← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀)

ညစာစားပွဲ၌ လင်းရန်သည် ပျားမွေးမြူလိုကြောင်း ပြောသည်ကို ကြားသောအခါ မြောင်ဟွမ်းသည် အလွန်အံ့အားသင့်သွားသည်။

“အစ်ကိုလင်း... အစ်ကိုက သစ်သီးခြံနဲ့ စပါးစိုက်ခင်းတွေကိုလည်း စိုက်ထားသေးတယ် ပြီးတော့ ပျားလည်းမွေးဦးမလို့လား၊ အဲဒါတွေကို အကုန်လုံး တစ်ယောက်တည်း စီမံနိုင်ပါ့မလား”

ရန်အာဟူသည် တဟားဟား ရယ်မောကာ ပြောသည်။

“စိတ်မပူပါနဲ့... သူက အားအင်တွေ အလျှံပယ် ရှိနေတဲ့လူပါ”

လင်းရန်သည် ထိုသူ၏ ခေါင်းကို ပုတ်၍ ဆိုသည်။

“မင်း အစားကိုပဲ အာရုံစိုက်ပြီး စားစမ်းပါ”

“မူလကတော့ ပျားအုံတွေကို တောင်ပေါ်မှာ ထားဖို့ စီစဉ်ခဲ့တာ၊ ဒါပေမဲ့ သေချာ စဉ်းစားကြည့်တဲ့အခါ အရမ်း ဝေးလွန်းတယ်လို့ ခံစားရတယ်၊ ဒါကြောင့် ပျားရည် သွားသိမ်းတဲ့အခါ တောင်ပေါ်ကို နှစ်နာရီ၊ သုံးနာရီလောက် တက်ရတဲ့ ဒုက္ခကနေ ကင်းဝေးအောင် လင်မုအပင်တွေကို စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်တာ”

အစပိုင်းတွင် လင်းရန်သည် ထိုအကွာအဝေးကို ကိစ္စကြီးတစ်ခုဟု မထင်ခဲ့သော်လည်း ယခုအခါ လုပ်ဆောင်ရမည့် ကိစ္စရပ်များ ပိုများလာသဖြင့် ထိုဝေးကွာသော ခရီးကို လျှောက်ရပါက တစ်နေ့တာလုံးတွင် အခြား မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်တော့မည်မဟုတ်ဘဲ တောင်ပေါ်၌ အချိန်ကုန်လွန်ရတော့မည် ဖြစ်သည်။

ထို လင်မုပင်များကို အဘယ်ကြောင့် ဤနေရာသို့ ရွှေ့ပြောင်း၍ မစိုက်ပျိုးရပါအံ့နည်း။

မိမိတို့အိမ်တွင် မြေကွက်အကျယ်အဝန်း အမြောက်အမြား ရှိနေသဖြင့် ထိုအပင်များ ရှင်သန်ကြီးထွားရန်အတွက် ပူပန်စရာ မလိုပေ။

ပျားအုံများကိုလည်း ထိုအပင်များ၏ ဘေးတွင် ထားမည်ဖြစ်ရာ ပျားရည်ထုတ်ရခြင်းသည် ပိုလွယ်ကူ အဆင်ပြေလာမည် ဖြစ်သည်။

ထိုသို့ လုပ်ခြင်းသည် ပျားအုံများကို တောင်ပေါ်၌ ထားရှိခြင်းထက် များစွာ ပိုအဆင်ပြေ ချောမွေ့စေမည် ဖြစ်သည်။

အနီးတွင် ရပ်နေသော ပရော်ဖက်ဆာ ထန်သည် ခေါင်းညိတ်ကာ ပြောလေသည်။

“ပျားမွေးမြူမယ့် နေရာတွေအတွက် လေကွယ်တဲ့နေရာ၊ နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာ၊ မြင့်မား ခြောက်သွေ့ပြီး ရေဝပ်ခြင်းမရှိတဲ့ နေရာအပြင် သင့်တော်တဲ့ အပူအအေး မျှတမှုရှိတဲ့ နေရာမျိုးကို မလွဲမသွေ ရွေးချယ်ရပါမယ်”

ပါမောက္ခထန်သည် ဆက်ပြောသည်။

“အကောင်းဆုံးကတော့ အနောက်မြောက်ဘက် အခြမ်းမှာ တံတိုင်း (သို့မဟုတ်) သိပ်သည်းတဲ့ တောအုပ် ရှိနေရမယ်၊ အကယ်၍ တောင်ကုန်း ထူထပ်တဲ့ ဒေသမျိုးမှာ ဆိုရင်တော့ တောင်ခြေ (သို့မဟုတ်) တောင်ကုန်းရဲ့ တစ်ဝက်လောက်မှာရှိတဲ့ တောင်ဘက်မျက်နှာစာ လျှိုစောင်းမှာရှိသင့်တယ်၊ ဒါမှလည်း နောက်ဘက်မှာ လေကာတံတိုင်း ရှိနေပြီး ရှေ့ဘက်မှာတော့ နေရောင်ခြည် အပြည့်အဝရတဲ့ ကွင်းပြင်ကျယ် ရှိနေမှာ ဖြစ်ပါတယ်”

လင်းရန်သည် အနည်းငယ် အံ့အားသင့်သော လေသံဖြင့် ပြောသည်။

“ပါမောက္ခနှစ်ယောက်စလုံး ပျားမွေးမြူရေးအကြောင်းကို ဒီလောက်တောင် အသိအမြင် ကြွယ်ဝလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး၊ အမှန်အတိုင်း ပြောရရင် ဒါက ကျွန်တော့်အတွက် ပထမဆုံးအကြိမ် ပျားမွေးတာ ဖြစ်ပေမဲ့ ကျွန်တော် တော်တော်လေး ယုံကြည်ချက် ရှိပါတယ်၊ ကျွန်တော်တို့ ပတ်ဝန်းကျင်က ရွာတွေထဲမှာဆိုရင် ကျွန်တော်တို့ရွာက ဦးလေးလျူ တစ်ယောက်ပဲ ပျားမွေးတာ၊ အဲဒါကြောင့် သူ့ဆီမှာ မျက်နှာပြောင်တိုက်ပြီး သွားမေးရမလားလို့ တွေးနေခဲ့တာ၊ ဒါပေမဲ့ အခုလို ကျွမ်းကျင်ပညာရှင်က ကျွန်တော့်ရှေ့ တည့်တည့်မှာ ထိုင်နေလိမ့်မယ်လို့ မထင်ထားမိဘူး”

ပါမောက္ခချန်သည် သဘောကျစွာ ရယ်မောလျက် ပြောသည်။

“သူတို့က ဒီလိုအရာတွေကို လေ့လာရတာ စိတ်ဝင်စားနေခဲ့ကြတာ ကြာပြီ၊ အဲဒါကြောင့် သူတို့ကို မေးမြန်းတာကတော့ ဘယ်လိုမှ မမှားနိုင်ပါဘူး”

လင်းရန်သည် ပါမောက္ခထန်နှင့် ပါမောက္ခချန်တို့ထံသို့ စူးစမ်းသော အကြည့်များဖြင့် ကြည့်ကာ မေးသည်။

“ကျွန်တော် ထပ်ပြီး သတိထားရမယ့်အချက်တွေ ရှိသေးလား ခင်ဗျာ ပါမောက္ခတို့”

ဤအလုပ်သည် နောင်အနာဂတ်တွင် မိမိ၏ တာဝန်ဝတ္တရားများထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်လာမည် ဖြစ်သဖြင့် ရန်အာဟူသည် စိတ်ဝင်တစား နားစွင့်ကာ သေချာစွာ အာရုံစိုက် နားထောင်သည်။

ပါမောက္ခထန်သည် ရေတစ်ငုံ သောက်လိုက်ပြီးနောက် ဆက်ပြောကြားသည်။

“ပျားခြံတစ်ခုတည်းမှာ ပျားအုပ်စု အရေအတွက် ၅၀ ထက် ပိုပြီး မထားရှိသင့်ဘူး၊ ပြီးတော့ အချင်းချင်း အနည်းဆုံး ၂ ကီလိုမီတာ ကွာဝေးရပါမယ်၊ ဒါမှလည်း ပျားအုပ်စုတွေအတွက် လုံလောက်တဲ့ ပန်းဝတ်ရည်ကို ရရှိစေမှာ ဖြစ်ပြီး ပျားရောဂါတွေ ကူးစက်ပြန့်ပွားတာကို လျှော့ချနိုင်မှာပါ၊ နောက်ပြီး အခုက ဆောင်းတွင်းကို မကြာခင် ရောက်တော့မှာ ဆိုတော့ ပျားရည်တွေ ခဲမသွားအောင် ပျားအုံဝကို ချိန်ညှိပေးဖို့ မလွဲမသွေ သတိပြုရပါမယ်”

ပျားမွေးမြူခြင်း အတတ်ပညာတွင် ဤမျှအထိ နက်နဲ ရှုပ်ထွေးသော အချက်အလက်များ ရှိနေသည်ကို လင်းရန် တစ်ကြိမ်မျှ မသိခဲ့ဖူးပေ။ သို့ဖြစ်၍ ထိုသူသည် ပရော်ဖက်ဆာများအတွက် ဝက်နံရိုးစွပ်ပြုတ် တစ်ပန်းကန်စီကို အလျင်အမြန်ခပ်ထည့်ပေးသည်။

“ဆရာတို့ သုံးယောက်စလုံး တခြား ကိစ္စမရှိဘူးဆိုရင် စွပ်ပြုတ်သောက်ရင်းနဲ့ ဒီအကြောင်းကို ဆက်ပြောကြရအောင်ပါ”

ပါမောက္ခထန်သည် ပြုံး၍ ခေါင်းခါယမ်းကာ ဆိုသည်။

“မင်းကတော့လေ... ဒီလိုအရာမျိုးတွေနဲ့ ပတ်သက်လာရင် တကယ့်ကို တက်ကြွလှုပ်ရှားနေတာပဲ”

ပါမောက္ခထန်သည် စွပ်ပြုတ်ကို တစ်ငုံ သောက်လိုက်ပြီးနောက် ဆိုသည်။

“မင်းရဲ့ ဝက်နံရိုးစွပ်ပြုတ်က တကယ့်ကို အရသာရှိတာပဲ၊ ဒီစမ်းသပ်ချက် စီမံကိန်းကြီး ပြီးဆုံးသွားရင် မင်းရဲ့ စွပ်ပြုတ်ကို နောက်တစ်ကြိမ် ဘယ်တော့များမှ ထပ်သောက်ခွင့်ရဦးမလဲ မသိတော့ဘူး”

“ပါမောက္ခထန်... ကျွန်တော့်ရဲ့ ယာတောအိမ် အပန်းဖြေစခန်းဆီကို ဆရာတို့ ကြိုက်တဲ့အချိန်မရွေး လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်၊ ကျွန်တော့်ရဲ့ နေရာလေးက အမြဲတမ်း ဖွင့်လှစ်ထားမှာ ဖြစ်တဲ့အတွက် ပရော်ဖက်ဆာတို့ စိတ်တိုင်းကျ ကြွလှမ်းခဲ့နိုင်ပါတယ်”

ပါမောက္ခချန်သည် မိမိ၏ ပေါင်ကို ရိုက်၍ ပြောသည်။

“ဒီလို စကားမျိုး ကြားရတော့မှပဲ ငါတို့ စိတ်အေးရတော့တယ်၊ ဒါပေမဲ့ ငါတို့ အဖိုးကြီး သုံးယောက် ရောက်လာတဲ့အခါ မင်းက မောင်းမထုတ်ပါဘူးနော်”

လင်းရန်သည် သက်ပြင်းချလျက် ပြုံးကာ ပြောသည်။

“ပါမောက္ခချန်... ဆရာကလည်း ဘာတွေ ပြောနေတာလဲ ခင်ဗျ၊ ပါမောက္ခတို့က ကျွန်တော့်ကို အများကြီး သင်ကြားပြသပေးခဲ့တာပ၊ ကျွန်တော်က မျက်နှာပြောင်တိုက်ပြီး ဆရာတို့အားလုံးကို ကျွန်တော့်ရဲ့ ဆရာတွေအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုချင်တာ၊ တပည့်ဖြစ်သူက မိမိရဲ့ ဆရာသမားတွေကို ဘယ်လိုလုပ်ပြီး မောင်းထုတ်ရက်ပါ့မလဲ၊ ဆရာတို့ သုံးယောက်စလုံးလည်း သဘောတူတယ် မဟုတ်လား”

မြောင်ဟွမ်း၊ ဒင်ကျွမ်းနှင့် ဝမ်ရှင်းတို့ သုံးဦးစလုံးသည်လည်း အလျင်အမြန်ခေါင်းညိတ် ထောက်ခံကြသည်။

“အစ်ကိုလင်း ပြောတာ မှန်ပါတယ် ဆရာ၊ နောက်တစ်ကြိမ် ဆရာတို့ လာတဲ့အခါ ကျွန်တော်တို့ သုံးယောက်ကိုပါ တစ်ပါတည်း ခေါ်လာပေးပါလားဟင်”

မြောင်ဟွမ်း၏ လေသံတွင် တောင်းပန် တိုးလျှိုးမှုများ ပြည့်နှက်နေသည်။

“ကျွန်တော်လည်း အစ်ကိုလင်းနဲ့ မခွဲခွာချင်သေးဘူး”

ဝမ်ရှင်းသည် ရယ်မောလျက် ပြောသည်။

“နင်က အစ်ကိုလင်းနဲ့ မခွဲနိုင်တာ သေချာလို့လား၊ သူ ချက်ကျွေးတဲ့ အစားအစာတွေနဲ့ မခွဲနိုင်တာ မဟုတ်ဘူးလား”

မြောင်ဟွမ်းသည် စိတ်ဆိုးသော လေသံဖြင့် ဝမ်ရှင်း၏ တံတောင်ဆစ်ကို ဆိတ်ဆွဲကာ ဆိုသည်။

“ပါးစပ်ပိတ်ထားစမ်း”

ထိုအခါ လူတိုင်းက တဟားဟား ပွဲကျကာ ရယ်မောကြသည်။

ဤစီမံကိန်း ပြီးဆုံးသွားသည်နှင့် တပြိုင်နက် ရှီးရွှေကျေးရွာတွင် ထာဝရ နေထိုင်၍ မရနိုင်ကြောင်းကို ၎င်းတို့ အားလုံး သိရှိထားကြသည်။

ထို ကျောင်းသား သုံးဦးစလုံးသည် အောင်မြင်အောင် သင်ယူရမည့် ပညာရပ်များ ရှိနေသည်။

မိမိတို့ နယ်ပယ်တွင် ထင်ရှားကျော်ကြားသော ပရော်ဖက်ဆာများ ဖြစ်ကြသည့် ပရော်ဖက်ဆာ ချန်၊ ပရော်ဖက်ဆာ ထန်တို့သည်လည်း အားလပ်ချိန် ပိုနည်းလှသည်။

သို့ဖြစ်၍ ၎င်းတို့သည် မကြာမီ အချိန်အတွင်း ခွဲခွာကြရတော့မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် လင်းရန်၏ တက်ကြွလှုပ်ရှားမှုများသည် ၎င်းတို့၏ ဝမ်းနည်းပူဆွေးမှု အတော်များများကို ဖျောက်ပေးနိုင်ခဲ့သည်။

“ပရော်ဖက်ဆာ ထန်... ပရော်ဖက်ဆာ ထန်... ကျေးဇူးပြုပြီး ဆက်ပြီး ရှင်းပြပေးပါဦး ခင်ဗျာ၊ ကျွန်တော် မှတ်စုရေးဖို့ ပြင်ဆင်နေပါပြီ”

ပရော်ဖက်ဆာ ထန်သည် လင်းရန်အား မိမိ၏ မိသားစုဝင် သားသမီးငယ် တစ်ဦးကဲ့သို့ ချစ်ခင် ကြင်နာသော အကြည့်ဖြင့် ကြည့်ကာ ပြောသည်။

“ဒါဆိုရင် အခုပြောမယ့်အချက်ကို သေချာ မှတ်ထားပါ၊ မင်းကို ပျားအုံတွေကို နေရောင်ခြည်ရတဲ့ နေရာမှာ ထားဖို့ ပြောရတဲ့ အကြောင်းရင်းက နေရောင်ခြည်က ပျားတွေကို အစာရှာထွက်ဖို့ လှုံ့ဆော်ပေးနိုင်လို့ပဲ၊ အဲဒါကြောင့် အစာရှာတဲ့ ရာသီမှာ နေရောင်ခြည် ပိုမို ရရှိစေဖို့အတွက် ပျားခြံ တည်ရှိရာနေရာနဲ့ ပျားအုံဝတွေဟာ တောင်ဘက်မျက်နှာစာသို့ လှည့်နေရမယ်၊ ပျားတွေက သွေးအေးသတ္တဝါတွေ ဖြစ်ကြတယ်၊ ပျားတစ်ကောင်တည်း နားနေတဲ့အချိန်မှာ သူ့ရဲ့ ကိုယ်အပူချိန်က ပတ်ဝန်းကျင် အပူချိန်နဲ့ အလွန် ဆင်တူတယ်၊ ၁၄ ဒီဂရီဆဲလ်စီးယပ်စ်ဆိုတာ ပျားတစ်ကောင်ချင်းစီရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အရေးကြီးတဲ့ အပူချိန် ဖြစ်တယ်၊ ပျားသားပေါက်ခန်း ထဲမှာတော့ စိုထိုင်းဆကို ၃၅ ဒီဂရီဆဲလ်စီးယပ်စ်ကနေ ၄၅ ဒီဂရီဆဲလ်စီးယပ်စ် ကြားမှာ တည်ငြိမ်အောင် ထိန်းထားရတယ်၊ ပျားတွေရဲ့ တောင်ပံခတ် ခတ်ပေးမှုက စိုထိုင်းဆကို ဖယ်ရှားပစ်ဖို့ ကူညီပေးတယ်”

ပါမောက္ခထန်သည် ခေါင်းညိတ်၍ ဆက်ဆိုသည်။

“ဒါ့အပြင် သတ္တဝါတွေကို ကျွေးမွေး စောင့်ရှောက်တာကလည်း အလွန် အရေးကြီးပါတယ်၊ မင်း ဒီပျားတွေကို ဘယ်လို ကျွေးမွေးဖို့ စီစဉ်ထားလဲ”

လင်းရန်သည် ဝေခွဲမရဖြစ်ကာ မျက်စိပျက်မျက်နှာပျက်ဖြင့် မိမိ၏ ခေါင်းကို ကုတ်လျက် ဆိုသည်။

“ကျွန်တော် အဲဒီအကြောင်းကို သေချာ မလေ့လာရသေးဘူး၊ ပျားတွေက ပန်းဝတ်မှုန်ကိုပဲ စားရတာ မဟုတ်ဘူးလား”

ထိုစကားကို ကြားရသောအခါ မြောင်ဟွမ်းနှင့် အခြားသူ နှစ်ဦးစလုံး လင်းရန်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ကြသည်။

“အစ်ကိုလင်း... အစ်ကို ဇီဝဗေဒဘာသာရပ်မှာ ဒါတွေကို မသင်ခဲ့ရဘူးလား”

လင်းရန်သည် ရှက်ကိုးရှက်ကန်း ပြုံးလျက် ပြောသည်။

“ကျွန်တော်က ငယ်ငယ်ကတည်းက ဇီဝဗေဒဘာသာရပ်မှာ အမြဲတမ်း ညံ့ခဲ့တာ၊ စာသင်တဲ့နေရာမှာလည်း ဘာသာရပ်တွေက အမြဲတမ်း မမျှမတ ဖြစ်နေခဲ့တာပါ”

ဒင်ကျွမ်းသည် ရုတ်တရက် သဘောပေါက်သွားကာ ဆိုသည်။

“ဪ... ဒါကြောင့်ကိုး”

“ပါမောက္ခထန်... ကျေးဇူးပြုပြီး အစ်ကိုလင်းကို ဒီအကြောင်းအရာတွေ ရှင်းပြပေးပါဦး၊ မဟုတ်ရင် သူ ပျားတွေကို အကုန် သတ်ပစ်မိမှာ ကျွန်တော် တကယ် စိုးရိမ်မိလို့ပါ”

ပါမောက္ခထန်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြုံးကာ ဆိုသည်။

“မင်းက ဘာမှလည်း မသိဘဲနဲ့ ပျားမွေးဖို့ သတ္တိရှိလှချေလား၊ မင်း တကယ်ကို သတ္တိခဲပဲ၊ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ ဒီလောက်အထိ မဆင်မခြင် မလုပ်ပါနဲ့တော့”

“ဟဲဟဲ... ကျွန်တော်ကတော့ တစ်ဆင့်ချင်းစီပဲ သွားရမယ်လို့ တွေးမိလို့ပါ”

လင်းရန်သည် မိမိ၏ မေးစေ့ကို ကိုင်လျက် ထိုအချိန်တွင် ဤမျှအထိ နက်နက်နဲနဲ မစဉ်းစားခဲ့မိကြောင်း ပြသည်။

ပျားမွေးမြူခြင်း လုပ်ငန်းတွင် ဤမျှအထိ ရှုပ်ထွေးနက်နဲသော အချက်အလက်များ ရှိနေကြောင်း မည်သူမျှ ထင်မှတ်ထားပါအံ့နည်း။

ထိုသူသည် မိမိ၏ ဘေးတွင် ရှိနေသော ရန်အာဟူကို တွန်းလိုက်ကာ ပြောသည်။

“မစားနဲ့တော့... ပါမောက္ခထန် စာသင်နေတာကို မမြင်ဘူးလာ၊ မြန်မြန် သေချာ အာရုံစိုက်ပြီး နားထောင်စမ်း… ဘာလို့လဲဆိုတော့ ဒီ ခက်ခဲပင်ပန်းတဲ့ တာဝန်ကြီးကို မင်းဆီ လွှဲအပ်မှာမို့လို့ပဲ”

ရန်အာဟူသည် လုံးဝ ဝေခွဲမရ ဖြစ်သွားကာ ပြောသည်။

“မဖြစ်နိုင်တာ သူဌေးရာ... ကျွန်တော် တစ်ယောက်တည်း ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ”

အကယ်၍ သူသာ ထိုပျားများကို အကုန် သတ်ပစ်မိပါက ငွေကြေးအမြောက်အမြား ဆုံးရှုံးသွားရမည် မဟုတ်ပါလော။

“အစပိုင်းမှာတော့ ငါ သေချာပေါက် စောင့်ကြည့်ပေးမှာပါ၊ ဒါပေမဲ့ ငါကိုယ်တိုင်လည်း ဝေဝါးဝါးပဲ သိတာမို့လို့ မင်းကို ငါနဲ့အတူ သင်ခန်းစာတွေကို သေချာ နားထောင်ဖို့ ပြောနေတာပေါ့”

ရန်အာဟူသည် မကျေမနပ်ဖြင့် နှုတ်ခမ်းစူကာ ဆိုသည်။

“ဒါပေမဲ့ လူက ဝအောင်တော့ စားရဦးမယ် မဟုတ်လား”

ပါမောက္ခထန်သည် ပြုံးလျက် ဆိုသည်။

“မလောပါနဲ့... မင်းတို့ အစားစားနေရင်းနဲ့ပဲ ငါ ရှင်းပြပေးပါ့မယ်၊ နောက်မှ မေးစရာ မေးခွန်းတွေ ရှိလာရင်လည်း ငါ့ဆီကို အချိန်မရွေး စာပို့တာ (သို့မဟုတ်) ဖုန်းဆက်တာမျိုး လုပ်နိုင်ပါတယ်၊ ပျားမွေးမြူရေးရဲ့ အဓိက ကျွေးမွေးနည်း စနစ်တွေကတော့ လူလုပ်အစာ ကျွေးခြင်း၊ ဆုပေးအစာ ကျွေးခြင်းနဲ့ ပန်းဝတ်မှုန်၊ ရေ၊ ဆားတို့ဖြင့် ကျွေးမွေးခြင်းတို့ ဖြစ်ကြပါတယ်၊ လူလုပ်အစာ ကျွေးတဲ့ စနစ်အတွက်ကတော့ ပျားရည်ကို ရေနွေး ၂၀ ရာခိုင်နှုန်းရောစပ်ပြီး ကျွေးနိုင်တယ်၊ အဲဒီလို ရောစပ်ထားတဲ့ ပျားရည်ကို ပျားအုံထဲကို လောင်းထည့်တာ (သို့မဟုတ်) ပျားအုံဘောင် အစာကျွေးခွက် ထဲကို ထည့်ပြီး ကျွေးနိုင်ပါတယ်၊ ဒါမှမဟုတ် သကြားဖြူကို ရေ ၅၀ ရာခိုင်နှုန်း နဲ့ ရောစပ်ပြီး အပြည့်အဝ ပျော်ဝင်သွားတဲ့အထိ အပူပေးကာ ရွှေအိုရောင် အရည်ဖြစ်အောင် ပြုလုပ်ပြီးမှ ခပ်နွေးနွေး အပူချိန်အထိ အအေးခံထားတဲ့ သကြားရည်ကိုလည်း သုံးနိုင်ပါတယ်၊ အဲဒီ သကြားရည်ထဲမှာ ပျားတွေရဲ့ အစာခြေစနစ်နဲ့ စုပ်ယူမှုကို အထောက်အကူ ဖြစ်စေဖို့အတွက် စစ်ထရစ်အက်ဆစ် ၀.၁ ရာခိုင်နှုန်းခန့် ထည့်သွင်းပေးတာက အကောင်းဆုံး ဖြစ်ပါတယ်၊ ဒီနေရာမှာ သကြားညို ကိုတော့ လုံးဝ မသုံးရပါဘူး၊ ပန်းဝတ်မှုန် ကျွေးရတဲ့ ရည်ရွယ်ချက်ကတော့ ပရိုတင်းဓာတ် အာဟာရကို ဖြည့်စွက်ပေးဖို့ ဖြစ်တယ်၊ ဆောင်းနှောင်းပိုင်းနဲ့ နွေဦးအစောပိုင်း ကာလတွေမှာ ပြီးခဲ့တဲ့ ဆောင်းဦးရာသီက သိမ်းဆည်းထားတဲ့ ပန်းဝတ်မှုန်တွေကို ဖြည့်စွက်စာအဖြစ် သုံးရမှာ ဖြစ်ပြီး အဲဒါမရှိရင် ပဲတီစိမ်းမှုန့် (သို့မဟုတ်) ပဲပိစပ်မှုန့်ကို အစားထိုး သုံးနိုင်ပါတယ်၊ ယေဘုယျအားဖြင့် ပျားအုပ်စု တစ်စုဟာ တစ်နေ့ကို ရေနှစ်ရာ ကနေ သုံးရာမီလီလီတာ ခန့်အထိ သောက်ဖို့ လိုအပ်တယ်၊ ရေကို အစာကျွေးခွက်ထဲမှာ ထည့်ပေးထားရမှာ ဖြစ်ပြီး (သို့မဟုတ်) စိုစွတ်နေတဲ့ တံသုတ်ပုဝါကို ပိတ်ကျဲစအုပ်ဆောင်းပေါ်မှာ တင်ပေးထားပြီး ပျားအုပ်စုတွေက ၎င်းတို့ဘာသာ ရေဆွတ်ခူးနိုင်အောင် ပြုလုပ်ပေးရပါမယ်၊ သကြားရည်ထဲမှာတော့ ဆား တစ်ရာခိုင်နှုန်းခန့် ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်”

လင်းရန်သည် ဤ အရေးကြီးဆုံးသော အချက်အလက်များကို အလျင်အမြန်ရေးမှတ်ထားသည်။

“ဆရာတို့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ဆရာတို့သာ ဒီနေ့ ဒါတွေကို သေချာ ရှင်းမပြခဲ့ရင် ကျွန်တော် ဘာမှ နားလည်မှာ မဟုတ်ဘဲ အရာရာကို ရှုပ်ထွေးပွေလီအောင် လုပ်မိတော့မှာ သေချာတယ်”

ပါမောက္ခထန်သည် လက်ကိုဝှေ့ယမ်းကာ ဆိုသည်။

“ဒီလို ကိစ္စမျိုးကို အားနာမနေပါနဲ့၊ ငါတို့လည်း မင်းဆီကနေ အစားအစာတွေ အများကြီး စားခဲ့ရပြီးပြီပဲ၊ အခုထိ ကျေးဇူးတောင် ပြန်မဆပ်ရသေးဘူး၊ မင်း နားမလည်တာ ရှိရင်လည်း ငါတို့ကို အချိန်မရွေး မေးမြန်းနိုင်ပါတယ်”

ပါမောက္ခထန်သည် နောက်ပြောင်သော လေသံဖြင့် ပြောသည်။

“ဟုတ်တယ်... အဲဒီလောက်အထိ အားနာစရာ မလိုပါဘူး၊ နောင်ကျရင် ငါတို့ဆီကို ပျားရည် နှစ်အိုးလောက် ပို့ပေးရင် ပြီးတာပါပဲ”

လင်းရန်သည် ပြုံးဖြဲဖြဲဖြင့် ဆိုသည်။

“ဒါက ကိစ္စအသေးအဖွဲလေးပါ ခင်ဗျာ၊ ဆရာတို့ လိုချင်သလောက် ပျားရည်တွေကို စိတ်ကြိုက် ရစေရပါမယ်”

All Chapters