အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁) - ပဟေဠိလူနှင့် ကြုံကြိုက်ခြင်း
ဤရုတ်တရက် ပြောင်းလဲသွားခြင်းက ချူချင်း၏ အတွေးများထက် ကျော်လွန်နေလေသည်။
သူသည် ပင်ကိုယ်အားဖြင့် ရဲတင်းသူဖြစ်လင့်ကစား ရင်ထဲ၌ အေးစိမ့်သွားရ၏။ သို့သော် ချက်ချင်း သဘောပေါက်သွားသည်ကား ဤလူ မသေသေးပေ။
ချူချင်း သတိမထားမိသည်မှာလည်း မဆန်းပေ။ ထိုလူ၏ ခြေနှစ်ဖက်လုံး ပြတ်တောက်နေကာ အပေါ်ပိုင်းအဝတ်အစားများတွင်လည်း သွေးများဖြင့် ပြည့်နှက်နေ၏။ သွေးများပင် ခြောက်သွေ့နေပြီဖြစ်ရာ ဒဏ်ရာရထားသည့်အချိန် မည်မျှကြာခဲ့ပြီမှန်းပင် မသိနိုင်တော့ချေ။
အသက်ရှူသံမှာလည်း အလွန်တရာ အားနည်းယုတ်လျော့နေလေသည်။
မည်သူမဆို ဤကဲ့သို့သော လူတစ်ယောက်ကို မြင်ပါက အသက်ရှင်နေသေးသည်ဟု ထင်မှတ်မည် မဟုတ်ပေ။
သို့သော် ထိုသူက ချူချင်းကို မြင်သည့်အခါ ချူချင်း၏ ခြေကျင်းဝတ်ကို လှမ်းဖမ်းရန် လက်ဆန့်ထုတ်လာ၏။
ချူချင်းက အဘယ်ကြောင့် အဖမ်းခံမည်နည်း။ ကိုယ်ကို တစ်ချက်ယိမ်းကာ ရှောင်ဖယ်လိုက်လေသည်။ ထိုသူကမူ ဂရုမစိုက်ချေ။
ပါးစပ်ဟကာ အလွန်တရာ ခက်ခဲပင်ပန်းစွာဖြင့် စကားလုံးအချို့ကို ဆိုလာ၏။
"ပြောပြပေးပါ... ချင်းယဲ့... ဓား... လက်ကိုင်ရိုး... ထျန်း... ထျန်း... ထျန်း..."
(စကားချပ် - ထျန်း ဆိုတာက ကောင်းကင်လို့ အဓိပ္ပါယ်ရပါတယ်။)
ဤစကားလုံး အနည်းငယ်ကို ပြောပြီးနောက် သူသည် ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတော့ဘဲ အရုပ်ကြိုးပျက်လဲကျကာ အသက်ငွေ့ကင်းစင်သွားတော့သည်။
"ချင်းယဲ့ဓားလက်ကိုင်ရိုးကို ပြောပြပေးရမှာလား။ အဲ့ဒါ ဘာမလို့လဲ။"
ချူချင်းမှာ နားထောင်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်သွားလေသည်။
"ဟေး။ စကားကို ရှင်းရှင်းလင်းလင်း ပြောသွားလေ။ ချင်းယဲ့ဓားလက်ကိုင်ရိုးဆိုတာ ဘာလဲ။ ဘယ်သူ့ကို ပြောပြရမှာလဲ။ ဘယ်လို ပြောပြရမှာလဲ။ ထျန်း... ထျန်း... ထျန်း ဆိုတာကကော ဘာအဓိပ္ပာယ်လဲ။ ပဟေဠိလုပ်နေတဲ့သူတွေက ဂေါသမ်မြို့ကနေ ထွက်သွားသင့်တယ်။"
ဤစကားလုံးများက အစအဆုံး မရှိဘဲ မည်သည့်ရှုထောင့်မှ ကြည့်စေကာမူ ‘ချင်းယဲ့ဓားလက်ကိုင်ရိုး’ဆိုသည်မှာ လူတစ်ယောက် မဖြစ်နိုင်ပေ။
သို့တည်းမဟုတ် ‘ချင်းယဲ့ဓား’ဆိုသည်က လူတစ်ယောက်၏ ဘွဲ့အမည်လော။
‘ချင်းယဲ့ဓားကို ပြောပြပေးပါ’၊ လက်ကိုင်ရိုး... ဆိုသည်မှာရော မည်သည့်အဓိပ္ပာယ်နည်း။
သူ နားကြားလွဲသွားခြင်းများ ဖြစ်နေမလား။
‘လက်ကိုင်ရိုးလား’ သို့မဟုတ် ‘မုန့်ပြားလား’။ ထိုအရာများမဟုတ်လျှင် အခြားမည်သည့် စကားလုံးဖြစ်နိုင်မည်နည်း။
သို့မဟုတ် ‘ချင်းယဲ့’ဟူသော ဓားတစ်လက်ရှိပြီး ဓားလက်ကိုင်ရိုးထဲတွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေခြင်းလော။
ဒါကရော 'ထျန်း' ဆိုတဲ့ စကားလုံးနဲ့ အဘယ်သို့သက်ဆိုင်နေသနည်း။
ချူချင်းသည် ခဏတာအတွင်း ဖြစ်နိုင်ခြေများစွာကို တွေးတောလိုက်ပြီးနောက် အနည်းငယ် ဆွံ့အသွားလေသည်။
တစ်ခါမျှ မသိကျွမ်းဖူးသော သေလုဆဲဆဲလူတစ်ယောက် ပြောသွားသည့်စကားကို သူက ဤနေရာတွင် ဘာအတွက်ကြောင့် ရပ်ပြီး ခွဲခြမ်းစိတ်ဖြာနေရမည်နည်း။
သို့သော် သူ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ရလျှင် ထျန်းဝူကိုယ်ရံတော် ဖြစ်ကြောင်း သေချာပေသည်။
'ဒီကိစ္စက မြို့သခင်အိမ်တော်နဲ့များ ပတ်သက်နေမလား။'
ချူချင်းသည် အလောင်းကို သေချာစွာ ကြည့်ရှုလိုက်ပြီးနောက် အခိုက်အတန့်တစ်ခုအကြာတွင် သူ၏ မျက်နှာပေါ်၌ အံ့ဩထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။
သူ၏ ခြေနှစ်ဖက်လုံး ပြတ်တောက်နေပြီး မြေပြင်ပေါ်တွင် သွေးဆွဲရာများရှိကာ တောအုပ်ထဲမှ မြက်ရိုင်းများတွင်လည်း ဖိမိထားသည့် ခြေရာလက်ရာများ ရှိနေလေသည်။
သူ၏ လက်နှစ်ဖက်ကို ထပ်ကြည့်လိုက်လျှင်လည်း စုတ်ပြတ်သပ်နေသော နေရာများစွာရှိပြီး လက်သည်းများကြားတွင် မြက်အစအနများနှင့် ရွှံ့စေးများ ရှိနေ၏။
ဤအချက်များက ထိုလူသည် ခြေနှစ်ဖက် အဖြတ်ခံရပြီးနောက် ဤနေရာအထိ တစ်လျှောက်လုံး အလွန်တရာ ခက်ခဲပင်ပန်းစွာ တွားသွားလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြနေသည် မဟုတ်လော။
'ဒီလောက်အထိ ရုန်းကန်လာခဲ့တာက စကားတစ်ခွန်း ပါးဖို့အတွက်ပဲလား။'
'ဒီကိစ္စက သာမန်ကိစ္စတော့ မဖြစ်နိုင်ဘူး။'
ချူချင်းက အနည်းငယ် စဉ်းစားခန်းဝင်သွားပြီးနောက် ခေါင်းယမ်းလိုက်လေသည်။
'ဒါပေမဲ့ အစအဆုံးမရှိဖြစ်နေတာက တော်တော်ကို အဓိပ္ပာယ်မရှိတာပဲ။'
သူက ခေါင်းကိုသာ ယမ်းလိုက်ပြီး ထိုအလောင်းကို သွားရောက်ထိတွေ့ခြင်း မပြုတော့ချေ။
ဤနေရာသည် မည်သို့ပင်ဖြစ်စေ ထျန်းဝူမြို့၏ နယ်နိမိတ်အတွင်း၌ ရှိနေပြီး အကယ်၍ ကိစ္စရပ်က မြို့သခင်အိမ်တော်နှင့် သက်ဆိုင်နေပါက မြို့သခင်အိမ်တော်မှ လူများ ကျိန်းသေပေါက် လာရောက်ရှာဖွေကြမည်ပင်။
မိမိအနေဖြင့် ရမ်းသန်းကာ အလောင်းကို ရှင်းလင်းလိုက်ပါက နောက်ပိုင်းတွင် သူတို့ ရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ ကောင်းသောကိစ္စ ဖြစ်လာမည်မဟုတ်ပေ။
ဤနေရာအထိ တွေးမိသောအခါ သူက ပတ်ဝန်းကျင်ရှိ သူ၏ ခြေရာများကို အနည်းငယ် ရှင်းလင်းဖျောက်ဖျက်လိုက်ပြီးမှသာ ဆက်လက် ခရီးနှင်တော့သည်။
လမ်းတစ်လျှောက်လုံးတွင်လည်း သူက ဂရုတစိုက် လေ့လာစောင့်ကြည့်ခဲ့သော်လည်း မည်သည့် ထူးခြားသော အခြေအနေကိုမျှ မတွေ့ရချေ။
ဤသို့ဖြင့် နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ချူချင်းသည် မြို့ပြင်ရှိ လယ်သမားအိမ်မှ အဝတ်အစားအချို့ကို ခိုးယူကာ မိမိကိုယ်ကို မြို့ထဲဝင်လာသည့် တောသားလေးတစ်ယောက်အသွင် ဖန်တီး၍ ထျန်းဝူမြို့ထဲသို့ ချောမွေ့စွာ ရောနှောဝင်ရောက်နိုင်ခဲ့လေသည်။
...
ထျန်းဝူမြို့၏ လမ်းမကြီးပေါ်တွင် လူအုပ်ကြီးက ကြိတ်ကြိတ်တိုး စည်ကားနေပြီး ရံဖန်ရံခါ မြင်းလှည်းများ ဖြတ်သန်းသွားလာလျက်ရှိ၏။ လမ်းတစ်လျှောက် အရောင်းအဝယ်များလည်း အဆက်မပြတ်ရှိနေကာ အော်ဟစ်ရောင်းချသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေလေသည်။
ချူချင်းအတွက်မူ ဤသည်မှာ ထျန်းဝူမြို့သို့ သူ၏ ပထမဆုံးအကြိမ် ခြေချခြင်းဖြစ်သော်လည်း မှတ်ဉာဏ်များက အလိုအလျောက် ပေါ်ထွက်လာ၏။
ဤနေရာသည် တောင်ဘက်လမ်းမကြီးဖြစ်ပြီး ထျန်းဝူမြို့တွင် စုစုပေါင်း လမ်းမကြီးလေးလမ်း ရှိကာ တစ်မြို့လုံးကို 'ထျန်း' စာလုံးပုံသဏ္ဌာန်ဖြင့် တည်ဆောက်ထားခြင်းဖြစ်လေသည်။
အလယ်ဗဟိုအကျဆုံး နေရာတွင် မြို့သခင်အိမ်တော်ရှိပြီး ချူမိသားစုမှာမူ မြောက်ဘက်လမ်းမကြီးဘေးတွင် ရှိ၏။
သို့သော် နေရာအနှံ့သည် မှတ်ဉာဏ်ထဲမှ ပုံစံအတိုင်း ဖြစ်နေသည်ကို တွေ့ရသော်လည်း အချို့သောနေရာများကမူ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သူကြိုက်နှစ်သက်သော သကြားရုပ်မှာ ရှိနေဆဲဖြစ်သော်လည်း သကြားရုပ် မှုတ်နေသူကတော့ မတူတော့ချေ။
တစ်ချိန်က သူငယ်ချင်းများနှင့်အတူ ဆော့ကစားခဲ့ဖူးသော လမ်းကြားလေးက ရှိနေဆဲဖြစ်သော်လည်း ယခုအခါ ထိုနေရာတွင် ဆူညံစွာ ကစားနေကြသူများမှာ အခြား ကလေးတစ်စုဖြစ်နေ၏။
ပေါက်စီရောင်းသည့် ဦးလေးကြီး၏ နားထင်စွန်းတွင် ဆံပင်ဖြူအချို့ တိုးလာလေပြီ။
တစ်ချိန်က ဈေးဆိုင်တန်းများကြားတွင် ဆော့ကစားနေတတ်သည့် ကလေးဆိုးလေးကမူ ပခုံးပေါ်တွင် အဝတ်စုတ်တစ်ထည် တင်ထားကာ လမ်းဘေး၌ ရပ်ရင်း အစွမ်းကုန် အော်ဟစ်ရောင်းချနေလေသည်။
ချူချင်းသည် လမ်းမတစ်လျှောက် လျှောက်လှမ်းလာရင်း မသိမသာပင် အိမ်တော်တစ်လုံးကို မော့ကြည့်မိသွား၏။
ဤအိမ်တော်သည် ကြီးမားခမ်းနားလှပြီး တံခါးပေါ်တွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားကာ ၎င်းပေါ်၌ ရွှေရောင်စာလုံးကြီး နှစ်လုံးကို ရေးသားထားလေသည်။ 'ချူအိမ်တော်' ဟူ၍ပင်။
'မသိလိုက်မသိဘာသာနဲ့ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။'
ချူချင်းက သက်ပြင်းတစ်ချက်ကို ဖွဖွလေး မှုတ်ထုတ်လိုက်၏။ သူက ယခု အထဲသို့ မဝင်ချင်သေးပေ။
သူ၏ ဤခရီးစဉ် ရည်ရွယ်ချက်က ရိုးရှင်းလေသည်။ ချူယွန်ဖေးကို နျဲ့ကျင့်ထိုင်အကြောင်း သတိထားရန် အသိပေးဖို့သာ ဖြစ်၏။
ဤကိစ္စများကို လုပ်ဆောင်ရန် သူ့အနေဖြင့် သွားရောက်တွေ့ဆုံစရာ မလိုအပ်ပေ။
ချူအိမ်တော်ထဲသို့ ခိုးဝင်ကာ ပစ္စည်းတစ်ခုခု ချန်ထားခဲ့ရန် နည်းလမ်းရှာရုံသာ ဖြစ်၏။ သေချာသည်မှာ ချူအိမ်တော်ထဲသို့ ခိုးဝင်ရန် အခွင့်အရေးမှာ ရှာရလွယ်ကူမည် မဟုတ်ပေ။
သို့သော် ချူချင်းအနေဖြင့် နည်းလမ်းမရှိသည်တော့ မဟုတ်ကြောင်း မိမိကိုမိမိ သိနေလေသည်။
ကိုယ်ကိုလှည့်ကာ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် မနီးမဝေးမှ ရင်းနှီးနေသော စကားလုံးတစ်ခုကို ရုတ်တရက် ကြားလိုက်ရသဖြင့် အသံလာရာဆီသို့ မအောင့်နိုင်ဘဲ လှမ်းကြည့်လိုက်ရာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖြစ်နေ၏။
လက်ဖက်ရည်ဆိုင်၏ အမည်မှာ 'ဟုန်ယဲ့ လက်ဖက်ရည်ဆိုင်' ဖြစ်ပြီး ချူအိမ်တော်၏ မျက်နှာချင်းဆိုင်တွင် ရှိ၏။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းမှ အသစ်ဖွင့်ထားခြင်း ဖြစ်မည်ဟု ထင်ရလေသည်။
ယခင်က ချူအိမ်တော်၏ မျက်နှာချင်းဆိုင်တွင် မည်သည့် လက်ဖက်ရည်ဆိုင်မှ မရှိခဲ့ဘဲ ကုန်ပစ္စည်းပို့ဆောင်ရေးအဖွဲ့အစည်းတစ်ခုသာ ရှိခဲ့ခြင်းဖြစ်သည်။
ထိုအဖွဲ့အစည်းမှာ အစောပိုင်းနှစ်များက နာမည်အတော်လေး ကြီးမားခဲ့ပြီး ထျန်းဝူမြို့၏ နံပါတ်တစ် ကုန်ပစ္စည်းပို့ဆောင်ရေးအဖွဲ့ ဖြစ်ခဲ့၏။
နောက်ပိုင်းတွင် ခေါင်းဆောင်ကြီးမှာ ကျန်းဟူလောက၏ လမ်းဘေးတစ်နေရာတွင် သနားစဖွယ် သေဆုံးသွားခဲ့ပြီး အဖွဲ့ကို ဆက်ခံသည့် ခေါင်းဆောင်ငယ်လေးမှာမူ အတွေ့အကြုံမရှိသည့်အပြင် သိုင်းပညာမှာလည်း သာမန်သာဖြစ်ကာ မိန်းမကိစ္စများကိုသာ မက်မောနေခဲ့လေသည်။
ယခုကြည့်ရသည်မှာ ပိုင်ဆိုင်မှုများအားလုံးကို ဖြုန်းတီးပစ်လိုက်ပြီဖြစ်ကာ အဖွဲ့ကိုပင် ရောင်းချလိုက်ပြီ ဖြစ်ဟန်တူ၏။
လက်ဖက်ရည်ဆိုင်၏ ဘေးတွင် သေရည်ဆိုင်တစ်ဆိုင် ရှိနေသေးပြီး အခြားတစ်ဖက်တွင်မူ အပေါင်ဆိုင်တစ်ဆိုင် ရှိနေသည်ကို ကြည့်လျှင် အားလုံးက ပြောင်းလဲတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိသာလှပေသည်။
အနည်းငယ် စဉ်းစားခန်းဝင်လိုက်ပြီးနောက် လက်ဖက်ရည်ဆိုင်ထဲသို့ ခြေလှမ်းဝင်ရောက်သွား၏။ မထိုင်ရသေးမီမှာပင် လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့် မေးမြန်းလိုက်သည်ကို ကြားလိုက်ရလေသည်။
"အဲ့ဒီ ‘ညဧကရာဇ်’ ဆိုတာက တကယ်ကို ဘယ်လိုလူမျိုးလဲ။"
"ဟုတ်ပါ့။ သံမြင်းဓားပြခုနစ်ဖော်ရဲ့ သိုင်းပညာက မညံ့ပါဘူး။ အဲဒါကိုတောင် ဒီ’ညဧကရာဇ်’က ဓားတစ်ချက်တည်းနဲ့ သုံးယောက်ကို သတ်ပစ်ခဲ့တယ်ဆိုတော့ ဒီကိစ္စက တကယ်လား၊ ကောလဟာလလား။"
ချူချင်း စောစောက ကြားလိုက်ရသည့် ရင်းနှီးနေသော စကားလုံးမှာ 'ညဧကရာဇ်' ဟူသည့် စာလုံးနှစ်လုံးပင် ဖြစ်၏။ သတင်းက ဤမျှမြန်ဆန်စွာဖြင့် ထျန်းဝူမြို့သို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူက ကျပန်းနေရာတစ်ခုကို ရှာ၍ ထိုင်လိုက်ရာ ခက်ထန်ထန်ယောက်ျားတစ်ယောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်ကို မြင်လိုက်ရသည်။
"ဒီကိစ္စက သေချာပေါက် အစစ်အမှန်ပေါ့။ ချူမိသားစုရဲ့ သားလတ် ချူဖန် ကိုယ်တိုင် ပါးစပ်က ပြောခဲ့တာကို ကောလဟာလဖြစ်နိုင်ပါဦးမလား။"
ချူချင်း တစ်ခဏမျှ ဆွံ့အသွား၏။ ‘သတင်းက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပျံ့သွားတာလဲ’ဟု တွေးနေမိခြင်းပင်။
အချိန်အတော်ကြာ စဉ်းစားကြည့်တော့မှ ချူဖန်ဆိုသည့် အသံချဲ့စက်ကြီးကြောင့် ဖြစ်နေလေသည်။
သူနှင့် ထို ညီမလေးဝမ်တို့ နှစ်ယောက်လုံးတွင် မြန်ဆန်သော မြင်းများရှိကြသဖြင့် မိမိထက်စော၍ ထျန်းဝူမြို့သို့ ရောက်နေခြင်းမှာလည်း ယုတ္တိဆန်လှပေသည်။
စားပွဲထိုးလေးက လက်ဖက်ရည် လာပို့ချိန်ကို စောင့်ဆိုင်းနေစဉ်အတွင်း ထိုလူစုက အများအပြား ဆက်လက် ပြောဆိုဆွေးနွေးနေကြလေသည်။
ထိုလူစု သိထားသည်များက သိပ်မများဘဲ အများစုမှာ ညဧကရာဇ်နှင့် ပတ်သက်၍ ခန့်မှန်းပြောဆိုနေကြခြင်းမျှသာ ဖြစ်ကြောင်း ချူချင်း တွေ့ရှိလိုက်ရ၏။
ထို့အပြင် ပြောချင်ရာများ ပြောနေကြခြင်းပင်...။
အချို့ကမူ ညဧကရာဇ်မှာ ကျန်းဟူလောကမှ စောစီးစွာ အနားယူသွားခဲ့သော စီနီယာကြီးတစ်ဦးဖြစ်ပြီး အမည်ဝှက်ဖြင့် နေထိုင်နေကာ သံမြင်းဓားပြခုနစ်ဖော်၏ အပြစ်မဲ့သူများကို သတ်ဖြတ်နေမှုနှင့် တိုက်ဆိုင်သွားသဖြင့် ဒေါသထွက်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြ၏။
အချို့ကလည်း သူသည် လူအများ၏ အာရုံစိုက်မှုကို လိုချင်သူဖြစ်ပြီး မိမိကိုယ်ကို 'ဧကရာဇ်' ဟု ခေါ်ဝံ့သူဖြစ်ကြောင်း၊ တာ့ချန်အင်ပါယာကြီးသာ သတင်းမပျောက်သွားပါက သူ့အား ဆွေစဉ်မျိုးဆက် ကိုးဆက်တိုင်တိုင် သုတ်သင်ခံရမည်ဖြစ်ကြောင်း ပြောဆိုကြလေသည်။
နောက်ထပ်လူအချို့ကလည်း ထိုသူသည် ကျန်းဟူလောကသို့ အသစ်ဝင်ရောက်လာသော လှည့်လည်သွားလာနေသည့် သိုင်းသမားတစ်ဦးဖြစ်ပြီး ဤကိစ္စကို အကြောင်းပြု၍ နာမည်ကျော်ကြားရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဆိုကြ၏။
တစ်ခဏအတွင်းမှာပင် အတော်လေး ဆူညံစည်ကားနေလေတော့သည်။
ချူချင်းက ဤအရာများကို စိတ်မဝင်စားသဖြင့် လက်ဖက်ရည်တစ်ငုံသောက်ပြီး ထွက်သွားရန် တွေးလိုက်စဉ် ရုတ်တရက် လမ်းပေါ်တွင် ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ထားသည့် နယ်လှည့်သမားတော်တစ်ဦး ဖြတ်လျှောက်သွားသည်ကို မြင်လိုက်ရ၏။
တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ချူချင်း၏ မျက်ဝန်းအိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွားလေသည်။
သူ ထိုလူကို သိ၏။
သို့သော် ထိုလူက ဤနေရာတွင် မရှိသင့်ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ မှတ်ဉာဏ်ထဲတွင် ထိုလူသည် လွန်ခဲ့သော တစ်လကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။