အခန်း ၄
Vol. 1 Ch. 4
အခန်း (၄) - ချူမိသားစု၏ ဒုတိယသခင်လေး
ဤပုဂ္ဂိုလ်ကို မှတ်မိလိုက်သည်နှင့် ချူချင်း သွားကိုက်သလို ခံစားလိုက်ရသည်။
ဤတစ်ခေါက် ပြန်လာလျှင် ချူမိသားစုဝင်များနှင့် မုချ တွေ့ဆုံရမည်ဟု ကြိုတင် ပြင်ဆင်ထားသော်လည်း၊ ထျန်းဝူမြို့ နယ်နိမိတ်ထဲသို့ ခြေမချရသေးခင်မှာပင် ချူဖန်နှင့် တွေ့ဆုံလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ဒီကောင်က ထိုက်ရိဂိုဏ်းမှ 'အမျက်မထွက် သံလက်သီး' ချွေ့ပုနူထံတွင် သိုင်းပညာ သင်ကြားနေသည် မဟုတ်လော။
ကျောင်းပြေးလာတာလား။
မှန်ပေသည်၊ ဒူးခေါင်းဖြင့် စဉ်းစားလျှင်ပင် ဤသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သိနိုင်သည်။
ချွေ့ပုနူသည် 'အမျက်မထွက် သံလက်သီး' ဟု အမည်တွင်သော်လည်း အမှန်တကယ်တွင် အလွန်တရာ စိတ်တိုလွယ်သူ ဖြစ်၏။
တပည့်များ ဆုံးမစကား နားမထောင်ပါက လက်သီးစာ ကျွေးလေ့ရှိသည်။
ချူဖန် ဤနေရာတွင် ရှိနေနိုင်သည်မှာ သေချာပေါက် ခွင့်ပြုချက် ရရှိထားသောကြောင့်သာဖြစ်ပေမည်။ သို့သော် ဤသည်မှာ အလွန်တရာ တိုက်ဆိုင်လွန်းနေသည် မဟုတ်လော။ ကံဆိုးစွာဖြင့် အဘယ်ကြောင့် တွေ့ဆုံမိရသနည်း။
ကံကောင်းသည်မှာ စောစောက တစ်ချက်အကြည့်တွင် တစ်ဖက်လူသည် မိမိကို မမှတ်မိသောကြောင့်၊ အပိုပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
စိတ်ထဲတွင် ဤသို့ တွေးတောနေစဉ်မှာပင် ထိုဂိုဏ်းတူညီမ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
"ဂိုဏ်းတူအစ်ကို ပြောတာ ရှင့်ရဲ့ ညီသုံး ချူချင်းကိုလား.."
"ဟုတ်တယ်.."
ချူဖန်သည် သူမကို လက်ဖက်ရည်ဆိုင်ထဲသို့ ခေါ်ဆောင်သွားပြီး စားပွဲထိုးလေးကို လက်ယက်ခေါ်ကာ၊ ရေနွေးကြမ်းအေး နှစ်ခွက်နှင့် စားစရာ အနည်းငယ် မှာကြားပြီးမှ ဆက်ပြောလိုက်သည်။
"ငါ့ညီလေးက သူ့စိတ်ထဲမှာ သူ့ကိုယ်ပိုင် ရည်မှန်းချက် ရှိတယ်.. အိမ်က ချုပ်ချယ်တာကို မခံချင်ဘဲ သူ့ကိုယ်ပိုင် သူရဲကောင်းလမ်းစဉ်ကို လျှောက်လှမ်းချင်ခဲ့တာ..”
"ငါက ကလေးအတွေးလို့ပဲ ထင်ခဲ့တာပေါ့.. ဒါပေမဲ့ သူ တစ်ခါတည်း ထွက်သွားတာ ဒီလောက် နှစ်တွေ ကြာသွားလိမ့်မယ်လို့တော့ မထင်ခဲ့ဘူး.."
"အဖေနဲ့ အစ်ကိုကြီးတို့ နေရာအနှံ့ စုံစမ်းရှာဖွေခဲ့ပေမဲ့ ဘာသဲလွန်စမှ မရခဲ့ဘူး.. ဒီနှစ်တွေအတွင်း... အဖေ့ရဲ့ ကျန်းမာရေးက တစ်နေ့တခြား ဆိုးရွားလာတယ်.. အစ်ကိုကြီးက ငါ့ကို လျှို့ဝှက်ထားတယ်ဆိုပေမဲ့ ငါ သိပါတယ်.. သူ ညီငယ်လေးကို လွမ်းဆွတ်ပြီး စိတ်သောကတွေ များနေတာလေ..."
မြန်မြန်ဆန်ဆန် ထွက်ခွာသွားရန် ကြံရွယ်ထားသော ချူချင်းသည် ဤစကားကို ကြားသောအခါ လက်ချောင်းထိပ်များ အနည်းငယ် လှုပ်ရှားသွားသည်။
ချူယွန်ဖေး နေမကောင်းဘူးလား။
ထွက်သွားရန် ပြင်လိုက်သော လှုပ်ရှားမှုများလည်း ရပ်တန့်သွားပြီး မူလနေရာသို့ ပြန်လည် ရောက်ရှိသွားသည်။
သူ၏ စိတ်ထဲတွင်လည်း ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။
ချူမိသားစုတွင် ထူးချွန်သူ ညီအစ်ကိုနှစ်ယောက် ရှိသည်။
ချူထျန်းသည် ငယ်စဉ်ကတည်းက လူအများနှင့် ဆက်ဆံရာတွင် ကိုယ်ပိုင်ဟန် ရှိပြီး၊ အရည်အချင်းနှင့် နားလည်နိုင်စွမ်း နှစ်ခုစလုံး ထူးချွန်ပြောင်မြောက်သည်။
ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကြီးမားသော မျှော်လင့်ချက်များ ထားခြင်း ခံခဲ့ရသည်။
ချူဖန်မှာမူ မွေးရာပါ ခွန်အားကြီးမားပြီး၊ ထိုက်ရိဂိုဏ်းသည် နာမည်ကြီးဂိုဏ်းဖြစ်ကာ၊ 'အမျက်မထွက် သံလက်သီး' ချွေ့ပုနူသည် နာမည်ကြီး ဆရာ ဖြစ်သည်။
နာမည်ကြီးဂိုဏ်း၊ နာမည်ကြီးဆရာ။ ထို့အပြင် ပါရမီလည်း ရှိရာ၊ အနာဂတ်သည်လည်း ဖြောင့်ဖြူးနေမည်မှာ သေချာသည်။
ချူချင်း တစ်ယောက်တည်းသာ စာပေရော၊ သိုင်းပညာပါ မထူးချွန်ဘဲ သူ၏တည်ရှိမှုသည် အရေးမပါသကဲ့သို့ ဖြစ်၏။
ယခုအခါ ချူယွန်ဖေးသည် ဤမထူးချွန်သော သားငယ်ကြောင့် စိတ်သောကရောက်ကာ နာမကျန်းဖြစ်ရသည်ဟု ကြားသိရသောအခါ၊ ချူချင်း၏ စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ မလွဲမသွေ ဖြစ်ပေါ်လာသည်။
ထိုဂိုဏ်းတူညီမသည် စကားတစ်ခွန်းမျှ မဆိုဘဲ၊ မျက်လုံးများက ဘာကို စဉ်းစားနေမှန်း မသိ ငေးငိုင်နေသည်။
လူငယ်နှစ်ယောက်သည် တစ်ခဏတာ တိတ်ဆိတ်သွားသည်။
ဤထူးဆန်းသော အခြေအနေမှ ပထမဆုံး လွတ်မြောက်လာသူမှာ ချူချင်း ဖြစ်သည်။
အကြောင်းမှာ မြေကြီးသည် တုန်ခါလာပြီး၊ သူ မော့ကြည့်လိုက်သောအခါ ဖုန်မှုန့်များ ကောင်းကင်တွင် လွင့်ပျံနေပြီး၊ မိုးကြိုးပစ်သကဲ့သို့သော အသံများ ကြားလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း မြင်းစီးသူရဲ အများအပြားသည် သူတို့ ရှေ့သို့ ရောက်ရှိလာသည်။
ခေါင်းဆောင်ဖြစ်သူမှာ ကြောက်မက်ဖွယ် ရုပ်ဆိုးဆိုး မျက်နှာထား၊ မီးသွေးကဲ့သို့ မည်းနက်သော အသားအရေ၊ ထိုးထောင်နေသော ဆံပင်ကြမ်းများနှင့် တစ်ကိုယ်လုံး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"သံမြင်းဓားပြခုနစ်ဦး.."
လက်ဖက်ရည်ဆိုင်ထဲတွင် လက်ဖက်ရည် သောက်နေသူများသည် အများအားဖြင့် အနယ်နယ်အရပ်ရပ်သို့ သွားလာပြီး အမြင်ကျယ်သူများ ဖြစ်ရာ၊ လှုပ်ရှားမှုကို ကြားသည်နှင့် လှည့်ကြည့်ကာ ရောက်လာသူများ၏ လက္ခဏာကို မှတ်မိလိုက်ကြသည်။
ချက်ချင်းပင် လူအများအပြား၏ မျက်နှာများ ဖြူဖျော့သွားသည်။
သံမြင်းဓားပြခုနစ်ဦး၏ နာမည်မှာ မသေးလှပေ။ မူလက သူတို့တွင် 'သံမြင်းဂေဟာ' ဟုခေါ်သော ဂိုဏ်းတစ်ခု ရှိခဲ့ပြီး၊ သိုင်းလောကသားများအတွက် မြင်းများ မွေးမြူပေးခြင်းဖြင့် အသက်မွေးခဲ့သည်။
သို့သော် နောက်ဆုံးတွင် လူတစ်စု၏ ဖြိုခွင်းခြင်းကို ခံရပြီး၊ တစ်ညတည်းဖြင့် 'သံမြင်းဂေဟာ' သည် သိုင်းလောကမှ ပျောက်ကွယ်သွားခဲ့သည်။
လွတ်မြောက်သွားသော လူအနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး၊ ဂေဟာမှ မြင်းကောင်းများကြောင့်သာ အသက်မသေခဲ့ခြင်း ဖြစ်သည်။
'သံမြင်းဂေဟာ' ၏ ချုပ်ထိန်းမှု မရှိတော့သောအခါ၊ ဤလူများသည်လည်း ထင်ရာစိုင်းလာကြပြီး၊ မြင်းများ၏ လျင်မြန်မှုနှင့် မဆိုးလှသောသိုင်းပညာကို အခွင့်ကောင်းယူကာ ပတ်ဝန်းကျင်ရှိ ကျေးရွာများကို လုယက်ဖျက်ဆီးလာကြသည်။
ထျန်းဝူမြို့၏ မြို့သခင် 'ဝူကန်ချီ' သည် ၎င်းတို့အား အရိုးထဲထိ မုန်းတီးကာ 'ထျန်းဝူအစောင့်တပ်'ဖြင့် အကြိမ်ကြိမ် နှိမ်နှင်းခဲ့သော်လည်း သူတို့မှာ အမြဲတစေ လွတ်မြောက်နိုင်ခဲ့ပြီး သူတို့အား ပို၍ပင် အရဲတင်းစေခဲ့သည်။
သူတို့တွင် တောင်ကုန်းစခန်း၊ စခန်းချရာ နေရာမရှိဘဲ လျင်မြန်စွာ ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားလေ့ရှိပြီး မည်သည့် ခြေရာလက်ရာမှ မကျန်ရစ်ပေ။
သိုင်းလောကတွင် သွားလာ ကုန်သွယ်သူများမှာ ၎င်းတို့နှင့် တွေ့ဆုံပါက ကံဆိုးသည်ဟုသာ မိမိကိုယ်ကို မှတ်ယူရလေ့ရှိသည်။
လက်ဖက်ရည်ဆိုင်ထဲမှ အကင်းပါးသော သူအချို့သည် ချက်ချင်းပင် စဉ်းစားမနေဘဲ ပြတင်းပေါက်မှ ခုန်ထွက်ကာ ထွက်ပြေးရန် ကြိုးစားကြသည်။
၎င်းတို့၏ မြင်းလှည်းအနီးသို့ ရောက်ရှိခါနီးတွင်၊ လေထဲမှ အသံတစ်ချက်က မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်ကို ကြားလိုက်ရသည်။
ထို့နောက် ရွှပ် ဟူသော အသံတစ်ချက် ထွက်ပေါ်လာပြီး၊ ထိုလူသည် ချက်ချင်းပင် နှစ်ပိုင်း ပြတ်သွားသည်။ တစ်ချိန်တည်းမှာပင် ဝုန်းကနဲ အသံတစ်ချက် ကြားလိုက်ရပြီး၊ ပုဆိန်ကြီးတစ်လက်သည် မြင်းလှည်းပေါ်သို့ ကျရောက်လာကာ မြင်းလှည်းတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။
"သံမြင်းခုနစ်ဖော် အလုပ်လုပ်နေတယ်.. အားလုံး ငြိမ်ငြိမ်နေကြ... ကိစ္စကြီး ပြီးသွားမှ မင်းတို့ကို လာ ရှင်းမယ်..."
ကြမ်းတမ်းသော အသံတစ်သံသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ထွက်ပေါ်လာပြီး၊ လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။
လက်ဖက်ရည်ဆိုင်ထဲတွင် သိုင်းပညာရှင်များလည်း ရှိရာ၊ ဓားဆွဲထုတ်ရန် ကြံရွယ်သော်လည်း ဘေးမှ လူများက တားဆီးထားပြီး အခြေအနေကို အရင် စောင့်ကြည့်စေသည်။
ထိုအသံက ဆက်လက် ပြောလိုက်သည်။
"ဘယ်သူက ချူဖန်လဲ.."
ချူချင်းသည် ဤစကားကို ကြားသောအခါ ကြောင်သွားသည်။
သူ့ကို ဦးတည်လာခြင်းလား…။
သို့သော် သူ ချက်ချင်း လှည့်ကြည့်၍ မဖြစ်ပေ။ သို့မဟုတ်ပါက ချူဖန်သည် 'ဤသူဖုန်းစားက ငါ့နာမည်ကို ဘယ်လို သိသလဲ' ဟု တွေးမိပြီး ပေါ်သွားလိမ့်မည်။
"ထိုက်ရိဂိုဏ်းက ချူဖန် ဒီမှာ ရှိတယ်..."
ချူဖန်သည်လည်း တွန့်ဆုတ်မနေဘဲ စားပွဲကို ရိုက်ကာ တစ်ပတ်ကျွမ်းပစ်၍ လက်ဖက်ရည်ဆိုင် အပြင်ဘက်သို့ ရောက်ရှိသွားသည်။
သူ၏ မျက်နှာမှာ သံမဏိကဲ့သို့ တင်းမာနေကာ ဒေါသများ ပြည့်နှက်နေသည်။ သို့သော် ချူချင်းကို တစ်ချက် ကြည့်ပြီးနောက် လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။
"လက်ဖက်ရည်ဆိုင်ထဲ ဝင်ပုန်းနေ.."
ချူချင်းသည် ခေါင်းကို တဆက်ဆက် ညိတ်ပြီး တလိမ့်ခေါက်ကွေးဖြင့် လက်ဖက်ရည်ဆိုင်ထဲသို့ ပြေးဝင်သွားသည်။
လက်တစ်ဖက်က တုတ်တံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး၊ နောက်တစ်ဖက်က ပဲ့နေသော ပန်းကန်ကို ကိုင်ထားသည်။ ပန်းကန်ထဲမှ ငွေများမှာမူ ရင်ဘတ်ထဲသို့ ကြာမြင့်စွာကတည်းက ထည့်သွင်းထားပြီး ဖြစ်သည်။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ချူဖန်၏ ဂိုဏ်းတူ ညီမသည် ထိုနေရာတွင် လက်ဖက်ရည် သောက်လျက် ထိုင်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
သူ၏ စိတ်ထဲတွင် တစ်ခဏတာ ဆွံ့အသွားမိသည်။
‘သံမြင်းဓားပြခုနစ်ဦး တံခါးဝအထိ ရောက်လာပြီလေ.. မင်းရဲ့ ဂိုဏ်းတူအစ်ကိုက တစ်ယောက်တည်း ရန်သူကို ထွက်ရင်ဆိုင်နေရတာ.. မင်းကတော့ တော်တော် စိတ်အေးလက်အေး ရှိတာပဲ.. ဒီမှာ ထိုင်ပြီး လက်ဖက်ရည် သောက်နေတုန်းလားဟ’
သို့သော် သူမ၏ ပုံစံကို ကြည့်ရသည်မှာ တစ်ခုခုကို အားကိုး ယုံကြည်ထားပုံရသည်။
ချူချင်းသည် ပြတင်းပေါက်အောက်တွင် ပုန်းကွယ်ပြီး အပြင်သို့ ချောင်းကြည့်လိုက်သည်။ ထိုအချိန်တွင် သံမြင်းဓားပြခုနစ်ဦးသည် ရှေ့သို့ ရောက်ရှိလာပြီး၊ မြင်းများသည် ချူဖန်ကို ပတ်၍ နှစ်ပတ် လှည့်လိုက်သည်။
ခေါင်းဆောင်ဖြစ်သူက အေးစက်စွာ ရယ်မောလိုက်ပြီး "မင်းက ချူဖန်လား.. ငါ့ညီ ခုနစ်ကို မင်း သတ်လိုက်တာလား..."
ချူချင်းသည် ဤစကားကို ကြားမှ ချက်ချင်း သဘောပေါက်သွားသည်။
မူလက သံမြင်းဓားပြခုနစ်ဦးဟု ဆိုသော်လည်း ဤနေရာတွင် ခြောက်ယောက်သာ ရှိနေခြင်းကို အံ့ဩနေခဲ့သည်။
အစကတည်းက ညီခုနစ်သည် ချူဖန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်၏။
"သံမြင်းဓားပြခုနစ်ဦးက လက်စားချေဖို့ လာတာကိုး..."
"ထျန်းဝူမြို့ ချူမိသားစုရဲ့ ဒုတိယသခင်လေးက တော်သားပဲ..."
"သံမြင်းဓားပြခုနစ်ဦး ဘာလို့ တကူးတက လာသတ်လဲဆိုတာ မဆန်းတော့ဘူး.. သံမြင်းဓားပြခုနစ်ဦးထဲက ညီခုနစ်.. သိပ်မကြာခင် 'ယန့်ကွမ်းတောင်ကြား'မှာ အလုပ်လုပ်နေတုန်း.. သူရဲကောင်းတစ်ယောက် ဖြတ်သွားပြီး မတော်မတရားတာ တွေ့လို့ ဝင်ကူညီရင်း အဲ့ဒီ ညီခုနစ်ရဲ့ ခေါင်းကို လက်သီးတစ်ချက်တည်းနဲ့ ထုခွဲလိုက်တယ်လို့ ကြားတယ်.."
"အမျက်မထွက် သံလက်သီးရဲ့ တပည့်ပီသပါပေတယ်.."
ပတ်ဝန်းကျင်မှ လူများသည် မည်သည့်နေရာမှ သတင်း ရရှိထားသည်မသိ၊ အသီးသီး ဆွေးနွေးနေကြသည်။
ချူချင်းသည်မူ တိတ်တဆိတ် ပြုံးလိုက်သည်။
ချူဖန်သည် မွေးရာပါ ခွန်အားကြီးမားပြီး ထိုက်ရိဂိုဏ်းတွင် 'ထိုက်ရိ တန်ခိုးလက်သီး' ကို သင်ယူထားရာ၊ သူ၏ လက်သီး၏ အစွမ်းသည် သာမန်နှင့် မတူသည်မှာ သေချာသည်။
လက်ဖက်ရည်ဆိုင်ထဲမှ လူများ ဆွေးနွေးနေကြစဉ်မှာပင် ချူဖန်သည် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်.. ကျုပ်ကိုယ်တိုင် လုပ်ခဲ့တာပဲ.."
"သတ္တိရှိလှချည်လား.."
သံမြင်းဓားပြခုနစ်ဦး၏ ခေါင်းဆောင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
ထို့နောက် ဝှစ်.. ဝှစ်.. ဝှစ် ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ ချူဖန်ကို ဝန်းရံထားသော သံမြင်းခုနစ်ဖော် အဖွဲ့ဝင်များ လှုပ်ရှားလာကြသည်။ သူတို့သည် ချိတ်များ လွှဲပစ်ကာ ချူဖန်၏ ခြေလက်များကို ဦးတည် တိုက်ခိုက်လာသည်။
ချူဖန်သည် ခုခံရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မော့ကြည့်လိုက်သည်။ ခေါင်းဆောင်ဖြစ်သူသည် ပုဆိန်ကို လက်ထဲတွင် ကိုင်ထားပြီး၊ မမြင်နိုင်သော စွမ်းအင်တစ်ခုက သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်ကို တွေ့လိုက်ရသည်။
အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မိုးကြိုးပစ်သကဲ့သို့သော တိုက်ခိုက်မှု ကျရောက်လာမည် ဖြစ်သည်။
ဤသို့သော အခြေအနေတွင်၊ မူလက ချူဖန်အပေါ် ယုံကြည်မှု ရှိခဲ့သော ချူချင်းပင် မျက်မှောင်ကြုတ်သွားမိသည်။
ထိုအချိန်မှာပင် လက်ဖက်ရည်ခွက်တစ်ခွက် သူ၏ ရှေ့သို့ ရောက်လာသည်။
ချူချင်းသည် အလိုအလျောက် လှမ်းယူမိမလို ဖြစ်သွားသော်လည်း၊ ရုတ်တရက် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိပြီး ချက်ချင်းပင် ကြောက်လန့်တကြား ဟန်ဆောင်လိုက်သည်။
"အား..."
ရုတ်တရက် ပေါ်လာသော လက်ဖက်ရည်ခွက်ကြောင့် လန့်သွားသကဲ့သို့ သူ မြေကြီးပေါ်သို့ ဖင်ထိုင်လျက် ကျသွားသည်။
မော့ကြည့်လိုက်သောအခါ ချူဖန်နှင့်အတူ လိုက်လာသော မိန်းကလေးသည် မည်သည့်အချိန်ကတည်းက သူ၏ရှေ့တွင် ဒူးတုပ်ထိုင်နေသည်ကိုမသိ တွေ့လိုက်ရချေသည်။