← Chapters

အခန်း ၃၆၅

Vol. 37 Ch. 365

အခန်း ၃၆၅

Vol. 37 Ch. 365

အခန်း (၃၆၅) - စည်းကမ်းသစ်တစ်ခု (၁)

မြွေဘုရင်၏ နောက်ဆုံးအသိစိတ်သည် လင်းထျန်းလုံ၏ ရေခဲမျက်ဝန်းပြာများထဲတွင် အေးခဲသွားသည်။ ၎င်းတွင် ဒေါသတရားများ၊ လူသတ်လိုစိတ်များ မရှိဘဲ အဆုံးစွန်သော တည်ငြိမ်မှုသာ ရှိနေသည်မှာ ၎င်း၏ အကြံအစည်များနှင့် သစ္စာဖောက်မှုအားလုံးကို ကြာမြင့်စွာကတည်းက ကြိုတင်မျှော်လင့်ထားခဲ့ပြီးဖြစ်သကဲ့သို့ပင်။

ဟင်းလင်းပြင် အက်ကြောင်းတစ်ခု အသံမထွက်ဘဲ ဖြတ်သန်းသွားခဲ့သည်။

ဧရာမမြွေခန္ဓာကိုယ်ကြီးသည် ညီညာစွာဖြင့် နှစ်ပိုင်းပြတ်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားကာ ဖုန်မှုန့်များကို ပျံ့နှံသွားစေသည်

လင်းထျန်းလုံ နောက်သို့ပင် လှည့်မကြည့်ခဲ့ပေ။ သူသည် ညာဘက်လက်သည်းဖြင့် လေထုကို ဆုတ်ဖြဲလိုက်ရာ ပျက်စီးသွားသော မြွေဦးခေါင်းခွံအတွင်းမှ အစိမ်းပုပ်ရောင် ကြည်လင်သော အမြုတေတစ်ခု ထွက်ပေါ်လာပြီး သူ၏ လက်ဖဝါးထဲသို့ ကျလာသည်။

ထိုအမြုတေအတွင်း၌ သက်ရှိတစ်ခုအလား ပျစ်ချွဲလှသော အဆိပ်စွမ်းအားများ စီးဆင်းနေပြီး ၎င်းထက် ပိုမိုနက်နဲသော နေရာတွင်မူ မြွေဘုရင်၏ ထိတ်လန့်တုန်လှုပ်ပြီး မလိုလားအပ်သော ဝိညာဉ်ရိုက်နှိပ်ချက် ရှိနေဆဲပင်။

[စနစ်အသိပေးချက်]။ ။အမျိုးအမည် - စိမ့်နွံနက် မြွေဘုရင်၏ ကြည်လင်သော အမြုတေ (မိစ္ဆာဘုရင်အလယ်အလတ်အဆင့်)

[စနစ်အသိပေးချက်]။ ။ပါဝင်သော ပင်ကိုယ်စွမ်းရည်များ - [အဆိပ်သောင်းချီ ခန္ဓာကိုယ် (ရွှေရောင်အဆင့်မြင့်)]၊ [စိမ့်နွံနက် နယ်ပယ်အရှင်သခင် (ရွှေရောင်အဆင့်မြင့်)]၊ [အရေခွံလဲ၍ ပြန်လည်မွေးဖွားခြင်း (ခရမ်းရောင်ထူးကဲအဆင့်)]

[စနစ်အသိပေးချက်]။ ။[အခြေအနေ - ဝိညာဉ်ရိုက်နှိပ်ချက် ပြင်းထန်စွာ လှုပ်ခတ်နေသည်၊ မကျေနပ်မှုများ ပြည့်နှက်နေဆဲဖြစ်သည်]

သူ ၎င်းကို ခဏတာ ခံစားကြည့်ပြီးနောက်၊ ထိုအမြုတေကို မြွေအလောင်းတစ်ခုလုံးနှင့်အတူ သူ၏ အသိစိတ်နေရာလွတ် အတွင်းသို့ သိမ်းဆည်းလိုက်သည်။ မိစ္ဆာဘုရင်အဆင့်ရှိ ခန္ဓာကိုယ်၏ အသား၊ သွေးနှင့် အရိုးများမှာ အလွန်အဖိုးတန်လှသော အရင်းအမြစ်များ ဖြစ်ကြသဖြင့် ၎င်းတို့ကို ဖြုန်းတီးပစ်စရာ အကြောင်းမရှိပေ။

“ယင်းဖုန်း”

ဝိညာဉ်ကွန်ရက်အတွင်း သူ၏ အသံထွက်ပေါ်လာသည်နှင့်အမျှ၊ ငွေဖြူရောင် ပုံရိပ်တစ်ခုသည် သူ့ဘေးက အရိပ်များထဲမှ တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။

“ဘုရင်မင်းမြတ်”

ယင်းဖုန်း၏ ရေခဲမျက်ဝန်းပြာများသည် မြေပြင်ပေါ်ရှိ သွေးကွက်များအပေါ်သို့ ဖြတ်သန်းကြည့်ရှုလိုက်ပြီးနောက် ခေါင်းကို အနည်းငယ် ငုံ့ချလိုက်သည်။

“ထွက်ပြေးသွားတဲ့ အဲဒီအရိုးခြောက်နှစ်ကောင်ကို အပြီးသတ် ရှင်းလင်းပစ်လိုက်”

လင်းထျန်းလုံ၏ လေသံမှာ တည်ငြိမ်နေပြီး ပြတ်သားမှုများကို သယ်ဆောင်ထားသည်။

“နားလည်ပါပြီ”

ယင်းဖုန်း၏ ပုံရိပ်သည် အရိပ်များထဲသို့ ပြန်လည်ပျောက်ကွယ်သွားသည်။

ထိုအချိန်မှသာ လင်းထျန်းလုံ ဤလူသူကင်းမဲ့လှသော တောင်ကြားအတွင်းမှ ဖြည်းညင်းစွာ လျှောက်လှမ်းထွက်လာခဲ့သည်။

သူ၏ ငွေဖြူရောင်ခန္ဓာကိုယ်ကြီးသည် အနောက်တောင်ကြား ပင်မစခန်း၏ အစွန်အဖျားတွင် ပြန်လည် ပေါ်လာချိန်၌ ထိုနေရာတွင်ကြိုတင်စောင့်ဆိုင်းနေခဲ့သည့် သွေးမိစ္ဆာသည် သွေးအစွယ်တော်အစောင့်အရှောက် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လျက် ချက်ချင်း ချဉ်းကပ်လာခဲ့သည်။

သူ့ထံမှ ထူထဲလှသော သွေးညှီနံ့များနှင့် လူသတ်ရောင်ဝါများက ပတ်ဝန်းကျင် လေထုကို အေးခဲသွားစေလုနီးပင် ဖြစ်စေသည်။

“ဘုရင်မင်းမြတ်”

သွေးမိစ္ဆာ တိုးညင်းစွာ ဟိန်းဟောက်လိုက်ရာ သူ၏ အနီရောင်ရင့်ရင့် အမွေးအမျှင်များသည် ညဉ့်နက်အလင်းအောက်တွင် လောင်ကျွမ်းနေသည့် မီးတောက်များအလား ဖြစ်နေသည်။

လင်းထျန်းလုံ၏ အကြည့်များက ထိုနေရာတွင် စုပြုံခံထားကြရသဖြင့် ထိတ်လန့်တုန်ယင်နေကြသည့် မြွေမျိုးနွယ်စုဝင်များနှင့် သူတို့၏ လက်အောက်ခံ မျိုးနွယ်စုများအပေါ်သို့ ဖြတ်သန်းကြည့်ရှုလိုက်သည်။

သူ၏ အသံက မိစ္ဆာသားရဲတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။

“အညံ့ခံတဲ့ မျိုးနွယ်စုအားလုံးကို သစ္စာဖောက်ခြင်းရဲ့ တန်ဖိုးက ဘာလဲဆိုတာ သေချာကြည့်ထားကြ”

သွေးမိစ္ဆာ ရက်စက်စွာ ပြုံးလိုက်ပြီးနောက် စခန်း၏ ဗဟိုချက်ဆီသို့ လှမ်းလျှောက်သွားခဲ့ပြီး လင်းထျန်းလုံ သူ့အား ပေးအပ်ခဲ့သော မြွေဘုရင်၏ အထင်ရှားဆုံးဖြစ်သည့် အဆိပ်စွယ်တစ်စုံကို ကျောက်စင်မြင့်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချပစ်လိုက်သည်။

အဆိပ်စွယ်များသည် ကျောက်ဆောင်ထဲသို့ နက်နဲစွာ စိုက်ဝင်သွားခဲ့ပြီး ၎င်းတို့ပေါ်တွင် ကျန်ရှိနေသေးသော ကြောက်မက်ဖွယ်ကောင်းလှသည့် အဆိပ်ရည်များကြောင့် တရှဲရှဲ မြည်သံများနှင့်အတူ ပတ်ဝန်းကျင် ကျောက်တုံးများကို ချက်ချင်း တိုက်စားသွားစေကာ စူးရှသော အဖြူရောင် မီးခိုးများ ထွက်ပေါ်လာစေသည်။

“မျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်ကြစမ်း”

သွေးမိစ္ဆာ၏ ဟိန်းဟောက်သံကြီးက မိုးခြိမ်းသံကြီးတစ်ခုအလားဖြစ်ပြီး စစ်မြေပြင်တွင် ကျင့်ကြံထားခဲ့သည့် အသွေးအစွန်းဆုံး လူသတ်လိုစိတ်များကို သယ်ဆောင်ထားသဖြင့် အဆင့်နိမ့် မိစ္ဆာသားရဲ အမြောက်အမြားကို မြေပြင်ပေါ်သို့ တိုက်ရိုက် ဝပ်စင်းသွားစေရှာသည်။

“စိမ့်နွံနက် မြွေဘုရင်က ကတိတွေကို ဖောက်ဖျက်ပြီး သစ္စာဖောက်ခဲ့လို့ ဒါဟာ သူ့ရဲ့ နောက်ဆုံး ရလဒ်ပဲ”

“ဝံပုလွေဘုရင်မင်းမြတ်ရဲ့ စည်းကမ်းက ရိုးရှင်းပါတယ်… ငါတို့ဆီမှာ ခေါင်းငုံ့တဲ့သူတွေ အသက်ရှင်သန်ခွင့်ရမယ်… ငါတို့ကို ဆန့်ကျင်တဲ့သူတွေကတော့ သေရမယ်…တကယ်လို့ ဘယ်သူမဆို ကိုယ့်ရဲ့ လှည့်ကွက်လေးတွေကို မထိန်းချုပ်နိုင်ကြရင် ဒါကိုပဲ နမူနာအဖြစ် ကြည့်ထားလိုက်ကြ”

ထိတ်လန့်မှုများသည် အညံ့ခံမျိုးနွယ်စုများကြားတွင် ကပ်ရောဂါတစ်ခုအလား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ထိုအခိုက်အတန့်တွင်၊ ဝိညာဉ်ကွန်ရက်မှတစ်ဆင့် စိုးရိမ်တကြီးရှိလှသော အတွေးတစ်ခု ချိတ်ဆက်လာသည်။

“ဘုရင်မင်းမြတ်… ဟော်ကျန့်ရဲ့ လက်အောက်ခံဟောင်းတွေက ချော်ရည်ခန်းမဆောင်ရှေ့မှာ ဆူပူသောင်းကျန်းနေကြပြီး၊ နောက်ဆုတ်ဖို့ ငြင်းဆန်ပြီး ကျွန်တော်တို့ရဲ့ ကင်းလှည့်တပ်ဖွဲ့ကို တိုက်ခိုက်နေကြပါတယ်”

လင်းထျန်းလုံ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

သူ မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“ရန့်မြဲ့၊ သူတို့ကို နှိမ်နင်းပစ်လိုက်… ထျန်းပင်း၊ သွားရောက်ကူညီ‌ပေးလိုက်…အခြေအနေကို ထိန်းချုပ်ထား… ခုခံတဲ့သူမှန်သမျှကို ခြွင်းချက်မရှိ သတ်ပစ်လိုက်”

နောက်တစ်ခဏတွင် လင်းထျန်းလုံ၏ ပုံရိပ် မြို့တွင်းပိုင်း ကောင်းကင်ယံထက်၌ ပေါ်လာချိန်၌ ချော်ရည် ခန်းမဆောင်ရှေ့က ဖရိုဖရဲဖြစ်မှုများမှာ အဆုံးသတ်လုနီးပါး ဖြစ်နေခဲ့ပြီ။

ရန့်မြဲ့ ဦးဆောင်သော အစောင့်အရှောက် ဝံပုလွေများသည် ခိုင်မာလှသော နှင်းခဲဒိုင်း ဖွဲ့စည်းပုံကို ဖွဲ့စည်းထားကြပြီး၊ ဇွတ်မှိတ် ခုခံနေကြသည့် လောင်ကျွမ်းမီးလျှံဂိုဏ်းဝင်များကို တပ်ခွဲကာ ဝိုင်းရံထားကြသည်။

မဟာနှင်းအစောင့်အရှောက် ကိုးဦးမှာမူ သူတို့၏ ရေခဲဥက္ကာခဲရိုက်ချခြင်း တစ်ကြိမ်စီတိုင်းက ဧရိယာအကျယ်အဝန်းလေးတစ်ခုကို တိကျစွာ ရှင်းလင်းပစ်နိုင်သဖြင့် ရူးသွပ်စွာ ခုခံနေကြသူများကို သူတို့လက်ထဲက လက်နက်များနှင့်အတူ အတူတကွ အေးခဲကာ ပြိုကွဲသွားစေသည်။

ထျန်းပင်းက လုပ်ကြံသတ်ဖြတ်သူများကို ဦးဆောင်လျက် စစ်မြေပြင်၏ အစွန်အဖျားတွင် ကင်းလှည့်နေသည်။ ဖောက်ထွက်ရန် ကြိုးစားကြသည့် မည်သည့်ရန်သူ့အုပ်စုမဆို သူ၏ ပြင်းထန်လှသော မိုးကြိုးများကြောင့် တစ်ခဏအတွင်း အပိုင်းပိုင်း ချေမွခြင်း ခံကြရသည်။

လေ့ဟောက် မြို့တံတိုင်းထက်က ပျက်စီးနေသော ကင်းမျှော်စင်နောက်တွင် မတ်မတ်ရပ်နေရင်း အရာအားလုံးကို စိုက်ကြည့်နေမိသည်။

သူ၏ လက်သီးနှစ်ဖက်က မသိစိတ်မှ တင်းကြပ်စွာ ဆုပ်ထားမိရာ အင်အားကြောင့် လက်ဆစ်များ ဖြူရော်နေသည်။ သူ၏ အနောက်ကနေ ကပ်လျက်လိုက်ပါလာကြပြီး ရဲရင့်သည့် အရပ်သားအချို့ထံမှ ဖိနှိပ်ထားသည့် ထိတ်လန့်တုန်လှုပ်သက်ပြင်းချသံများကို သူ ကြားနေရသည်။

“စခန်းမှူး... စခန်းမှူးလေ့”

ဆံပင်ဖြူရော်နေသည့် သက်ကြီးရွယ်အိုတစ်ဦးက အသံမှာ အလွန်တရာ တုန်ရင်နေသဖြင့် စကားလုံးများကို ပြည့်စုံအောင်ပင် ခက်ခဲစွာ ပြောဆိုနေရှာသည်။

“သူတို့က... သူတို့က ငါတို့ နင်မြို့ကို လုံးဝ သိမ်းပိုက်ပစ်ကြတော့မှာလား…ငါတို့... ငါတို့ရဲ့ အနာဂတ်က ဘယ်လိုဖြစ်သွားမှာလဲဟင်”

လေ့ဟောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း မိမိကိုယ်ကိုယ် အတည်ငြိမ်ဆုံးဖြစ်အောင် အပြင်းအထန် ဖိနှိပ်ထားလိုက်ပြီးမှ ရနိုင်သမျှ တည်ငြိမ်သော အသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“အနည်းဆုံးတော့... သူတို့က အခြေခံ စည်းကမ်းတွေကို ထိန်းသိမ်းပေးထားသလို၊ အရပ်သားတွေကိုလည်း ဗြောင်ကျကျ သတ်ဖြတ်တာမျိုး မရှိပါဘူး။ ဒါက... လောလောဆယ်မှာ ကျုပ်တို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုပဲ”

ဤစကားလုံးမှာ ထိုသက်ကြီးရွယ်အိုကို နှစ်သိမ့်ပေးခြင်းဖြစ်သလို မိမိကိုယ်ကိုယ် ပြန်လည်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင်၊ လင်းထျန်းလုံ၏ ငွေဖြူရောင် ခန္ဓာကိုယ်ကြီးသည် လေ့ဟောက်၏ ဘေးက မြို့တံတိုင်းပေါ်သို့ နတ်ဘုရားတစ်ပါးအလား တိတ်ဆိတ်စွာ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။

စစ်မီးအလင်းတန်းများက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရောယှက်နေပြီး သူ၏ နဖူးပေါ်ရှိ ရေခဲမိုးကြိုးသရဖူက နှလုံးခုန်ရပ်မတတ် ဖြစ်စေသည့် စွမ်းအင် အတက်အကျများကို လှည့်ပတ်နေစေသဖြင့် အနှိုင်းမဲ့လှသော ဖိအားကြီးတစ်ခုကို ဆောင်ကြဉ်းလာခဲ့သည်။

သူ ရောက်ရှိလာခြင်းကြောင့် စစ်မြေပြင်ပေါ်က သတ်ဖြတ်သံများ ချက်ချင်း တိတ်ဆိတ်သွားခဲ့ရပြီ။

ရန့်မြဲ့၏ တည်ငြိမ်သော အသံသည် ဝိညာဉ်ကွန်ရက်မှတစ်ဆင့် ထွက်ပေါ်လာသည်။

“ဘုရင်မင်းမြတ်၊ ခုခံမှုတွေကို အခြေခံအားဖြင့် ရှင်းလင်းပြီးပါပြီ”

လင်းထျန်းလုံ ဖရိုဖရဲဖြစ်နေသည့် ကွင်းပြင်ကြီးကို လှမ်းကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် လေ့ဟောက်အပေါ်သို့ သူ၏ အကြည့်များ ကျရောက်သွားတော့သည်။

All Chapters