← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း (၁) - ပထမဆုံးသော အမြန်ဆုံးဓား

မိုးစက်တို့သည် တဖွဲဖွဲ ရွာသွန်းနေပြီး ချူချင်း၏ မေးစေ့မှတစ်ဆင့် အောက်သို့ တစ်စက်စက် ကျဆင်းနေ၏။

ချူချင်းသည် တွေဝေစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သွေးစွန်းနေသော ဓားရှည်တစ်ချောင်းကို ကိုင်လျက် သစ်ပင်ကြီးတစ်ပင်အောက်တွင် ပင်စည်ကိုမှီကာ ထိုင်နေမိကြောင်း တွေ့လိုက်ရလေသည်။

မလှမ်းမကမ်းတွင်မူ လှံရှည်တစ်ချောင်းဖြင့် နှလုံးကို ထုတ်ချင်းဖောက်ကာ သစ်ပင်၌ ချိတ်ဆွဲခံထားရသော အလောင်းတစ်လောင်း ရှိနေပေသည်။

ပတ်ဝန်းကျင်မှာ နက်ရှိုင်းသော တောအုပ်ကြီးဖြစ်ပြီး ကောင်းကင်မှ မိုးဖွဲဖွဲတို့ ကျဆင်းနေကာ အေးစိမ့်သောလေသည် အရိုးထဲထိ စိမ့်ဝင်နိုင်လောက်အောင် အေးစက်နေ၏။

ဤအရာအားလုံး မျက်စိထဲသို့ တစ်ခဏအတွင်း ဝင်ရောက်လာသော်လည်း သူဆက်လက် မလေ့လာနိုင်ခင်မှာပင် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရလေသည်။

ပြင်းထန်သော မူးဝေမှုကြောင့် ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာသော်လည်း ဘာမှ အန်မထွက်လာပေ။

'ဘာဖြစ်တာလဲ... ဒါဘယ်နေရာလဲ... ငါဘယ်လိုလုပ် ဒီရောက်နေတာလဲ... ဟိုလူသေက ဘယ်သူလဲ...'

ပြင်းထန်သော မူးဝေမှုက ပျောက်ကွယ်သွားသည်နှင့် မေးခွန်းများက တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် မြင်ကွင်းများစွာက သူ့မျက်စိရှေ့တွင် ပေါ်ပေါက်လာခဲ့၏။

အချိန်အတော်ကြာပြီးနောက် ချူချင်း မျက်လုံးပြန်ဖွင့်လာချိန်တွင် တွေဝေမှုများ ပျောက်ကွယ်သွားပြီး နားထင်ကို ညင်သာစွာ နှိပ်နယ်လိုက်လေသည်။

"ဒီလိုကိုး..."

ချူချင်း၊ အသက်ဆယ့်ကိုးနှစ်။

ထျန်းဝူမြို့ ချူမိသားစု၏ တတိယသား။ သို့သော် ဆယ့်နှစ်နှစ်အရွယ်တွင် အိမ်မှ ထွက်ပြေးခဲ့၏။

အကြောင်းရင်းမှာ ချူမိသားစုတွင် ထူးချွန်သူ ညီအစ်ကိုနှစ်ယောက် ရှိသောကြောင့်ပင်။

ချူထျန်းနှင့် ချူဖန်။

ထိုညီအစ်ကိုနှစ်ဦးသည် ငယ်စဉ်ကတည်းက အံ့မခန်းသော အရည်အချင်းများ ပြသနိုင်ခဲ့လေသည်။

ချူထျန်းသည် ဖခင်၏ ခြေရာကို နင်းနိုင်ပြီး နောက်မျိုးဆက် မိသားစုခေါင်းဆောင်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်၏။

ချူဖန်မှာမူ မွေးရာပါ ခွန်အားကြီးမားသဖြင့် ထိုက်ရိဂိုဏ်းသို့ ပို့ဆောင်ခံရပြီး 'အမျက်မထွက် သံလက်သီး' ချွေ့ပုနူထံတွင် တပည့်ခံခဲ့လေသည်။

ညီအစ်ကိုသုံးယောက်ထဲတွင် အညံ့ဆုံးမှာ ချူချင်းဖြစ်ရာ ချူမိသားစုခေါင်းဆောင် ချူယွန်ဖေးက ချူချင်းအတွက် လက်ထပ်ပွဲတစ်ခု စီစဉ်ပေးခဲ့၏။

သို့သော် ချူချင်းမှာလည်း ကိုယ်ပိုင်ရည်မှန်းချက် ရှိသဖြင့် ဤစီစဉ်မှုကို လက်မခံလိုခဲ့ပေ။

ထို့ကြောင့် ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏သူရဲကောင်းလမ်းစဉ်ကို လျှောက်လှမ်းလိုသဖြင့် ဖခင်နှင့် အစ်ကိုများ လိုက်မရှာကြရန် စာတစ်စောင် ရေးထားခဲ့ပြီး အိမ်မှ ထွက်ခွာသွားခဲ့လေသည်။

ဤသို့ဖြင့် ခုနစ်နှစ် ကြာသွားခဲ့သည်။

ဤခုနစ်နှစ်တာ ကာလအတွင်း အချိန်အများစုတွင် သူသည် မိသားစု၏ သိုင်းပညာများကို ပုန်းလျှိုးကွယ်လျှိုး လေ့ကျင့်နေခဲ့၏။

လွန်ခဲ့သော တစ်နှစ်ခန့်ကမှ သူ၏သိုင်းပညာ အတော်အတန် တိုးတက်လာသည်ဟု ခံစားရသဖြင့် သိုင်းလောကထဲသို့ အမှန်တကယ် စတင် ဝင်ရောက်ခဲ့လေသည်။

ထို့နောက် 'နျဲ့ကျင့်ထိုင်'နှင့် တွေ့ဆုံခဲ့၏။

'နျဲ့ကျင့်ထိုင်'သည် 'ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဆောင်ရွက်ပြီး လူသတ်ခြင်းဖြင့် အပြစ်ပေးသည်' ဟူသော ဆောင်ပုဒ်ဖြင့် မကောင်းမှု ကျူးလွန်သော သိုင်းလောကမှ လူယုတ်မာများကိုသာ သတ်ဖြတ်သည်ဟု ဆိုသော လူသတ်သမား အဖွဲ့အစည်းတစ်ခုဖြစ်ပေသည်။

ဤသို့သော ရည်ရွယ်ချက်ကို ချူချင်းက သဘောကျခဲ့၏။

ထို့ကြောင့် 'နျဲ့ကျင့်ထိုင်'တွင် ဝင်ရောက်ပြီး လူသတ်သမားတစ်ဦး ဖြစ်လာခဲ့လေသည်။

သို့သော် ကောင်းသောအချိန်သည် ကြာရှည်မခံဘဲ တစ်နှစ်မပြည့်မီမှာပင် ချူချင်းသည် 'နျဲ့ကျင့်ထိုင်'၏ အတွင်းသရုပ်ကို သိမြင်လာခဲ့၏။

'ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဆောင်ရွက်သည်' ဟု ဆိုသော်လည်း အမှန်တကယ်မှာ ကိုယ်ကျိုးအတွက်သာ ဖြစ်နေပေသည်။

ဤတစ်ကြိမ် သူရရှိသောတာဝန်မှာ ဟုန်ဆူးလင်မှ ကျိုးမိသားစုအိမ်တော်၏ အကြီးအကဲ ကျိုးချန်ထိုက်ကို လုပ်ကြံရန်ဖြစ်၏။

'နျဲ့ကျင့်ထိုင်'မှ ပေးသော အချက်အလက်များအရ ကျိုးချန်ထိုက်သည် ရွာသူရွာသားများကို နိုင်ထက်စီးနင်း ပြုကျင့်ပြီး သူ၏ သားငယ်ကို အမျိုးသမီးများအား အနိုင်ကျင့်ခွင့် ပေးထားလေသည်။

ထို့အပြင် တိုင်တန်းလာသော အမျိုးသမီး၏ဖခင်ကိုလည်း ရိုက်သတ်ကာ အိမ်တော်တံခါးဝတွင် သုံးရက်တိုင် ချိတ်ဆွဲထားခဲ့ရာ အလွန်တရာ ဆိုးရွားသော ရာဇဝတ်မှုကြီးဖြစ်၏။

သို့သော် ချူချင်း စုံစမ်းပြီးနောက် ၎င်းသည် လုံးဝ အခြေအမြစ်မရှိသော လုပ်ကြံမှုမှန်း သိလိုက်ရလေသည်။

ထို့ကြောင့် သူသည် ကျိုးချန်ထိုက်ကို မလုပ်ကြံသည့်အပြင် တစ်စုံတစ်ယောက်က သူ့အား အန္တရာယ်ပြုနိုင်ကြောင်း တိတ်တဆိတ် သတိပေးခဲ့၏။

ထို့နောက် တိတ်တဆိတ် ထွက်သွားရန် ကြံရွယ်သော်လည်း လမ်းခုလတ်တွင် ချုံခို တိုက်ခိုက်ခြင်း ခံခဲ့ရလေသည်။

သူ့ကို ချုံခိုတိုက်ခိုက်သူများမှာ 'နျဲ့ကျင့်ထိုင်'မှ လူသတ်သမားများပင်ဖြစ်၏။

သူတို့သည် လူငါးယောက် အုပ်စုဖြစ်ပြီး ချူချင်း၏ လမ်းကြောင်းကို ကြိုတင်သိရှိထားဟန်ဖြင့် ချုံခိုတိုက်ခိုက်ခဲ့လေသည်။

ကံကောင်းသည်မှာ ချူချင်းသည် 'နျဲ့ကျင့်ထိုင်'၏ အတွင်းသရုပ်ကို သိရှိပြီးနောက် အမြဲတစေ သတိထားနေခဲ့၏။

ထို့ကြောင့် အပြောင်းအလဲသည် ရုတ်တရက် ဖြစ်ပွားသော်လည်း တုံ့ပြန်ချိန် လုံးဝမရှိသည်တော့ မဟုတ်ပေ။

ဤလမ်းတစ်လျှောက်လုံး သူသည် တိုက်ရင်းဆုတ်ရင်းဖြင့် အကြိမ်ကြိမ် သေဘေးမှ လွတ်မြောက်ရန် ရုန်းကန်ခဲ့ရ၏။ သို့သော် သူထွက်ပြေးနိုင်ခါနီးတွင် ထိုငါးယောက်ထဲမှ သိုင်းပညာ အမြင့်ဆုံးသူ၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။

ဤသူ၏ 'နျဲ့ကျင့်ထိုင်'မှ လျှို့ဝှက်အမည်မှာ 'သွေးလှံ' ဖြစ်ပြီး အဆင့်အတန်းနှင့် သိုင်းပညာ နှစ်မျိုးလုံး ချူချင်းထက် သာလွန်ပေသည်။

ပြင်းထန်သော တိုက်ပွဲအဆုံးတွင် ချူချင်းသည် သူ၏အသက်ကို ပဓာနမထားဘဲ သူသေကိုယ်သေတိုက်ခိုက်ရာ နောက်ဆုံးတွင် တစ်ဖက်လူနှင့်အတူ သေဆုံးသွားခဲ့ရလေသည်။

ယခု မျက်နှာချင်းဆိုင် သစ်ပင်တွင် ချိတ်ဆွဲခံထားရသော လှံရှည်ထုတ်ချင်းဖောက် အလောင်းမှာ 'နျဲ့ကျင့်ထိုင်'မှ 'သွေးလှံ'ပင်ဖြစ်၏။

ဖြစ်စဉ်တစ်ခုလုံးကို အကြမ်းဖျင်း နားလည်သွားပြီးနောက် ချူချင်းသည် ဘာလုပ်ရမှန်း မသိတော့ပေ။

"အိမ်ကထွက်ပြေးလာတဲ့ လူငယ်တစ်ယောက်... ရည်မှန်းချက်မပြည့်မီ လမ်းခုလတ်မှာတင် သေဆုံးသွားရတယ်..."

သူသည် စိတ်ထဲမှ ကောက်ချက်ချလိုက်ပြီးနောက် တိုးညင်းစွာ ရေရွတ်လိုက်လေသည်။

"ဒါပေမဲ့ ငါ ဘယ်ဘဝက နတ်သမီးကိုများ စိတ်ဆိုးအောင် လုပ်မိလို့ ဒီနေရာကို ရောက်လာရတာလဲ..."

သူ ခေါင်းငုံ့ကြည့်လိုက်ရာ တစ်ကိုယ်လုံးတွင် မနာကျင်သော နေရာဟူ၍မရှိပေ။

ချူချင်းသည် သွေးသံရဲရဲ တိုက်ပွဲများစွာကို ဖြတ်သန်းပြီးမှ ဤနေရာသို့ ရောက်လာခဲ့ရာ သူ၏ ဒဏ်ရာများမှာ မတွေးဝံ့စရာပင်။

သို့သော် သူသည် ကြိုးစားပြီး မတ်တပ်ရပ်လိုက်လေသည်။

သူ၏ လက်ရှိအခြေအနေမှာ အလွန် အန္တရာယ်များ၏။ ထိုလူသတ်သမားများထဲမှ သုံးယောက်မှာ အသက်ရှင်လျက်ရှိသေးရာ ယခု သူ၏အခြေအ‌နေဖြင့်သာ သူတို့ လိုက်မီလာပါက သေချာပေါက် သေရပေမည်။

သို့သော် ထိုမတိုင်မီ သူ လုပ်ရမည့် အရာတစ်ခု ရှိသေးပေသည်။

ဤကိစ္စကို သူ နားမလည်နိုင် ဖြစ်နေသည်မှာ နေ့တစ်ဝက်ခန့် ရှိပြီဖြစ်၏။

သူသည် 'သွေးလှံ'၏ အလောင်းအနီးသို့ သွားပြီး ခေါင်းအပေါ်ဘက်သို့ ကြည့်လိုက်လေသည်။

"ဒီခေါင်းပေါ်မှာ လွင့်နေတာက... ဘာကြီးလဲ။"

သူ၏ မူးဝေမှု ပျောက်ကင်းသွားချိန်မှစ၍ 'သွေးလှံ'အလောင်း၏ခေါင်းပေါ်တွင် ထောင့်မှန်စတုဂံပုံ အရာတစ်ခု လွင့်မျောနေသည်ကို တွေ့လိုက်ရလေသည်။

၎င်း၏ ပတ်ပတ်လည်တွင် မှိန်ပြပြ အလင်းရောင်များ ထွက်ပေါ်နေပြီး အတွင်းရှိ အသေးစိတ်ကိုမူ သဲကွဲစွာ မမြင်ရပေ။

သူသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို ရရှိပြီးနောက် ဤသိုင်းလောကတွင် မိုးပျံမြေလျှိုးနိုင်သော သိုင်းသမားများစွာ ရှိသော်လည်း တစ္ဆေ၊ နတ်ဘုရားများနှင့် မပတ်သက်ကြောင်း သိထားလေသည်။

'သွေးလှံ'သည်လည်း ဝိညာဉ်ခန္ဓာခွဲထွက်နိုင်သည့် အဆင့်အထိ တတ်မြောက်ထားခြင်းမရှိသေးရာ သေဆုံးပြီးနောက် ဝိညာဉ် လွတ်မြောက်သွားနိုင်ဖွယ် မရှိပေ။

သို့ဆိုလျှင် ဤအရာသည် အတော်လေးပင် ထူးဆန်းနေပေသည်။

ချူချင်းသည် ခဏမျှ စဉ်းစားပြီးနောက် ခုန်တက်လိုက်လေသည်။

ဤသည်မှာ ပထမဆုံးအကြိမ် ကိုယ်ဖော့သိုင်းသုံးခြင်းဖြစ်သော်လည်း မစိမ်းသက်နေဘဲ သူ၏ ပင်ကိုအသိထဲတွင် ရှိနှင့်ပြီးသား ဖြစ်နေသကဲ့သို့ပင်။

သူ လက်လှမ်းလိုက်သည်နှင့် ထိုအရာသည် လက်ထဲသို့ ရောက်လာ၏။

ချက်ချင်းပင် သူ့မျက်စိရှေ့တွင် စာတစ်ကြောင်း ပေါ်လာလေသည်။

[ လုပ်ကြံသတ်ဖြတ်သူစနစ်ကို အောင်မြင်စွာ ဖွင့်လိုက်ပါပြီ။]

[ 'ကျပန်း သိုင်းပညာ ရတနာသေတ္တာ' တစ်ခု ရရှိပါသည်။]

ချူချင်း ကြောင်သွားပြီး မြေပြင်ပေါ်သို့ အလိုအလျောက် ပြန်ကျလာ၏။

စောစောက လက်ထဲတွင် ဆုပ်ကိုင်ထားသော အရာသည် တိတ်တဆိတ် ပျောက်ကွယ်သွားလေသည်။

သို့သော် သူ့ရှေ့တွင် ဖန်သားပြင်တစ်ခု ပေါ်လာ၏။

[ လုပ်ကြံသတ်ဖြတ်သူစနစ်]

[ ပိုင်ရှင် - ချူချင်း]

[ လက်ရှိတာဝန် - မရှိသေး။]

[ မဖွင့်ရသေးသော သိုင်းပညာ ရတနာသေတ္တာ တစ်ခု ရှိပါသည်။ ဖွင့်မည်လော။]

ချူချင်းသည် ၎င်းကို အကြမ်းဖျင်း ကြည့်ရှုပြီးနောက် ဤစနစ်သည် အံ့ဩလောက်အောင် ရိုးရှင်းနေသည်ကို တွေ့ရလေသည်။

ထို့နောက် များစွာ တွန့်ဆုတ်မနေဘဲ တိုက်ရိုက် ခေါင်းညိတ်လိုက်၏။

"ဖွင့်မယ်..."

[ အောင်မြင်စွာ ဖွင့်လိုက်ပါပြီ။ အဆုံးစွန်သိုင်းပညာ - 'အာဖေး၏ အမြန်ဓား'ကို ရရှိပါသည်။]

ချူချင်း အံ့ဩမဆုံးမီမှာပင် အချက်အလက်များစွာ သူ၏ ဦးနှောက်ထဲသို့ စီးဝင်လာလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်တွင်လည်း ထူးခြားသော ခံစားမှုများ ဖြစ်ပေါ်လာပြီး ခါး၊ ကျော၊ လက်မောင်းနှင့် ခြေထောက်များတွင် ကျင်တက် ကိုက်ခဲလာ၏။

သို့သော် ဤအပြောင်းအလဲသည် လျင်မြန်စွာ ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

ခဏအကြာတွင် အရာအားလုံး ပြန်လည် တည်ငြိမ်သွား၏။

ထိုအချိန်မှာပင် နားနောက်မှ လေတိုးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

ချူချင်း၏ စိတ်ထဲတွင် လှုပ်ရှားသွား၏။

"တော်တော်မြန်တာပဲ..."

ထို့နောက် ပင်ကိုအသိစိတ်အတိုင်း ခြေတစ်လှမ်း လှည့်လိုက်ပြီး လက်ထဲမှ မလွတ်တမ်း ကိုင်ထားသော ဓားရှည်ကို ဝှေ့ယမ်းလိုက်လေသည်။

ဤဓားချက်သည် မလိုအပ်သော လှုပ်ရှားမှုများ၊ အပိုဆာဒါးများ မပါဝင်ပေ။

ရိုးရှင်းစွာပင် တစ်ကွက်တည်းသာဖြစ်၏။

ထိုးဖောက်ခြင်း...။

ဇွပ်...။

မျက်နှာဖုံးစွပ်ထားသော အနက်ရောင်ဝတ် လူတစ်ယောက်မှာ ထိုအသံကို ကြားလိုက်ရလေသည်။

သို့သော် ထိုအသံသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သူမသိလိုက်ပေ။

သူ၏လက်ထဲတွင် ဓားတစ်လက် ရှိသော်လည်း ဆက်လက် ခုတ်ပိုင်းနိုင်ခြင်း မရှိတော့။

အကြောင်းမှာ ထိုမတိုင်မီမှာပင် သူ၏လည်ချောင်းကို ဓားဖြင့် ထုတ်ချင်းဖောက်ခံလိုက်ရသောကြောင့်ပင်။

ဤဓားချက်က အသံထက်ပင် ပို၍ မြန်ဆန်လှပေသည်။

All Chapters