အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) - တာဝန်
ဤလောကဝယ် ဥပဒေဟူ၍ မရှိချေ။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က ကျန်းဟူလောကနှင့် နန်းတွင်းအကြား ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ဖူး၏။
အစပိုင်းတွင် တာ့ချန်အင်ပါယာက အသာစီးရခဲ့ပြီး ကျန်းဟူလောကမှ အခြေအနေမလှသော သိုင်းသမားများကို ဖိနှိပ်ခြေမှုန်းနိုင်ခဲ့သည်။ တစ်ပြည်လုံးရှိ ကျန်းဟူလောကတစ်ခုလုံးကို မြင်းခွာသံများဖြင့် နင်းချေတော့မည့် အလားအလာရှိခဲ့ဖူး၏။
သို့သော် နောက်ပိုင်းတွင် မည်သို့ပြောင်းလဲသွားသည်ကို မည်သူမျှ မသိလိုက်ချေ။ တစ်ညတာအတွင်း၌ပင် ထိုထူးချွန်ထက်မြက်သော သိုင်းပညာရှင်များသည် တာ့ချန်နန်းတော်အတွင်းသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်ကြလေသည်။
ထိုတိုက်ပွဲသည် ကောင်းကင်နှင့် မြေကြီး ပျက်စီးမတတ် ပြင်းထန်လှ၏။ နန်းတွင်းအဆောက်အအုံများ ပြိုလဲပျက်စီးခဲ့ရပြီး စစ်ကူတပ်မတော်မှာလည်း အချိန်မီ ပြန်မရောက်နိုင်ခဲ့ချေ။ နန်းတွင်းကိုယ်ရံတော် အမြောက်အများ သေကျေပျက်စီးခဲ့ကြပြီး တာ့ချန်နန်းတော်တစ်ခုလုံး သွေးချောင်းစီးခဲ့ရလေသည်။
ထိုစဉ်က တာ့ချန်ဧကရာဇ်ပင်လျှင် ကျန်းဟူသိုင်းပညာရှင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နန်းတော်ရှေ့တွင်ပင် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။
၎င်းသည် အခြေအနေတစ်ခုလုံးကို အပေါ်အောက် ပြောင်းပြန်လှန်လိုက်နိုင်ခြင်းပင် ဖြစ်သည်။
ထိုတိုက်ပွဲပြီးနောက် တာ့ချန်မင်းဆက်သည် လုံးဝနလန်မထူနိုင်တော့သည်အထိ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့လေသည်။
ကျန်းဟူလောကတွင်မူ သူရဲကောင်းများ အပြိုင်အဆိုင် ပေါ်ထွန်းလာပြီး နယ်မြေအသီးသီးကို သိမ်းပိုက်ကာ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်လာကြ၏။
ဤသို့ဖြင့် သွေးစွန်းသော ကျန်းဟူလောက၏ နှစ်ပေါင်းသုံးရာ သမိုင်းသစ်ကို စတင်ဖွင့်လှစ်ခဲ့လေသည်။
အစောပိုင်းနှစ်များ၏ အခြေအနေမှာ အလွန်အမင်း ဆိုးရွားလှ၏။ လောက၏ အခင်းအကျင်းမှာ အသစ်ပြန်လည် စတင်ခဲ့ရပြီး ကျန်းဟူလောကအတွင်း ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားကာ နေရာတိုင်းတွင် သွေးထွက်သံယိုမှုများကို တွေ့မြင်ခဲ့ရလေသည်။
ယနေ့တိုင်အောင်ပင် ကျန်းဟူလောကသည် ဖရိုဖရဲဖြစ်နေသော ခေတ်ပျက်ကြီးအတွင်း၌သာ ရှိနေဆဲဖြစ်၏။
ဤခေတ်မျိုးတွင် လူ့အသက်သည် ခွေးတစ်ကောင်ထက်ပင် တန်ဖိုးနည်းလှပေသည်။
သူတို့၏ ရင်းနှီးသော ဆွေမျိုးသားချင်းများမှလွဲ၍၊ နိမ့်ပါးလှသော လက်ဖက်ရည်ဆိုင် အလုပ်သမားလေး တစ်ယောက်၏အသက်အတွက် မည်သူကမျှ နောက်လှည့်ကြည့်ကာ ဂရုစိုက်မည်မဟုတ်ချေ။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် ဝမ်းနည်းပူဆွေးမှုများ ကုန်ဆုံးသွားဟန်ရှိပြီး သူ၏မျက်ဝန်းများထဲတွင် တစ်သက်တာ၌ တွေ့ရခဲသော အေးစက်ခက်ထန်သည့် အရှိန်အဝါများ ပေါ်ထွက်လာလေသည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး အလောင်းတစ်လောင်း၏ ရှေ့သို့ လျှောက်သွား၏။
သူသည် အံကိုကြိတ်ကာ အလောင်း၏လက်ထဲမှ ဓားကို လုယူလိုက်ပြီးနောက် သံမြင်းဓားပြခုနစ်ယောက် ထွက်ခွာသွားသော ဘက်သို့ လိုက်ရန် ပြင်လိုက်လေသည်။
ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးချိန်တွင် ရှတတအသံတစ်ခုက သူ၏နောက်ကျောဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာ၏။
"လက်စားချေချင်လား။"
"ဘယ်သူလဲ။"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် ထိုအသံကြောင့် လန့်ဖျပ်သွားပြီး သံမြင်းဓားပြခုနစ်ယောက် ပြန်လာသည်ဟု ထင်မှတ်ကာ လှည့်၍ ဓားဖြင့် ရမ်းသန်းခုတ်လိုက်လေသည်။
သို့သော် သူ၏နောက်ကျောဘက်တွင် မည်သူမျှ မရှိချေ။ လူမပြောနှင့် အရိပ်တစ်ခုပင် မြင်တွေ့ရခြင်း မရှိပေ။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ မှင်တက်သွားပြီး မိမိနားကြားမှားသည်ဟု ထင်မှတ်လိုက်၏။ သို့သော် နောက်တစ်ခဏအကြာတွင် ထိုအသံက သူ၏နားထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။
"မင်းက သိုင်းပညာမတတ်ဘူး။ ဒီလိုသွားတာက သူတို့ကို ရှာမတွေ့ရင်တော့ ထားဦး။ တကယ်လို့ ရှာတွေ့ခဲ့ရင်လည်း အလကား သေရုံပဲရှိမှာ။"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ စကားပြောနေသူမှာ ကျန်းဟူလောကမှ လူတစ်ယောက်ဖြစ်ကြောင်း နားလည်လိုက်၏။
ထိုသူသည် သံမြင်းဓားပြခုနစ်ယောက်ထဲမှ တစ်ယောက် မဟုတ်သည်မှာ သေချာပေသည်။ သို့မဟုတ်ပါက သူသည် အခုချိန်တွင် အလောင်းတစ်ခု ဖြစ်နေလောက်ပြီပင်။
ထို့ကြောင့် သူသည် ဓားကို 'ချွမ်း' ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ လွှတ်ချလိုက်လေသည်။
စကားပြောသူမှာ မည်သည့်နေရာတွင် ရှိနေသည်ကို သူမသိသဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကာ အော်ဟစ်ပြောဆိုလိုက်၏။
"အရှင်... ဟူကျိက သိပ်ကို မတရားသေခဲ့ရတာပါ။ ကျုပ်မှာ တစ်သက်လုံး မိန်းမလည်းမရှိ၊ သားသမီးလည်း မရှိခဲ့ပါဘူး။ ဒီတူလေးတစ်ယောက်ကိုပဲ ကိုယ့်သားအရင်းလို သဘောထားပြီး ငယ်ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့တာပါ။”
“အခုတော့... အခုတော့ သူသေသွားပြီ။ သူ့အမေလည်း ဆက်ပြီး အသက်ရှင်နိုင်မယ် မထင်ဘူး။ ကျုပ်က အရည်အချင်းမရှိမှန်း သိပါတယ်။ အရှင်... ကျေးဇူးပြုပြီး ကူညီပေးပါဦး။"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် စကားပြောနေသူမှာ မည်သူမှန်း မသိသော်လည်း ထိုသူက စကားစတင်ပြောဆိုကတည်းက ဤကိစ္စကို ဝင်ရောက်ကူညီချင်စိတ် ရှိကောင်းရှိနိုင်သည်ဟု ယူဆလိုက်၏။
မျှော်လင့်ချက် အနည်းငယ်သာ ရှိသော်လည်း သူ၏တူလေးကို စိတ်ချစေချင်သည်။
သို့သော် စကားပြောပြီးနောက် အခြေအနေမှာ ရေထဲသို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ တိတ်ဆိတ်သွား၏။
ခေတ္တကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။
ဆိုင်ပိုင်ရှင်၏ နှလုံးသားမှာ တဖြည်းဖြည်း အားငယ်စပြုလာပြီး ထိုသူ ထွက်သွားပြီဟု ထင်မှတ်လိုက်ချိန်တွင် အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"မင်းပြောတာ တစ်ခုမှားနေတယ်။"
"ကျုပ်... ကျုပ် ဘာမှားသွားလို့လဲခင်ဗျာ။"
ဆိုင်ပိုင်ရှင်မှာ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
"ငါက သူရဲကောင်းမဟုတ်ဘူး။ လူသတ်ရင် အဖိုးအခ ယူတယ်။"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ချက်ချင်းပင် ပြောလိုက်လေသည်။
"ကျုပ်မှာရှိသမျှ အကုန်ပေးပါ့မယ်။ အရှင်ခိုင်းသမျှ အစေခံတစ်ယောက်လို လုပ်ပေးနိုင်ပါတယ်ဗျာ။"
"မင်းပြောတဲ့စကားကို မှတ်ထားလိုက်။"
ထိုအသံသည် ရုတ်တရက် အေးစက်သွားသဖြင့် ဆိုင်ပိုင်ရှင်မှာ ရင်ထဲတွင် တင်းကျပ်သွားရ၏။ ထို့နောက်တွင်မူ မည်သည့်အသံမျှ ထပ်မထွက်လာတော့ချေ။
အတန်ကြာပြီးနောက်မှ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုသော်လည်း မည်သည့်အရာကိုမျှ မတွေ့ရပေ။
သို့သော် ဤဖြစ်ရပ်ကြောင့် သူသည် စိတ်အေးသွားရလေသည်။
သူသည် အလုပ်သမားလေး၏ အလောင်းကို ပြန်ကြည့်လိုက်ပြီး ဝမ်းနည်းပူဆွေးစွာဖြင့် အလောင်းကို ပွေ့ချီလိုက်၏။
"ဟူကျိ... ကြားလား။ မင်းအတွက်... မင်းအတွက် လက်စားချေပေးမဲ့သူ ရှိသွားပြီ။ မင်း ခဏလောက် စောင့်ဦး... ခဏလေးပဲ စောင့်ပါ။"
...
[ တာဝန် - သံမြင်းဓားပြခုနစ်ဖော်အား လုပ်ကြံသတ်ဖြတ်ရန် (သုံးဦးကျန်)]
ချူချင်းသည် သူ၏ခြေရာလက်ရာများကို ဖျောက်ဖျက်ကာ တောအုပ်အတွင်း ပြေးလွှားရင်း စနစ်၏မျက်နှာပြင်ကို ကြည့်လိုက်၏။
ခုနက လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် စကားပြောခဲ့သူမှာ သူပင် ဖြစ်လေသည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို ဆက်ခံထားသဖြင့် ဤလောကတွင် လူ့အသက်မှာ မြက်ပင်တစ်ပင်ကဲ့သို့ တန်ဖိုးမဲ့လှကြောင်း ချူချင်း ကောင်းကောင်းနားလည်၏။
အလုပ်သမားလေး တစ်ယောက်အတွက်နှင့် ဤမျှအထိ အားစိုက်ထုတ်ရန် မထိုက်တန်ဟု ထင်ရသော်လည်း ချူချင်းတွင် ဤကိစ္စကို လုပ်ဆောင်ရမည့် အကြောင်းပြချက်များ ရှိနေပေသည်။
သူသည် လုပ်ကြံသတ်ဖြတ်သူ စနစ်ကို ရရှိထားသဖြင့် ပစ်မှတ်များကို သတ်ဖြတ်ခြင်း မပြုဘဲ မည်သို့ သန်မာလာနိုင်မည်နည်း။
သန်မာမလာပါက နျဲ့ကျင့်ထိုင်၏ အဆုံးမရှိသော လိုက်လံသတ်ဖြတ်မှုများကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
လောလောဆယ်တွင် အေးချမ်းနေသည်ဟု ထင်ရသော်လည်း ၎င်းမှာ ယာယီသာ ဖြစ်၏။
သူနှင့် နျဲ့ကျင့်ထိုင်တို့ကြားတွင် တစ်ဖက်ဖက်က မသေမချင်း ဤဇာတ်လမ်းသည် မည်သည့်အခါမျှ အဆုံးသတ်လိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို လုံးဝလက်လွှတ်၍ မဖြစ်ပေ။
ထို့ပြင် ချူဖန်နှင့် သံမြင်းဓားပြခုနစ်ယောက်တို့အကြားရှိ ရန်ငြိုးမှာလည်း အကြောင်းပြချက်တစ်ခု ဖြစ်၏။ ချူချင်းအနေဖြင့် သူ၏အစ်ကိုလတ်အပေါ်တွင် အလွန်အမင်း သံယောဇဉ်ကြီးမားနေ၍ မဟုတ်ချေ။
အဓိကမှာ ထိုလူ၏ သိုင်းပညာက မြင့်မားလှသည်။ သူသည် မွေးရာပါ ခွန်အားကြီးမားသူဖြစ်ပြီး နာမည်ကျော်ဂိုဏ်းကြီးတွင် ပညာသင်ကြားခဲ့သူ ဖြစ်ရာ သူ၏အရည်အချင်းကို ယခင်တိုက်ပွဲတွင် တွေ့မြင်ခဲ့ရပြီးသား ဖြစ်၏။
သံမြင်းဓားပြခုနစ်ယောက်၏ ခေါင်းဆောင်မှာ သူ၏လိုက်လံသတ်ဖြတ်မှုကို ခံနေရသဖြင့် အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးလှပေသည်။
၎င်းသည် သူကိုယ်တိုင် လက်စဖျောက်ရန် မလိုဘဲ ပစ်မှတ်၏ သုံးပုံတစ်ပုံမှာ လျော့နည်းသွားမည်ဟု ဆိုလိုခြင်းပင်။
ဤကဲ့သို့သော တာဝန်မျိုးကို လက်ခံခြင်းသည် လုံးဝအကျိုးရှိလှပေသည်။
လျစ်လျူရှုထားရန် အကြောင်းပြချက် မရှိချေ။
ခြေရာခံခြင်းမှာ လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ အခြေခံအရည်အချင်းတစ်ခု ဖြစ်၏။
နျဲ့ကျင့်ထိုင်တွင် တစ်နှစ်နီးပါး ကျင်လည်ခဲ့သော ချူချင်းအတွက် ဤအတတ်ပညာမှာ ကျွမ်းကျင်ပြီးသား ဖြစ်လေသည်။
ထို့ပြင် သူ ခန့်မှန်းရသလောက် သံမြင်းဓားပြခုနစ်ယောက်၏ ခေါင်းဆောင်မှလွဲ၍ ကျန်ရှိနေသော နှစ်ယောက်မှာ အဝေးကြီးသို့ ရောက်ဦးမည်မဟုတ်ချေ။
ချူဖန်သည် အဓိကရန်သူကိုသာ အာရုံစိုက်နေသဖြင့် သူတို့၏ ပစ်မှတ်မှာ ထိုနှစ်ယောက် မဟုတ်ပေ။ ချူဖန်၏ မျက်စိအောက်မှ လွတ်ကင်းသွားသည်နှင့် သူတို့သည် သတိလက်လွတ် ဖြစ်သွားကြမည်မှာ သေချာ၏။
ချူချင်း ထင်မြင်သည့်အတိုင်းပင် လမ်းတစ်လျှောက် သုံးမိုင်ခန့် ခြေရာခံလိုက်ပြီးနောက် မြင်းခွာသံကို ကြားလိုက်ရလေသည်။
မြင်းစီးအရှိန်မှာ မမြန်သည့်အပြင် နောက်သို့ ပြန်လှည့်လိုသော အရိပ်အယောင်များလည်း ရှိနေ၏။ ၎င်းမှာ ချူချင်း၏ ထင်မြင်ချက်ထက်ပင် ပို၍ စောနေသေးသည်။
မြင်းသွားရာ လမ်းကြောင်းကို မှန်းစပြီးနောက် ချူချင်းသည် လမ်းကြောင်းကို အနည်းငယ် လွှဲလိုက်ကာ ကျဉ်းမြောင်းသော လမ်းကလေးတစ်ခုသို့ လျင်မြန်စွာ ရောက်ရှိသွား၏။
မော့ကြည့်လိုက်ရာ မြင်းစီးလာသူမှာ သူ၏ရှေ့မှောက်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။ မြင်းပေါ်တွင် ထိုင်နေသူမှာ သံမြင်းဓားပြခုနစ်ယောက်ထဲမှ တစ်ယောက်ပင် ဖြစ်၏။
ရုတ်တရက် ပေါ်လာသော သူတောင်းစားကို မြင်သောအခါ ထိုဓားပြကြီးမှာ မှင်တက်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"စောက်သူတောင်းစား... သေချင်နေတာလား။"
စကားအဆုံးတွင် သူသည် မြင်းကို ရပ်တန့်လိုက်ခြင်း မရှိဘဲ ပို၍ အရှိန်မြှင့်ကာ ရှေ့သို့ တိုးလာ၏။
ထိုမသိတတ်သော သူတောင်းစားကို မြင်းခွာဖြင့် နင်းချေသတ်ဖြတ်ရန် ရည်ရွယ်ထားခြင်းပင်။
ချူချင်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ လက်ကို အနည်းငယ် မြှောက်လိုက်ရာ လက်ထဲမှ ဝါးတုတ်မှာ လွင့်ပျံသွား၏။ သူသည် လက်ဖြင့် လှမ်းဖမ်းလိုက်ရာ 'ဘန်း' ဟူသော အသံနှင့်အတူ ဝါးတုတ်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေသည်။
ရွှစ်...
ကွဲအက်သွားသော ဝါးတုတ်များအတွင်းမှ ဓားအိမ်နှင့်အတူ ဓားတစ်စင်း ထွက်ပေါ်လာပြီး စူးရှသော အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။
၎င်းကို မြင်သောအခါ မြင်းပေါ်မှ လူသည် အခြေအနေမဟန်မှန်း သိလိုက်ပြီး ခါးကြားမှ သံကြိုးကို ထုတ်ကာ ခုခံရန် ပြင်လိုက်လေသည်။
သို့သော် ငွေရောင်အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားပြီးနောက် သွေးများ ပန်းထွက်သွားတော့၏။
ချွမ်း…
ပြတ်တောက်သွားသော လက်တစ်ဖက်နှင့် သံကြိုးမှာ လေထဲသို့ လွင့်စဉ်သွားလေသည်။
ထိုဓားပြကြီးသည် ဤဓား၏ မြန်ဆန်မှုနှင့် ပြတ်သားမှုကို အံ့ဩထိတ်လန့်ချိန်ပင် မရလိုက်မီ ချူချင်း၏ကန်ချက်က ရင်ဘတ်သို့ 'ဘုန်း' ဟူသော အသံနှင့်အတူ ကျရောက်သွား၏။
အရိုးကျိုးသံများနှင့်အတူ သူသည် မြင်းပေါ်မှ မြေပြင်ပေါ်သို့ လွင့်ကျသွားလေတော့သည်။