← Chapters

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း (၃၆၃) - စည်းကမ်း၏ အလင်းရောင်နှင့် ရိပ်မြုံရိပ်မည်းများ (၁)

“အခုချက်ချင်း လုပ်ရမှာက အခြေအနေကို တည်ငြိမ်အောင် လုပ်ဖို့နဲ့ ဝံပုလွေဘုရင်ရဲ့ သဘောတူညီချက်တွေကို ဖြည့်ဆည်းပေးဖို့ပဲ…”

“မဟုတ်ရင် ဂိုဏ်းချုပ်ဟော်ရဲ့ စတေးခံရမှုတွေက အချည်းနှီး ဖြစ်သွားလိမ့်မယ်”

“နင်မြို့တစ်မြို့လုံးလည်း အမြစ်ပြတ် ချေမှုန်းခံရမယ့် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”

လေ့ဟောက်သည် ယန်ချင်းယွမ်၏ ကြေကွဲနေပုံရသော မျက်နှာပေါ်တွင် သေးငယ်သော အားနည်းချက်တစ်ခုခု ရှိမလားဆိုတာကို သေချာစွာ စိုက်ကြည့်နေမိသည်။

သို့သော်လည်း ယန်ချင်းယွမ်၏ သရုပ်ဆောင်မှုက အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကုလားထိုင်ပေါ်သို့ ပြန်လည် မှီထိုင်လိုက်ပြီး ခန္ဓာကိုယ်ပိုင်းဆိုင်ရာတင်မကဘဲ ဝိညာဉ်ရေးရာပိုင်းပါ ပင်ပန်းနွမ်းနယ်‌နေသည်။

သူ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း ပြောလိုက်သည်။

“ငါ နားလည်ပါပြီ…ဥက္ကဋ္ဌယန်၊ စိတ်မကောင်းပါဘူးဗျာ… ပြီးတော့ မင်းတို့ဘက်က တာဝန်ယူရမယ့် စစ်ပွဲရပစ္စည်းတွေ စုဆောင်းမှုကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးပါ…”

သူ အခုအချိန်မှာ အတွင်းကျကျ လိုက်လံစုံစမ်းနေခြင်းက အကျိုးမရှိမှန်း သိရှိနေသည်။

နင်မြို့၏ ကျန်ရှိနေသေးသော အသက်စွမ်းအင်များကို ထိန်းသိမ်းထားရန်ကသာ အဓိကအကျဆုံး အလုပ် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပြီးခဲ့သည့်ညက တိုက်ပွဲနှင့် ပတ်သက်သည့် အကြောင်းရာတစ်မျိုးက အသက်ရှင်ကျန်ရစ်နေကြသည့် အရပ်သားများကြားတွင် လျင်မြန်စွာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

“မင်း ကြားပြီးပြီလား…ဝံပုလွေဘုရင်ရဲ့ အဲဒီ‘ဆယ်မိနစ်’ ဆိုတာ ငါတို့ကို စမ်းသပ်လိုက်တာတဲ့”

“ဟုတ်တယ်… ငါတို့ တောင့်ထားနိုင်ခဲ့လို့ ဝံပုလွေဘုရင်ကိုယ်တိုင် ထွက်လာပြီး မိစ္ဆာဘုရင်ကို မောင်းထုတ်ပေးခဲ့တာလေ သူက ငါတို့ကို အသိအမှတ်ပြုလိုက်တာပဲ”

ဤသို့သော မိမိကိုယ်ကိုယ် နှစ်သိမ့်သည့် စကားများက အံ့ဖွယ်တစ်ခုအလား ပျံ့နှံ့နေခဲ့ဖူးသော ထိတ်လန့်မှုများကို ပြေလျော့သွားစေခဲ့သည်။

၎င်းက မြို့ပြင်ခရိုင်အတွင်း၌ ကင်းစခန်းများ တည်ဆောက်ကာ ကင်းလှည့်မှုများ စတင်လုပ်‌ဆောင်နေကြပြီဖြစ်သော ဝံပုလွေအသိုက် တပ်ဖွဲ့များကို အရပ်သားများက ယုံကြည်အားကိုးလာကြသည့် မျှော်လင့်ချက်‌ ရောင်ခြည်များ‌ ဖြစ်ပေါ်လာစပြုနေပြီဖြစ်သည်။

စောင့်အရှောက်ဝံပုလွေအဖွဲ့များက လမ်းမများပေါ်က မိစ္ဆာအလောင်းများနှင့် အပျက်အစီးများကို တိတ်ဆိတ်စွာ ရှင်းလင်းပေးနေကြပြီး ပတ်ဝန်းကျင်ရှိ ထိတ်လန့်နေကြသည့် အရပ်သားများကိုမူ တစ်ချက်မျှ လှည့်မကြည့်ကြပေ။

မိစ္ဆာမဟာမိတ်တပ်ဖွဲ့များ၏ ဖရိုဖရဲဖြစ်ပြီး ရက်စက်လှသော အမူအရာများနှင့် လုံးဝ ကွာခြားလှသည့် ဤ “စည်းကမ်းရှိမှု” ပုံရိပ်ကြီးက လူများစွာ၏ နှလုံးသားထဲတွင် တိတ်တဆိတ် အမြစ်တွယ်စပြုလာခဲ့ပြီဖြစ်သည်။

ရေဆိုးသန့်စင်စက်ရုံအတွင်း၊ လင်းထျန်းလုံသည် ရေခဲသလင်းကျောက် ပလ္လင်တော်ထက်၌ လဲလျောင်းနေသည်။

သူ၏ ညာဘက်အရှေ့လက်ပေါ်ရှိ ဒဏ်ရာမှာ ရေခဲအရိုးစု မိစ္ဆာနဂါး ကြည်လင်သော ဗဟိုချက်၏ အပိုင်းအစနှင့် တိုတမ်မိခင်သစ်ပင်၏ စွမ်းအားများ အာဟာရဖြည့်တင်းပေးမှုအောက်တွင် တဖြည်းဖြည်းကောင်းမွန်လာသည်။

ယွဲ့ရီသည် သူ၏ဘေးတွင် တိတ်ဆိတ်စွာ လဲလျောင်းနေရှာပြီး လှပသော ခရမ်းရောင်အမွေးပွပွလေးများက တောက်ပနေသည်။

သူမ၏ ခရမ်းရောင်မျက်ဝန်းသည် ကွပ်ကဲမှုဗဟိုဌာန အတွင်းအပြင်ရှိ သေးငယ်သော လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။

“ဘုရင်မင်းမြတ်၊ မြွေဘုရင်ရဲ့ မျိုးနွယ်စုတွေ အနောက်တောင်ကြားဆီ ရောက်ရှိသွားကြပြီး စခန်း တည်ဆောက်နေကြပါပြီ”

ယင်းဖုန်း၏ အေးစက်ပြီး တိုတောင်းသော အစီရင်ခံစာသံ ဝိညာဉ်ကွန်ရက်အတွင်း ထွက်ပေါ်လာသည်။

“သူတို့ လက်ရှိမှာတော့ ငြိမ်သက်နေကြပါတယ်၊ ဒါပေမဲ့... သူတို့က အရမ်းကို ငြိမ်နေသလိုပဲ”

“ဆက်ပြီးတော့ စောင့်ကြည့်ထား… မသင်္ကာစရာ လှုပ်ရှားမှုတစ်ခုခု ရှိလာရင် ဘာအမိန့်မှစောင့်မနေနဲ့ တစ်ခါတည်း ရှင်းပစ်”

လင်းထျန်းလုံ၏ တုံ့ပြန်မှုမှာ တိုတောင်းပြီး အေးစက်လှသည်။

“ထျန်းပင်း၊ ပတ်ဝန်းကျင် ရှင်းလင်းရေး အခြေအနေ ဘယ်လိုရှိလဲ”

“ဟားဟားဟား အလန်းကြီးပဲ ဘုရင်မင်းမြတ်”

ထျန်းပင်း၏ စိတ်လှုပ်ရှားနေသော အသံကြီးက ကွန်ရက်တစ်ခုလုံးကိုပင် လှုပ်ခတ်သွားစေလုနီးပါး ဖြစ်သည်။

“အဲဒီအကောင်တွေက ဘာမှ မဟုတ်ပါဘူးဗျာ ကျွန်တော့်ရဲ့ မိုးကြိုးလက်သီးတွေက ပိုပြီး ဖျက်ဆီးပစ်ဖို့ ဆာလောင်နေပြီ”

“နောက်ထပ် အများဆုံး နေ့တစ်ဝက်အတွင်းမှာတင် မိုင်နှစ်ဆယ်အတွင်း ဘယ်ရန်သူမှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံရဲတယ်”

ရန့်မြဲ့နှင့် သွေးမိစ္ဆာတို့ကလည်း တပ်ဖွဲ့များ ပြန်လည်စုစည်းခြင်းနှင့် ကာကွယ်ရေးမျဉ်းများ တည်ဆောက်ခြင်း အခြေအနေများကို အစီရင်ခံခဲ့ကြသည်။

ဝံပုလွေအသိုက်တစ်ခုလုံးသည် တိကျပြီး အလွန်ထိရောက်လှသော စစ်စက်ယန္တရားကြီးတစ်ခုအလား ပြန်လည် လည်ပတ်နေပြီး စစ်ပွဲအပြီးတွင် လုပ်ငန်းစဉ်အားလုံးကို လျင်မြန်စွာ စနစ်တကျ ပြန်လည်ဆောင်ရွက်နေကြသည်။

ယွဲ့ရီ သူမ၏ အမြီးကို ညင်သာစွာ ခါယမ်းလိုက်ရာ အမြီးဖျားရှိ ငွေဖြူရောင်စွမ်းအင်များက ကျက်သရေရှိနေပြီး အန္တရာယ်များသော အကွေးတစ်ခုကို ရေးဆွဲလိုက်သည်။

သူမ တိုးတိုးလေး စကားပြောဆိုလိုက်ရာ အသံတွင် မြေခွေးမျိုးနွယ်စု၏ ထူးခြားသော ဆွဲဆောင်မှုများ ပါဝင်နေသည်။

“အဲဒီ မြွေနက်ကြီးက ဘယ်အချိန်မဆို ဒုက္ခပေးနိုင်တဲ့ ဘေးအန္တရာယ်တစ်ခုပဲ”

“ဒီနေ့ သူက မိစ္ဆာမဟာမိတ်အဖွဲ့ကို သစ္စာဖောက်နိုင်ခဲ့ရင်၊ မနက်ဖြန်ကျရင် ရထားတဲ့ အကျိုးအမြတ်တွေ မလုံလောက်ဘူးလို့ ခံစားရတဲ့အချိန်မှာ ရှင့်ကို သစ္စာဖောက်ဖို့လည်း တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”

“ငါ သိတယ်”

လင်းထျန်းလုံ၏ မျက်လုံးများတွင် အေးစက်သော လူသတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။

“ဒါပေမဲ့ သူ့ကို အခုအချိန်မှာ အသုံးချဖို့ ရှိသေးတယ်”

“သူ့ကို အရှင်ထားထားတာက အရိပ်ထဲကနေ စောင့်ကြည့်နေကြတဲ့ အခြားအင်အားစုတွေကို နမူနာအဖြစ်ပြဖို့ပဲ”

“ငါတို့ဆီမှာ ခေါင်းငုံ့တဲ့သူတွေကတော့ မုချ ကြီးပွားချင်မှ ကြီးပွားလိမ့်မယ်၊ ဒါပေမဲ့ ငါတို့ကို ဆန့်ကျင်တဲ့သူတွေကတော့ သေချာပေါက် ပျက်စီးသွားလိမ့်မယ် ဆိုတာပဲ”

စစ်ရေး ကိစ္စများကို ကိုင်တွယ်ပြီးနောက်၊ လင်းထျန်းလုံသည် ယန်ချင်းယွမ် ပေးအပ်ခဲ့သော “နတ်ဘုရားဖန်တီးရေး စီမံကိန်း” ၏ စာရွက်စာတမ်း အချက်အလက် အားလုံးကို သေချာ စတင်စစ်ဆေးတော့သည်။

သူ ‌သေချာလေ့လာလိုက်သည့်အခါ “အဆုံးစွန် ဇီဝဗေဒဆိုင်ရာ လက်နက်” သို့မဟုတ် “ထာဝရ စွမ်းအင်အရင်းအမြစ်” ကို ဖန်တီးရန်အတွက်သာ ရည်ရွယ်ထားပုံရသည့် ရှုပ်ထွေးလှသော ဖိုင်တွဲများထဲမှ အဓိက အနှစ်သာရကို လျင်မြန်စွာ ဆွဲထုတ်နိုင်စေခဲ့သည်။

သူသည် စွမ်းအင်မော်ဒယ်၏ အဓိက ဖွဲ့စည်းပုံအတွင်း၌ ဖျက်ဆီးနိုင်စွမ်းရှိသည့် မတည်ငြိမ်မှုများ ပြည့်နှက်နေကြောင်း စူးရှစွာ ခံစားမိလိုက်သည်။

အဓိကအမှတ် အမြောက်အမြား၏ တည်ဆောက်ပုံမှာ စွမ်းအင်တည်မြဲခြင်းနိယာမ၏ အခြေခံယုတ္တိများကို ချိုးဖောက်နေသည်။

ထိုအရာသည် ဘေးကင်းမှုများနှင့် ကျင့်ဝတ်များကို လုံးဝဂရုအမစိုက်သည့် အဆုံးစွန်စွမ်းအားများကိုသာ လိုက်လံရှာဖွေနေသည့် အရူး သုသေသနပညာရှင်တစ်ဦး၏ ဖန်တီးမှုနှင့် ပိုတူနေသဖြင့် များစွာဖုံးကွယ်ထားသည့် အန္တရာယ်များ ရှိနေသည်။

သူ ချက်ချင်းပင် အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်းအားဖြင့် ယန်ချင်းယွမ်ကို ဤနေရာသို့ တိုက်ရိုက် ခေါ်ယူလိုက်သည်။

ယန်ချင်းယွမ်သည် မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူရောက်ရှိလာချိန်တွင် လင်းထျန်းလုံသည် စကားများကို လှည့်ပတ်ပြောမနေတော့ပေ။

သူသည် လိုရင်းကို တိုက်ရိုက်‌ပြောလိုက်ပြီး အသံမှာ ဩဇာအပြည့်ရှိနေသည်။

“ယန်ချင်းယွမ်၊ မင်းတို့ရဲ့ ‘နတ်ဘုရားဖန်တီးရေး စီမံကိန်း’ ဆိုတာ မီးနဲ့ ကစားနေတာ သက်သက်ပဲ”

“အဲဒါရဲ့ စွမ်းအင်ဖွဲ့စည်းပုံမှာ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ပြဿနာတွေနဲ့ ပြည့်နှက်နေပြီး မတည်ငြိမ်နေဘူး”

“တကယ်လို့ ထိန်းချုပ်မှုပြင်ပကို ရောက်သွားရင် မင်းတို့ ဓာတ်ခွဲခန်းတင်မကဘဲ နင်မြို့ရဲ့ အဓိက ခရိုင်တစ်ခုလုံး မြေပုံပေါ်ကနေ ပျောက်ကွယ်သွားနိုင်ခြေ ရှိတယ်”

“ဒါက အရမ်း အန္တရာယ်များလွန်းတယ်။ ချက်ချင်း ရပ်တန့်လိုက်…အဲတာနဲ့ဆက်စပ်နေတဲ့ ဒေတာတွေ၊ ပစ္စည်းတွေနဲ့ စက်ကိရိယာ အားလုံးကို လုံးဝကို အပြီးသတ် ဖျက်ဆီးပစ်လိုက် ဘာအမှားမှမရှိစေနဲ့”

ယန်ချင်းယွမ်သည် ကြောက်ရွံ့စွာ တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။

သူ ချက်ချင်းပင် ခန္ဓာကိုယ်ကို အောက်သို့ ပြင်းထန်စွာ ညွတ်ချလိုက်ပြီး မိမိကိုယ်ကိုယ် အပြစ်တင်သည့် အမူအရာကို အပီပြင်သရုပ်ဆောင်လိုက်သည်။

“ဝံပုလွေဘုရင်မင်းမြတ်ရဲ့ အမြင်ကတော့ တကယ်ပဲ ကြီးမားလှပါတယ်… ကျွန်တော်မျိုးက အရင်က နည်းပညာတွေရဲ့ ကြီးမားလှတဲ့ ဖြစ်နိုင်ခြေတွေကြောင့် မျက်စိကန်းခဲ့တာပါ”

“အဲဒါရဲ့နောက်ကွယ်က ကြီးမားလှတဲ့ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေကို လျစ်လျူရှုမိခဲ့ပါတယ်…ဒီစီမံကိန်းမှာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ အန္တရာယ်တွေ ရှိနေတာမို့ သေချာပေါက် ဆက်ပြီး ချန်ထားလို့ မဖြစ်ပါဘူး”

“ကျွန်တော်မျိုး အခုပဲ ချက်ချင်း ပြန်သွားပြီး ဆက်စပ်သမျှ အရာအားလုံးကို အမြစ်ပြတ်ဖျက်ဆီးပစ်ဖို့ ကိုယ်တိုင် စောင့်ကြပ်ပါ့မယ်”

“နောင်တစ်ချိန်မှာ ဘာပြဿနာမှ ကျန်ရစ်မှာ မဟုတ်ပါဘူး။ ဝံပုလွေဘုရင်မင်းမြတ်အနေနဲ့ စိတ်ချလက်ချ ရှိတော်မူပါ”

ယန်ချင်းယွမ်တစ်ယောက် ရိုးသားပုံရသည့် ပုံရိပ်ဖြင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းထျန်းလုံ၏ အကြည့်များမှာ နက်ရှိုင်းနေသည်။

ယန်ချင်းယွမ်က ဤမျှအထိ နာခံလိမ့်မည်ဟု လုံးဝ မယုံကြည်ပေ။

သို့သော် သူ၏ အကြွင်းမဲ့ ခွန်အားရှေ့မှောက်တွင် အခြားတစ်ဖက်အနေဖြင့် မည်သည့် လှည့်ကွက် ဆင်ထားပါစေ ကြီးမားသော ပြဿနာကို ဖြစ်ပေါ်စေနိုင်လိမ့်မည် မဟုတ်ပေ။

ထို့နောက် သူ ယင်းဖုန်းအား အခြေအနေများကို အတည်ပြုရန်အတွက် နောက်ပိုင်းတွင် “ဖျက်ဆီးခြင်း” နေရာသို့ သွားရောက် စစ်ဆေးရန် ညွှန်ကြားလိုက်သည်။

နောက်တစ်နေ့ နံနက်ခင်းတွင်၊ အသစ်ထွက်ပေါ်လာသည့် နေမင်းကြီးက နင်မြို့ထက်၌ ဖုံးလွှမ်းနေသော ဖုန်မှုန့်များကို ထိုးဖောက်လျက် ပျက်စီးနေသော မြေပြင်ကို လင်းထိန်စေချိန်၌ လေ့ဟောက်သည် ပထမဆုံးသော စစ်ပွဲရပစ္စည်း အုပ်စုကို ပြင်ဆင်ကာ ရေဆိုးသန့်စင်စက်ရုံ အစွန်အဖျားရှိ သတ်မှတ်ထားသော လွှဲပြောင်းရေး ဧရိယာဆီသို့ ပို့ဆောင်ခဲ့သည်။

လေးလံလှသော ကုန်တင်ကား အစီးရေ နှစ်ဆယ်ပေါ်တွင် သဘောတူညီချက်အရ ပါဝင်သော ဝိညာဉ်သလင်းကျောက်များ၊ အထူးသတ္တုများနှင့် လက်နက် ကျည်ဆန်အချို့ကို ပြည့်နှက်စွာ တင်ဆောင်ထားသည်။

သူ၏ မျက်နှာမှာ အခုထိ ဖြူရော်နေဆဲဖြစ်ပြီး ဒဏ်ရာများမှာလည်း မပျောက်ကင်းသေးပေ။

မျက်လုံးများမှာမူ အလွန်တည်ငြိမ်နေဆဲဖြစ်ရာ ကြီးမားလှသော တာဝန်များကို ထမ်းဆောင်ထားရသူတစ်ဦး၏ ပြတ်သားမှုများကို ပြသနေသည်။

သွေးမိစ္ဆာသည် သွေးအစွယ်တော်အစောင့်အရှောက်များကို ဦးဆောင်လျက် ကားတိုင်းနှင့် သေတ္တာတိုင်းကို ကြမ်းတမ်းသော်လည်း အလွန်ထိရောက်စွာ စစ်ဆေးတော့သည်။

သူတို့ထံမှ ဆူပွက်နေသော သွေးဆာနေသည့် ရောင်ဝါ‌ကြောင့် ဘေးက လိုက်ပါလာကြသည့် လူသားစစ်သည်များ၏ မျက်နှာကို ဖြူရော်သွားစေကာ ခြေထောက်များပင် တုန်ယင်နေစေသည်။

ရှည်လျားပြီး အသက်ရှူကျပ်စေသော စစ်ဆေးမှုကြီး နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

လင်းထျန်းလုံ၏ ကြီးကျယ်ခမ်းနားလှသော ငွေဖြူရောင် ခန္ဓာကိုယ်သည် စက်ရုံအဝင်ဝတွင် ပေါ်လာခဲ့သည်။

နံနက်ခင်း အလင်းတန်းက သူ၏ သွယ်လျကျက်သရေရှိပြီး စွမ်းအားအပြည့် ဖြစ်နေသော ခန္ဓာကိုယ်ကို ရွှေရောင်ပန်းချီကားတစ်ချပ်အလား ပုံဖော်နေသယောင်။

သူ၏ နဖူးပေါ်ရှိ ရေခဲမိုးကြိုးသရဖူက နှလုံးခုန်ရပ်မတတ် ဖြစ်စေသည့် စွမ်းအင် အတက်အကျများကို သဘာဝအတိုင်း လှည့်ပတ်နေစေသည်။

သူ၏ ထူးခြားလှသော ကြီးမြတ်မှုက နေရာတွင် ရှိနေကြသူအားလုံးအပေါ်သို့ လွှမ်းမိုးလိုက်သည်။

“မင်းတို့ အချိန်တိကျတာပဲ”

ဝံပုလွေဘုရင်၏ အကြည့်များက လေ့ဟောက်အပေါ်သို့ တည်ငြိမ်စွာ ကျရောက်သွားပြီး သူ၏ လေသံအတွင်း ဝမ်းမြောက်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း မရှိပေ။

“ဒါပေမဲ့ ဒါက အစပဲ ရှိပါသေးတယ်”

“ကျုပ် နားလည်ပါတယ်”

လေ့ဟောက် လေးနက်စွာ တုံ့ပြန်လိုက်ပြီး အမူအရာမှာ နှိမ့်ချခြင်း သို့မဟုတ် မာနကြီးခြင်း မရှိပေ။

“မီးပွားသုသေသနပညာရှင်အသင်းက တာဝန်ယူရမယ့် ဝေစုကိုတော့၊ ယန်ချင်းယွမ်က ဒီနေ့ ညမတိုင်ခင်မှာ သေချာပေါက် လာပို့ပေးမယ်လို့ ကတိပေးထားပါတယ်”

သူသည် စကားလုံးများကို ချိန်ဆနေသကဲ့သို့ အနည်းငယ် ခဏရပ်လိုက်ပြီးနောက် နောက်ဆုံး၌ ဖြည့်စွက်ပြောဆိုလိုက်သည်။

All Chapters