← Chapters

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း (၃၆၂) - သစ္စာဖောက်ခြင်း၏ အဖိုးအခ

ဝံပုလွေအသိုက် တပ်ဖွဲ့များ နောက်ဆုတ်သွားကြသည့် အချိန်မှာပင်၊ မြို့တွင်းပိုင်း ခိုလှုံရာနေရာအတွင်း၌ ပိုမို ကြီးမားလှသော ထိတ်လန့်မှုများ ပေါက်ကွဲထွက်လာခဲ့သည်။

“သူတို့ ဘာလို့ ထွက်သွားကြတာလဲ။ သူတို့က ငါတို့ကို ကူညီဖို့ လာတာ မဟုတ်ဘူးလား”

အမျိုးသမီးတစ်ဦးက သူမ၏ ကလေးကို တင်းကြပ်စွာ ပွေ့ဖက်ထားရင်း ငိုယိုအော်ဟစ်ရှာသည်။

“ပြီးပါပြီ... အားလုံး ပြီးဆုံးသွားပါပြီ...”

လူအချို့ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားကြပြီး မျက်နှာမှာ ပြာနှမ်းနေသည်။

မကြာမီတွင်၊ အဆင့်အတန်းမြင့်မားပုံရသော လူအနည်းငယ်က ထိတ်လန့်နေကြသည့် လူအုပ်ကြီးကို တိုးဝှေ့လျက် ကာကွယ်ရေးမျဉ်းကို ပြန်လည် ဖွဲ့စည်းနေသည့် လေ့ဟောက်ထံသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

“စခန်းမှူးလေ့… ဒါ ဘာဖြစ်တာလဲခင်ဗျာ”

ဝတ်စုံဟောင်း မျက်မှန်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

“ဝံပုလွေအုပ်စုက ဘာလို့ ရုတ်တရက် နောက်ဆုတ်သွားကြတာလဲ”

လေ့ဟောက် ပြန်မပြောနိုင်သေးမီမှာပင်၊ ကုန်သည်တစ်ဦးအသွင်ရှိသည့် ဝတုတ်တုတ် အမျိုးသားတစ်ဦးက စကားဖြတ်ပြောသည်။

“စခန်းမှူးလေ့…မင်း နည်းလမ်းတစ်ခုခု စဉ်းစားပါဦး…မင်း အရင်က သူတို့နဲ့ ဆွေးနွေးနိုင်ခဲ့တာပဲ”

“အခုလည်း သေချာပေါက် ဆွေးနွေးလို့ရမှာပါ…သွားပြီး သူတို့ကို ထပ်ပြီး တောင်းပန်ပေးပါဦး… ငါတို့ကို နောက်ထပ် ဆယ်မိနစ်လောက်ပဲဖြစ်ဖြစ် ကူညီပေးဖို့ ပြောပေးပါဦး”

“ဟုတ်တယ် စခန်းမှူးလေ့”

သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးက သူမ၏ အနောက်က စုပြုံနေကြသည့် အရပ်သား လူအုပ်ကြီးကို တုန်ယင်နေသော လက်ညှိုးဖြင့် ညွှန်ပြလျက် ပြောရှာသည်။

“ဒီသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ကြည့်ပါဦး… မင်း ငါတို့ကို ဒီအတိုင်း သေခိုင်းလို့ မရဘူးလေ”

လေ့ဟောက် မိမိအပေါ်သို့ နောက်ဆုံး မျှော်လင့်ချက်များကို ပုံအောထားကြသည့် ဤလူများကို လှမ်းကြည့်လိုက်ပြီးနောက် ကာကွယ်ရေးမျဉ်းအပြင်ဘက်တွင် ပြန်လည် စုစည်းနေကြသည့် မိစ္ဆာသားရဲများကို လှမ်းကြည့်လိုက်သည်။

သူသည် ထို “ဆယ်မိနစ်” ဆိုသည်မှာ ဝံပုလွေဘုရင် သတ်မှတ်ထားသည့် သံမဏိစည်းကမ်းဖြစ်ပြီး မိမိအနေဖြင့် မည်သို့မျှ ပြောင်းလဲနိုင်စရာ အကြောင်းမရှိမှန်း အားလုံးထက် ပိုမိုရှင်းလင်းစွာ သိရှိနေသည်။

“သဘောတူညီချက်က... ဆယ်မိနစ်ပဲ”

သူ၏ အသံမှာ ဩရှရှဖြစ်နေပြီး လေးနက်လှသည်။

“သူတို့ နောက်ထပ် ပြန်လာကြမှာ မဟုတ်တော့ဘူး”

ဤစကားလုံးများမှာ နောက်ဆုံး စီရင်ချက်တစ်ခုအလား ဖြစ်ပြီး လူတိုင်း၏ နှလုံးသားများကို ချောက်နက်ကြီးထဲသို့ ကျရောက်သွားစေခဲ့သည်။

တစ်ချိန်တည်းတွင် စစ်မြေပြင်ပေါ်က အခြေအနေများမှာ အပြောင်းအလဲတစ်ခုကို ကြုံတွေ့နေရသည်။

ဝံပုလွေအသိုက် တပ်ဖွဲ့များ နောက်ဆုတ်သွားကြသော်လည်း မိစ္ဆာမဟာမိတ်တပ်ဖွဲ့များသည် လူသား ကာကွယ်ရေးမျဉ်းအပေါ်သို့ ချက်ချင်း ထိုးစစ်ဆင်ခြင်း မပြုခဲ့ကြပေ။

အကြောင်းရင်းမှာ ရိုးရှင်းလှသည်။

စိမ့်နွံနက်မြွေဘုရင်၏ တပ်ဖွဲ့များသည် မဟာမိတ်စပ်တပ်၏ ပင်မတပ်ဖွဲ့နှင့် လူသားကာကွယ်ရေးမျဉ်းတို့၏ အလယ်တည့်တည့်တွင် နေရာယူထားသောကြောင့် ဖြစ်သည်။

“တပ်ဖွဲ့အားလုံး၊ ငါ့အမိန့်ကို နာခံကြ”

မြွေဘုရင်က ရှူးရှူးမြည်သံ ထုတ်လွှတ်လိုက်သည်။

“ကာကွယ်ရေး ဖွဲ့စည်းပုံ ဖွဲ့စည်းကြ…ဒါ ဝံပုလွေဘုရင်ရှေ့မှာ ငါတို့ရဲ့ သစ္စာရှိမှုကို သက်သေပြရမည့် အချိန်ပဲ”

လေ့ကျင့်ထားသည့် မြွေမျိုးနွယ်စု တပ်ဖွဲ့များသည် အပျက်အစီးများကြားတွင် သူတို့၏ ဖွဲ့စည်းပုံကို ချက်ချင်း ဖြန့်ကျက်လိုက်ကြသည်။

ရှေ့တန်းက မြွေကြီးများသည် ခိုင်မာသော အသားစိုင်ဒိုင်းကြီးများအလား ခွေလိပ်ထားကြပြီး အလယ်တန်းက အဆိပ်မြွေများသည် အဆိပ်ရည်များကို မှုတ်ထုတ်နေကြကာ၊ အနောက်တန်းက ပျံသန်းနိုင်သော မြွေများသည် လေထုထဲတွင် လှည့်ပတ်လျက် စောင့်ကြည့်နေကြသည်။

သူတို့သည် အရိုးဖြူတောအုပ် မိစ္ဆာဘုရင်၏ တပ်ဖွဲ့များနှင့် လူသားကာကွယ်ရေးမျဉ်းတို့ကြားရှိ အရေးကြီးဆုံး အမှတ်တွင် နေရာယူထားခြင်း ဖြစ်သည်။

“မိုက်ရိုင်းလိုက်တဲ့ သစ္စာဖောက်ကောင်”

မိစ္ဆာဘုရင်တစ်ပါးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“သစ္စာ‌‌ဖောက်ကို အရင်ရှင်းလင်းပြီးမှ အဲဒီ လူသားတွေကို ရှင်းမယ်”

ကြေကွဲဖွယ်ကောင်းသော အတွင်းပိုင်း စစ်ပွဲကြီးတစ်ခု တစ်ဖန် ပေါက်ကွဲထွက်လာခဲ့ပြန်သည်။

အရိုးဖြူတောအုပ်၏ အရိုးစုစစ်တပ်ကြီးသည် မြွေမျိုးနွယ်စု၏ တည်နေရာဆီသို့ ချီတက်သွားခဲ့ပြီး နှစ်ဖက်လုံး အပျက်အစီးများကြားတွင် အသက်လု တိုက်ခိုက်ကြတော့သည်။

“မင်း မြင်လား”

မြွေဘုရင်က တိုက်ပွဲကို ကွပ်ကဲနေရင်းနှင့် မိစ္ဆာဘုရင်ကို လှမ်းပြောလိုက်သည်။

“ဒါက အထူအပါး နားလည်တဲ့သူတွေရဲ့ ရွေးချယ်မှုပဲ အနည်းဆုံးတော့ ငါနဲ့ ငါ့မျိုးနွယ်စုဝင်တွေ အသက်ရှင်သန်ခွင့်ရဦးမယ်”

“ရွံရှာဖွယ်ကောင်းတဲ့ သစ္စာဖောက်ကောင်”

အခြား မိစ္ဆာဘုရင်တစ်ပါးက သူ၏ ဝိညာဉ်မီးတောက်ကို စုစည်းလိုက်ရာ အစိမ်းရောင်ဖျော့ဖျော့ အလင်းတန်းများက ၎င်း၏ ဦးခေါင်းခွံအတွင်း ပြင်းထန်စွာ လောင်ကျွမ်းနေသည်။

“ငါ သေရင်တောင်မှ မင်းကိုပါ တစ်ခါတည်း ခေါ်သွားမယ်”

တိုက်ပွဲက လျင်မြန်စွာဖြင့် အဖြူရောင် အပူရှိန်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

မြွေဘုရင်သည် အတော်အတန် ခွန်အားကြီးမားလှသော်လည်း မိစ္ဆာဘုရင် နှစ်ပါး၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် မကြာမီမှာပင် အားနည်းချက်များ ရှိလာခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ဖုံးလွှမ်းနေပြီး ကြေးခွံများ လွင့်စင်ကာ သွေးများ စီးကျနေသည်။

မြွေဘုရင်၏ တပ်ဖွဲ့များနှင့် ကျန်ရှိနေသေးသော မိစ္ဆာဘုရင်နှစ်ပါးတို့ လုံးထွေးတိုက်ခိုက်နေကြပြီး စစ်မြေပြင်တစ်ခုလုံး လှုပ်ခတ်နေချိန်၌ အနီရင့်ရင့် ပုံရိပ်တစ်ခုသည် ရူးသွပ်နေသော ဝံပုလွေအုပ်စုကို ဦးဆောင်လျက် တိုက်ပွဲ၏ ဖရိုဖရဲဖြစ်ဆုံး ဗဟိုချက်ဆီသို့ ထိုးစစ်ဆင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

၎င်းမှာ အခြားသူမဟုတ်ဘဲ သွေးမိစ္ဆာနှင့် သူ၏ သွေးအစွယ်တော်အစောင့်အရှောက်များပင် ဖြစ်သည်။

“ဘုရင်မင်းမြတ်ရဲ့ အမိန့်… စစ်မြေပြင် ရှင်းလင်းရေး”

သွေးမိစ္ဆာ ဟိန်းဟောက်လိုက်ရာ သူ၏ အနီရင့်ရင့်အမွေးအမျှင်များပေါ်ရှိ ရွှေအိုရောင် ပုံစံများက တောက်ပစွာ လင်းလက်လာပြီး သူ့ပတ်လည်တွင် သွေးရောင် လူသတ်ရောင်ဝါများမှာ ဆူပွက်နေသည်။

သူသည် မည်သူက မိတ်ဆွေ၊ မည်သူက ရန်သူဆိုသည်ကို လုံးဝ ခွဲခြားမနေတော့ပေ။

သူ၏ မျက်လုံးထဲတွင် ဝံပုလွေအသိုက် မဟုတ်သော စစ်မြေပြင်ပေါ်က မည်သည့် သတ္တဝါမဆို ရန်သူသာ ဖြစ်သည်။

သူ၏ ပစ်မှတ်မှာ ရှင်းလင်းပြတ်သားလှသည်။ ၎င်းမှာ ဤဖရိုဖရဲဖြစ်မှုများကြားတွင် အတိုင်းအတာတစ်ခုအထိ စည်းကမ်း ရှိနေကြဆဲဖြစ်သည့် အကောင်များ သို့မဟုတ် စွမ်းအင်တုံ့ပြန်မှု အားအကောင်းဆုံးဖြစ်သည့် တည်ရှိမှုများပင် ဖြစ်သည်။

ဒဏ်ရာများ ဖုံးလွှမ်းနေပြီး မြွေမျိုးနွယ်စုနှင့် တိုက်ခိုက်နေသည့် အဆင့် ၃၈ ရှိ အရိုးစု ဧရာမဆင်ကြီး တစ်ကောင်သည် ၎င်း၏ ကျိုးပဲ့နေသော အရိုးနှာမောင်းကြီးဖြင့် မြွေကြီးတစ်ကောင်ကို ရိုက်ချပစ်လိုက်ခါနီး အချိန်မှာပင် ဘေးဘက်မှ သွေးမိစ္ဆာ၏ ရက်စက်လှသော တိုက်ခိုက်မှု ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။

သွေးမိစ္ဆာသည် ဝှေ့ယမ်းလာသည့် ၎င်း၏ ဧရာမ အစွယ်ကြီးများကို လုံးဝဂရုမစိုက်ဘဲ ၎င်း၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။

သူ၏ သွေးဆုတ်ဖြဲလက်သည်းက သွေးရောင် အလင်းတန်းများကို သယ်ဆောင်လျက် ဧရာမသတ္တဝါကြီး၏ ရင်ဘတ်အုံကို အတင်းအဓမ္မ ဆုတ်ဖြဲပစ်လိုက်ပြီး အတွင်းမှ ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ခုန်လှုပ်နေဆဲဖြစ်သည့် ဗဟိုချက်ကို ဆွဲထုတ်ပစ်လိုက်သည်။

“မလုံလောက်သေးဘူး…ဘာမှမလုံလောက်သေးဘူး…”

သွေးမိစ္ဆာသည် သူ၏ လက်သည်းများပေါ်က စွမ်းအင် အကြွင်းအကျန်များကို လျက်လိုက်ပြီး မျက်လုံးများထဲရှိ ရူးသွပ်မှုများမှာ ပိုမို ပြင်းထန်လာခဲ့သည်။

သူ၏ ဒဏ်ရာများ များပြားလေ၊ ကောင်းကင်သတ်ဖြတ်ခြင်းစစ်သူရဲ‌သွေးမှ ရရှိသည့် စွမ်းအင်များက ပိုမိုကြောက်မက်ဖွယ်ကောင်းလာလေ ဖြစ်သည်။

အရိုးထိအောင် နက်ရှိုင်းလှသော ဒဏ်ရာအချို့က သူ့အား အားနည်းမသွားစေသည့်အပြင် သူ၏ အမြန်နှုန်းနှင့် ခွန်အားများကို အထွတ်အထိပ်တစ်ခုဆီသို့ တွန်းတင်ပေးလိုက်သည်။

သူ၏ သွေးအစွယ်တော်အစောင့်အရှောက်များသည်လည်း ဤရူးသွပ်မှုများကို အဆုံးတိုင်အောင် အကောင်အထည်ဖော်ခဲ့ကြသည်။

သူတို့သည် အနီရောင် ပုံရိပ်ယောင်များအလားဖြစ်ပြီး တိုက်ခိုက်နေကြသည့် မိစ္ဆာခေါင်းဆောင်များကို တမင်တကာ ရည်ရွယ်တိုက်ခိုက်ကြသည်။

မိစ္ဆာသားရဲတစ်ကောင်က မိမိ၏ ခွန်အားအားလုံးကို အသုံးပြု၍ ပြိုင်ဘက်ကို ပြင်းထန်စွာ တိုက်ခိုက်ပြီးချိန် အသက်ရှူရန် ပြင်ဆင်လိုက်သည့် အခိုက်အတန့်တိုင်း၌ ၎င်း အသက်ရှူမဝမီမှာပင် သွေးစွယ်ဧကရာဇ်အစောင့်အရှောက် အမြောက်အမြား၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံကြရသည်။

သူတို့၏ သွေးစွယ် လေခွဲလက်သည်းများက သွေးမိုးများကို ရွာချစေပြီး ၎င်းအား တစ်ခဏအတွင်း အပိုင်းပိုင်း ဖြတ်တောက်ကာ ဗဟိုချက်ကို သိမ်းယူသွားကြသည်။

မြွေဘုရင်၏ ကွပ်ကဲမှုအောက်က စစ်သူကြီးများ ဖြစ်စေ၊ အရိုးဖြူတောအုပ် မိစ္ဆာဘုရင်၏ အစောင့်အရှောက်များဖြစ်စေ သူတို့ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် သို့မဟုတ် ပြင်းထန်သော ဒဏ်ရာ အရိပ်အယောင်များ ပြသလိုက်သည်နှင့် ချက်ချင်းပင် သွေးမိစ္ဆာတပ်ဖွဲ့၏ ဦးစားပေး အမဲလိုက်ခြင်းကို ခံရတော့သည်။

ဤအချက်က ပဋိပက္ခဖြစ်ပွားနေကြသည့် နှစ်ဖက်စလုံးကို အင်အားအချို့ ချန်ထားရန် ဖိအားပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် စစ်မြေပြင်တစ်ခုလုံးတွင် အခြေအနေကို မွှေနှောက်ကာ အခွင့်အရေးကို အသုံးချနေကြသည့် ဤ “သွေးရောင် ရူးသွပ်နေသော ဝံပုလွေအုပ်စု” ကို အမြဲတမ်း သတိထား ကာကွယ်နေရသောကြောင့် ဖြစ်သည်။

သွေးမိစ္ဆာကိုယ်တိုင်မူ မြွေမျိုးနွယ်စု စစ်သူကြီးတစ်ဦးကို အမဲလိုက်နေသည့် အရိုးဖြူတောအုပ် မိစ္ဆာဘုရင်၏ လက်အောက်ငယ်သားတစ်ဦးနောက်သို့ တိုက်ရိုက် လိုက်လံတိုက်ခိုက်ခဲ့သည်။

သွေးမိစ္ဆာသည် သူ့ဆီသို့ ထိုးစစ်ဆင်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် ထိုမိစ္ဆာသားရဲမှာ ထိတ်လန့်တုန်လှုပ်လျက်နှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ထွက်သွားစမ်း… ဒါ ငါတို့ကြားက ကိစ္စပဲ…”

သွေးမိစ္ဆာ၏ တုံ့ပြန်မှုမှာ ပြင်းထန်သည့် ရက်စက်ယုတ်မာသော ရောင်ဝါပေါက်ကွဲခြင်း သက်သက်သာဖြစ်ပြီး၊ ဆူပွက်နေသော သွေးရောင် လူသတ်ရောင်ဝါက ပြိုင်ဘက်၏ ဝိညာဉ်ရိုက်ခတ်မှုကို တိုက်ရိုက် ပြန့်ကျဲသွားစေသည်။

သူ ရူးသွပ်စွာ ရယ်မောလိုက်ရင်း ခုန်အုပ်လိုက်သည်။

“ဘုရင်မင်းမြတ်ရဲ့ အမိန့်က မင်းတို့လို မျက်စိနောက်စရာ အမှိုက်တွေအားလုံးကို သတ်ပစ်ဖို့ပဲ”

သူ၏ ဝင်ရောက် စွက်ဖက်မှုက မြွေဘုရင် တပ်ဖွဲ့များ၏ ဖိအားများကို လျော့ပါးသွားစေခဲ့သော်လည်း ဤသည်မှာ စစ်မြေပြင်ကို အမဲလိုက်ပွဲတစ်ခုကဲ့သို ပျော်ပွဲရွှင်ပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းပင်။

ဤသည်မှာ လင်းထျန်းလုံ မြင်တွေ့ချင်နေသည့် မြင်ကွင်း အတိအကျပင် ဖြစ်သည်။

သူတို့ အချင်းချင်း သတ်ဖြတ်ခြင်းနှင့် ဝံပုလွေအုပ်စု၏ အမဲလိုက်ခြင်းကြားတွင် သူတို့၏ နောက်ဆုံး သွေးတစ်စက်အထိ ကုန်ခမ်းသွားအောင် လုပ်ဆောင်ခြင်းပင်။

“အချိန်တန်ပြီ”

မြွေဘုရင်၏ မျက်လုံးများတွင် ပြတ်သားသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

“ဒုတိယအစီအစဉ်ကို အကောင်အထည်ဖော်”

၎င်း၏ အမိန့်ပေးလိုက်သည်နှင့် မြွေမျိုးနွယ်စု တပ်ဖွဲ့များသည် သူတို့၏ နည်းဗျူဟာကို ရုတ်တရက် ပြောင်းလဲလိုက်ကြသည်။

သူတို့သည် နေရာကို ဆက်လက် ခုခံမနေကြတော့ဘဲ အဖွဲ့ငယ်များအဖြစ် ခွဲဖြာလိုက်ကြပြီး မြေမျက်နှာသွင်ပြင်၏ ရင်းနှီးကျွမ်းဝင်မှုများကို အသုံးချလျက် အပျက်အစီးများကြားတွင် ရန်သူကို လှည့်ပတ်ဆွဲခေါ်တော့သည်။

ဤအပြောင်းအလဲက အခြေအနေကို ပိုမို ဖရိုဖရဲဖြစ်သွားစေခဲ့သည်။

အရိုးဖြူတောအုပ် တပ်ဖွဲ့များသည် တပ်ခွဲပြီး လိုက်လံတိုက်ခိုက်ရန် အာရုံစိုက်နေရပြီး လူသားကာကွယ်ရေးမျဉ်းရှေ့ရှိ ဖိအားများမှာမူ ပေါ့ပါးသွားခဲ့သည်။

“အခုပဲ”

မြွေဘုရင်သည် အခွင့်အရေးကို မြင်တွေ့လိုက်ရပြီး လူသားကာကွယ်ရေးမျဉ်းရှိရာ ဦးတည်ချက်ဆီသို့ ရုတ်တရက် ပြေးထွက်သွားခဲ့သည်။

၎င်းသည် လူသားကာကွယ်ရေးမျဉ်းကို အကာအကွယ်အဖြစ် အသုံးချကာ မိမိနောက်က လိုက်လာကြသူများကို လှည့်ပတ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ဤဆုံးဖြတ်ချက်က ၎င်းအား ပိုမို အန္တရာယ်များလှသော အခြေအနေတစ်ခုထဲသို့ ကျရောက်သွားစေခဲ့သည်။

“ထွက်ပြေးချင်တာလား”

မိစ္ဆာဘုရင်နှစ်ပါးလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ အစိမ်းရောင်ဖျော့ဖျော့ ဝိညာဉ်မီးတောက်များသည် ဧရာမမြွေကြီးနှစ်ကောင်အဖြစ် ပြောင်းလဲကာ ၎င်း၏ ဆုတ်ခွာမည့် လမ်းကြောင်းကို ဘေးနှစ်ဖက်မှ ပိတ်ဆို့လိုက်ကြသည်။

မြွေဘုရင်က တိုက်ခိုက်မှုတစ်ခုကို ခက်ခဲစွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း အခြား ဝိညာဉ်မီးတောက်တစ်ခုက ၎င်း၏ ဗိုက်ပေါ်သို့ ပြင်းထန်စွာ ထိမှန်သွားခဲ့သဖြင့် ကြေးခွံများ လွင့်စင်ကာ သွေးများ စီးကျသွားခဲ့သည်။

“အခုတော့ သစ္စာဖောက်ခြင်းရဲ့ အရသာကို မင်း သိသွားပြီ မဟုတ်လား”

မိစ္ဆာဘုရင်က အေးစက်စွာ လှောင်ပြောင်ရင်း ချဉ်းကပ်လာခဲ့ပြီး ၎င်း၏ အရိုးလက်သည်းပေါ်တွင် သေစေနိုင်သော အလင်းတန်းများ စုစည်းနေသည်။

“မင်းရဲ့ နောက်ဘဝအတွက် မှတ်ထားလိုက်စမ်း သစ္စာဖောက်တွေက ဘယ်တော့မှ ရလဒ်ကောင်း မရကြဘူး”

ဤအဆုံးအဖြတ်ပေးမည့် အခိုက်အတန့်လေးအတွင်း စစ်မြေပြင်တစ်ခုလုံး ရုတ်တရက် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခုထဲသို့ ကျရောက်သွားခဲ့သည်။

ငွေဖြူရောင် ပုံရိပ်တစ်ခုသည် မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည်မသိဘဲ စစ်မြေပြင်၏ ဗဟိုတည့်တည့်တွင် ပေါ်လာခဲ့ပြီး မြွေဘုရင်နှင့် မိစ္ဆာဘုရင်များ၏ အလယ်တည့်တည့်တွင် မတ်မတ်ရပ်နေသည်။

လင်းထျန်းလုံ မည်သည့်တိုက်ခိုက်မှုမျှ ပြုလုပ်ရန် မလိုအပ်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်မှ သဘာဝအတိုင်း ဖြာထွက်နေသည့် အရှင်သခင်အဆင့်နီးပါး ဖိအားများကသာ မိစ္ဆာဘုရင် နှစ်ပါး၏ လှုပ်ရှားမှုများကို တစ်ခဏအတွင်း အေးခဲသွားစေခဲ့သည်။

သေစေနိုင်သော စွမ်းအားများ စုစည်းထားသည့် အရိုးလက်သည်းကြီးသည် လေထုထဲတွင် ရပ်တန့်သွားခဲ့ပြီး ရှေ့သို့ တစ်လက်မမျှပင် ဆက်လက် မတိုးနိုင်တော့ပေ။

“ငါက မင်းတို့ကို ငါ့ရဲ့ သားကောင်ကို ထိခွင့်ပြုခဲ့လို့လား”

တည်ငြိမ်လှသော အသံက မကျယ်သော်လည်း စစ်မြေပြင်တစ်ခုလုံးသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။

ဤအခိုက်အတန့်တွင် အချိန်သည် ရပ်တန့်သွားခဲ့သကဲ့သို့ဖြစ်ပြီး အကြည့်အားလုံးက ထိုငွေဖြူရောင်ပုံရိပ်အပေါ်သို့သာ စုဆုံနေကြသည်။

အသက်ရှင်ကျန်ရစ်နေကြသည့် မိစ္ဆာသားရဲများ ထိတ်လန့်တကြား နောက်ဆုတ်သွားကြသည်။ လူသားကာကွယ်သူများကလည်း အသက်ရှူအောင့်ထားကြကာ၊ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် မြွေဘုရင်ပင်လျှင် ဝေဒနာများကို မေ့လျော့လျက် မျက်လုံးများထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

လင်းထျန်းလုံ၏ ရေခဲမျက်ဝန်းပြာများသည် မြင်ကွင်းအပေါ်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် မိစ္ဆာဘုရင် နှစ်ပါးအပေါ်သို့ ကျရောက်သွားသည်။

“သုံးစက္ကန့်”

သူ၏ အသံ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

“ပျောက်ကွယ်သွားမလား၊ ဒါမှမဟုတ် သေမလား”

မိစ္ဆာဘုရင် နှစ်ပါး အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ ဦးခေါင်းခွံအတွင်းရှိ ဝိညာဉ်မီးတောက်များ ပြင်းထန်စွာ လှုပ်ခတ်နေသည်။

သူတို့ ထိုတုန်လှုပ်ဖွယ်ဖိအားကြီးကို ခံစားမိကြသည်။

ဤသည်မှာ အသက်အဆင့်အတန်း၏ အကြွင်းမဲ့ ကွာဟချက်ကြီး ဖြစ်သည်။

နောက်ဆုံးတွင်၊ အသက်ရှင်သန်လိုသည့် မသိစိတ်က ဒေါသတရားများကို အနိုင်ယူသွားခဲ့သည်။

သူတို့သည် မကျေနပ်မှုများ ပြည့်နှက်နေသည့် ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်ကြပြီး ကျန်ရှိနေသော တပ်ဖွဲ့များကို ဦးဆောင်လျက် အလျင်စလို နောက်ဆုတ်သွားကြတော့သည်။

ထိုအချိန်မှသာ လင်းထျန်းလုံ နောက်လှည့်လိုက်ပြီး သေလုနီးပါး ဖြစ်နေရှာသည့် မြွေဘုရင်ကို လှမ်းကြည့်လိုက်သည်။

“မင်း မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပဲ”

သူ၏ အသံတွင် မည်သည့် စိတ်ခံစားမှုမျှ မပါဝင်ပေ။

“မင်းရဲ့ မျိုးနွယ်စုဝင်တွေကို ခေါ်ပြီး အနောက်ဘက်က တောင်ကြားထဲမှာ အမိန့်ကို စောင့်နေလိုက်ပါ”

ကြီးမားလှသော ခွင့်လွှတ်မှုကို ရရှိလိုက်ရသကဲ့သို့ မြွေဘုရင်က ခေါင်းကို ခက်ခဲစွာ ညွှတ်ချလိုက်သည်။

“ကျွန်တော်မျိုး ဝံပုလွေဘုရင်မင်းမြတ်ရဲ့ အမိန့်ကို နာခံပါတယ်”

လင်းထျန်းလုံ၏ အကြည့်များ လူသား ကာကွယ်ရေးမျဉ်းဆီသို့ ရောက်ရှိသွားချိန်တွင် လေ့ဟောက် သူ၏ မသိစိတ်မှ ကျောပြင်ကို မတ်မတ်ထားလိုက်မိသည်။

သူ ထိုအကြည့်အတွင်း ပါဝင်နေသည့် စူးစမ်းမှုများကို ခံစားမိသည်။ ခွန်အားကြီးမားလှသော တည်ရှိမှုတစ်ခုက မိမိ၏ ပိုင်နက်နယ်မြေကို အကဲဖြတ်နေခြင်းပင်။

“မနက်ဖြန် ဒီအချိန်မတိုင်မီမှာ”

လင်းထျန်းလုံ၏ အသံက စစ်မြေပြင်ထက်တွင် ပဲ့တင်ထပ်သွားသည်။

“ငါ ကတိပေးထားခဲ့တဲ့ အရာအားလုံးကို မြင်တွေ့ချင်တယ်”

ပြောပြီးနောက် ထိုငွေဖြူရောင်ပုံရိပ်သည် ပျက်စီးနေသော စစ်မြေပြင်ကြီးနှင့် ပြင်းထန်စွာ ခုန်လှုပ်နေကြဆဲဖြစ်သည့် မရေမတွက်နိုင်သော နှလုံးသားများကိုသာ ချန်ထားခဲ့ရင်း ပေါ်လာခဲ့စဉ်ကလိုပင် တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့တော့သည်။

All Chapters