← Chapters

ဆိုရာရဲ့ကူရို (၁)

Vol. 6 Ch. 279

ဆိုရာရဲ့ကူရို (၁)

Vol. 6 Ch. 279

တေးညည်းနေတဲ့ မိန်းမငယ်လေးတစ်ယောက်က ချောင်းနံဘေး ကမ်းစပ်မှာလမ်းလျှောက်နေတယ်။ မိန်းကလေးရဲ့ဆံပင်တွေက ရေတံခွန်လိုခါးအထိဖြာကျနေပြီး မက်မွန်ရောင်တောက်ပလို့။ ခရမ်းရောင်တောက်တောက် ဒေါင်လိုက် မျက်လုံးအိမ်တွေကိုလည်း ပိုင်ဆိုင်ထားသေးတာပေါ့။

အဖြူရောင်လက်ပွအင်္ကျီအရှည်နဲ့ အနီရောင်ခေါက်ဂါဝန်ကို ဝတ်ဆင်ထားပြီးတော့ အပေါ်ကနေ ချယ်ရီပွင့်ဖက်ပုံပါတဲ့ ပိုးဝတ်ရုံရှည်ကို ခြုံထားတယ်။ လက်ထဲမှာတော့ ဓားရိုးရှည်ပါတဲ့ ဂျပန်လှံဓားတစ်မျိုးဖြစ်တဲ့ နာဂီနာတာကို ကိုင်ဆောင်ထားလို့။

“လူတစ်ယောက်လား....” မိန်းကလေးက မျက်ခုံးပင့်လိုက်ပြီး ရှေ့ခပ်လှမ်းလှမ်းကိုကြည့်လိုက်တယ်။ ချောင်းကူးတံတား တစ်ခုရဲ့အောက်မှာ သစ်သားတိုင်နဲ့ချိတ်နေတဲ့လူတစ်ယောက်ကို မြင်လိုက်ရလို့ပါ။ မိန်းကလေးဟာ နှောင့်နှေးမနေတော့ဘဲ အဲဒီနေရာကို ချက်ချင်းပြေးသွားတယ်။

လက်ထဲမှာကိုင်ထားတဲ့ နာဂီနာတာကို ကမ်းစပ်ကျောက်ဆောင် တစ်ခုမှာမှီထားရစ်ခဲ့ပြီး ရေထဲကိုဆင်းတယ်။ ရေစီးသန်ပြီး ချောင်းရေအမြင့်က မိန်းကလေးရဲ့ရင်ဝအနားထိရောက်လာပေမဲ့ လက်မလျှော့ဘဲ ဆက်ကူးသွားပြီး တံတားမှာချိတ်နေတဲ့လူရဲ့ ပခုံးကိုဖမ်းဆွဲလိုက်တယ်။

အဲဒီနောက်တော့ ရုန်းရင်းဆန်ခတ်နဲ့ပဲ ကမ်းစပ်အထိကို ပြန်ဆွဲ ခေါ်လာခဲ့တော့တာပေါ့။ ကုန်းပေါ်ရောက်တော့ လူကိုပက်လက် လှန်ပေးထားလိုက်ပြီး သူကိုယ်တိုင်လည်း ခြေပစ်လက်ပစ်ထိုင်ချ လိုက်မိပါတယ်။ အမောတကောနဲ့အသက်ကိုလုရှုရင်း အဲဒီလူရဲ့ ပုံပန်းသဏ္ဍာန်ကို သူသေချာစိုက်ကြည့်မိပြန်ရော။

အနက်ရောင်ဆံပင်ကောက်ကောက်၊ ဂျပန်ရိုးရာအဝတ်အစားလို မဟုတ်ဘဲနဲ့ အပေါ်ကနေစွပ်ဝတ်ရတဲ့ အင်္ကျီအနက်၊ အပြာနုရောင် ချည်တစ်မျိုးနဲ့လုပ်ထားပြီး သစ်ခေါက်သားနဲ့တူတဲ့ ဘောင်းဘီရှည်။ အကုန်လုံးက မိန်းကလေး အရင်ကမမြင်ဖူးတဲ့အရာတွေချည်းပဲ။

“ဒီအဝတ်အစားတွေက... ငါတို့ရွာက အဝတ်အစားတွေနဲ့ မတူဘူးပဲ။”

မိန်းကလေးက တစ်ကိုယ်ကြားသာရုံရေရွတ်လိုက်ပြီးတဲ့နောက် အမျိုးသားရဲ့လည်ပင်းကို စမ်းသပ်လိုက်တယ်။ နှာခေါင်းက အသက်ရှုမနေပေမဲ့ သွေးခုန်နှုန်းရှိနေသေးတာကို သတိထားမိတဲ့ အခါမှာတော့ ရင်ဘတ်ကို လက်သီးနဲ့ဖွဖွလေးထုလိုက်တာပေါ့။

အဟွက်....

လူငယ်ရဲ့ပါးစပ်ထဲက ရေတွေအထွေးလိုက် ပန်းထွက်လာပေမဲ့ သတိရမလာသေးဘူး။ နှလုံးခုန်တာလည်း နှေးသည်ထက် နှေးလာချိန်မှာတော့...

“မတတ်နိုင်ဘူး...” မိန်းကလေးက တခြားရွေးစရာမရှိတဲ့အတွက် လူငယ်ရဲ့ရင်ဘတ်နေရာကို လက်နှစ်ဖက်နဲ့ဖိလိုက်ပြီး ရှေးဦးသူနာပြုစုနည်းအတိုင်း စလုပ်ပါတယ်။ နောက်ဆုံးအဆင့် အသက်ကူရှုပေးဖို့အတွက် နှုတ်ခမ်းချင်းတေ့ဖို့လုပ်လိုက်ချိန်မှာ ရုတ်ချည်းဆိုသလို လူငယ်လေးရဲ့အပြာရောင်မျက်လုံးတွေက ပွင့်လာပါလေရောလား။

“အောင်မလေး....”

သူတို့နှစ်ယောက်လုံးလန့်သွားပြီး နောက်ကို ပြိုင်တူဆုတ်လိုက်တယ်။ နောက်တော့ မိန်းကလေးက ရှက်သွားပြီး သူ့မျက်နှာကို လက်နဲ့အုပ်ထားလိုက်တယ်။ အထူးသဖြင့် သူ့ရဲ့ပါးစပ်က ချွန်ထွက်နေတဲ့အစွယ်တွေကို ဖုံးလိုက်တာပါ။

“ကျွန်မရှင့်ကို လန့်အောင်လုပ်မိသွားရင် တောင်းပန်ပါတယ်။ ရှင်ရေထဲမှာ မျောနေတာတွေ့တာနဲ့...”

လူငယ်လေးကတော့ မိန်းကလေးရဲ့စကားတွေကို လစ်လျူရှုရင်း သူ့လက်တွေကိုယ်သူ ငုံကြည့်လိုက်တယ်။ ပြီးနောက် ကောင်းကင်ကို မော့ကြည့်ပေမဲ့ နေကိုမမြင်ရသလို ကြယ်ကိုလည်းမမြင်ရဘူး။ အလင်းရောင်ပေးမယ့်အရာမရှိဘဲ ပြာလဲ့လဲ့ဖြစ်​နေတဲ့ ကောင်းကင်ကြီးကိုသာမြင်နေရပါတယ်။

“ငါ ဘယ်ရောက်နေတာလဲ....”

မိန်းကလေးကလည်း လူငယ်ရဲ့တုံ့ပြန်မှုကြောင့် အထူးအဆန်း ဖြစ်သွားပြီး ခေါင်းကိုတစ်ချက်စောင်းငဲ့ကြည့်လိုက်တာပေါ့။ ဂျပန်တော်ဝင်မင်းသမီးဆံပင်ပုံစံကြောင့် ဆံမြိတ်လေးတွေကဘယ်ကို ယိမ်းကျသွားပြီး ချစ်စရာကောင်းနေတော့တယ်။

“ရှင်က ဒီနေရာက မဟုတ်ဘူးလား။ ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆိုရာရွာရဲ့အပြင်ဘက်မှာ တောရိုင်းကောင်တွေပဲ ရှိနေတာလေ။”

မိန်းကလေးရဲ့မျက်လုံးတွေက လူငယ်လေးဝတ်ထားတဲ့ အဝတ်အစားတွေဆီကို ထပ်ရောက်သွားပြန်တယ်။ ဒီလို အဝတ်အစားတွေက ဆိုရာရွာထဲမှာရှိတဲ့အရာမျိုးမဟုတ်ဘူး။ တကယ်ပဲ ဒီလူက အပြင်ကနေ လာခဲ့တာဖြစ်နေမလား။

“ဒါနဲ့... ရှင့်နာမည်က....” မိန်းကလေးက ဆက်ပြီးမေးတယ်။ လူငယ်လေးက မိန်းကလေးကို တွေတွေကြီးစိုက်ကြည့်နေပြီးမှ အဖြေရှာမရတဲ့ပုံစံနဲ့ ခေါင်းခါပြတယ်။

“မမှတ်မိဘူးလား....”

မိန်းကလေးကို လူငယ်လေးက ခေါင်းညိတ်ပြလိုက်ပါတယ်။ သူ့ပုံစံက အတော်လေးအေးစက်ပြီး မမေးမချင်းဘာမှမပြောမယ့် ပုံစံမျိုး။ ဒါပေမဲ့ မိန်းကလေးကတော့ သက်ပြင်းချလိုက်ပြီးတော့ ကောင်လေးကို လက်ကမ်းပေးလိုက်တယ်။

“ငါက ဆိုရာ ဟီမဲကို၊ ဒီရွာရဲ့ဘုံကျောင်းအပျိုစင်ပဲ။”

နောက်ထပ် မရင်းနှီးတဲ့စကားတစ်ခွန်းကို ကြားလိုက်ရတဲ့အတွက် လူငယ်လေးက သူ့ခေါင်းကိုသူ ဆုပ်ကိုင်ထားမိပြန်တယ်။ သူ့ကိုယ်သူ ပြန်မှတ်မိဖို့ကြိုးစားနေပေမဲ့ အချည်းအနှီးပါပဲ။ အရာအားလုံးက ဗလာဟင်းလင်းဖြစ်နေတယ်။

“ဒါပေမဲ့ နင့်ကိုခေါ်စရာနာမည်မရှိရင် မကောင်းဘူးလေ။ ဒီလိုလုပ်ရအောင်၊ နင်က ခေါင်းအစခြေအဆုံးအနက်ရောင် ဖြစ်နေတာဆိုတော့ ကူရိုလို့ခေါ်ရအောင်။”

“ငါက ကူရို....” အနက်ရောင်လူငယ်လေးက ဆိုရာကို နားမလည်တဲ့ပုံစံနဲ့ ထက်ကြည့်နေပြန်ပြီ။ ဆိုရာက သက်ပြင်းရှည်ကြီးချလိုက်ပြီး နှုတ်ခမ်းကိုစူလိုက်တယ်။

“ရေထဲကျသွားတုန်းက နင့်ခေါင်း ခိုက်မိသွားတယ်နဲ့တူတယ်။ အခြေခံဂျပန်စကားတောင် မမှတ်မိတော့တာလား။ ကူရိုဆိုတာက အမည်းရောင်လေ.... သံတူကြောင်းကွဲ တခြားအဓိပ္ပါယ်အနေနဲ့ဆို အသက်ပြင်းတဲ့ကောင်လေးပေါ့။”

“အဲဒီလိုလား...” ကူရိုလို့ အခုအချိန်ကနေစပြီး အခေါ်ခံရတော့မယ့်ကောင်လေးက ဆိုရာရဲ့ဒေါင်လိုက် မျက်လုံးတွေကိုကြည့်လိုက်တယ်။ အဲဒီနောက် သိချင်စိတ် ပြင်းပြစွာနဲ့မေးလိုက်​လေရဲ့။

“ဆိုရာ... နင့်ရဲ့နာမည်ကရော....”

လူငယ်လေးရဲ့စကားသံက အတက်အကျမရှိပေမဲ့ မိန်းကလေးက အလိုလိုနေရင်း ပြုံးလိုက်တယ်။ အချိန်အကြာကြီး စကားပြောဖော် မရှိခဲ့တဲ့လူတစ်ယောက် မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ပြန်တွေ့ သွားသလိုပါပဲ။

“ငါ့နာမည်ဆိုရာက ကောင်းကင်ပြာလို့ အဓိပ္ပါယ်ရတယ်။ ဟီမဲကိုကတော့ မင်းသမီးလေးပေါ့။”

အဲဒီနောက်တော့ မိန်းကလေးက ကူရိုရဲ့ခြေထောက်တွေကိုကြည့်လိုက်တယ်။ ပွန်းပဲ့နေတဲ့ဒဏ်ရာတွေ တွေ့တဲ့အခါမှာတော့ စိုးရိမ်စွာနဲ့ပဲ

“နင်လမ်းလျှောက်နိုင်ရဲ့လား၊ ရွာကိုရောက်ဖို့က အဝေးကြီး လိုသေးတယ်။”

ကူရိုကတော့ သူကိုယ်တိုင်ကြိုးစားရပ်ကြည့်ပြီးတဲ့နောက်မှာ ခေါင်းညိတ်ပြလိုက်တယ်။ သူ့ကြည့်ရတာ အခုလိုဒဏ်ရာတွေနဲ့ လှုပ်ရှားသွားလာနေကျဖြစ်ပုံပဲ။

“ပွန်းပဲ့မိရုံလောက်ပါပဲ။” ကူရို​ဆီက အဖြေကြားတော့ ဆိုရာက ကျောက်ဆောင်မှာထောင်ထားတဲ့ နာဂီနာတာကိုပြန်ယူလိုက်ပြီး ရှေ့ကနေ ဦးဆောင်လျှောက်တယ်။

“ကောင်းကင်ကြီး မှောင်ကျမသွားခင် မြန်မြန်ပြန်ရမှာမလို့ နောက်မှာ ပြတ်ကျန်မနေရစ်နဲ့နော်။”

အဲဒီနောက်တော့ ရွယ်တူမိန်းကလေးနဲ့ယောက်ျားလေးတို့ဟာ တောလမ်းကလေးအတိုင်း ခရီးဆက်ကြပါတယ်။ သူတို့သွားနေတဲ့ အချိန်အတွင်းမှာပဲ ကောင်းကင်က အလင်းရောင်တွေလျော့နည်း လာခဲ့ပါတယ်။

မကြာခင်မှာ တောင်ထိပ်ပေါ်ကိုဦးတည်သွားတဲ့ ကျောက်သား လှေကားထစ်တွေကိုမြင်ရပြီးတော့ တောင်ပေါ်က သစ်သား နတ်ကွန်းကြီးကိုလည်း လှမ်းမြင်နေရပြီ။

“ရောက်တော့မယ်....” ဆိုရာက ပြောလိုက်တယ်။ တကယ်တမ်း တောင်ထိပ်ပေါ်ကိုရောက်ဖို့ နောက်မိနစ်နှစ်ဆယ်လောက် လျှောက်ပြီးချိန်မှာတော့ မိုးလုံးဝချုပ်သွားပြီ။

​နတ်ကွန်းရင်ပြင်ပေါ်ကနေတစ်ဆင့် တောင်အောက်ကို လှမ်းကြည့်တဲ့အခါမှာတော့ ရှေးဟောင်းသစ်သားအိမ်တွေနဲ့ လယ်ကွင်းစိမ်းကြီးတွေကို သူမြင်လိုက်ရတယ်။ တကယ့်ကို ရင်သက်ရှုမောစရာကောင်းတဲ့ မြင်ကွင်းမျိုး။

အဲဒီနောက်တော့ နတ်ကွန်းရင်ပြင်ကို သူအကဲခတ်ကြည့်ပေမဲ့လို့ ဆိုရာအပြင်တခြားတစ်ယောက်ကို သူမမြင်ရဘူး။ ပြီးတော့ ဒီဘုရားကျောင်းကို ရင်းနှီးနေသလိုမျိုး သူခံစားရပါတယ်။ အရင်က ရောက်ဖူးသလိုမျိုး။

“ကူရို၊ ကျောင်းဆောင်ထဲမဝင်ခင် ကိုယ်လက်သန့်ရှင်းရေး လုပ်လိုက်ဦးလေ။ ဖိနပ်မပါဘဲ လမ်းလျှောက်ထားတာဆိုတော့ ပေကျံနေပြီ။”

ဆိုရာက ဘုရားကျောင်းရှေ့က ရေကန်မှာရပ်နေရင်းကနေ ကူရိုဆီကို လက်တံရှည်တပ် ဝါးဆစ်ခွက်လေးကို ကမ်းပေးတယ်။ ကူရိုလည်းခြေလက်ဆေးကျောသန့်စင်ပြီးမှ ဆိုရာနောက်ကနေ ကျောင်းဆောင်ထဲ လိုက်ဝင်ပါတယ်။

“ပြန်ရောက်ပါပြီ...” ဆိုရာက တစ်ယောက်ယောက်ကို နှုတ်ဆက်သလိုမျိုးပြောလိုက်ပေမဲ့ အတွင်းမှာဘယ်သူမှ ရှိမနေတဲ့အတွက်ကြောင့် ကူရိုအံ့အားသင့်သွားတယ်။

“နင်က ဒီမှာတစ်ယောက်တည်းနေတာလား။” ကူရိုက မေးလိုက်တယ်။ ဓားကို ဓားတင်စင်ပေါ်မှာ နေရာတကျပြန်ထားနေတဲ့ ကူရိုကလည်း ပြန်ဖြေတာပေါ့။

“အမေနဲ့ညီမလေးဆုံးသွားကတည်းက ငါဒီမှာတစ်ယောက်တည်းပဲ နေရတာ။”

“ကြားရတဲ့အတွက် စိတ်မကောင်းပါဘူး။”

“ရပါတယ်...”

ဆိုရာက ကူရိုကို ဝတ်ဖို့အဝတ်အစားအသစ်တွေ ထုတ်ပေးပြီး ထမင်းစားဆောင်ဆီခေါ်သွားပေးလိုက်တယ်။ စားပွဲခုံရှည်ကြီးတွေရှိမနေဘဲ ခပ်နိမ့်နမ့် သစ်သားစားပွဲခုံ တစ်ခုံသာရှိတယ်။ ဆိုရာက စားပွဲကို အခန်းအလယ်မှာနေရာချပြီး စားစရာတချို့ကို ကြောင်အိမ်ထဲကနေ ထုတ်လာတယ်။

အဲဒီနောက်တော့ စားပွဲပေါ်မှာတင်လိုက်ပြီး ဒူးနှစ်ဖက်ကိုပူးလို့ ဂျပန်ရိုးရာဟန်အတိုင်းထိုင်လိုက်တယ်။

“ခါတိုင်းတော့ နင်ဘာတွေစားလဲ ငါမသိပေမဲ့ ငါ့အိမ်က စားစရာတွေက သိပ်အကောင်းကြီးတော့မဟုတ်ဘူး။”

တကယ်လည်း ဆိုရာပြောတဲ့အတိုင်း ဟင်းပွဲတွေက မီဆိုစွပ်ပြုတ်နဲ့ ငါးခြောက်အနည်းငယ်ပဲပါတာ။ ကူရိုက အခုထိ နေသား မကျသေးဟန်နဲ့ အခန်းကိုလိုက်ပတ်ကြည့်နေပြီးမှ ဆိုရာကို အတုခိုးထိုင်ဖို့ကြိုးစားတယ်။

ဒါပေမဲ့ ငါးမိနစ်မပြည့်ခင်မှာပဲ အောက်ပိုင်းတစ်ခုလုံး တောင့်တင်းလာသလိုခံစားရတာနဲ့ ပုံစံပြောင်းထိုင်ဖို့လုပ်တော့ ဆိုရာက သဘောတကျနဲ့ရယ်တော့တာပေါ့။ ဒါပေမဲ့ သူ့အစွယ်တွေကို လက်နဲ့ဖုံးထားဆဲပဲ။ ကူရိုက အဲဒီမြင်ကွင်းကို စိုက်ကြည့်နေခဲ့တဲ့အတွက် ဆိုရာရှက်သွားပြီး မျက်နှာကို တစ်ဖက်လှည့်လိုက်တယ်။

“တောင်းပန်ပါတယ်... ငါနင့်ကို လန့်အောင်လုပ်မိနေပြန်ပြီ။”

ဒီတစ်ခါတော့ နားမလည်နိုင်တဲ့သူက ကူရိုပါ။ ဘာလို့ဆိုရာက သူ့ရဲ့သဘာဝသွားတွေကို ဖုံးကွယ်ဖို့လုပ်နေမှန်း သူမသိဘူး။ ဒါကြောင့် သူ့စိတ်ထဲရှိတဲ့အတိုင်းပဲ ပြောလိုက်တယ်။

“နင့်သွားတွေက လှပါတယ်....”

“.....” ဆိုရာက ထမင်းတစ်လုပ်ကို တူနဲ့ညှပ်ထားရင်း ခန္ဓာကိုယ် လှုပ်ရှားမှုတွေအားလုံး ရပ်တန့်သွားခဲ့တယ်။ အတန်ကြာအောင် ငေးငိုင်နေပြီးတဲ့နောက်မှ သတိဝင်လာပြီး အပြုံးအရယ်မရှိတဲ့ မျက်နှာနဲ့ပြောလိုက်လေရဲ့။

“ထမင်းအရင်ပြီးအောင် စားကြတာပေါ့။”

....

ကောင်းကင်ကြီး လုံးဝမှောင်ကျသွားပြီး လူအိပ်ချိန် ရောက်လာချိန်မှာတော့ ဆိုရာက ကူရိုအတွက် အခန်းလွတ်တစ်ခန်းမှာ နေရာချထားပေးခဲ့ပြီး နတ်ကွန်း လူနေဆောင်အရှေ့ဘက်က သစ်သားလျှောက်လမ်းပေါ် တစ်ယောက်တည်းထိုင်နေဖြစ်တယ်။

သူ့လက်ထဲမှာတော့ နာဂီနာတာဓားရှိနေပြီး ဓားသွေးကျောက်နဲ့ ပွတ်တိုက်လို့ ဓားသွားတွေကို ထက်ရှအောင် သွေးလို့ပေါ့။

“အမေ၊ သူက ကျွန်မရဲ့ဘီလူးသွားတွေကို လှတယ်လို့ပြောတယ်။ သူက ကျွန်မအတွက် အဲဒီလူဖြစ်နေမလား၊ ဒါမှမဟုတ် ကျွန်မပဲ အတွေးလွန်နေတာများလား။” ဆိုရာဆိုတဲ့ ထူးခြားတဲ့မိန်းကလေးက ကြယ်တွေမရှိတဲ့ ကောင်းကင်အောက်မှာ တစ်ယောက်တည်းရေရွတ်နေခဲ့တာ။

....

တစ်ဖက်မှာတော့ ကူရိုလို့အခေါ်ခံရတဲ့ ကိုယ့်ကိုယ်ကိုယ်ဘယ်သူလဲ မေ့လျော့နေခဲ့တဲ့ လူငယ်လေးကတော့ နဖူးပေါ်လက်တင်ပြီး စဥ်းစားနေခဲ့ပါတယ်။

သူက ဘယ်သူ၊ ဘယ်ကနေလာတယ်၊ ဒီကိုဘာလုပ်ဖို့ ရောက်နေတယ်ဆိုတာတွေကို ဘယ်လိုမှ စဥ်းစားလို့မရတော့ဘူး။ သူရောက်နေတဲ့နေရာအကြောင်း မသိသလို ဆိုရာဆိုတဲ့မိန်းကလေးကလည်း လူကောင်းလား လူဆိုးလားသူမသိပါဘူး။

“သူက ငါ့အပေါ်မှာကြင်နာခဲ့တာပဲ။ အနည်းဆုံးတော့ သူ့ကို ကောင်းကောင်းဆက်ဆံပေးသင့်တယ်မဟုတ်လား။”

ကူရိုက ဆိုရာရဲ့အကြောင်းကိုစဥ်းစားရင်း ဆိုရာရဲ့ရယ်သံ လွင်လွင်လေးတွေကို မေ့မရနိုင်အောင်ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီမိန်းကလေးမှာ ဇာတ်ကြောင်းတစ်ခုရှိနေပြီး မရိုးရှင်းဘူးဆိုတဲ့ ခံစားချက်ကိုလည်း သူခံစားမိတယ်ဆိုရမလား။

“ငါအတိတ်မမေ့ခင်က ငါ့ကိုယ်ပေါ်မှာ ဘယ်သူဘယ်ဝါဆိုတာ သိနိုင်မယ့်အရာတစ်ခုခုချန်ထားရစ်ခဲ့မိမလား။”

မအိပ်ခင်တွေးမိတဲ့အတွေးနဲ့အတူ ကူရိုက သူနဲ့ပါလာတဲ့ ပစ္စည်းတွေကို စစ်ဆေးကြည့်တယ်။ ဆိုရာက သူဝတ်ထားတဲ့ ရေစိုအဝတ်အစာစတွေကိုလျှော်ဖို့ယူသွားပြီဆိုပေမဲ့ သူပါလာတဲ့ ပစ္စည်းတွေကိုတော့ အခန်းထဲမှာထည့်ထားပေးခဲ့တယ်။

အဲဒီပစ္စည်းတွေထဲကတချို့ကို ပြောရမယ်ဆိုရင် သူမမမှတ်မိတော့တဲ့ နိုင်ငံတစ်ခုက ငွေစက္ကူတွေ၊ ဘယ်လိုမှ အသုံးပြုလို့မရလောက်အောင် အက်ကွဲနေတဲ့ ခပ်ထူထူမှန်တစ်ချပ်နဲ့ တခြားထွေလီကာလီတချို့ပါ။ အဲဒီပစ္စည်းတွေကို ဘယ်လိုကြည့်ကြည့် ဘာအဓိပ္ပါယ်မှရှိမလာတဲ့အတွက်ကြောင့် သူသက်ပြင်းချလိုက်တယ်။

“လောလောဆယ်တော့ ငါက ကူရိုပဲ။” နောက်ကျနေပြီဖြစ်တာမလို့ ဒီထက်ပိုပြီး သူမတွေးနိုင်တော့ဘဲ ခေါင်းနဲ့အိပ်ရာကိုထိလိုက်ပြီး တာတာမီဖျာပေါ်မှာ အိပ်ပျော်အောင်အိပ်ဖို့ ကြိုးစားရတော့တာပဲ။

All Chapters