အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) - ဂရုစိုက်ပါ
ချူချင်း စောင့်ကြည့်နေစဉ်မှာပင် အရပ်ရှည်ရှည်နှင့် မိန်းမက အရပ်ပုပုနှင့် မိန်းမကို လွှဲပစ်လိုက်လေသည်။
ထိုသိုင်းကွက်ကို ချူဖန် ရှောင်လွှဲ၍မရနိုင်တော့သဖြင့် အတင်းသာ ငြိမ်ခံလိုက်ရ၏။
သူ၏ လက်နှစ်ဖက်တွင် သွေးကြောများ ဖောင်းကြွလာပြီး တွေးနေချိန်မရဘဲ ထိုက်ရိနတ်လက်ဝါး သိုင်းကွက်ကို ထုတ်သုံးလိုက်လေသည်။
'ဖုန်း' ဟူသော အသံတစ်ချက် ထွက်ပေါ်လာ၏။
အရပ်ပုပုနှင့် မိန်းမကို ကိုင်ထိန်းထားသည့် အရပ်ရှည်ရှည်နှင့် မိန်းမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်လှုပ်သွားသည်။
ချူဖန်မှာမူ ခြေလေးငါးလှမ်းခန့် ဆုတ်သွားရပြီး မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားလေ၏။
အရပ်ရှည်ရှည်နှင့် မိန်းမက ဟားခနဲ ရယ်မောလိုက်သည်။
"အရှုံးပေးပြီလား။"
ချူဖန်၏ မျက်နှာက ပို၍ မည်းမှောင်သွားပြီး အံကြိတ်ကာ ပြောလိုက်လေသည်။
"နောက်တစ်ခေါက် ထပ်လာခဲ့စမ်း။"
"ကောင်းပြီလေ။"
အရပ်ရှည်ရှည်နှင့် မိန်းမသည် ချူဖန်၏ စကားကို ကြားပြီးနောက် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လာ၏။
"မင်း ငါတို့ကို မနိုင်ရင် ဒူးထောက်ပြီး အစ်ကိုကြီးလို့ ခေါ်ရမယ်။"
ချူဖန်သည် ထိုစကားကို ကြားသောအခါ မျက်နှာပို၍ပျက်သွားသော်လည်း ပြန်လည်မချေပတော့ပေ။
၎င်းကိုကြည့်လျှင် ဤတိုက်ပွဲတွင် အနိုင်ရမည်ဟု သူကိုယ်တိုင်ပင် အပြည့်အဝ ယုံကြည်မှု မရှိကြောင်း သိသာလှ၏။
ချူချင်းက ခေတ္တမျှ စုတ်သပ်၍ အံ့ဩသွားလေသည်။
ချူဖန်သည် မွေးရာပါ ခွန်အားကြီးမားသူဖြစ်ကြောင်း အထူးတလည် ပြောစရာမလိုသကဲ့သို့၊ သူ၏ ဂိုဏ်းမှာလည်း ရိုးရှင်းလှသည်မဟုတ်ပေ။
ထိုဂိုဏ်းကို တည်ထောင်ခဲ့သည့် ဆရာသခင်မှာ သိုင်းလောက၏ မျိုးဆက်တစ်ဆက်တွင် အလွန်ထူးချွန်ထက်မြက်သည့် 'ထိုက်ရိဆရာသခင်' ပင်ဖြစ်၏။
သူ၏ ပင်ကိုယ်ပါရမီမှာ အလွန်ထူးချွန်လွန်းလှသဖြင့် မည်သည့်သိုင်းပညာကိုမဆို သင်ယူတတ်မြောက် ကျွမ်းကျင်လွယ်ကာ တစ်ကွက်ကိုမြင်လျှင် ဆယ်ကွက်ကို နားလည်သဘောပေါက်နိုင်စွမ်း ရှိပေသည်။ သို့ဖြစ်၍ လောကရှိ သိုင်းပညာများမှာ ဤမျှသာဖြစ်ပြီး အလွန်လွယ်ကူလွန်းသည်ဟု သူက ယူဆခဲ့လေသည်။
'ထိုက်ရိ' (အလွန်လွယ်ကူသည်) ဟူသော ဘွဲ့အမည်မှာ ယင်းမှ ဆင်းသက်လာခြင်းပင် ဖြစ်၏။
သူသည် ‘ထိုက်ရိသခင်’ ဟူသော အမည်ဖြင့် သိုင်းလောကတွင် သက်တမ်းတစ်ဝက်ခန့် ကျင်လည်ခဲ့ရာ၊ သူတစ်ပါး၏ သတ်ဖြတ်ခြင်းကို မခံရသည့်အပြင် ထိုက်ရိဂိုဏ်းကိုပါ တည်ထောင်နိုင်ခဲ့သဖြင့် ဤသူ၏ သိုင်းပညာမှာ သာမန်မဟုတ်ကြောင်း သိသာလှပေသည်။
ထိုက်ရိဆရာသခင် ဦးဆောင်သည့် အချိန်ကာလအတွင်း ထိုက်ရိဂိုဏ်းမှာ သိုင်းလောက၏ ထိပ်တန်းနေရာတွင် ရှိခဲ့သည်ဟု ဆိုနိုင်၏။
ထိုက်ရိဆရာသခင် ကွယ်လွန်သွားပြီးနောက် ထိုက်ရိဂိုဏ်းသည် အတိတ်ကလို ခမ်းနားကြီးကျယ်ခြင်း မရှိတော့သော်လည်း နှစ်ပေါင်းသုံးရာကြာ လေမုန်တိုင်းများကြားမှ ကြံ့ကြံ့ခံ ရပ်တည်နိုင်ဆဲ ဖြစ်လေသည်။
ဤသည်မှာ အဓိကအားဖြင့် ထိုက်ရိဆရာသခင် ရေးသားခဲ့သည့် "ပုရိကောင်းကင်စာလိပ်" သုံးအုပ်ကြောင့်ပင် ဖြစ်၏။
ကောလဟာလများအရ ယင်းမှာ လောကကို ကိုင်လှုပ်နိုင်သော အဆုံးစွန် သိုင်းပညာဖြစ်သည်ဟု သိရသည်။
ချူဖန် အသုံးပြုသည့် "ထိုက်ရိနတ်လက်ဝါး" နှင့် "ထိုက်ရိနတ်လက်သီး" တို့မှာ ပုရိကောင်းကင်စာလိပ်အတွင်း "လူသားစာလိပ်" မှ ဆင်းသက်လာခြင်း ဖြစ်လေသည်။
အမှန်တကယ်တော့ လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း "မြေကမ္ဘာစာလိပ်" မှ သိုင်းပညာများကို မည်သူမျှ မမြင်တွေ့ခဲ့ဖူးချေ။
သို့သော် သိုင်းလောကမှ သိုင်းပညာရှင်များအား ထိုက်ရိဂိုဏ်းရှေ့တွင် ရမ်းကားဝံ့ခြင်း မရှိစေရန် "လူသားစာလိပ်" ထဲမှ သိုင်းပညာတစ်ခုတည်းနှင့်ပင် လုံလောက်နေပြီဖြစ်သည်။
ယခုအခါတွင် ဂိုဏ်းမှာ တစ်ထောင့်တစ်နေရာတွင် သီးသန့်တည်ရှိနေပြီး အရင်လို မဟုတ်တော့သော်လည်း မည်သူမျှ ပြဿနာသွားမရှာဝံ့ကြပေ။
ချူဖန်၏ ပါရမီနှင့် အဆုံးစွန် သိုင်းပညာများ ရှိနေပါလျက်နှင့် ထိုမိန်းမနှစ်ယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် အရေးနိမ့်နေရသည်မှာ အမှန်ပင် ထူးဆန်းလှသော ကိစ္စရပ် မဟုတ်ပါလော။
"တစ်တောင်ထက် တစ်တောင်မြင့်တယ်ဆိုတာ အမှန်ပါ့လား။"
ချူချင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
"ချူဖန်ရဲ့ ဂိုဏ်းတူညီမလေးကရော ဘယ်ကို ထွက်သွားတာလဲ။"
စောစောက လက်ဖက်ရည်ဆိုင်ထဲတွင် ထိုမိန်းမသည် သူ့နားသို့ အသံတိတ် ရောက်ရှိလာခဲ့သည်ကို ပြန်တွေးမိပြီး ချူချင်းမှာ သူမကို အထင်မသေးဝံ့တော့ပေ။ အကယ်၍ သူမသာ ရှိနေလျှင် သူ၏ အစ်ကိုလတ်မှာ ဤမိန်းမနှစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ခံရမည်မဟုတ်ဟု ထင်မိလေသည်။
ထိုအခြေအနေမျိုးကို ရင်ဆိုင်ရပါက သူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ပြီး ကျန်နေသေးသည့် သံမြင်းဓားပြခုနစ်ဖော်အဖွဲ့မှ နှစ်ယောက်ကို အောင်မြင်စွာ လုပ်ကြံနိုင်မည်လော။
အနည်းငယ် စောင့်ကြည့်ပြီးနောက် ချူချင်းက ခေါင်းယမ်းလိုက်၏။
"သူတို့က သတိရှိလွန်းနေတယ်။ အခွင့်အရေးတစ်ခုပဲ လိုတာ။ မဟုတ်ရင် ငါ တစ်ယောက်ကို သတ်နိုင်ရင်တောင် ကျန်တဲ့တစ်ယောက်ကို ဆက်သတ်ဖို့ဆိုတာ အခြေအနေတွေ အများကြီး ပြောင်းသွားမှာ"
"ပြီးတော့ ဒီနှစ်ယောက်ပုံကို ကြည့်ရတာ အချိန်မရွေး ထွက်ပြေးဖို့ ပြင်ထားသလိုပဲ။"
သံမြင်းဓားပြခုနစ်ဖော်အဖွဲ့မှ ထိုနှစ်ယောက်သည် ရှေ့တန်းကတိုက်ခိုက်သူများ မဟုတ်ကြဘဲ တိုက်ပွဲအပြင်မှာသာ လှည့်ပတ်နေကြကာ တစ်ခါတစ်ရံ အချင်းချင်း မျက်စပစ်ပြတတ်ပြီး အနည်းငယ် အခြေအနေမဟန်သည်နှင့် လျင်မြန်စွာ ဆုတ်ခွာသွားတတ်ကြသည်။
သူတို့၏ ပုံစံမှာ အချိန်မရွေး ထွက်ပြေးရန် အသင့်ပြင်ထားသည့်ပုံပင် ပေါက်နေ၏။
ချူချင်းက စိတ်ထဲတွင် တွေးတောလိုက်သည်။ တကယ်တမ်းတွင် အခွင့်အရေးရှာရန်မှာ သိပ်မခက်ခဲလှပေ။
သူမြင်သည့်အမြင်အရ လောလောဆယ်တွင် အခွင့်အရေး နှစ်ခု ရှိနေသည်။
ပထမတစ်ခုမှာ သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သော သံမြင်းဓားပြ၏ ခေါင်းပြတ်ကြီးပင်။ အကယ်၍ မြင်းက ၎င်းကို ပြန်သယ်လာခဲ့လျှင် လက်ရှိအခြေအနေကို သေချာပေါက် အနှောင့်အယှက် ဖြစ်စေမည်သာ။
ဒုတိယတစ်ခုမှာ ဘယ်ကိုရောက်နေမှန်းမသိသော ဂိုဏ်းတူညီမလေးမှာလည်း အခွင့်အရေးတစ်ခုပင် ဖြစ်၏။
သူမသာ ထွက်လာပြီး ချူဖန်နှင့်ပူးပေါင်းကာ ထိုမိန်းမနှစ်ယောက်ကို တိုက်ခိုက်ပြီး အခြားအရာများကို အာရုံမစိုက်နိုင်အောင် လုပ်နိုင်လျှင်၊ သူ ဝင်ရောက်လုပ်ကြံပါက အောင်မြင်နိုင်မည်သာ ဖြစ်လေသည်။
အချိန်တွက်ကြည့်လျှင် ထိုမြင်း ပြန်ရောက်လာသင့်ပြီ ဖြစ်၏။
ထင်သည့်အတိုင်းပင် အချိန်သိပ်မကြာလိုက်ပေ။ ချူဖန်နှင့် ထိုမိန်းမနှစ်ယောက် နှစ်ကွက်သုံးကွက်ခန့် တိုက်ခိုက်ပြီးချိန်မှာပင် အဝေးမှ မြင်းခွာသံများ ထွက်ပေါ်လာလေသည်။
သံမြင်းဓားပြ နှစ်ယောက်မှာ ချက်ချင်းပင် တက်ကြွသွားကြ၏။
"ညီငါး ရောက်လာပြီ။"
သူတို့နှစ်ယောက်သည် မြင်းခွာသံလာရာဘက်သို့ ချက်ချင်း လှမ်းကြည့်လိုက်ကြပြီး ချူဖန်ပင်လျှင် ထိုမြင်းခွာသံကြောင့် အာရုံလွင့်သွားရသည်။
အရပ်ရှည်ရှည်နှင့် မိန်းမက ပြုံးရယ်ကာ ပြောလိုက်လေသည်။
"လူတွေ ထပ်ပါလာသေးတာလား။ တကယ့်ကို စိတ်ဝင်စားစရာပဲ။"
ထိုနောက် အရပ်ပုပုနှင့် မိန်းမက ဆက်ပြောလိုက်၏။
"လျှောက်ပြီး ရမ်းမနေနဲ့ဦး။"
"သိပါပြီ။"
သူတို့နှစ်ယောက်၏ အမေးအဖြေကြောင့် ချူချင်းမှာ ချက်ချင်းပင် အံ့အားသင့်သွားရလေသည်။
အချိန်အတော်ကြာသည့်တိုင်အောင် သူမတို့က သံမြင်းဓားပြခုနစ်ယောက် အကြောင်းကို မသိကြသေးဘူးလား။
‘ဒါဆို ဘာလို့ ချူဖန်နဲ့ တိုက်နေကြတာလဲ။’
အစက ချူချင်း ထင်ထားသည်မှာ ထိုမိန်းမနှစ်ယောက်သည် သံမြင်းဓားပြခုနစ်ယောက် ကြိုတင်စီစဉ်ထားသည့် ချုံခိုတိုက်ခိုက်မည့်သူများဟု ထင်မှတ်ခဲ့၏။
ယခုကြည့်ရသည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နေမည်လော။ ချူဖန်တစ်ယောက် ကံမကောင်းစွာဖြင့် အရူးမများနှင့် သွားတွေ့မိတာလား။
ဒါကြောင့် သံမြင်းဓားပြ နှစ်ယောက်က အမြဲတမ်း ထွက်ပြေးချင်နေတဲ့ပုံ ပေါက်နေတာကိုး။ တကယ်တော့ သူတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြတာပဲ။
လူတိုင်း၏ မျှော်လင့်နေသော အကြည့်များအောက်တွင် မြင်းတစ်ကောင်က အနီးသို့ လျင်မြန်စွာ ရောက်ရှိလာသည်ကို မြင်လိုက်ရလေသည်။
မြင်းပေါ်တွင် လူတစ်ယောက် ပါလာ၏၊ မိန်းမတစ်ယောက် ဖြစ်လေသည်။
အသက်သိပ်မကြီးလှဘဲ ချူဖန်နှင့် အဝတ်အစားဆင်တူကာ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိဘဲ တစ်လောကလုံးရှိ လူအားလုံးက သူမကို အကြွေးဆပ်ရန် ရှိနေသည့်အလား အေးစက်စက်ဖြစ်နေလေသည်။
"ဂိုဏ်းတူညီမဝမ်... အစ်ကို့ကို ကူညီပါဦး။"
ချူဖန်သည် မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်းသာလုံးဆို့သွားရ၏။
သူ၏ ဂိုဏ်းတူညီမဝမ်က သံမြင်းဓားပြတို့၏ မြင်းကို မည်သို့မည်ပုံ စီးလာသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အော်ခေါ်လိုက်လေသည်။
ဂိုဏ်းတူညီမဝမ်ကလည်း ထိုစကားကို ကြားသောအခါ မည်သို့မျှ တွန့်ဆုတ်မနေဘဲ ခြေဖျားကို အားပြုကာ ခုန်တက်လိုက်ပြီး သံမြင်းဓားပြများဆီသို့ တစ်စုံတစ်ရာကို အရင်ပစ်ပေါက်လိုက်သည်။
သူမ၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် ကျန်နေသော သံမြင်းဓားပြနှစ်ယောက်မှာ လက်ဗလာဖြင့် မဖမ်းယူဝံ့ကြချေ။
ခေါင်းဆောင်ဖြစ်သူ ဓားပြက သူ၏လက်ထဲရှိ ပုဆိန်ကို မြှောက်ကာ ရုတ်တရက် ခုတ်ချလိုက်သည်ကို မြင်လိုက်ရ၏။
'ရွှပ်' ဟူသော အသံနှင့်အတူ ထိုအရာမှာ နှစ်ပိုင်းပြတ်သွားပြီး အထဲမှ အနီနှင့် အဖြူအရောများ နေရာအနှံ့ ပေကျံသွားလေသည်။
ထိုအချိန်တွင် အခင်းဖြစ်ပွားရာနေရာရှိ လူအချို့မှာ အနည်းငယ် ကြောင်အသွားကြပြီး လှုပ်ရှားမှုများလည်း ရပ်တန့်သွားကြ၏။
ချူဖန်က မသိစိတ်ဖြင့် မေးလိုက်သည်။
"ဂိုဏ်းတူညီမဝမ်... အဲ့ဒါ ဘာကြီးလဲ။"
"လူခေါင်းလေ။"
ဂိုဏ်းတူညီမဝမ်က မည်သည့်ခံစားချက်မှ မရှိသော လေသံဖြင့်သာ ပြန်ဖြေလိုက်၏။
"ဘယ်ကရလာတာလဲ။"
"ကောက်ရလာတာ။"
စကားမှာ တိုတိုနှင့် လိုရင်းသာဖြစ်ပြီး အပိုစကား တစ်ခွန်းမှ မပါပေ။
သူမ ပြောပြီးသည်နှင့် အရပ်ရှည်ရှည်နှင့် မိန်းမက သူမ၏လက်ထဲရှိ အဝတ်စတစ်ခုကို ကိုင်ကာ ဖတ်လိုက်သည်ကို မြင်လိုက်ရသည်။
"သံမြင်းဓားပြခုနစ်ယောက်သည် လူအများအပြားကို သတ်ဖြတ်ခဲ့သဖြင့် သေဒဏ်ပေးထိုက်သည်။ ညဧကရာဇ်... ညဧကရာဇ်ဆိုတာ ဘယ်သူလဲ။"
သူမက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သော်လည်း မည်သူမျှ ပြန်မဖြေနိုင်ကြချေ။
အရပ်ပုပုနှင့် မိန်းမကမူ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
"သံမြင်းဓားပြခုနစ်ယောက်က သေဒဏ်ပေးထိုက်တယ်ပေါ့လေ။"
ထိုစကားထွက်လာသည်နှင့် စောစောက အံ့ဩမှင်တက်နေသော သံမြင်းဓားပြခေါင်းဆောင်က ချူဖန်နှင့် ဂိုဏ်းတူညီမဝမ်တို့ကို ရုတ်တရက် လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"ဟုတ်တယ်... သူတို့က သံမြင်းဓားပြခုနစ်ဖော်အဖွဲ့ကပဲ။"
ချူဖန်မှာ အလွန်ဒေါသထွက်သွား၏။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်သူက သံမြင်းဓားပြလဲ။"
"မင်းတို့ပဲပေါ့။"
ခေါင်းဆောင်ဖြစ်သူ သံမြင်းဓားပြက အကြောင်းပြချက် ခိုင်လုံစွာဖြင့် ပြောလိုက်လေသည်။
"မင်းရဲ့ ဂိုဏ်းတူညီမ စီးလာတဲ့ မြင်းကို ကြည့်လေ။ မင်းတို့က သံမြင်းဓားပြ မဟုတ်ရင် ဘယ်သူဖြစ်မလဲ။ သိုင်းမယ်တော်နှစ်ပါး... ကျွန်တော်တို့ကို ဒီသံမြင်းဓားပြခုနစ်ယောက်က အသေအလဲ လိုက်သတ်နေလို့ ပြေးစရာ မြေတောင် မရှိတော့ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်တင်ပေးကြပါဦး။"
"ကောင်းပြီ ကောင်းပြီ။ ငါက ရန်ဖြစ်ရတာကို အကြိုက်ဆုံးပဲ။ အို... မဟုတ်ဘူး၊ လူကယ်ရတာကို အကြိုက်ဆုံးပဲ။"
"သံမြင်းဓားပြ... ငါ့သိုင်းကွက်ကို မြည်းကြည့်လိုက်"
အရပ်ရှည်ရှည်နှင့် မိန်းမက ချက်ချင်းပင် အော်ဟစ်လိုက်ပြီး ချူဖန်ဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်လေသည်။
ချူဖန်တွင် ပြောစရာ စကားလုံးပေါင်း သောင်းနဲ့ချီ ရှိနေသော်လည်း ဤမိန်းမက အကြောင်းပြချက်ကို နားမထောင်သဖြင့် အလျင်အမြန်ပင် ပြန်လည်ခုခံလိုက်ရ၏။
ထိုဂိုဏ်းတူညီမဝမ်ကမူ ရှင်းပြနိုင်သော်လည်း သူမ၏ စရိုက်မှာ ထူးဆန်းလွန်းသဖြင့် ယင်းကိုမြင်လျှင်ပင် စကားတစ်ခွန်းမှ မပြောဘဲ ချူဖန်နှင့် ပူးပေါင်းကာ ထိုမိန်းမနှစ်ယောက်ကို တိုက်ခိုက်လေတော့သည်။
ကျန်နေသော သံမြင်းဓားပြနှစ်ယောက်မှာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ပြိုင်နက် ခုန်တက်ကာ ထိုမြင်းပေါ်သို့ အထိုင်ကျသွားကြ၏။ ခေါင်းဆောင်ဖြစ်သူ ဓားပြက လေချွန်လိုက်သည်နှင့် မြန်ဆန်သော မြင်းနှစ်ကောင် ချက်ချင်း ပြေးထွက်လာပြီး သူတို့နောက်သို့ လိုက်ကာ အပြင်ဘက်သို့ အပြင်းနှင်သွားကြလေသည်။
သူ၏နှုတ်မှလည်း ပြောရန် မမေ့လျော့ခဲ့ပေ။
"ကျွန်တော်တို့ ညီအစ်ကိုတွေက သိုင်းပညာနိမ့်ကျလို့ သိုင်းမယ်တော်နှစ်ပါးကို မကူညီနိုင်တော့ဘူး။ အဲတာကြောင့် အရင်သွားနှင့်ပါရစေ။ ဂရုစိုက်ကြပါ သိုင်းမယ်တော်တို့။"
ကိစ္စက ဤနေရာအထိ ရောက်လာပြီဖြစ်ရာ အရူးတစ်ယောက်ပင်လျှင် တစ်ခုခု လွဲချော်နေပြီကို သိနိုင်ပေသည်။
သို့သော် ထိုအရပ်ရှည်ရှည်နှင့် မိန်းမမှာ အနည်းငယ်မျှပင် ရိပ်မိခြင်းမရှိဘဲ သူတို့အား လက်ပြနှုတ်ဆက်လိုက်သေး၏။
"ဂရုစိုက်သွားနော်။”