကလည်း အချိန်နဲ့တပြေးညီ တိုက်ရိုက်စောင့်ကြည့်နိုင်တဲ့ စနစ်တွေ မရှိဘူး၊ ဒါကြောင့် သူ့ရဲ့ မိခင်ကို ရှာမတွေ့နိုင်တာမျိုးလည်း ဖြစ်လာနိုင်တယ်၊ အကယ်၍ မိခင်ဖြစ်သူကို လုံးဝ ရှာမတွေ့ခဲ့ရင်တော့ သူ့ကို တိရစ္ဆာန်ရုံဆီ ခေါ်ဆောင်သွားပြီး လူသားတွေရဲ့ စောင့်ရှောက်မှုအောက်မှာပဲ မွေးမြူရလိမ့်မယ်၊ သို့သော် ဒါက အဆိုးရွားဆုံး အခြေအနေပဲဗျာ၊ ပန်ဒါဝက်ဝံပေါက်ကလေးဟာ မိခင်ရဲ့ နို့ရည်ကို မသောက်ရဘဲ ပတ်ဝန်းကျင်အသစ်နဲ့ ရုတ်တရက် အသားကျဖို့ ဆိုတာ အလွန်ပဲ ခက်ဲလိမ့်မယ်”

ဆရာဝန်ချင်သည် သက်ပြင်းတစ်ချက်ချလျက် နူးညံ့အိစက်လှသော အမွှေးအမျှင်များ ရှိသည့် ပန်ဒါကလေးကို ပွတ်သပ်ပေးရင်း ရေရွတ်လိုက်သည်။

“ငါ တကယ်ကို သိချင်မိတယ်၊ ဒီပန်ဒါနီလေးဟာ ဘယ်လိုနည်းနဲ့ ဒီနေရာကို ရောက်လာတာလဲ”

ရန်အာဟူသည် သမ်းလိုက်ရင်း ပြောလိုက်သည်။

“မင်းတင်မကဘူး၊ ငါတို့နှစ်ယောက်စလုံးလည်း တကယ်ကို စဉ်းစားလို့မရအောင် ဝေခွဲမရ ဖြစ်နေတာ၊ အထူးသဖြင့် ငါ အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ အမွှေးပွပွ သတ္တဝါလေးကို နင်းမိတော့မလို့ ဖြစ်သွားတာ၊ ငါ့မှာ လန့်ဖျပ်သွားတာပဲ၊ အိမ်ရှေ့တံခါးဝမှာ ပန်ဒါဝက်ဝံတစ်ကောင် အလိုလို ရောက်လာတယ်ဆိုတာကို ဘယ်သူက ယုံနိုင်မှာလဲ”

ပန်ဒါဝက်ဝံပေါက်ကလေးသည် သံတိုင်များကို ဆက်တိုက် ရိုက်နေကာ နှာခေါင်းရှုံ့သံနှင့် ညည်းတွားသံများကို ဆက်တိုက် ပြုလုပ်နေသည်။

ဤသည်မှာ တိရစ္ဆာန်ငယ်လေးများက ၎င်းတို့၏ မကျေနပ်မှုကို ဖော်ပြသည့် သဘာဝ အမူအရာဖြစ်သည်။

တိရစ္ဆာန်ရုံထိန်းသိမ်းစောင့်ရှောက်ရေးသမားနှစ်ဦးသည် ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ မျက်မှောင်ကြုတ်သွားကြသည်။

“ဆရာဝန်ချင်... ဒီကောင်လေးက တော်တော်လေး စိတ်လှုပ်ရှားပြီး ရုန်းကန်နေတယ်ဗျ”

“ဟုတ်တယ်... သူက ဒီနေရာကနေ မထွက်ခွာချင်ဘူး ဖြစ်နေတဲ့ ပုံစံပဲ”

ထိုစကားကို ကြားသောအခါ ဆရာဝန်ချင်သည် လင်းရန်ကို မော့ကြည့်လိုက်ကာ မေးလိုက်သည်။

“မင်း ဒီကောင်လေးကို ဘယ်လို ပြုစားလိုက်တာလဲ”

လင်းရန်သည် လုံးဝ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

“ဒါက ငါနဲ့ ဘာဆိုင်လို့လဲ”

“မင်းရဲ့ အိမ်ကိုလည်း တစ်ချက်ကြည့်ဦး… ဒါက အိမ်မဟုတ်တော့ဘဲ တိရစ္ဆာန်ရုံတစ်ခုလို ဖြစ်နေပြီ၊ မြေခွေးတွေ၊ ဝံပုလွေတွေ ရှိနေတဲ့အပြင် မြောက်ပိုင်းကျားကြီး နှစ်ကောင်တောင် ရှိနေသေးတယ်”

လင်းရန်သည် ဝိညာဉ်စမ်းရေ ပါသော ရေခွက်ငယ်တစ်ခုကို ခပ်ယူလိုက်ကာ လှောင်အိမ်တံခါးကို ဖွင့်ရန် တိရစ္ဆာန်ထိန်းနှစ်ဦးကို အချက်ပြလိုက်သည်။

သူသည် ပန်ဒါဝက်ဝံပေါက်ကလေးကို ရင်ခွင်ထဲသို့ ပွေ့ပိုက်လိုက်ကာ ညင်သာစွာ ချော့မော့လျက်ပြောလိုက်သည်။

“မင်း မင်းရဲ့ အမေဆီကို ပြန်မသွားချင်ဘူးလား၊ မင်းရဲ့ အမေက မင်းကို နေရာအနှံ့ လိုက်ရှာနေလောက်ပြီ၊ ဒီရေလေးကို ကုန်အောင်သောက်ပြီးရင် ဒီဦးလေးတွေနဲ့အတူ လိမ်လိမ်မာမာ အိမ်ပြန်ရမယ်နော်၊ ဟုတ်ပြီလား”

ဆရာဝန်ချင်သည် မူလက လင်းရန် တိရစ္ဆာန်များကို မည်ကဲ့သို့ ယဉ်ပါးအောင် ပြုလုပ်သည်ကို စောင့်ကြည့်ရန် ရည်ရွယ်ထားသော်လည်း လင်းရန်၏ စကားများကို ကြားရသောအခါ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်သွားတော့သည်။

တိရစ္ဆာန်များသည် လူသားတို့၏ ဘာသာစကားကို အမှန်တကယ် နားလည်နိုင်စွမ်း ရှိကြပါသလော။

အကယ်၍ အခြားသူတစ်ဦးသာ ဖြစ်ပါက သူ၏ အဖြေသည် လုံးဝ မဖြစ်နိုင်ကြောင်း ဆိုမိမှာ သေချာသည်။

သို့သော် လင်းရန်သည် တိရစ္ဆာန်များနှင့် လူသားများအကြား ဆက်သွယ်ပြောဆိုနိုင်သည်ဟူသော အချက်ကို လက်တွေ့ပြခဲ့သည်။

ဆူညံသောင်းကျန်းနေသော ပန်ဒါဝက်ဝံပေါက်ကလေးသည် ထိုရေကို သောက်သုံးပြီးနောက်တွင် သိသိသာသာ ငြိမ်သက်သွားသော်လည်း လင်းရန်၏ အဝတ်အစားများကို လက်လွှတ်မခံချင်ဘဲ တွယ်ကပ်ထားဆဲ ဖြစ်သည်။

လင်းရန်သည် ၎င်းကို သံလှောင်အိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်ကာ ရေရွတ်လိုက်သည်။

“လိမ္မာတယ်”

ပန်ဒါဝက်ဝံပေါက်ကလေး ငြိမ်သက်သွားသည်ကို မြင်သောအခါ တိရစ္ဆာန်ထိန်းနှစ်ဦးစလုံးသည် အံ့ဩလွန်းသဖြင့် မျက်လုံးပြူးသွားကြသည်။

၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် ဤမျှလောက် အမိန့်နာခံပြီး လိမ္မာသော ပန်ဒါဝက်ဝံပေါက်ကလေးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ပန်ဒါကလေးကို ခေတ္တဖယ်ထားကာ ဤခြံဝင်းအတွင်းရှိ တိရစ္ဆာန်အားလုံးသည် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ကြခြင်းသည် အံ့ဖွယ်တစ်ပါး ဖြစ်နေကြောင်းတွေးမိကြသည်။

အကယ်၍ လင်းရန်သာ ၎င်းတို့ စဉ်းစားနေသည်ကို သိပါက ဤခြံဝင်းအတွင်း၌ လုံးဝ ငြိမ်းချမ်းမှုမရှိကြောင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြောဆိုမိမှာ သေချာသည်။

ရက်အနည်းငယ်ကြာတိုင်း ဤခြံဝင်းအတွင်းရှိ သတ္တဝါများသည် အချင်းချင်း ရန်ဖြစ်တတ်ကြသဖြင့် သူမှာခေါင်းအမြဲကိုက်ခဲ့ရသည်။

“မင်းကတော့ တကယ့်ကို တိရစ္ဆာန်ရုံထိန်းသိမ်းစောင့်ရှောက်ရေးသမား လုပ်ဖို့ မွေးဖွားလာတဲ့သူပဲဗျာ၊ တိရစ္ဆာန်တွေနဲ့ ဒီလောက်အထိ လိုက်လျောညီထွေ နေထိုင်နိုင်တဲ့ သဘာဝပါရမီရှင်မျိုးကို ငါ ပထမဆုံး မြင်ဖူးတာပဲ”

ဆရာဝန်ချင်သည် ချီးကျူးစကား ဆိုလိုက်သည်။

သူ့ဘေးရှိ တိရစ္ဆာန်ထိန်းနှစ်ဦးကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။

“အကယ်၍ မင်းအနေနဲ့ ယာတောအိမ် အပန်းဖြေစခန်းကို ဆက်လက် မဖွင့်ချင်တော့ရင် ဒီဘက်လောကထဲကို ဝင်ရောက်ဖို့ စဉ်းစားသင့်တယ်ဗျ”

ဤကဲ့သို့သော ပါရမီရှင်တစ်ဦးကို မြင်တွေ့ရသောအခါ ၎င်းတို့နှစ်ဦးစလုံးသည် စည်းရုံးသိမ်းသွင်းလိုစိတ်များ ပြင်းထန်လာကြသည်။

အကယ်၍ ဤကဲ့သို့သော လူတော်ကို ဌာနသို့ ခေါ်ဆောင်သွားနိုင်ပါက ဌာနမှူးသည်လည်း အလွန် ဝမ်းမြောက်လိမ့်မည် ဖြစ်သည်။

သစ်တောရေးရာဦးစီးဌာနသည် တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများကို လုပ်ဆောင်ရသဖြင့် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးသမားများကိုလည်း ခန့်ထားသည်။

လင်းရန်သည် စိတ်မပါဘဲ ဟန်ဆောင်ပြုံးလိုက်လျက် မေးလိုက်သည်။

“ငါ့ရဲ့ မူလရည်ရွယ်ချက်က ယာတောအိမ် အပန်းဖြေစခန်း ဖွင့်လှစ်ဖို့ပဲ မဟုတ်လား၊ အခုတော့ ဒါက တိရစ္ဆာန်ရုံတစ်ခု ဖြစ်နေပြီ၊ ဒါတွေ အားလုံးဟာ မင်းတို့ရဲ့ ညွှန်ကြားရေးမှူးလီကြောင့် မဟုတ်ဘူးလား”

“ဟမ်”

ဆရာဝန်ချင်သည် စိတ်မသက်မသာ ဖြစ်သွားကာ အမ်းအမ်းအက်အက်ဖြင့်ပြောလိုက်သည်။

“အို... အချိန်လည်း တော်တော်နောက်ကျနေပြီဆိုတော့ ငါတို့ သွားရတော့မယ်၊ မင်းမှာ သိချင်တာ ရှိရင် ငါ့ကိုဖြစ်ဖြစ်၊ ညွှန်ကြားရေးမှူးလီကိုဖြစ်ဖြစ် တိုက်ရိုက်ဆက်သွယ်လိုက်ပါ”

ထိုသို့ ပြောပြီးနောက် ထိုလူစုသည် သရဲတစ္ဆေများကို မြင်တွေ့လိုက်ရသည့်အလား အလွန်လျင်မြန်သော နှုန်းဖြင့် ထွက်ခွာသွားကြတော့သည်။

လင်းရန်သည် သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ထားလျက် သမ်းရင်း ၎င်းတို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေသည်။

ထို့နောက်

“ငါတို့ သွားအိပ်ကြစို့၊ မနက်ဖြန်ကျရင် စပါးစိုက်ခင်းတွေဆီ သွားပြီး အခြေအနေကို စစ်ဆေးရမယ်၊ စပါးတွေကတော့ မကြာခင် ရိတ်သိမ်းဖို့ အဆင်သင့် ဖြစ်တော့မှာပါ”

လင်းရန်ဆိုလိုက်သည်။

ထိုစကားကို ကြားလျှင် ရန်အာဟူသည် ချက်ချင်း စိတ်လှုပ်ရှားသွားကာ မေးလိုက်သည်။

“သူဌေး... မင်းက ငါတို့နှစ်ယောက်တည်းနဲ့ ဒီစပါးခင်းကြီးကို ရိတ်သိမ်းဖို့ စိတ်ကူးနေတာတော့ မဟုတ်ပါဘူးနော်”

ယုတ္တိရှိရှိအရ ပြောရလျှင် ယခုခေတ်တွင် စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် အထူးပြုလုပ်ထားသော စပါးရိတ်သိမ်းခြွေလှေ့စက်ကြီးများ ရှိနေသည်။

သို့သော် ၎င်းတို့၏ တည်နေရာသည် အလွန် ဝေးလံခေါင်ဖျားလွန်းလှ၍ စပါးစိုက်ခင်းများအနီးရှိ လမ်းကြောင်းများသည် အလွန်ကျဉ်းမြောင်းသဖြင့် စက်ကြီးများ ဝင်ရောက်နိုင်ခြင်း မရှိပေ။

ရွာသူရွာသားများသည် အရာအားလုံးကို လက်ဖြင့်သာ ပင်ပန်းခံ၍ ရိတ်သိမ်းကြသည်။

လင်းရန်သည် မျက်တောင်ခပ်လိုက်ရင်း ပြောလိုက်သည်။

“ဒါဆိုရင် မင်း ဘရားသားဟွမ်မောင်ကို တစ်ခေါက်လောက် သွားပြီး အကူအညီတောင်းကြည့်ပါလား”

ထိုတက်ကြွလှသော လူငယ်လေးများသည် ၎င်းတို့၏ အလုပ်တာဝန်များကို လုပ်ဆောင်ရာတွင် အမှန်တကယ် ထိရောက်မြန်ဆန်ကြသည်ကို ဝန်ခံရသည်။

“သူဌေး... သူက ကျောင်းတက်နေတုန်းပဲလေ”

“မကြာခင်မှာ အမျိုးသားနေ့ ရုံးပိတ်ရက် ရှည်ကြီး ရောက်တော့မှာ မဟုတ်လား၊ ငါ သူတို့ကို လုပ်အားခ ပေးမှာပါ”

ရန်အာဟူသည် မျက်လုံးများကို ဝေ့ဝဲလိုက်ကာ လက်ခုပ်တီးလျက် မေးလိုက်သည်။

“ဟုတ်သားပဲ... အမျိုးသားနေ့ အားလပ်ရက် ရောက်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တာ၊ ဒါနဲ့... ငါ့ကိုကော အားလပ်ရက် ပေးမှာလား”

လင်းရန်သည် လုံးဝ ဝေခွဲမရ ဖြစ်သွားကာ ငေါက်လိုက်သည်။

“ငါ မင်းကို ပါးရိုက်ရမလား”

“အားလပ်ရက် လုံးဝ မရှိဘူး… ဒါပေမဲ့ မင်းရဲ့ လစာကိုတော့ ငါ နောက်မှ တိုးပေးမယ်”

လင်းရန် ပြောလိုက်သည်။

ဒါက ဟာသတစ်ခု မဟုတ်ပေ။

ဤယာတောအိမ် အပန်းဖြေစခန်းတွင် သူနှင့် ရန်အာဟူ နှစ်ဦးတည်းသာ အတူတကွ ရုန်းကန်နေကြရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဧည့်သည်များကို ပြုစုစောင့်ရှောက်ရန် မလိုသေးသော်လည်း လယ်ကွင်းထဲက အလုပ်များနှင့် အိမ်တွင်းမှုကိစ္စရပ်များကို လုပ်ဆောင်မည့်သူ လိုအပ်နေဆဲ ဖြစ်သည်။

အထူးသဖြင့် ဤခြံထဲက ဘိုးတော်၏တိရစ္ဆာန်ကြီးများကို ပြုစုစောင့်ရှောက်မည့်သူ မရှိပါက ၎င်းတို့ မည်ကဲ့သို့ ရှင်သန်နိုင်မည်နည်း။

သူ၏ လစာ တိုးမြှင့်ခံရမည်ဟူသော စကားကို ကြားလိုက်ရသဖြင့် ရန်အာဟူသည် ပါးစပ်မစိနိုင်အောင် ပြုံးရွှင်သွားကာပြောလိုက်သည်။

“တကယ်တော့ ငါက အားလပ်ရက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အရေးမကြီးပါဘူး၊ အားလပ်ရက်တွေမှာ အိမ်မှာ တစ်ယောက်တည်း နေရတာ တကယ်ကို ပျင်းစရာကောင်းလွန်းလို့ပါ”

လင်းရန်သည် မျက်လုံးကို ဝေ့ဝဲလိုက်ရင်း မှာလိုက်သည်။

“ကဲပါ... တော်တော့၊ ငါ့ကို ဒီမှာ လာပြီး မြှောက်ပြောမနေနဲ့တော့၊ သွားအိပ်တော့…မနက်ဖြန်ကျရင် ငါနဲ့အတူ လယ်ကွင်းထဲကို လိုက်ခဲ့ပြီး စပါးတွေ ကောင်းမွန်စွာ ကြီးထွားမှု ရှိ၊ မရှိ စစ်ဆေးရမယ်၊ နောက်ရက်အနည်းငယ်အတွင်းမှာ ရိတ်သိမ်းဖို့အတွက် စတင်ပြင်ဆင်နိုင်ပြီ”

“ကောင်းပါပြီ သူဌေး”

“မင်း အရင်သွားအိပ်နှင့်၊ ငါကတော့ တည်းဖြတ်ရမယ့် ဗီဒီယို နှစ်ဖိုင် ကျန်သေးလို့”

မကြာသေးမီက ရန်အာဟူသည် စွမ်းအင်များ ပြည့်ဝနေသည်ဟု ခံစားနေရ၍ တစ်နေ့လျှင် ခြောက်နာရီခန့်သာ အိပ်ရသော်လည်း မောပန်းနွမ်းနယ်ခြင်း မရှိပေ။

ထိုသို့ ဖြစ်ရခြင်းမှာ လင်းရန်သည် သူ့အပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်နေခြင်းကြောင့် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူသည် ဝမ်တာ့လီ၏ အဆင့်သတ်မှတ်ချက်များ တဖြည်းဖြည်း မြင့်တက်လာကာ လင်းရန်၏ အနောက်သို့ ကပ်လိုက်လာသည်ကို မြင်တွေ့ရသဖြင့် လင်းရန်အတွက် မကျေမနပ် ဖြစ်နေမိခြင်းကြောင့် ဖြစ်သည်။

အခြားသူတစ်ဦး၏ ရေပန်းစားမှုသည် လင်းရန်၏ ကျော်ကြားမှုကို ကျော်လွန်သွားခြင်းကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။

All Chapters