အခန်း ၁၀
Vol. 1 Ch. 10
အခန်း (၁၀) - ရတနာသေတ္တာအား ဖွင့်လှစ်ခြင်း
ချူချင်း ခန့်မှန်းထားသည့်အတိုင်းပင်။ သူ ထွက်သွားပြီး အမွှေးတိုင်တစ်တိုင်စာ အချိန်မတိုင်မီမှာပင် လူရိပ်နှစ်ခုက အပြေးရောက်လာလေသည်။
"ဒီမှာ အလောင်းတွေပါလား။"
ချူဖန်က အရင်ဆုံး ဆင်းသက်လာပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့်အလား ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။
ထိုဂိုဏ်းတူညီမလေးဝမ်သည် စကားတစ်ခွန်းမျှ မဆိုဘဲ သူမ၏လက်ထဲတွင် အဝတ်စတစ်ခုကို ကိုင်ဆောင်ထားလျက် ဘေးတစ်ဖက်တွင် ရပ်နေလေသည်။
ထိုအဝတ်စပေါ်တွင် ရေးသားထားသော 'ညဧကရာဇ်' ဟူသော စာလုံးနှစ်လုံးကို ဝိုးတဝါး မြင်တွေ့နိုင်ပြီး လေထဲတွင် လွင့်လူးနေသည်။
အတန်ကြာပြီးနောက် ချူဖန်မှာ မည်သည်မျှမတွေ့ရသဖြင့် မီးလောင်ကျွမ်းထားသော အလောင်းနှစ်လောင်းကို စိုက်ကြည့်လိုက်လေသည်။
"ဒါကလည်း ညဧကရာဇ်ရဲ့ လက်ချက်ပဲ...။ ဒီလူက တကယ်ကို ဘယ်သူများလဲ...။"
ဂိုဏ်းတူညီမလေးဝမ်သည် ပြန်မဖြေဘဲ အဝတ်စပေါ်ရှိ စာလုံးများကိုသာ စိုက်ကြည့်နေ၏။
၎င်းကိုမြင်သောအခါ ချူဖန်က ခဏစောင့်ဆိုင်းပြီးမှ မေးလိုက်လေသည်။
"ညီမလေးဝမ် တစ်ခုခု ရိပ်မိလို့လား...။"
ဂိုဏ်းတူညီမလေးဝမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ အလေးအနက် ပြောလိုက်၏။
"ဒီလူရဲ့ လက်ရေးက… စုတ်ပြတ်သပ်နေတာပဲ။"
"..."
ချူဖန်မှာ ကြက်သေသေသွားသကဲ့သို့ ဖြစ်သွားပြီးနောက် အသံတိတ် ရယ်မောလိုက်လေသည်။
သူသည် ဤဂိုဏ်းတူညီမလေး၏ စရိုက်ကို အသားကျနေသည်မှာ ကြာပြီဖြစ်၍ အမှုမထားတော့ပေ။
သို့သော်လည်း စောစောက အဖြစ်အပျက်ကို ပြန်တွေးမိသောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင် ဖြစ်သွားရသည်။
"ဟိုအရူးမနှစ်ယောက်က ဘယ်ကရောက်လာမှန်းကို မသိတာ။ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်။ ကံကောင်းလို့ ‘ညဧကရာဇ်’ဆိုတဲ့လူ ဝင်ပါပြီး သံမြင်းဓားပြခုနစ်ယောက်ကို အမြစ်ပြတ် သတ်သွားလို့ပေါ့။ မဟုတ်လို့ သူတို့သာ လွတ်သွားရင် အပြစ်မဲ့တဲ့လူ ဘယ်နှယောက်များ သူတို့ရဲ့ ဒုက္ခပေးတာကို ခံရဦးမလဲ မသိဘူး။"
၎င်းကိုကြားသော် ဂိုဏ်းတူညီမလေးဝမ်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
"သူတို့တွေ အရူးလုပ်ခံလိုက်ရတာ။"
ချူဖန်က ခေါင်းညိတ်လိုက်၏။ ထိုသံမြင်းဓားပြနှစ်ယောက် ထွက်သွားပြီးနောက် သူတို့သည် အချိန်အတန်ကြာ ဆက်လက်တိုက်ခိုက်ခဲ့ကြပြီး၊ နောက်ဆုံးမှ ချူဖန်က ရှင်းပြရန် အခွင့်အရေး ရခဲ့ခြင်းပင်။
အပြန်အလှန်စကားပြောပြီးနောက် ချူဖန်သည် သူ၏ မူလဇစ်မြစ်ကို လျင်မြန်စွာ ရှင်းပြနိုင်ခဲ့လေသည်။
ထိုမိန်းမနှစ်ယောက်သည် ချက်ချင်းပင် လက်စသတ်လိုက်ကြပြီး ရှက်ရွံ့မှုနှင့်အတူ ဒေါသလည်း အလွန်ထွက်သွားကြ၏။ ထိုဓားပြနှစ်ယောက်သည် သူတို့အား လှည့်စားရဲသည့်အတွက် အမှန်ပင် သေဒဏ်နှင့် ထိုက်တန်သည်ဟု ပြောဆိုကြလေသည်။
ယခုတွင် ထိုဓားပြနှစ်ယောက်ကို ခြေရာခံသတ်ဖြတ်ပြီးမှ ချူဖန်ထံ လာရောက်တောင်းပန်မည်ဟု ဆိုကြသည်။
စကားဆုံးသည်နှင့် သူတို့သည် ခုန်ပျံထွက်ခွာသွားကြပြီး မျက်စိတစ်မှိတ်အတွင်း ခြေရာဖျောက်သွားကြလေ၏။
ချူဖန်မှာ ဒေါသထွက်လွန်းသဖြင့် နေရာတွင်ပင် ခုန်ပေါက်မိမတတ် ဖြစ်သွားရ၏။ အကြောင်းမှာ သူတို့ လိုက်သွားသော လမ်းကြောင်းနှင့် ထိုသံမြင်းဓားပြနှစ်ယောက် ထွက်ပြေးသွားသော လမ်းကြောင်းမှာ လုံးဝ တစ်ဖက်စီ ဖြစ်နေသောကြောင့်ပင်။
ထိုလူနှစ်ယောက်သည် တကယ်ပဲ အလွန်တုံးအလွန်းသလား သို့မဟုတ် ရည်ရွယ်ချက် တစ်ခုခုများ ရှိနေသလား ဆိုသည်ကို မသိနိုင်ပေ။
ထို့နောက် သူသည် ဂိုဏ်းတူညီမလေးဝမ်နှင့်အတူ ခြေရာခံ လိုက်လာခဲ့သော်လည်း ခရီးတစ်ဝက်တွင် လူခေါင်းများ ချိတ်ဆွဲထားသော မြင်းနှစ်ကောင်ကို တွေ့လိုက်ရလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် သံမြင်းဓားပြခုနစ်ယောက်လုံး အသတ်ခံလိုက်ရတာက ကောင်းတဲ့ကိစ္စပဲလေ။"
ဤနေရာအရောက်တွင် ချူဖန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ မေးလိုက်၏။
"ဒါနဲ့ ညီမလေးဝမ်... စောစောက သူတို့ကို လိုက်သတ်တဲ့အချိန်တုန်းက ငါလှည့်ကြည့်လိုက်တော့ မင်းကို မတွေ့တော့ဘူး။ ဘယ်ကို ရောက်သွားတာလဲ...။"
ဂိုဏ်းတူညီမလေးဝမ်၏ မျက်နှာပေါ်တွင် မည်သည့် လှုပ်ရှားမှုမျှ မတွေ့ရဘဲ အသံကိုနှိမ့်ကာ ပြန်ဖြေလိုက်လေသည်။
"တောင်ကြားထဲမှာ ပန်းတစ်ပွင့်ကို တွေ့လိုက်လို့။ သိပ်လှတာနဲ့ ပန်းသွားခူးနေတာ။"
"ငါ မေးမိတာကိုက မှားတာ။"
ချူဖန်မှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်မိလေ၏။ တခြားသူတစ်ယောက်သာ ဤစကားကို ပြောမည်ဆိုလျှင် လိမ်ညာခြင်းသာ ဖြစ်ပေမည်။
သို့သော် ဂိုဏ်းတူညီမလေးဝမ်သည် လိမ်ညာမည့်သူမဟုတ်။
သူမသည် ထိုသို့သော ကိစ္စမျိုးကို တကယ် လုပ်နိုင်စွမ်းရှိသည့် လူစားမျိုးဖြစ်၍ အားကိုးမရပေ။ အဆုံးစွန်ထိ အားကိုးမရခြင်းပင်။
သို့သော်လည်း ချူဖန်သည် တကယ်ကို အသားကျနေပြီဖြစ်သည်။ ထိုက်ရိဂိုဏ်းမှ အမျက်မထွက် သံလက်သီး ချွေ့ပုနူ၏ လက်အောက်တွင် အားကိုးမရသူမှာ ဂိုဏ်းတူညီမလေးဝမ် တစ်ယောက်တည်း မဟုတ်ပေ။ အကယ်၍ ဂိုဏ်းတူအစ်ကိုကြီးသာ ဤနေရာတွင် ရှိနေမည်ဆိုလျှင်...။
ဤနေရာအရောက်တွေးမိသောအခါ ချူဖန်သည် ရုတ်တရက် သွားကိုက်ချင်သလို ခံစားလိုက်ရကာ သက်ပြင်းချလိုက်လေသည်။
"ဆရာက သူ့ကိုယ်သူ အမျက်မထွက်ဆိုပြီး နာမည်ပေးထားပေမဲ့ နေ့တိုင်း မင်းတို့ကြောင့် ဒေါသထွက်ပြီး ခုန်ပေါက်နေရတာ အဆန်းတော့မဟုတ်ပါဘူး...။"
...
[ ဖွင့်လှစ်ခြင်း မရှိသေးသော သိုင်းပညာ ရတနာသေတ္တာ တစ်လုံးရှိပါသည်။ ဖွင့်လှစ်မှာလား။]
လူသူကင်းမဲ့သော တောင်ပေါ်ရှိ ဂူတစ်ဂူထဲတွင် ချူချင်းသည် မီးမွှေး၍ အသားကင်နေရင်း စနစ် မျက်နှာပြင်ကို ဖွင့်လိုက်လေသည်။ ထိုအချိန်တွင် ဤအသိပေးချက်က ထွက်ပေါ်လာ၏။
"ဖွင့်မယ်။"
သဘာဝကျစွာပင် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ချူချင်းသည် ဖွင့်လှစ်ရန် ချက်ချင်း ရွေးချယ်လိုက်လေသည်။
ဤဒုတိယမြောက် ရတနာသေတ္တာထဲမှ မည်သည့်အရာများ ထွက်ပေါ်လာမည်ကို သူ အလွန် မျှော်လင့်နေ၏။ အသိပေးချက်ကလည်း ဆက်တိုက် ထွက်ပေါ်လာလေသည်။
[ ဖွင့်လှစ်ခြင်း အောင်မြင်ပါသည်။ ခြေမြန်သိုင်းပညာကို ရရှိပါသည်: ရွှေငန်းသိုင်းပညာ။]
သတင်းအချက်အလက် အမျှင်တန်းများသည် ရေစီးကြောင်းတစ်ခုအလား သူ၏ ဦးနှောက်ထဲသို့ စီးဝင်လာပြီး၊ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် သက်ဆိုင်ရာ ကိုယ်အင်္ဂါအစိတ်အပိုင်းများကလည်း အနည်းငယ် ပူနွေးလာလေသည်။
အတန်ကြာပြီးနောက် အရာအားလုံး ငြိမ်သက်သွား၏။ ချူချင်းသည် သတင်းအချက်အလက်များကို စုစည်းပြီးနောက် စုတ်သပ်လိုက်ကာ အနည်းငယ် နှမြောသလို ခံစားလိုက်ရလေသည်။
"အတွင်းအားသိုင်း မဟုတ်ဘူးပဲ။"
ယခုအချိန်တွင် သူ အမျှော်လင့်ဆုံးအရာမှာ ဤရတနာသေတ္တာထဲမှ ထူးချွန်ပြောင်မြောက်သော အတွင်းအားသိုင်း တစ်ရပ် ထွက်ပေါ်လာရန်ပင်။ သို့ဆိုလျှင် ၎င်းကို အသုံးချ၍ တစ်ဟုန်ထိုး တိုးတက်သွားနိုင်ပြီး မည်သူ့ကိုမျှ ကြောက်ရွံ့နေရန် မလိုတော့ပေ။
ယခု အာဖေး၏ အမြန်ဓားက သူနှင့် အတူရှိနေသဖြင့် တစ်ဦးချင်း တိုက်ခိုက်ရသည့် အခြေအနေမျိုးတွင် တစ်ဖက်လူ၏ အတွင်းအားက မိမိထက် သာလွန်နေလျှင်ပင် တစ်ကွက်တည်းဖြင့် ကိစ္စဖြတ်နိုင်မည်ဟု သူကိုယ်သူ ယုံကြည်ထား၏။ သို့သော် အကယ်၍ ဝိုင်းရံပိတ်ဆို့ခံရလျှင် သို့မဟုတ် တစ်ဖက်လူ၏ အတွင်းအားက မိမိနှင့် မိုးနှင့်မြေလို ကွာခြားနေမည်ဆိုလျှင် သူ အန္တရာယ်ရှိနိုင်ပေသည်။
"အတွင်းအားက အားနည်းချက် ဖြစ်နေတုန်းပဲ...။ ဒါပေမဲ့ ရွှေငန်းသိုင်းပညာဆိုတဲ့ ဒီခြေမြန်သိုင်းကလည်း သာမန်တော့ မဟုတ်ဘူး။ ကျွမ်းကျင်သွားရင် လေပေါ်မှာ ခြေလှမ်းသုံးဆယ့်ခုနစ်လှမ်းအထိ လျှောက်လှမ်းနိုင်တယ်တဲ့။ ငါ့ရဲ့ လက်ရှိ အတွင်းအားနဲ့ ဘယ်လောက်အထိ အလှမ်းဝေးဝေး သွားနိုင်မလဲ ဆိုတာကိုတော့ မသိသေးဘူး။"
စိတ်အာရုံ ရှုပ်ထွေးသွားသည် နှင့်တစ်ပြိုင်နက် သူသည် ပျံသန်းထွက်ခွာလိုက်ရာ တောအုပ်ထဲသို့ တိုးဝင်သွားသည့် ပျံလွှားငယ်လေးတစ်ကောင်အလား လိုဏ်ဂူထဲမှ ခုန်ထွက်သွားလေသည်။
သူ၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ကျဆင်းသွားချိန်တွင် ခြေဖဝါးကို တစ်ချက်ဖိကာ ထပ်မံ၍ လေထဲသို့ ခုန်တက်လိုက်ပြန်၏။ ခြေဖဝါးများကို ဆက်တိုက် ဖိနင်းလျက် လေပေါ်တွင် လျှောက်လှမ်းလိုက်ရာ သုံးကျန်းခန့်အထိ ကျော်ဖြတ်ပြီးနောက်မှ အားကုန်သွားလေသည်။
သို့သော် ဤအချိန်သို့ရောက်သည်နှင့် သူ၏ အတွင်းအားကို ပြောင်းလဲလိုက်ပြီး လေထဲသို့ တစ်ဟုန်ထိုး ခုန်တက်လိုက်ရာ အမြင့် တစ်ကျန်းခန့်သို့ ရောက်ရှိသွားပြီး သစ်ပင်တစ်ပင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။
“‘ရွှေငန်းသိုင်းပညာ’ က ခရီးသွားရင် ပိုမြန်သွားတယ်ရယ်လို့ မရှိပေမဲ့ လေပေါ်မှာ လျှောက်နိုင်တဲ့ ချီစွမ်းအင် လည်ပတ်မှု နည်းစနစ်ကတော့ တကယ်ကို သာမန်ထက် ထူးခြားတယ်။ ဒီခြေမြန်သိုင်းပညာသာ ရှိရင် သွားလာဖြတ်သန်းဖို့ ခက်ခဲတဲ့ နေရာတော်တော်များများကို အလွယ်တကူ ကျော်လွှားသွားနိုင်ပြီ။”
“ငါတို့ မိသားစု မျိုးရိုးစဉ်ဆက် သုံးခဲ့တဲ့ ‘ကြယ်လိုက်လမီ ခြေလှမ်း’ နဲ့ယှဥ်ကြည့်ရရင်တော့ သူ့နေရာနဲ့သူ အားသာချက် ကိုယ်စီရှိတယ်လို့ ပြောလို့ရတယ်။"
သူ၏ ခြေလှမ်းများကို လှည့်လိုက်သည်နှင့် ခန္ဓာကိုယ်မှာ အောက်သို့ ဆင်းသက်သွားပြီး လိုဏ်ဂူထဲသို့ ပြန်လည်ရောက်ရှိသွားလေ၏။
"ဒီခြေမြန်သိုင်းပညာကို သေချာ အသုံးချနိုင်ရင် အရေးကြီးတဲ့ အချိန်တွေမှာ အသက်ကယ်နိုင်တယ်။ အတွင်းအားနဲ့ ပတ်သက်တာကတော့... နောက်တစ်ကြိမ်များ ဖွင့်လို့ရမလားဆိုတာ ကြည့်ရသေးတာပေါ့။"
ထိုသို့တွေးပြီးနောက် သူသည် အသားဆက်ကင်နေလိုက်၏။ ဗိုက်ဝအောင် စားသောက်ပြီးသောအခါ တင်ပျဉ်ခွေထိုင်ကာ ရော့ရွှီကျင့်ကို စတင် ကျင့်ကြံလေသည်။
ဤလဝက်အတွင်း ရော့ရွှီကျင့်ကို ကျင့်ကြံလေလေ၊ ဤအတွင်းအားကျင့်စဉ်၏ သိမ်မွေ့နက်နဲမှုကို သူ ပိုမိုခံစားရလေလေပင်။ ထို့အပြင် သူ၏ ကူးပြောင်းလာမှုက ယခုခန္ဓာကိုယ်အပေါ် အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သလား မသိနိုင်ပေ။
ဤလဝက်အတွင်း သူ၏ ကျင့်ကြံမှုအမြန်နှုန်းမှာ မှတ်ဉာဏ်ထဲရှိ မူလပိုင်ရှင်၏ ကျင့်ကြံမှု အမြန်နှုန်းထက် များစွာ ပိုမို မြန်ဆန်နေ၏။ ယခုအချိန်တွင် အဆင့်လေး၏ အစွန်းအဖျားသို့ ရောက်ရှိနေပြီဖြစ်ရာ ယနေ့ညတွင် အဆင့်လေးသို့ တက်လှမ်းနိုင်မည်ဟုပင် ဆိုနိုင်လေသည်။
ထိုညတွင် ထူးခြားချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ ချူချင်းသည် မျက်လုံးများကို ဖွင့်လိုက်ချင်းချင်း စူးရှသော အလင်းရောင်တစ်ခု တောက်ပသွားလေသည်။
"ရော့ရွှီကျင့်က အဆင့်လေးကို ရောက်သွားပြီ။ အတွင်းအားကလည်း အတော်လေး တိုးတက်လာတယ်။ ဒီအတွင်းအားကျင့်စဉ်ရဲ့ စွမ်းအင်က အဆက်မပြတ် စီးဆင်းနေတာပဲ။”
“အလွယ်ပြောရရင် ခံနိုင်ရည်ကောင်းတာပေါ့။ တခြားသူတွေရဲ့ အတွင်းအားက ငါနဲ့ အဆင့်တူလောက် ဖြစ်မယ်ဆိုရင် တစ်နာရီလောက် တိုက်ခိုက်ပြီးတာနဲ့ သူတို့ဆီမှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါကတော့ သုံးနာရီလောက်အထိ ဆက်တိုက်နိုင်ပြီးတော့ ခွန်အားတွေတောင် ကျန်နေဦးမှာ။"
အတွင်းအား နောက်တစ်ဆင့်သို့ တက်လှမ်းသွားသဖြင့် ချူချင်း၏ စိတ်ထဲတွင် အလွန် ကျေနပ်သွားလေသည်။ နံနက်စာအတွက် ကြက်နှလုံးပုံသဏ္ဌာန် သစ်သီးအနည်းငယ်နှင့် မနေ့ညက ကျန်ခဲ့သော အသားများကို ရိုးရှင်းစွာ စားသောက်လိုက်ခြင်းဖြင့် ဖြေရှင်းလိုက်၏။
သူ နေထိုင်ခဲ့သည့် ခြေရာလက်ရာများကို သတိကြီးကြီးဖြင့် အကုန်အစင် ဖျောက်ဖျက်လိုက်ပြီးနောက် ထျန်းဝူမြို့ဆီသို့ ဆက်လက် ခရီးနှင်လေသည်။
ယခု သူသည် ထျန်းဝူမြို့၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ ခြေလျင်လျှောက်နိုင်စွမ်းအရ အများဆုံး ခုနစ်ရက်အတွင်း လိုရာရောက်ရှိနိုင်ပေသည်။
ဤလမ်းခရီးတစ်လျှောက်တွင်လည်း အတော်လေး ငြိမ်းချမ်းလှ၏။ ထျန်းဝူမြို့စား ဝူကန်ချီသည် ဖြောင့်မတ်တည်ကြည်ပြီး အုပ်ချုပ်မှု ကောင်းမွန်လှသဖြင့်၊ သူ၏ သြဇာလွှမ်းမိုးရာ နယ်မြေအတွင်း သိုင်းလောက၏ ရန်ကြွေးများကြောင့် သတ်ဖြတ်ခြင်းကဲ့သို့သော ကိစ္စရပ်များကို တွေ့မြင်ရခဲသည်။
သို့သော် ချူချင်းသည် လမ်းတစ်လျှောက်လုံး ရုပ်ဖျက်၍ လာခဲ့ရာ ဆဋ္ဌမမြောက်နေ့သို့ ရောက်သောအခါ မမျှော်လင့်ထားသော ကိစ္စလေးတစ်ခု ဖြစ်ပေါ်လာ၏။ ဤနေရာသည် ထျန်းဝူမြို့နှင့် တစ်ရက်ခရီးပင် မဝေးတော့ပေ။
ချူချင်းသည် တောအုပ်ထဲတွင် ခြေမြန်သိုင်းကို အသုံးပြု၍ ခရီးနှင်လာခဲ့သည်။ မြေပြင်သို့ တစ်ထောက်နားကာ အသက်ရှူပြောင်းလဲ၍ ခုန်ပျံရန် ပြင်လိုက်စဉ် ရုတ်တရက် ထူးခြားမှုကို အာရုံခံမိသွားလေသည်။ သူ၏ ခြေအောက် သုံးပေအကွာလောက်တွင် အလောင်းတစ်လောင်း လဲလျောင်းနေခြင်းပင်။
"ထျန်းဝူ အစောင့်တပ်ကပဲ...။"
ချူချင်းသည် ထိုသူ ဝတ်ဆင်ထားသည်မှာ ထျန်းဝူအစောင့်တပ်၏ ဝတ်စုံဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားလေသည်။
'ထျန်းဝူအစောင့်တပ်က လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီနေရာမှာ သေနေရတာလဲ...။'
စိတ်ထဲတွင် အံ့သြသွားကာ စစ်ဆေးရန် အနည်းငယ် တိုးကပ်သွားလိုက်သော်လည်း ထိုအလောင်းက ရုတ်တရက် မျက်လုံးများ ဖွင့်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။