ကြေမွသွားသော နှလုံးသား
Vol. 6 Ch. 277
ဝေးကွာလှတဲ့ အတိတ်တစ်ချိန်တုန်းကပေါ့။
ကောင်းကင်က နှင်းတွေဟာ လိုအပ်တာထက် ပိုကျဆင်းခဲ့ပြီး နွေဦးရာသီရောက်တဲ့အထိတောင် နေကိုမမြင်ရသေးဘူး။ အာလန်ရွာလို အနီရောင်ကန့်လန့်ကာကြီးနောက်ကွယ်မှာရှိတဲ့ ရွာတစ်ရွာအတွက်တော့ အခက်အခဲမျိုးစုံ ဖြစ်လာတော့တာပေါ့။
“ဗိုက်ဆာလိုက်တာ....” ပိန်ချုံးနေတဲ့ ရွာသားတွေအားလုံးရဲ့ တူညီတဲ့အတွေးကတော့ ဒီတစ်ခုတည်းပါပဲ။
ဆိုးဝါးလှတဲ့ ကွန်မြူနစ်ပေါင်းစပ်လယ်ယာစနစ်ကြောင့် ရွာသားတွေခင်ဗျာ ဝမ်းစာအနည်းငယ်ကိုသာ ချန်ထားခွင့် ရခဲ့တယ်။ ဆောင်းရာသီက ပုံမှန်ထက်ပိုလာချိန်မှာတော့ စားစရာမရှိတော့ဘူး။
ပထမတော့ အာလန်ရွာသားတွေဟာ သူတို့ရဲ့ကျွဲနွားတွေကိုပေါ်ပြီး စားသုံးကြတယ်၊ လယ်ယာသုံးတိရစ္ဆာန်တွေကုန်သွားခဲ့အခါမှာ ခွေး၊ ကြောင်၊ ကြွက် စတဲ့သတ္တဝါတွေဆီကို လှည့်လာခဲ့ကြတယ်။ သက်ရှိသတ္တဝါတွေကုန်သွားတော့ နွားသားရေဖိနပ်ကြီးတွေကို ပြုတ်ပြီးတော့ စားကြတော့တာပေါ့။
အအေးပိုတဲ့ ဆောင်းရာသီက ရှည်ကြာနေခဲ့ပြီး နွေဦးနတ်သမီး ပါဆက်ဖုန်း နောက်ကျနေတာ တစ်လကြာခဲ့ပြီ။ စားစရာတွေ အကုန်လုံးကုန်သွားချိန်မှာတော့ အာလန်ရွာသားတွေရဲ့ မျက်လုံးတွေထဲမှာ အဆုံးမရှိဆာလောင်မှုတွေနဲ့ ပြည့်နှက်လာခဲ့တယ်။
“ဆာလိုက်တာ....” ပီးယပ်က သူ့ရဲ့ချိုင့်ဝင်နေတဲ့ဝမ်းဗိုက်ကို ဖိနှိပ်လိုက်ရင်း လမ်းမပေါ်မှာသွားလာနေတယ်။ သူ့အရိပ်ကိုသူ ပြန်ကြည့်လိုက်တော့ လက်ပြင်ကိုင်းကိုင်းနဲ့ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့အရိပ်ကို မြင်ရတယ်။
“ဒီအတိုင်းသာဆက်ဖြစ်နေရင် အမေနဲ့ညီမလေးလည်း သေရတော့မယ်။”
ပီးယပ်ရဲ့မျက်လုံးတွေက မျက်နှာချင်းဆိုင်အိမ်တစ်အိမ်ကို ကြည့်လိုက်မိတယ်။ အဲဒီအိမ်ထဲမှာ လူကောင်ကြီးကြီး ရွာသားတစ်ယောက်နေပြီး သူတို့အိမ်ဘက်ကို လောဘတက်နေတဲ့ မျက်လုံးတွေနဲ့ကြည့်နေတာကြာပြီ။ ပီးယပ်ဟာ ငယ်သေးပေမဲ့ အဲဒီမျက်လုံးတွေကြောင့် အန္တရာယ်ကိုခံစားမိတယ်။
“အဖေပြန်မလာတာ နှစ်ရက်ရှိပြီ။ အမေ့အတွက် စားစရာတစ်ခုခုရှာမှဖြစ်မယ်။ အဲဒီလိုမှမဟုတ်ရင်....”
နဂိုကတည်းက ကျန်းမာရေးမကောင်းတဲ့အမေ့အကြောင်း ပီးယပ်တွေးမိတော့ ခွန်အားအနည်းငယ်ပြန်ရလာပြီးတော့ ရွာစွန်တောအုပ်ထဲ တိုးဝင်လိုက်မိတယ်။
အချိန်က ညနေစောင်းအချိန်။ နေဝင်တော့မယ်။ အဝေးကနေ ဝံပုလွေအူသံတွေကိုကြားနေပေမဲ့ သူ့မှာတခြားရွေးစရာမရှိဘူး။ အအေးဓာတ်က ပိုကဲလာပြီး သစ်ရွက်တွေမရှိတဲ့ သစ်ပင် ခြောက်ခြောက်တွေက ကြောက်စရာကောင်းနေခဲ့ပေမဲ့ မာဖလာအစုတ်လေးကို လည်ပင်းမှာပတ် သတ္တိကိုမွေးပြီး ရှေ့ဆက်ခဲ့တော့တာပေါ့။
တောစပ်ကိုကျော်တယ်ဆိုရင်ပဲ တစ်ယောက်ယောက်က သူ့နောက်ကနေ လိုက်လာနေမှန်းသတိထားလိုက်မိပါတယ်။ ဒါကြောင့်ခြေရာဖျောက်ဖို့အတွက် တောနက်ပိုင်းကိုပိုဝင်ပေမဲ့ တစ်ဖက်လူက ပိုခွန်အားကြီးပြီး မြန်နေခဲ့တယ်လေ။
“ဘယ်ပြေးမလို့လဲ၊ ကောင်လေး...”
မကြာခင်မှာပဲ လူကောင်ကြီးကြီးအိမ်နီးချင်းက ပီးယပ်ရဲ့ ပုလွေရိုးလက်မောင်းကိုဖမ်းဆွဲလိုက်တယ်။ သူ့လက်ထဲမှာက ကောက်ရိတ်တံစဥ်ကြီးကိုဆွဲလို့။
“မင်းက အရိုးများပေမဲ့ ငါ့အတွက်တစ်နပ်စာတော့ရမှာပါ။”
အာဝူး....
အရာအားလုံး ပြီးဆုံးသွားတော့မယ်လို့ ပီးယပ်ထင်မိချိန်မှာပဲ ဝံပုလွေအူသံကို နီးနီးကပ်ကပ်ကြားလိုက်ရတယ်။ အိမ်နီးချင်းရဲ့ မျက်လုံးတွေလည်း ပြူးကျယ်သွားခဲ့ပါပြီ။ အကောင်ကြီးကြီး ဝံပုလွေနက်ကြီးတစ်ကောင်က သူတို့ဆီကိုပြေးလာနေခဲ့လို့လေ။
“မ....မလာနဲ့....” အိမ်နီးချင်းက ထွက်ပြေးဖို့လုပ်ပေမဲ့ ဝံပုလွေကြီးက လွှားခနဲခုန်အုပ်တယ်။ အဲဒီမြင်ကွင်းကလည်း ပီးယပ်ရဲ့နောက်ဆုံးမြင်ရတဲ့မြင်ကွင်း ဖြစ်ခဲ့တာပေါ့။
ဘာလို့ဆိုရင်.... အစာမစားဘဲပြေးသွားနေခဲ့တာ ကြာပြီဖြစ်လို့ သူ့ခွန်အားတွေ ကုန်ခမ်းသွားခဲ့လို့ပါပဲ။
....
“မင်း.... အဆင်ပြေရဲ့လား....”
ပါးစပ်ထဲကို ချိုမြရဲ့အရည်တချို့စီးဝင်လာတဲ့အတွက်ကြောင့် ပီးယပ်မျက်လုံးကို ဖွင့်ကြည့်လိုက်မိတယ်။ ဖြောင့်စင်းနေတဲ့ အနက်ရောင်မျက်လုံးတွေနဲ့ ဒေါင်လိုက်မီးခိုးရောင်မျက်ဆန်တွေ ရှိတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကိုငုံ့ကြည့်နေခဲ့တာ။
ဒီတော့မှ သူ့ကိုယ်သူ တခြားတစ်ယောက်ရဲ့ပေါင်ကို ခေါင်းအုံးထားပြီး ဆံနက်အမျိုးသမီးက သူ့ကို့လက်ခုပ်နဲ့ ရေတိုက်နေမှန်းသတိထားလိုက်မိတာ။ အဲဒီအမျိုးသမီးရဲ့ လက်ချောင်းတွေက သူ့ပါးစပ်နားမှာခွက်တစ်ခုလိုကွေးထားပြီး ရေတွေက အလိုလိုဖြစ်တည်လာသလိုမျိုး သူ့ပါးစပ်ထဲကို စီးဆင်နေခဲ့တာ။
“ဒါက... လူမဖြစ်နိုင်ဘူး....” ပီးယပ်ရဲ့ခေါင်းသေးသေးလေးထဲ ကြောက်စရာကောင်းတဲ့ အတွေးတချို့စီးဝင်လာခဲ့တယ်။ သူက အဲဒီအမျိုးသမီးကို နောက်တစ်ခါပြန်ကြည့်လိုက်တယ်။ ခေါင်းပေါ်မှာ ဝံပုလွေနားတစ်စုံရှိနေပြီး ကျောနောက်မှာလည်း အမြီးပွပွတစ်ခုပေါက်နေသေးတယ်။ ရှည်လျားတဲ့အစွယ်တွေ ရှိနေပြီးတော့ သာမန်လူတစ်ယောက်မှာမရှိသင့်တဲ့ အရာတွေပါပဲ။
“အဲဒီလူရမ်းကားကို ကြောက်နေသေးတာဆိုရင်တော့ မစိုးရိမ်နဲ့တော့။ ငါသူ့ကို မောင်းထုတ်လိုက်ပြီ။”
အမျိုးသမီးက သူ့ကိုကြောက်နေသေးတယ်လို့အထင်လွဲပြီး ပြောလိုက်တော့ ပီးယပ်က ခေါင်းချက်ချင်းခါပြပြီး ထထိုင်တယ်။ နည်းနည်းမူးနေသေးပေမဲ့ ခွန်အားတချို့တော့ပြန်ရလာပါပြီ။
“နင့်ကြည့်ရတာ ဗိုက်ဆာနေပုံပဲ။ ဘာမှမစားရတာ ကြာပြီလား။”
အမျိုးသမီးက သူ့လက်ဝါးကိုဖြန့်လိုက်တယ်။ နှင်းတွေခဲနေတဲ့ မြေပြင်ကနေ အစိမ်းရောင်ခြုံပင်တစ်ပင်ပေါက်လာပြီးတော့ ဘယ်ရီသီးတွေပေါက်လာခဲ့တယ်။ အမျိုးသမီးက သီးနှံတွေကို ပီးယပ်ရဲ့လက်ထဲထည့်ပေးလိုက်တာပေါ့။
ပီးယပ်ကတော့ မျက်စိရှေ့က တုန်လှုပ်စရာမြင်ကွင်းတွေကြောင့် ထိတ်လန့်နေဆဲပါပဲ။
“အစ်မက... ဘယ်သူလဲ... မဟုတ်သေးဘူး... အရှင်မက ကောင်းကင်ဘုံကနေ ကျွန်တော်တို့ကိုကယ်ဖို့ ဘုရားသခင် လွှတ်လိုက်တဲ့ အိန်ဂျယ်များလား။”
ခစ်စစ်...
အနက်ရောင်အမျိုးသမီးဆီကနေ ချစ်စဖွယ်သံထွက်လာတယ်။ သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ပီးယပ်ရဲ့အထင်လွဲနေမှုကို ရှင်းပြဖို့ကြိုးစားလိုက်တယ်။
“ငါက အားနည်းတဲ့ တောစောင့်နတ်ဝိညာဥ်တစ်ကောင်ပါပဲ။ ဒေသခံနတ်ဘုရားပဲဆိုပါစို့။ အရင်တုန်းကတော့ ဒီဒေသက လူတွေက ငါ့ကိုကိုးကွယ်ပေမဲ့ အခုတော့ ငါ့ကိုမေ့သွားကြပြီ။”
အနက်ရောင်အမျိုးသမီးက ဝေးကွာလှတဲ့ အတိတ်တစ်ချိန်ကို တမ်းတနေဟန်နဲ့ ပြောလိုက်တာပေါ့။ ပီးယပ်က အမျိုးသမီးရဲ့ နားလည်ရခက်တဲ့စကားတွေကြောင့် စဥ်းစားခန်းဝင်နေဆဲပဲ ဆိုပေမဲ့လို့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး
“အစ်မပြောတာတွေကို ကျွန်တော်နားမလည်ပေမဲ့လို့... ကျွန်တော့်ကို ကယ်ပေးခဲ့တဲ့အတွက်ကြောင့် လူဆိုးဖြစ်မယ်လို့ မထင်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ရွာလေးကို ကယ်ပေးပါ။”
ပီးယပ်က သူ့နဖူးကိုမြေပြင်နဲ့တိုက်တဲ့အထိ ဒူးထောက်လိုက်ပြီး တောင်းပန်တယ်။ အနက်ရောင်အမျိုးသမီးကလည်း တားဆီးလိုက်တာပေါ့။
“အဲဲဒီလိုမလုပ်ပါနဲ့... ငါ့ကို အဲဒီလောက်အထိ ယဥ်ကျေးဖို့ မလိုပါဘူး။ ဒါပေမဲ့ ငါ့စွမ်းအားနဲ့ရွာတစ်ရွာကိုကယ်နိုင်ပါ့မလား ငါမသိဘူး။”
အနက်ရောင်အမျိုးသမီးက စိုးရိမ်စိတ်အပြည့်နဲ့ပြောလိုက်တာ။ သူက ပီးယပ်နားမလည်နိုင်တဲ့ စကားတွေကို ရေရွတ်နေခဲ့သေးတယ်။
“ငါ့ကို ဘယ်သူမှမပူဇော်မပသတာကြာပြီမလို့ သိပ်ကို အားနည်းနေခဲ့တာ။ မင်းအနေနဲ့ ငါ့ကိုဝတ်ပြုချင်ရင်တောင်မှ...”
“ ကျေးဇူးပြုပြီး ညီမလေးနဲ့အမေ့ကိုတော့ ကူညီပေးပါ။”
ဒုတိယအကြိမ် တောင်းဆိုလိုက်တဲ့အခါမှာတော့ အနက်ရောင် အမျိုးသမီးဟာ မငြင်းနိုင်တော့ဘဲ ပြုံးလိုက်တယ်။ ပြီးတဲ့နောက် ပီးယက်ရဲ့ခေါင်းပေါ်ကို လက်တင်လိုက်ပြီး...
“ဒီအိုမင်းနေတဲ့ အမျိုးသမီးက ဘယ်လောက်ထိလုပ်နိုင်မလဲ မသိပေမဲ့ ငါ့ရဲ့တစ်ယောက်တည်းသော ကိုးကွယ်သူကိုတော့ စိတ်မပျက်စေရဘူး။”
သဘောတူညီချက် ရရှိပြီးချိန်မှာတော့ ပီးယပ်က အနက်ရောင် အမျိုးသမီးကို ရွာဆီခေါ်လာခဲ့တယ်။ လမ်းတစ်လျှောက်မှာတော့ အမျိုးမျိုး စကားတွေဖလှယ်ဖြစ်ကြတယ်။
“အရှင်မကို ဘယ်လိုခေါ်ရမလဲ။”
“ငါ့နာမည်က မန်ဘရီယာ။ ဟိုးတုန်းက လူသားတွေက ငါ့ကို အဲဒီလိုခေါ်ကြတယ်။”
....
နောက်ရက်တွေမှာ မန်ဘရီရာက တကယ်ပဲ ပီးယပ်ရဲ့မိသားစုကို ကူညီပေးခဲ့တယ်။ သူ့မှာရှိနေတဲ့ သဘာဝလွန်စွမ်းအားတွေက သိပ်မများခဲ့ပေမဲ့ လူသုံးယောက်သာရှိတဲ့ မိသားစုတစ်ခုအတွက် ဖူလုံခဲ့ပါတယ်။ ဒါပေမဲ့ လူစိမ်းတစ်ယောက်က ပြင်ပကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့ရွာထဲရောက်လာတာကို ရွာသားတွေက သတိမထားမိဘဲမနေခဲ့ဘူး။ မကြာခင်မှာပဲ လျှို့ဝှက်ချက်ဟာ ပေါက်ကြားသွားခဲ့ပြီး။
“ပီးယပ်၊ ငါတို့အတွက်လည်း အရှင်မကို စားစရာတွေ ဖန်တီးပေးခိုင်းပါဦး။” ရွာသားတွေက တစ်စုတည်းတစ်ရုန်းတည်း ပူစာလာခဲ့ကြတာပေါ့။
နဂိုကတော့ ပီးယပ်လည်း အထီးကျန်နေခဲ့တဲ့ မန်ဘရီယာအတွက် ကိုးကွယ်သူအသစ်တွေရပြီဆိုပြီး ပျော်နေခဲ့ပေမဲ့ ဘယ်ရီသီးတွေကို ဆောင်းတွင်းမှာ စိုက်ပျိုးနေခဲ့တဲ့ အနက်ရောင်အမျိုးသမီးရဲ့ ဆံပင်တွေဖြူဖွေးလာခဲ့ပြီး အားအင်ယုတ်လျော့လာတာကို သတိထားခဲ့မိတယ်လေ။
“အရှင်မ... ကိုးကွယ်သူတွေ တိုးပွားလာတာကိုတောင် ဘာလို့ အခုလိုဖြစ်နေရတာလဲ။”
ပီးယပ်တစ်ယောက် သူ့နတ်ဘုရားမရဲ့မျက်နှာကိုကြည့်နေရင်း စိုးရိမ်စိတ်တွေ ဝင်ခဲ့မိတဲ့အခိုက်ပေါ့။ နွမ်းလျနေတဲ့မျက်နှာနဲ့ပဲ မန်ဘရီယာက ပြန်ဖြေလာခဲ့တယ်လေ။
“ဒီကရွာသားတွေက ငါ့ကိုတကယ့်စိတ်ရင်းနဲ့ ကိုးကွယ်ကြတာ မဟုတ်ဘူး။ အကျပ်အတည်းနဲ့ကြုံတွေ့ရလို့ ဟန်ဆောင်ပြီးတော့ မျက်နှာလုပ်နေကြရုံသီးသန့်ပဲ။ သဘာဝတရားကြီးကို ဆန့်ကျင်တာက ငါ့အတွက်ဖိအားများလွန်းတယ်။ ဒီလောက်နဲ့ မလုံလောက်ဘူး။”
စကားဆုံးတော့ မန်ဘရီယာက နှင်းတိမ်တိုက်တွေကြောင့် ပိန်းပိန်းပိတ်မှောင်နေတဲ့ ကောင်းကင်ကြီးကိုကြည့်ခဲ့တယ်။
“မကြာခင် နွေဦးရောက်လာတော့မယ်လို့ ငါခံစားနေရတယ်။ အဲဒီအချိန်ကျရင် ငါထွက်သွားတော့မယ်။”
“အရှင်မ... ကျွန်တော်က အရှင်မကို အများကြီးမကူညီနိုင်ခဲ့လို့ ထွက်သွားဖို့ဆုံးဖြတ်လိုက်တာလား။”
မန်ဘရီယာက ပီးယပ်ရဲ့ပခုံးနှစ်ဖက်ပေါ်လက်တင်လိုက်ရင်း ကောင်းချီးပေးလိုက်တယ်။ “စိတ်ထားကောင်းတဲ့ကောင်လေးပဲ၊ ငါက မင်းကိုကာကွယ်ဖို့အတွက် ထွက်သွားမလို့ပါ။ မင်းအနားမှာ ငါဆက်ရှိနေရင် မင်းကိုရွာသားတွေက တစ်နေ့ကျရင် ဒုက္ခပေးလိမ့်မယ်။”
....
မကြာခင်မှာပဲ အဲဒီနေ့က ရောက်လာခဲ့တယ်။ မိုးကောင်းကင်ကြီး ရှင်းလင်းသွားပြီးတော့ နှင်းတွေအရည်ပျော်လို့ မြက်ခင်းပြင်တွေ ပြန်လည်စိမ်းလန်းလာချိန်ပေါ့။
ပီးယပ်က ထွက်သွားတော့မယ့် မန်ဘရီယာကိုလိုက်ပို့ဖို့အတွက် အသင့်ဖြစ်နေခဲ့တယ်။ ငိုမိလုဆဲဆဲဆိုပေမဲ့ မန်ဘရီယာက သူ့ကို လက်ကိုင်ခွင့်ပေးခဲ့ပြီး ဝမ်းသာစရာကိစ္စတစ်ခုကိုပြောခဲ့တယ်လေ။
“နင်က ငါ့ရဲ့ကိုးကွယ်သူအစစ်ပဲ။ ငါဘယ်နေရာမှာရှိနေရှိနေ နင်တွေးသမျှကိုကြားနိုင်တယ်။ ငါလည်း နင့်ကိုပြောချင်တာရှိရင် ဆက်သွယ်လို့ရတယ်။ ဒါကြောင့်သိပ်ကွာခြားသွားမှာမဟုတ်ဘူး။”
ဒါပေမဲ့ ကံကြမ္မာဆိုတဲ့ စာရေးဆရာကြီးမှာက မန်ဘရီယာနဲ့ပီးယပ်အတွက် တခြားအစီအစဥ်တစ်ခု ရှိနေခဲ့တယ်လေ။
“ကောင်လေးနဲ့အရှင်မတို့... ဘယ်သွားကြမလို့လဲ။” သန်သန်မာမာရှိတဲ့ ရွာသားငါးယောက်ခြောက်ယောက်က သူတို့ရှေ့မှာ ပိတ်ရပ်လိုက်ကြတယ်။ သူတို့လက်ထဲမှာတော့ တုတ်တွေဓားတွေနဲ့။
“တစ်ရွာလုံးက နတ်ဘုရားမနဲ့နတ်ဆရာကို ခစားလို့တောင် မဝသေးဘူးလေ။ ထွက်သွားတော့မလို့လား။”
ရွာသားတွေက ဒီလိုပြောတော့ ပီးယပ်က ရှေ့ထွက်လာပြီး ရန်တွေ့တယ်။ “ဦးလေးတို့၊ အရှင်မအတွက် လမ်းဖယ်ပေးပါ။ အရှင်မက အငတ်ဘေးကို ဖြေရှင်းပေးချင်ရုံပါ။ သူ့ကိုသွားခွင့် ပေးလိုက်ပါ။”
ဒါပေမဲ့ ရွာသားတွေကတော့ ဖယ်ပေးမယ့်ပုံမရဘူး။ အဲဒီအစား အခြေအနေက ပိုတင်းမာလာခဲ့တယ်။
“မင်းက နောက်နှစ်တွေမှာရော အငတ်ဘေးမဆိုက်တော့ဘူးလို့ ထင်နေတာလား။ ပြီးတော့ အရှင်မက သီးနှံတွေကို မရှိရာကနေရှိအောင် လုပ်နိုင်တယ်ဆိုတော့ စိုက်ခင်းတွေကိုရော ပိုအထွက်တိုးအောင် မလုပ်နိုင်ဘူးလား။ မင်းတို့သာလိမ္မာရင် စံပြကျေးရွာဘွဲ့က ငါတို့ဖို့ဖြစ်လာမှာကွ။”
“တော်လောက်ပြီ... မင်းတို့လောဘတက်နေတဲ့ကောင်တွေ။ ထွက်သွားကြစမ်း။”
ပီးယပ်က ဒေါသတကြီးအော်ဟစ်လိုက်ပေမဲ့ ရွာသားတွေက ပိုအတင့်ရဲပြီး အနားကပ်လာတယ်။ မန်ဘရီယာလည်းပဲ ဝံပုလွေအဖြစ်ကို ပြောင်းလိုက်တော့တာပေါ့။
“ပီးယပ်... ပြေးတော့....”
ဒါပေမဲ့ သူ့ရဲ့နတ်ဘုရားမကို သူဘယ်လိုလုပ်ပြီးထားခဲ့နိုင်မှာလဲ။ မကြာခင်မှာပဲ တုန့်ဆိုင်းနေတဲ့ပီးယပ်ကို ရွာသားတွေဖမ်းမိသွားပြီး ဓားစာခံဖြစ်သွားတော့တယ်။
....
“ဒါတွေအားလုံး ကျွန်တော်အသုံးမကျလို့ဖြစ်ရတာ။” အိမ်ကြီး တစ်လုံးထဲမှာ ပိတ်လှောင်ခံထားရတဲ့ပီးယပ်က ပိန်ချုံးပြီး ဆံပင်တွေအားလုံးနီးပါးဖြူဖွေးနေတဲ့ မန်ဘရီယာကိုကြည့်ပြီး ပြောခဲ့တယ်။
အဖမ်းခံထားရတာ ရက်ပေါင်းများစွာရှိခဲ့ပြီ။ ရွာသားတွေဟာ ပီးယပ်ကိုဖမ်းထားပြီး မန်ဘရီယာကို ဖိအားပေးခဲ့တယ်။ မနက်တိုင်း အိမ်ကနေခေါ်ထုတ်သွားပြီး မိုးချုပ်မှပြန်လာပို့တယ်။ ကိုယ်လွတ်ရုန်းပြေးလို့ရပေမဲ့ ပီးယပ်ကိုစိတ်ပူနေတာကြောင့် ထွက်မပြေးရက်ခဲ့ဘူး။
“အရှင်မ... ထွက်သွားပါတော့။” ပီးယပ်က အကြိမ်တိုင်း အော်ဟစ်ပြောခဲ့ပေမဲ့ မန်ဘရီယာကတော့ ပီးယပ်ရဲ့မျက်နှာကို ဆုပ်ကိုင်ထားရင်း ပြောလေ့ရှိတာက။
“အဆင်ပြေပါတယ်... ငါဒီထက်ပိုပြီး အထီးမကျန်ချင်တော့ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့တော့။”
တစ်နေ့မှာတော့ မန်ဘရီယာရဲ့ဆံပင်တွေအားလုံးဖြူဖွေးသွားပြီး ကောင်းချီးတွေမပေးနိုင်တော့တဲ့ သာမန်လူနဲ့မခြားတော့တဲ့ အချိန်ကိုရောက်လာခဲ့တယ်။
ဖြန်း....
ပါးရိုက်သံက အခန်းထဲမှာပြန့်လွင့်လာတယ်။ မန်ဘရီယာ ကြမ်းပြင်ပေါ်လဲကျသွားပြီး ပီးယပ်ကတော့ ထိုင်ခုံမှာကြိုးနဲ့ တွဲချည်ခံထားရတယ်။ ရွာသားတွေတစ်အုပ်လုံး အိမ်ထဲမှာ ရှိနေကြပြီးတော့ သူတို့နှစ်ယောက်ကို အမှိုက်တွေလို ကြည့်နေကြတာ။
“ဘာစွမ်းအားမှမရှိတော့ရင် အလကားတင်ကျွေးထားရသလို ဖြစ်မနေဘူးလား။ ဘာနတ်ဘုရားမလဲ၊ အမှိုက်သက်သက်ပဲဥစ္စာ။”
ပီးယပ်ကတော့ အဲဒီမြင်ကွင်းကိုကြည့်ရင်း ဒေါသတွေအလိပ်လိုက် ထွက်လာခဲ့တယ်။
“မင်းတို့ကောင်တွေ.... ရပ်ကြစမ်း.... တောင်းပန်လိုက်... သူ့ကိုပြန်တောင်းပန်....”
ဒါပေမဲ့ရွာသားတွေက ပီးယပ်ကို မရှိသယောင် လစ်လျူရှုထားတယ်။ ဘာဆက်ဖြစ်တော့မလဲဆိုတာကို သိနေတဲ့ပီးယပ်က အသံတွေ ထပ်ထွက်မလာတော့တဲ့အထိ အော်ဟစ်နေခဲ့ပေမဲ့ ဘာမှ မဖြစ်လာဘူး။ သူဟာ ဒီအခြေအနေကိုတားဆီးဖို့အတွက် အင်အားမဲ့လွန်းတယ်။
“ဒါနဲ့၊ မင်းတို့ကောင်တွေ ဟိုကောလာဟလကိုကြားဖူးလား။ နတ်ဘုရားတွေရဲ့အသားကိုစားရင် အသက်ရှည်တယ်တဲ့လေ။”
“ပေါက်တတ်ကရ ဒဏ္ဍာရီတွေပါကွာ။ ဒါပေမဲ့ စမ်းတော့ ကြည့်ချင်သား။”
ပီးယပ်က ကမ္ဘာပျက်တော့မလိုမျက်နှာနဲ့ မန်ဘရီယာကို ကြည့်လိုက်တယ်။ သူ့မှာဝှက်ဖဲတစ်ခုခုများရှိဦးမလား တွေးမိပေမဲ့ မန်ဘရီယာက နှုတ်ခမ်းကို သွေးထွက်တဲ့အထိ ဖိကိုက်ထားရင်း တောင်းပန်တိုးရှိုးနေခဲ့တယ်။
“ပီးယပ်... ကောင်လေး... ငါပြောတာကိုနားထောင်။ နင့်ရဲ့မျက်စိတွေကို ပိတ်ထား။ လုံးဝမကြည့်နဲ့... မကြည့်လိုက်နဲ့.... နင့်ရဲ့စိတ်ဝိညာဥ်တစ်ခုလုံး ကြေမွပျက်စီးသွားလိမ့်မယ်။ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး မျက်လုံးတွေပိတ်ထားပေးပါ။”
ပီးယပ်ရဲ့မျက်ရည်တွေက စီးကျလွန်းလို့ခမ်းခြောက်နေတာ ကြာပြီ။ အက်ကွဲနေတဲ့ ရယ်သံကသူ့ဆီကထွက်လာတယ်။
‘ဒီလောက်ထိ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ အရှင်မက သူ့အတွက်သူ စိတ်မပူဘဲ ဘာမှအသုံးမကျတဲ့ အမှိုက်တစ်စလိုလူတစ်ယောက်ကို တွေးပူပေးနေတယ်တဲ့လား။'
အဲဒီနောက်တော့ ပီးယပ်မတရားစီးနိုင်တဲ့အရာတွေ ဆက်ဖြစ်တယ်။ ပီးယပ်ရဲ့စိတ်အစဥ်က အဆုံးအစမရှိတဲ့ အမှောင်ထုထဲကိုကျဆင်းသွားသလို ခံစားလိုက်ရပြီးနောက် တဖြည်းဖြည်းအသက်ကင်းမဲ့သွားခဲ့တဲ့ မန်ဘရီယာရဲ့ပုံရိပ်လေးကို စိုက်ကြည့်နေခဲ့မိတယ်။
သူ့အနားကအလင်းရောင်တွေအားလုံး ပျောက်ကွယ်သွားချိန်မှာတော့ အဆိုးယုတ်ဆုံး တည်ရှိမှုတစ်ခုရဲ့အသံကို သူကြားလိုက်ရတော့တယ်။
“အိုး၊ ပြင်လို့မရအောင်ပျက်စီးသွားတဲ့ ဝိညာဥ်တစ်ခုပါလား။ သနားစရာပဲ၊ ဒီမိုးသောက်ကြယ်က မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်လေ။”