← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉)

ပါမောက္ခထန်၊ ပါမောက္ခချန်နှင့် ပါမောက္ခထန် တို့အပြင် ကျောင်းသားသုံးဦးစလုံးသည် အလုပ်များလွန်းသဖြင့် ဗျာများနေကြ၏။

ထိုမျှအလုပ်များပြားလှသော သူတို့သည် အခြားသူများအား ကူညီစောင်မရန် အချိန်ဟူ၍ အဘယ်မှာ ရှိနိုင်ပါတော့မည်နည်း။

လင်းယန်သည် သူတစ်ပါးအပေါ် မျက်နှာပြောင်တိုက်၍ အလကားအကူအညီတောင်းခံရလောက်အောင် အရှက်တရားကင်းမဲ့သူ မဟုတ်ချေ။

ထို့ကြောင့် ငွေကြေးအနည်းငယ်အကုန်အကျခံကာ ကောက်ပဲသီးနှံများ ရိတ်သိမ်းရန် အခြားသူများကို ငှားရမ်းလိုစိတ် ရှိနေသည်။

ပါမောက္ခထန်သည် ကြင်နာစွာ ပြုံးလျက် ဆိုသည်။

“မင်း နားလည်မှုလွဲနေပြီ လင်းယန်၊ ဒီနေရာကို စက်ကြီးတွေ ဝင်ရောက်ဖို့ မလွယ်ကူလို့ ဒေသခံ စိုက်ပျိုးရေးတက္ကသိုလ်က ကျောင်းသားတစ်စုကို ကူညီဖို့ စေလွှတ်ပေးလိုက်တာပါ၊ ဒါဟာ အဲဒီကျောင်းသားတွေအတွက် နောက်နောင် လက်တွေ့လုပ်ငန်းခွင် ပတ်ဝန်းကျင်နဲ့ ကြိုတင်ယဉ်ပါးသွားအောင် လေ့ကျင့်ပျိုးထောင်ပေးတဲ့ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်တာပေါ့၊ ဒါမှလည်း သူတို့တွေ တစ်နေကုန် စာသင်ခန်းထဲမှာပဲ အချိန်ကုန်မနေဘဲ ဘွဲ့ရပြီးတဲ့အခါ လုပ်ငန်းခွင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်နိုင်စွမ်း ရှိကြမှာ”

ထိုစကားကို ကြားရလျှင် လင်းယန်သည် အံ့အားသင့်တုန်လှုပ်သွား၏။

သူ့အနေဖြင့် စိုက်ပျိုးရေးပညာရပ်ကို မသင်ကြားခဲ့ရသည်မှာ မည်မျှပင် ကံကောင်းလှသည်ဟုသာ စိတ်တွင်းမှ ရေရွတ်တော့သည်။

ထိုအလုပ်များကို သူကိုယ်တိုင် မလုပ်ဆောင်နိုင်၍ မဟုတ်ပါချေ။ သို့သော် လယ်ကွင်းပြင်ကျယ်ထဲတွင် တစ်နေကုန်တစ်နေခမ်း ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရမည်ကိုမူ စိတ်ကူးနှင့်ပင် မတွေးရဲအောင် ရှိလှသည်။

တစ်ချိန်တည်းမှာပင် လင်းယန်သည် ထိုပုဂ္ဂိုလ်များအပေါ် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားချီးကျူးမိပြန်သည်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ပုဂ္ဂိုလ်များ၏ ကြိုးပမ်းအားထုတ်မှုကြောင့် တိုင်းပြည်၏ စိုက်ပျိုးရေးကဏ္ဍ အဆင့်အတန်းသည် အလျင်အမြန် တိုးတက်လာကာ အခြားနိုင်ငံများကို ရင်ဘောင်တန်း အမှီလိုက်နိုင်ခြင်း ဖြစ်သည်။

ထိုသို့သောသူများ ရှိနေခြင်းကြောင့် လင်းယန်ကိုယ်တိုင်လည်း ဤစိုက်ပျိုးရေးအသီးအပွင့်များ၏ အရသာကို ကောင်းကောင်းမွန်မွန် ခံစား စံစားနေရ၏။

“ပါမောက္ခထန်တို့ စိုက်ပျိုးရေးလောကက လူတွေဟာ တကယ့်ကို ပင်ပန်းဆင်းရဲကြရတာပဲဗျာ၊ နေပူမရှောင် မိုးရွာမရှောင် လေပြင်းမုန်တိုင်းဒဏ်တွေကို အလူးအလဲ ခံကြရရှာတယ်၊ ဒါနဲ့... ဒီညနေကျရင် ကျွန်တော့်အိမ်မှာပဲ ညစာ အတူတူ သုံးဆောင်ကြပါလားခင်ဗျာ”

လင်းယန်သည် ထိုသူတို့အတွက် ထူးထူးခြားခြား တတ်နိုင်သည်ဟူ၍ မရှိသဖြင့် ကောင်းမွန်သော ဟင်းလျာများကို ပိုချက်ပြုတ်ကာ လုပ်အားခအဖြစ် ပြန်လည်ဧည့်ခံကျွေးမွေးရန် စိတ်ကူးမိတော့သည်။

ပါမောက္ခထန်သည် ထိုစကားကို ကြားကြားချင်း မျက်ဝန်းများ အရောင်တောက်သွားကာ ဝမ်းသာအားရ ပြောသည်။

“မင်း မသိလို့ပါကွာ၊ မြောင်ဟွမ်ဆိုတဲ့ ကောင်မလေးက မင်းချက်တဲ့ လက်ရာကို စားချင်လွန်းလို့ အမြဲတမ်း တဖွဖွ ပြောနေတာ၊ အဲဒီကလေးတွေ နေ့တိုင်း မျှော်လင့်တကြီး စောင့်စားနေရတဲ့အရာက မင်းရဲ့ ဟင်းလျာတွေကို မြည်းစမ်းခွင့်ရဖို့ပဲလေ”

ပါမောက္ခထန်သည် လင်းယန်ထံမှ အစားအသောက်များ စီစဉ်ပေးရန် အမြော်အမြင်ရှိရှိ ဆုံးဖြတ်ခဲ့မိသဖြင့် စားသောက်ရေးအတွက် အခက်အခဲကြီးစွာ မကြုံတွေ့ရခြင်း ဖြစ်သည်။

လင်းယန်သည် ပြုံးပြုံးဖြင့် ဆိုသည်။

“ဟားဟားဟား... ဒါဆိုရင်လည်း ပါမောက္ခတို့ စားချင်တာရှိရင် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း သာ ပြောပြပါ၊ ကျွန်တော် ဟင်းပွဲမီနူးကို လိုအပ်သလို ပြောင်းလဲချက်ပြုတ်ပေးပါ့မယ်၊ မဟုတ်ရင် အစားအသောက်တွေ အထပ်ထပ် ဖြစ်နေပြီး စားရတာ ငြီးငွေ့သွားမှာ စိုးရိမ်လို့ပါ”

ပါမောက္ခထန်သည် လက်ကာပြလျက်ဆိုသည်။

“မင်းကလည်း ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါတို့ ဒီဟင်းတွေကို စားလာတာ အခုမှ တစ်လပဲ ရှိသေးတာပဲ၊ နေ့တိုင်း စားရရင်တောင် ဘယ်တော့မှ ရိုးအီသွားမှာ မဟုတ်ပါဘူး၊ မင်းချက်သမျှ ဟင်းတိုင်းက တကယ့်ကို အနံ့အရသာနဲ့ ပြည့်စုံလွန်းလို့ လျှာပေါ်မှာတင် စွဲကျန်ရစ်စေတာဗျ၊ ငါတို့သာ ဒီနေရာကနေ ပြန်ရရင် ဒီလောက် အရသာရှိတဲ့ အစားအစာမျိုးကို ဘယ်နေရာမှာ သွားရှာစားရမှန်း သိတော့မှာ မဟုတ်ဘူး၊ ကဲ... ဒါဆိုရင်တော့ သေချာပြီနော်၊ ငါ အဘိုးကြီး ထန်တို့ဆီ သွားပြီး ဒီအကြောင်း ပြောပြလိုက်ဦးမယ်၊ ပြီးမှပဲ ဒီညနေ ညစာစားဖို့ အားလုံး အတူတူ လာခဲ့ကြမယ်”

လင်းယန်သည် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“စိတ်ချပါ ပါမောက္ခ… ကျွန်တော့်ကိုသာ လွှဲအပ်ထားလိုက်ပါ၊ ဒီညနေမှာ ကောင်းမွန်လှပတဲ့ အစားအသောက် ပွဲတော်တစ်ခု ဖြစ်စေရမယ်လို့ ကျွန်တော် အာမခံပါတယ်ခင်ဗျာ”

ပါမောက္ခထန် ထွက်သွားပြီးနောက် လင်းယန်သည် ကျေးရွာသူကြီး၏ အိမ်ဆီသို့ ဦးတည်ထွက်ခွာခဲ့၏။

ထိုသို့ သွားရောက်စဉ် ကျေးရွာသူကြီး၏ အိမ်ရှေ့ဝန်းကျယ်ထဲ၌ ခွေးဘီလူးကြီး ဟန်ဟော့တစ်ကောင် နေပူဆာလှုံရင်း တစ်စုံတစ်ခုကို မြိန်ရည်ယှက်ရည် ဝါးမြိုနေသည်ကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရသည်။

“ဟေ့ကောင်... မင်းကို ငါ အလုပ်ကိစ္စတစ်ခုနဲ့ ပစ္စည်းသွားပို့ခိုင်းထားတာလေ၊ မင်းက ဘာဖြစ်လို့ ဒီမှာ အလုပ်ရှောင်ပြီး အပျင်းထူနေရတာလဲ၊ ပစ္စည်းပို့လို့ ပြီးရင် အိမ်တန်းပြန်ရမယ်ဆိုတာ မသိဘူးလား”

ထိုဆူပူသံကို ကြားရလျှင် ကျောက်ရှုဇီသည် လက်ထဲမှ ဆွယ်တာအင်္ကျီ ရက်လုပ်နေသော အပ်ချည်ထိုးတံများကို ကိုင်လျက် အိမ်ထဲမှ ပြုံးပြုံး ထွက်လာကာ ဆိုသည်။

“သူက ဒီနေရာမှာ ကစားရတာ ပျော်နေတာပဲ အမောင်ယန်ရဲ့၊ ဒီမှာပဲ လွှတ်ထားလိုက်စမ်းပါ၊ အနည်းဆုံးတော့ အထီးကျန်နေတဲ့ ဒီအဘွားကြီးအနားမှာ အဖော်ရတာပေါ့”

လင်းယန်သည် သက်ပြင်းတစ်ချက်ချကာ ခေါင်းခါယမ်းလျက် ပြောသည်။

“အဒေါ်... ကျွန်တော် ဒီနေ့ လာတာက အဒေါ်တို့အိမ်က ခြေနင်းစပါးခြွေစက်ကို ခဏလောက် ငှားချင်လို့ပါ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော် စပါးတချို့ စိုက်ပျိုးထားခဲ့တာ အခုဆိုရင် မှည့်လုနီးပါး ဖြစ်နေပါပြီ၊ ဒါကြောင့် လာမယ့်ရက်ပိုင်းအတွင်းမှာ ရိတ်သိမ်းဖို့ စီစဉ်ထားပေမဲ့ ကျွန်တော် က မြို့က ပြန်ရောက်ခါစပဲ ရှိသေးတော့ စပါးခြွေစက် မဝယ်ရသေးလို့ပါ”

ဤရှီးရွှေကျေးရွာတွင် အိမ်ထောင်စုတိုင်းလိုလို၌ ခြေနင်းစပါးခြွေစက် တစ်လုံးစီကို ကိုယ်ပိုင် ပိုင်ဆိုင်ကြစမြဲဖြစ်၏။

ထို့ကြောင့် လင်းယန်သည် စပါးခြွေစက် အနည်းငယ်ကို ထပ်မံငှားရမ်းကာ တစ်ပြိုင်နက်တည်း လုပ်သားများ လုပ်ကိုင်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။

သူသည် ယခုနှစ်တွင် စပါးကို ၅ ဧကခန့်သာ အနည်းငယ် စိုက်ပျိုးထားခြင်း ဖြစ်သည်။

ထိုပမာဏသည် သူနှင့် ရန်အာဟူတို့ နှစ်ဦးသား စားသုံးရန်အတွက် လုံလောက်မှု ရှိနိုင်သော်လည်း အကယ်၍ မလုံလောက်လျှင် နောင်တွင် ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်သေးသည်။

သူ့ထံ ဆန်းကြယ်သော ဝိဉာဉ်စမ်းရေ ရှိနေသဖြင့် အပင်များ ရှင်သန်ကြီးထွားခြင်း ရှိ၊ မရှိ ဟူသော အချက်ကို အထူးတလည် ပူပန်နေရန် မလိုအပ်ချေ။

“အို... ဘာအရေးကြီးကိစ္စများလဲလို့၊ အဲဒီစက်က ဟိုဘက်ထောင့်မှာ ဒီအတိုင်း အလကား ထားထားတာပါ… မင်း လိုအပ်တဲ့အခါကျရင် လူခေါ်ပြီး လာသယ်သွားလိုက်၊ ဒါနဲ့... မင်း စိုက်ထားတဲ့ စပါးခင်းကြီးက တကယ့်ကို ရှုမငြီးစရာ ကောင်းလောက်အောင် လှပလွန်းတယ်နော်၊ ငါ့ယောကျာ်း လယ်ကွင်းပြင်ဘက် ဖြတ်သွားတိုင်း ငါ့ကို အမြဲလာပြောတာ၊ ‘လင်းယန်ကတော့ စိုက်ပျိုးရေးမှာ တကယ့်ကို ပါရမီပါတဲ့သူပဲ၊ တစ်နေ့ကျရင် သူ့ကို ရွာထဲမှာ စိုက်ပျိုးရေးပညာ သင်တန်းလေးတစ်ခုလောက် ပေးဖို့ ညှိနှိုင်းကြည့်ရမယ်’ တဲ့”

ကျောက်ရှုဇီသည် မျက်ဝန်းအစုံ မှေးစင်းသွားသည်အထိ ပြုံးရွှင်လျက် စူးစမ်းလိုစိတ်အပြည့်ဖြင့် မေးသည်။

“ငါ့တို့ရွာဟာ စပါးစိုက်ပျိုးလာခဲ့ကြတာ ကြာပြီ၊ ဒါပေမဲ့ မည်သူတစ်ဦးတစ်ယောက်ရဲ့ စပါးခင်းကမှ မင်းရဲ့စပါးခင်းလို အထွက်နှုန်း ကောင်းမွန်တာမျိုး မရှိခဲ့ဖူးဘူး၊ မင်း ဒီတစ်ခေါက် ဘယ်လိုမျိုးစေ့တွေကို ဝယ်စိုက်ခဲ့တာလဲ၊ ကြားရသလောက်တော့ စိုက်ပျိုးရေးဗျူရိုက ပညာရှင်ကြီးတွေတောင် မင်းရဲ့စပါးအကြောင်းကို သုတေသနပြုဖို့ ရွာအထိ ဆင်းလာကြတယ်ဆိုပဲ၊ အဲဒီသတင်းကို တီဗီ ပေါ်မှာတောင် ထုတ်လွှင့်သွားပြီး မင်းရဲ့စပါးဟာ ထူးခြားအံ့ဩဖို့ ကောင်းတယ်လို့ ချီးကျူးသွားကြသေးတယ်”

တောရွာကျေးလက်မှ လူများသည် လောကအမြင် ကျဉ်းမြောင်းကြသဖြင့် တီဗီပေါ်တွင် ပါလာသောအရာ မှန်သမျှကို အလွန်တရာ ကြီးကျယ်ခမ်းနားသော အရာဟု ထင်တတ်ကြသည်။

ထို့ပြင် သူတို့၏ ဝေးလံခေါင်သီသော၊ ဆင်းရဲမွဲတေသော ဤရှီးရွှေကျေးရွာလေးသည် တီဗီဖန်သားပြင်ပေါ်သို့ ရောက်ရှိသွားခြင်းမှာ တကယ့်ကို အံ့ဩဖွယ်ရာ မဟုတ်ပါလော။

ဒါဟာ ဘိုးဘွားဘီဘင်တို့၏ ဂူဗိမာန်မှ ကံကောင်းခြင်း မီးလျှံများ တောက်လောင်လာသကဲ့သို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အဖြစ်အပျက်မျိုး ဖြစ်၏။

သူသည် လွန်ခဲ့သော ရက်ပိုင်းတွင် မိဘများအိမ်သို့ ပြန်သွားခဲ့စဉ် အချို့သောလူများ ဤသတင်းနှင့် ပတ်သက်၍ အားတက်သရော လာရောက်မေးမြန်းကြသည်။

ကျောက်ရှုဇီသည် လင်းယန်၏ ဤကဲ့သို့သော စပါးမျိုးစေ့ အောင်မြင်စွာ စိုက်ပျိုးနိုင်မှုကို ရှီးရွှေကျေးရွာအတွက် ဂုဏ်ယူစရာ ဖြစ်ရုံမျှမက တိုင်းပြည်အတွက်ပါ ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်သည်ဟု စစ်မှန်စွာ ယုံကြည်နေမိတော့သည်။

တီဗီပေါ်တွင် ထင်ရှားကျော်ကြားနေသော ထိုထူးခြားလှသည့် ပုဂ္ဂိုလ်ကြီးသည် သူတို့၏ ရှီးရွှေကျေးရွာငယ်လေးမှ ဖြစ်လိမ့်မည်ဟု မည်သူက တွေးထင်ထားပါအံ့နည်း။

လင်းယန်သည် သိမ်မွေ့စွာ ပြုံးလျက် ဆိုသည်။

“ဒါဟာ ကျွန်တော့်အတွက် ပထမဆုံးအကြိမ် စပါးစိုက်ပျိုးခြင်း ဖြစ်တာကြောင့် ကျွန်တော်ကိုယ်တိုင်လည်း မသိနားမလည်တာတွေ အများကြီး ရှိပါသေးတယ်၊ ဒီလို စပါးအမျိုးအစားကို ရှာဖွေတွေ့ရှိခဲ့တာဟာ ကံကောင်းမှုတစ်ခု သက်သက်ပါပဲ”

ပါမောက္ခထန်နှင့် သူ၏အဖွဲ့သားများသည် စပါးမျိုးဗီဇ ပြောင်းလဲသွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ‘ရေ’ နှင့် သက်ဆိုင်နေကြောင်းကို ရိပ်မိနေကြသော်လည်း ၎င်းတို့သည် ဆန်းကြယ်လှသော ဝဉာဉ်စမ်းရေ၏ လျှို့ဝှက်ချက်ကို အတိအကျ မသိကြဘဲ လင်းယန်၏အိမ်ရှိ ရေတွင်းရေကြောင့်သာ ဖြစ်လိမ့်မည်ဟု မှတ်ထင်နေကြခြင်း ဖြစ်၏။

ပါမောက္ခထန်တို့အဖွဲ့ ထိုရေတွင်းရေကို လာရောက်ငှားရမ်း အသုံးပြုစဉ် လင်းယန်သည် ဤလျှို့ဝှက်ချက်ကို ပြင်ပလောကသို့ ထုတ်ဖော်မပြောကြားရန် သူတို့နှင့် သဘောတူညီချက် ရယူထားခဲ့သည်။

သို့မှသာ ပြင်ပလူများ အထင်မှား အမြင်မှားဖြစ်ကာ စမ်းရေများကို လာရောက်တောင်းခံရန် သူ့အိမ်သို့ အုန်းအုန်းကျွက်ကျွက် ရောက်ရှိလာမည့် ဘေးမှ ကင်းဝေးမည် မဟုတ်ပါလော။

ထိုသို့ဖြစ်လာပါက သူ၏ ‘ယာ‌တာအိမ် အပန်းဖြေစခန်း’ သည် ခရီးသွားဆွဲဆောင်ရာ နေရာကြီးတစ်ခု ဖြစ်သွားလိမ့်မည်။

ဤသည်မှာ လင်းယန် အလိုရှိသော ရလဒ်မျိုး မဟုတ်ချေ။

ထို့ကြောင့် ကျောက်ရှုဇီကဲ့သို့ သာမန်ရွာသူရွာသားများသည် အရာခပ်သိမ်းမှာ လင်းယန်၏ ထူးချွန်ပြောင်မြောက်မှုကြောင့် ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်နေကြသည်။

လင်းယန်သည် ဤစပါးအမျိုးအစားကို ကိုယ်တိုင် ပျိုးထောင်အောင်မြင်ခဲ့သူ ဖြစ်၏။

အာဏာပိုင်အဖွဲ့အစည်းများသည်လည်း လင်းယန်၏ စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုကြောင်းနှင့် တိုင်းပြည်အတွက် သူ၏ ပေးဆပ်မှုများကို လူသိရှင်ကြား ကြေညာထားခဲ့သည်။

ကျောက်ရှုဇီသည် လင်းယန်၏ လက်ကို ဆုပ်ကိုင်ကာ တောင်းဆိုသည်။

“မင်းဟာ ဘယ်တော့မဆို နှိမ့်ချတတ်တဲ့သူဆိုတာ ငါတို့အားလုံး သိတာပေါ့ကွယ်၊ အချိန်တန်ရင်တော့ ငါတို့ရွာမှာ စိုက်ပျိုးရေးအကြောင်း သေချာပေါက် ဟောပြောပို့ချပေးရမယ်နော်၊ အကယ်၍ ထူးခြားတာတစ်ခုခု ရှိလာရင်လည်း ငါတို့ ရွာသူရွာသားတွေကိုပဲ အရင်ဦးဆုံး စောင့်ရှောက်ပေးပါဦး”

လင်းယန်သည် ခေါင်းညိတ်ပြလိုက်ရာ ထိုကိစ္စကို သဘောတူ လက်ခံလိုက်သည့်သဘောဖြစ်၏။

“အဒေါ်... ကျွန်တော် ရိတ်သိမ်းရာမှာ ကူညီဖို့ လူတချို့ ငှားချင်လို့ စပါးခြွေစက် ခြောက်လုံးလောက် ထပ်ပြီး ငှားချင်ပါသေးတယ်”

ထိုစကားကို ကြားလျှင် ကျောက်ရှုဇီသည် လက်ထဲမှ ဆွယ်တာအင်္ကျီကို ချက်ချင်းပင် ဘေးသို့ ချထားလိုက်ကာ ဝမ်းသာအားရ ပြုံးရွှင်လျက် ဆိုသည်။

“ဒါအတွက်တော့ အဒေါ့်ကိုသာ လွှဲထားလိုက်စမ်းပါ၊ ငါ အကုန်လုံး အဆင်ပြေအောင် စီစဉ်ပေးမယ်၊ မင်း ဘာမှ ပူပန်မနေနဲ့… မင်း လိုအပ်တဲ့အချိန်ကျရင် ငါ လူတွေကို သေချာ သန့်ရှင်းရေးလုပ်ခိုင်းပြီး အဲဒီစပါးခြွေစက်တွေကို မင်းရဲ့အိမ်အထိ အရောက် ပို့ဆောင်ပေးခိုင်းလိုက်မယ်”

လင်းယန်သည် အားနာဟန်ဖြင့်ဆို၏။

“ဒါဟာ အဒေါ့်အတွက် အလုပ်ရှုပ်စရာတွေ ပိုများသွားစေမလား မသိဘူးနော်”

“ဘာအလုပ်ရှုပ်စရာ ရှိမှာလဲကွယ်၊ ငါတို့အားလုံးဟာ ရွာတစ်ရွာတည်းသားတွေပဲဥစ္စာ… ဘာဖြစ်လို့ ဒီလောက်တောင် အားနာနေရတာလဲ၊ ကျေးရွာဆိုတာ အချင်းချင်း ရိုင်းပင်းကူညီကြဖို့ အဓိကပဲပေါ့၊ တစ်နေ့နေ့ကျရင်လည်း ငါတို့တွေ မင်းရဲ့အကူအညီကို ပြန်ပြီး လိုအပ်ရင် လိုအပ်ဦးမှာလေ”

ကျောက်ရှုဇီသည် ထိုမျှအထိ နွေးထွေးစွာ ပြောဆိုလာသဖြင့် လင်းယန်အနေဖြင့် ငြင်းပယ်ရန် အကြောင်းမရှိတော့ပေ။

“ဒါဆိုရင်တော့ အဒေါ့်ကိုပဲ အားကိုးရတော့မယ်ခင်ဗျာ၊ ကျွန်တော် လှည်းခြောက်စီးလောက် ငှားရမ်းလို့ ရ မရကိုလည်း တစ်ချက်လောက် စုံစမ်းပေးပါဦး၊ ကျွန်တော် အိမ်တိုင်စနစ်တကျ သွားရောက်ပြီး လယ်ကွင်းထဲကို ကိုယ်တိုင် သယ်ဆောင်သွားပါ့မယ်၊ သူတို့ကို လာပို့ခိုင်းဖို့အထိတော့ ဒုက္ခမပေးလိုပါဘူး”

ကျောက်ရှုဇီသည် လိုလိုလားလားသဘောတူကာဆိုသည်။

“ငါ အဲဒီစပါးခြွေစက်တွေကို မင်းရဲ့ လယ်ကွင်းထဲအထိ တိုက်ရိုက် အရောက်ပို့ခိုင်းလိုက်မယ်၊ ဒါမှ မင်းလည်း ဟိုဟိုဒီဒီ သယ်ဆောင်နေရတဲ့ ဒုက္ခကနေ သက်သာမှာပေါ့၊ ကဲ... ဒါဆိုရင်တော့ အားလုံး အဆင်ပြေသွားပြီနော်၊ မင်း လုပ်စရာရှိတဲ့ အလုပ်တွေကိုသာ ဆက်လုပ်ပါ၊ ဒါတွေအတွက် ဘာမှ စိတ်ပူမနေနဲ့တော့”

လင်းယန်သည် ကျေးဇူးတင်ရှိကြောင်း ပြသသည့်အနေဖြင့် ကျောက်ရှုဇီအတွက် တောတောင်ထွက် သစ်ခွပျားရည် နှစ်အိုးကို ခွေးဘီလူးကြီး ဟန်ဟော့အား သယ်ဆောင်ပေးပို့စေခဲ့၏။

သူကိုယ်တိုင်လည်း ပျားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ရန် ကြံရွယ်ထားသဖြင့် ပျားရည်အနည်းငယ် ပေးရခြင်းမှာ သူ့အတွက် ကြီးမားသော ကိစ္စတစ်ခု မဟုတ်ပါချေ။

သို့သော် ဤသေးငယ်သော စေတနာ အမူအရာလေးသည် ကျောက်ရှုဇီ၏ နှလုံးသားကို နက်ရှိုင်းစွာ လှုပ်ခတ်သွားစေခဲ့ပြီး ထိုကျေးဇူးကို ရင်ထဲတွင် အမြဲ မှတ်ထားမိတော့သည်။

ထိုနေ့ညနေပိုင်းတွင် ကျေးရွာသူကြီး ပြန်ရောက်လာသောအခါ ကျောက်ရှုဇီသည် ဤအကြောင်းအရာကို ပြောပြသည်။

“အဘိုး ယိုဂန်းရဲ့ မြေးလေးကတော့ တကယ့်ကို ချီးကျူးဖို့ကောင်းတဲ့ ကလေးပဲရှင်၊ ကြည့်စမ်းပါဦး... ဒီနေ့ ငါ့အတွက် ပျားရည်နှစ်အိုးတောင် သီးသန့် လာပို့ပေးရှာတယ်၊ ဒါကလည်း တောတောင်ထွက် သစ်ခွပျားရည်အစစ်နော်၊ ဒီလို ကောင်းမွန်တဲ့အရာမျိုးကို ဘယ်သူကများ သူတစ်ပါးကို အလွယ်တကူ ပေးကမ်းလိုပါ့မလဲ”

ကျေးရွာသူကြီးသည် စားပွဲပေါ်ရှိ ပျားရည်အိုးများကို တစ်ချက်မျှ လှမ်းမျှော်ကြည့်ကာ မေး၏။

“အဲဒီကလေးက ဘယ်တုန်းကမှ ဝန်တိုတတ်တဲ့သူ မဟုတ်ပါဘူး၊ သူဟာ နောင်တစ်ချိန်မှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို မုချရရှိမယ့်သူပဲ၊ ဒါနဲ့... သူ မင်းဆီက ဘာအကူအညီ တောင်းစရာရှိလို့လဲ”

“သူက ငါတို့အိမ်က ခြေနင်းစပါးခြွေစက်ကို ခေတ္တငှားချင်တယ်လို့ ပြောတာနဲ့ ငါလည်း သဘောတူ လိုက်ပါတယ်၊ ပြီးတော့ သူ့အတွက် စက်ခြောက်လုံး ပြည့်မီအောင် အနီးအနားက အိမ်တွေကိုလည်း လိုက်လံ မေးမြန်းကူညီပေးမယ်လို့ ကတိပေးခဲ့တယ်”

ကျေးရွာသူကြီးသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်းဆိုသည်။

“ကောင်းပြီလေ၊ အကယ်၍ နောင်အနာဂတ်မှာ သူတို့ ငါတို့ဆီကို ဘာအခက်အခဲပဲဖြစ်ဖြစ် လာရောက် အကူအညီတောင်းရင် လိုလိုလားလားပဲ ကူညီပေးလိုက်ပါ၊ အခုဆိုရင် အထက်လူကြီးတွေကအစ သူ့အပေါ်မှာ အလွန်တရာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေကြတာ၊ ငါတို့က တစ်ရွာတည်းသားတွေ ဖြစ်နေမှတော့ သူ့ကို အခက်အခဲ မဖြစ်စေသင့်ဘူး”

ဤရှီးရွှေကျေးရွာ၏ ရွာသူကြီးတစ်ဦးအနေဖြင့် ဤကဲ့သို့ ဆင်းရဲနွမ်းပါး၍ ဝေးလံခေါင်သီလှသော အရပ်ဒေသတွင် သူ၏ဘဝသက်တမ်းတစ်လျှောက် ကြီးမားသော အောင်မြင်မှုများ ရရှိရန် ရည်မှန်းချက်မှာ ဝေးကွာလွန်းလှသည်။

သို့သော် ယခုကာလအတွင်း ရန်ဒေါင်မင်း သည် အဆင့်မြင့် အရာရှိကြီးများစွာနှင့် မည်ကဲ့သို့ တွေ့ဆုံခွင့် ရရှိခဲ့ပါသနည်း။

ထို့ပြင် ထိုအဆင့်မြင့် အရာရှိကြီးများသည် သူ့အပေါ်တွင် ကြင်နာရိုသေစွာဖြင့် သိမ်မွေ့စွာ ဆက်ဆံခဲ့ကြသေးသည်။

သူသည် ဤအရာအားလုံးမှာ လင်းယန်၏ ဂုဏ်သတင်းနှင့် ဩဇာတိက္ကမကြောင့်သာ ဖြစ်ကြောင်း ကောင်းမွန်စွာ နားလည်သဘောပေါက်ထား၏။

ထိုအဆင့်မြင့် အရာရှိကြီးများသည် လင်းယန်၏ လွှမ်းမိုးမှုကြောင့် သူ့အား ရင်းနှီးဖော်ရွေသော အကြည့်များဖြင့် ကြည့်ရှုဆက်ဆံခဲ့ကြခြင်း ဖြစ်သည်။

“ကဲ... အနားယူကြစို့၊ မင်းလည်း ဒီကိစ္စတွေကို အဆင်ပြေအောင် ဆက်ပြီး စီစဉ်ပေးလိုက်ပါဦး”

All Chapters