အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂) - ဆက်သွယ်ရေးမှူး
နျဲ့ကျင့်ထိုင်တွင် လူသတ်သမား အမျိုးအစား နှစ်မျိုးရှိလေသည်။
တစ်မျိုးမှာ နျဲ့ကျင့်ထိုင်မှ ကိုယ်တိုင် ပျိုးထောင်ထားသူများ ဖြစ်၏။ ၎င်းတို့သည် နျဲ့ကျင့်ထိုင်၏ ‘မိစ္ဆာနှိမ်နင်းရေးစာရင်း’ တွင် မပါဝင်ဘဲ ဒေသအသီးသီးရှိ ဌာနခွဲများ၌ လှုပ်ရှားလေ့ရှိကြသည်။
၎င်းတို့၏ တာဝန်မှာ အခြားလူသတ်သမားများကို ကူညီပေးခြင်း၊ ပစ်မှတ်၏ အခြေအနေကို စုံစမ်းခြင်း၊ သတင်းအချက်အလက် စုဆောင်းခြင်းနှင့် လုပ်ငန်းအပ်နှံမှုများကို လက်ခံခြင်းစသည့် အလုပ်များ ဖြစ်လေသည်။
အသေးစိတ် အခြေအနေကိုမူ ချူချင်းက အမှန်တကယ် နက်နက်ရှိုင်းရှိုင်း မသိရှိခဲ့ပေ။ ထို့ပြင် လေ့လာရန် သင့်လျော်သော လမ်းကြောင်းလည်း မရှိခဲ့ချေ။
နောက်တစ်မျိုးမှာ ပြင်ပမှ စုဆောင်းထားသူများ ဖြစ်၏။
ဤအခြေအနေကမူ အနည်းငယ် ရှုပ်ထွေးပေသည်။ နျဲ့ကျင့်ထိုင်သို့ ဝင်ရောက်ကာ လူသတ်သမားလုပ်သူတိုင်းတွင် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိကြလေသည်။
အချို့က စိတ်လှုပ်ရှားမှုကို ရှာဖွေလိုကြပြီး အချို့က ဘဝပေးအခြေအနေအရ တွန်းအားပေးခံရခြင်း ဖြစ်၏။ အချို့ကလည်း ရင်ဘတ်ထဲမှ တရားမျှတမှုအတွက် ဖြစ်ကြသည်။ ဥပမာအားဖြင့် ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းပင်။
တစ်ချိန်တည်းမှာပင် နျဲ့ကျင့်ထိုင်၏ အခြေခံဇစ်မြစ်ကို စုံစမ်းရန် ရည်ရွယ်ချက်ဆိုးဖြင့် ဝင်ရောက်လာသူများ ရှိနေခြင်းကို ရှောင်လွှဲ၍ မရနိုင်ပေ။
ထိုသူများထဲတွင် သတင်းအချက်အလက်များကို ပထမဆုံး သိရှိနိုင်ရန် နျဲ့ကျင့်ထိုင်အတွင်းသို့ စိမ့်ဝင်လာသော သတင်းအဖွဲ့အစည်းများလည်း ပါဝင်လေသည်။
ထို့ပြင် နျဲ့ကျင့်ထိုင်၏ ပင်မဌာနချုပ်ကို ရှာဖွေပြီး တစ်ကြိမ်တည်းဖြင့် အမြစ်ဖြတ် သုတ်သင်ရန် ကြိုးပမ်းသော ရန်သူများလည်း ရှိကြ၏။
အချုပ်အားဖြင့်ဆိုရသော် လူတို့၏ စိတ်နေသဘောထားများ ကွဲပြားကြပြီး ရည်ရွယ်ချက်များလည်း မတူညီကြချေ။
ဤအခြေအနေမျိုးကို ရင်ဆိုင်ရန်အတွက် နျဲ့ကျင့်ထိုင်တွင်လည်း ၎င်းတို့၏ ကိုယ်ပိုင် ကာကွယ်ရေးစနစ်တစ်ခု ရှိလေသည်။
ဆက်သွယ်ရေးမှူးဆိုသည်မှာ ဤစနစ်၏ အစိတ်အပိုင်းတစ်ခုပင်။
ပြင်ပမှ ခေါ်ယူထားသော မည်သည့် လူသတ်သမားမဆို ဆက်သွယ်ရေးမှူး တစ်ဦးစီ ရှိကြရလေသည်။
၎င်းတို့၏ အဓိကတာဝန်မှာ လူသတ်သမားနှင့် နျဲ့ကျင့်ထိုင်အကြား ဆက်သွယ်ပေးရန် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် နျဲ့ကျင့်ထိုင်မှ လုပ်ငန်းအပ်နှံမှုများကို ရယူကာ လူသတ်သမားများ ရွေးချယ်နိုင်ရန် စီစဉ်ပေးရလေသည်။
အရည်အချင်းပြည့်ဝသော ဆက်သွယ်ရေးမှူးများဆိုလျှင် လူသတ်သမားအတွက် လုပ်ကြံရေး အစီအစဉ်များကိုပါ ရေးဆွဲပေးနိုင်ကြ၏။
ဤဆက်သွယ်ရေးမှူးများထဲတွင် အချို့မှာ နျဲ့ကျင့်ထိုင်မှ ကိုယ်တိုင် ပျိုးထောင်ထားသူများ ဖြစ်ပြီး အချို့မှာမူ အခြားလမ်းကြောင်းများမှတစ်ဆင့် နျဲ့ကျင့်ထိုင်၏ ယုံကြည်မှုကို ရရှိကာ ဤရာထူးကို ရယူထားသူများ ဖြစ်ကြသည်။
ချူချင်း၏ ဆက်သွယ်ရေးမှူးမှာ ဒုတိယအမျိုးအစား ဖြစ်လေသည်။
သူသည်လည်း ချူချင်းကဲ့သို့ပင် ဤခေတ်ကြီး၏ အခြေအနေကို စိတ်ပျက်နေသူ ဖြစ်၏။
သူက ချူချင်းကို တစ်ခါပြောဖူးလေသည်။
"အာဏာရှင်တွေက ရက်စက်ကြမ်းကြုတ်ပြီး လူ့အသက်ကို မြက်ပင်လေးတွေလိုပဲ သဘောထားကြတာ။ ကမောက်ကမခေတ်ကြီးမှာ အာဏာလုကြရင်းနဲ့ သာမန်ပြည်သူတွေကိုတော့ ပုရွက်ဆိတ်တွေလို သဘောထားနေကြတာလေ။”
“သိုင်းလောက အားပြိုင်မှုတွေကြားမှာ သေသွားတဲ့ သာမန်ပြည်သူတွေဆိုတာ တိုင်စရာ နေရာမရှိဘဲ သွားကျိုးသွားရင်တောင် သွေးနဲ့ရောပြီး မြိုချနေကြရတယ်။ ဒါက မတရားဘူး...။"
ချူချင်းကလည်း ထိုစကားကို အလွန်သဘောကျခဲ့ပြီး သူ့ကို ရင်းနှီးသော မိတ်ဆွေတစ်ဦးအဖြစ် သတ်မှတ်ခဲ့၏။
အဆက်အသွယ် များလာသည်နှင့်အမျှ ထိုသူ့ထံမှ ပညာများစွာကိုလည်း သင်ယူနိုင်ခဲ့လေသည်။
ချူချင်း၏ ရုပ်ဖျက်စွမ်းရည်နှင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦး သိသင့်သိထိုက်သော အသိပညာရပ် အသီးသီးကို ထိုသူကပင် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးခဲ့ခြင်း ဖြစ်လေသည်။
နောက်ပိုင်းရောက်မှသာ သူသည် နျဲ့ကျင့်ထိုင်၏ ဆက်သွယ်ရေးမှူးဖြစ်ကြောင်း ချူချင်း သိခဲ့ရ၏။
ဤသည်မှာလည်း မူလပိုင်ရှင်ကို နျဲ့ကျင့်ထိုင်သို့ ဝင်ရောက်လာစေရန် အဓိက တွန်းအားပင် ဖြစ်ပေသည်။
ပို၍ ပြောပြရလျှင် နျဲ့ကျင့်ထိုင်၏ အပြင်ပန်းနှင့် အတွင်းသဘော မတူညီကြောင်းကို ချူချင်း သိရှိလာရခြင်းမှာလည်း ဤလူ၏ အခန်းကဏ္ဍက အလွန်အရေးပါခဲ့လေသည်။
နောက်ဆုံးအကြိမ် သူ့ကို တွေ့လိုက်ရချိန်တွင် သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သေလုမြောပါး အခြေအနေသို့ ရောက်နေခဲ့ပြီ ဖြစ်၏။
သူက ချူချင်းကို နောက်ဆုံးစကားတစ်ခွန်း ချန်ထားရစ်ခဲ့၏။
"နျဲ့ကျင့်ထိုင်ကို ယုံလို့မရဘူး။ မင်း... မင်း အမြန်ဆုံး လွတ်မြောက်အောင် လုပ်ရမယ်...။"
ထိုသူ သေဆုံးသွားပြီးနောက် နျဲ့ကျင့်ထိုင်က ချူချင်းအတွက် အခြားဆက်သွယ်ရေးမှူး တစ်ဦးကို စီစဉ်ပေးခဲ့လေသည်။
ထိုမှသာ ကျိုးချန်ထိုက်၏ လုပ်ငန်းအပ်နှံမှု ပေါ်လာခဲ့ခြင်း ဖြစ်၏။
သို့သော် သေချာပေါက် သေဆုံးသွားပြီဖြစ်သော ထိုလူက ထျန်းဝူမြို့တွင် ပေါ်လာလိမ့်မည်ဟု သူ အိပ်မက်တောင် မမက်ဖူးခဲ့ပေ။
ထို့ပြင် နယ်လှည့်သမားတော် တစ်ဦးအဖြစ် ရုပ်ဖျက်ကာ ချူအိမ်တော် ပတ်ဝန်းကျင်တွင် လှည့်လည်နေသေး၏။
' ဘာတွေဖြစ်နေတာလဲ...။'
ချူချင်းသည် သူ၏ အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး တစ်ဖက်လူ သတိထားမိခြင်း မရှိစေရန် နေလိုက်လေသည်။
သို့သော် ရင်ဘတ်ထဲမှ ဇဝေဇဝါဖြစ်မှုများကမူ ရပ်တန့်မသွားဘဲ ဆက်တိုက် ထွက်ပေါ်နေခဲ့၏။
'တကယ်လို့များ အဲ့လူ သေတာက ဟန်ဆောင်နေတာ ဆိုရင် ရည်ရွယ်ချက်က ဘာများလဲ...။ နျဲ့ကျင့်ထိုင်ရဲ့ အမှန်တကယ် အခြေအနေကို ရိပ်မိသွားလို့ နျဲ့ကျင့်ထိုင်ကနေ လွတ်မြောက်ဖို့ ကြိုးစားတာလား...။’
‘သေချင်ယောင်ဆောင်ပြီး ထွက်ပြေးတာလား...။ ဒါပေမဲ့ အဲဒီလိုဆိုရင် သူက ဘာဖြစ်လို့ ပွင့်ပွင့်လင်းလင်း မပြောခဲ့ရတာလဲ...။ အရင်ပိုင်ရှင်ကို နျဲ့ကျင့်ထိုင်အပေါ် သံသယဝင်အောင်လို့ နောက်ဆုံးချိန်ရောက်လာမှ အဲ့လိုစကားမျိုး ပြောသွားတာလား။’
‘အဲဒါက အရင်ပိုင်ရှင်ကို ကျိုးချန်ထိုက်ကို လုပ်ကြံတာကို ဟန်ဆောင်ဖို့ တွန်းအားပေးခဲ့ပြီးတော့ နျဲ့ကျင့်ထိုင်ရဲ့ ချောင်ပိတ်ဖမ်းတာကိုပဲ ခံရတာလေ...။'
ဤသို့တွေးမိချိန်တွင် ချူချင်း၏ မျက်ခုံးများက ရုတ်တရက် ပင့်တက်သွားလေသည်။
ယခင်က သူသည် မူလပိုင်ရှင်၏ ဘဝဖြတ်သန်းမှုများကို အလေးအနက် မစဉ်းစားခဲ့သော်လည်း ဤလူ ပေါ်လာခြင်းသည် ချူချင်းအား ထူးဆန်းမှုများကို ပို၍ တွေးတောလာစေခဲ့၏။
လူတစ်ယောက်၏ သေဆုံးမှုက အတုဆိုလျှင် သူပြောခဲ့သောစကားများသည်လည်း အဘယ်ကြောင့် အစစ်ဖြစ်နေသည်ဟု ယုံရမည်နည်း...။
ထိုစကားများက မည်ကဲ့သို့သော သက်ရောက်မှုများ ဖြစ်လာစေမည်ကို ဤလူက မူလပိုင်ရှင်အပေါ် နားလည်ထားမှုအရ သူ မတွေးမိဘဲ နေမည် မဟုတ်ပေ။
ထို့ပြင် သူ သေဆုံးပြီးနောက်တွင် နျဲ့ကျင့်ထိုင်က ဆက်သွယ်ရေးမှူးအသစ် တစ်ဦးကို စီစဉ်ပေးခဲ့လေသည်။
သို့သော် မူလပိုင်ရှင်က ထိုစကားတစ်ခွန်းကြောင့် နျဲ့ကျင့်ထိုင်နှင့် ဤဆက်သွယ်ရေးမှူးအသစ်အပေါ် ယုံကြည်မှု မရှိခဲ့ချေ။
ထို့ကြောင့် ကျိုးချန်ထိုက်ကို လုပ်ကြံမည့်ကိစ္စတွင် သူ မည်သို့ လုပ်ဆောင်မည်၊ မည်သို့ လွတ်မြောက်အောင် လုပ်မည်ဆိုသည်ကို မည်သူ့ကိုမျှ မပြောပြခဲ့ပေ။
သို့ဆိုလျှင် နျဲ့ကျင့်ထိုင်က သူ၏ ထွက်ပြေးမည့် လမ်းကြောင်းကို မည်သို့ တပ်အပ်သေချာ သိနေခဲ့သနည်း...။
သူတို့က မူလပိုင်ရှင်ကို စောင့်ကြည့်ရန် လူလွှတ်ထားခဲ့ခြင်းလား...။
မဟုတ်သေးဘူး...။
မည်သို့ပင်ဖြစ်စေ မူလပိုင်ရှင်က လူသတ်သမားတစ်ဦး ဖြစ်သည်။ လုပ်ငန်းခွင်ဝင်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ရာ အရည်အချင်း အတန်အသင့် ရှိလေသည်။
သွေးလှံတို့အုပ်စုအနေဖြင့် သူ့ကို အပြည့်အဝ ဖုံးကွယ်ပြီး တိတ်တဆိတ် စောင့်ကြည့်နေရန် ဆိုသည်မှာ... လုံးဝ မဖြစ်နိုင်ချေ။
'သူတို့က ဒီကံဆိုးတဲ့ အရင်ပိုင်ရှင်ကို စောင့်ကြည့်နေတာ မဟုတ်လောက်ဘူး...။ ကျိုးချန်ထိုက်ကို စောင့်ကြည့်နေခဲ့တာပဲ။’
‘အချိန်တန်လို့ ကျိုးချန်ထိုက် သေမသေ ဆိုတာကို ကြည့်လိုက်တာနဲ့တင် အရင်ပိုင်ရှင်ရဲ့ လုပ်ကြံမှု အောင်မြင်လား မအောင်မြင်ဘူးလား ဆိုတာ ဆုံးဖြတ်လို့ ရပြီလေ။’
‘ပြီးတော့ လူသတ်သမားတိုင်းမှာ လှုပ်ရှားပုံ လှုပ်ရှားနည်း မတူကြဘူး။’
‘ပုံမှန်အတိုင်းဆို အချိန်ပြည့် စောင့်ကြည့်မနေဘဲ သတိအနေအထား အပြည့်နဲ့နေနေတဲ့ လူသတ်သမားတစ်ယောက်ကို ချောင်းတိုက်ဖို့ ဆိုတာက ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိမှပဲ ရမယ်။’
‘တစ်ယောက်ယောက်က သူ့ကို နှိုက်နှိုက်ချွတ်ချွတ်သိနေပြီး သူ့ရဲ့ လှုပ်ရှားပုံလမ်းကြောင်းကို ခန့်မှန်းနိုင်တာမျိုးကလွဲရင်ပေါ့...။'
ချူချင်းသည် အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
'တကယ်လို့ အရင်ပိုင်ရှင်ရဲ့ လှုပ်ရှားပုံလမ်းကြောင်းကို သူက အကြံပေးခဲ့တာဆိုရင် အရင်က ကြုံတွေ့ခဲ့ရသမျှအားလုံးက အကွက်ဆင်ထားတာကြီးပေါ့။ သေချာအကွက်ချထားတဲ့ ထောင်ချောက်တစ်ခုပေါ့...။'
ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေ ချူချင်း၏ ရင်ဘတ်ထဲတွင် ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့် သေချာနေပြီ ဖြစ်၏။
ဤနေရာအထိ တွေးမိသောအခါ ချူချင်း၏ စိတ်ထဲတွင် ဝမ်းသာမိလေသည်။
မူလပိုင်ရှင်က ထိုလူ့အပေါ် အလွန်အမင်း ယုံကြည်ခဲ့သော်လည်း အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ရမည်ဆိုသော အသိစိတ် ရှိခဲ့ပေသည်။
အစမှအဆုံးတိုင်အောင် မိမိ၏ အမည်၊ နောက်ခံမိသားစုနှင့် ဇစ်မြစ်ကို တစ်ကြိမ်မျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။
သို့သော် အစပိုင်းတွင် ကာကွယ်လိုစိတ်ကြောင့် မပြောခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ လူကြီးလူကောင်းများ၏ မိတ်ဆွေဖွဲ့ခြင်းသည် အပြင်ပန်းသဏ္ဌာန်ပေါ်တွင် မမူတည်ဘဲ နှလုံးသားပေါ်တွင်သာ မူတည်သည်ဟု တွေးခဲ့မိ၏။ အမည်နာမဆိုသည်မှာ အမှတ်အသားတစ်ခုသာ ဖြစ်ရာ ပြောပြရန် မလိုအပ်ဟု ယူဆခဲ့ခြင်း ဖြစ်လေသည်။
သိုင်းပညာနှင့် ပတ်သက်၍မူ သူနှင့် ချူအိမ်တော်တို့၏ ပတ်သက်မှုကို အခြားသူများအား မသိစေလို၍ ဖြစ်၏။ သို့မှသာ ချူယွန်ဖေးက သဲလွန်စများကို လိုက်ရှာပြီး တွေ့ရှိသွားမည်ကို ရှောင်ရှားနိုင်မည် မဟုတ်ပါလော...။
ထို့ကြောင့် သူ အပြင်ဘက်တွင် အသုံးပြုခဲ့သော သိုင်းပညာများမှာလည်း သာမန် မြင်တွေ့နေကျ ဓားသိုင်းအချို့သာ ဖြစ်ပြီး မိသားစု အမွေဆက်ခံထားသော ‘ချင်းရွှီလက်ဝါး’ ကိုမူ တစ်ခါမျှ အသုံးမပြုခဲ့ပေ။
ဤသည်မှာလည်း သူက သွေးလှံနှင့်အတူ အသေခံ တိုက်ခိုက်နိုင်ခဲ့ခြင်း၏ အကြီးမားဆုံး အကြောင်းရင်းပင် ဖြစ်လေသည်။
ယခု ပြန်စဉ်းစားကြည့်လျှင် အကယ်၍သာ တစ်ဖက်လူကို မိမိ၏ အမှန်တကယ် ဇစ်မြစ်ကို သိခွင့်ပေးခဲ့မိပါက အကျိုးဆက်မှာ တွေးကြည့်၍ပင် ရမည် မဟုတ်ချေ။
'ခန့်မှန်းတာ မမှားဘူးဆိုရင် ထျန်းဝူမြို့မှာ သူရှိနေတဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းရတာ မခက်ခဲတော့ပါဘူး။ အချိန်ဆွဲနေလို့ မရတော့ဘူးပဲ...။'
ချူချင်း စိတ်ထဲမှ တွေးလိုက်ချိန်တွင် လက်ဖက်ရည်ဆိုင်အတွင်းရှိ လူများ၏ စကားဝိုင်းခေါင်းစဉ် ပြောင်းလဲသွားသည်ကို ကြားလိုက်ရလေသည်။
"ချူအိမ်တော်က ဒုတိယသခင်လေး သိုင်းပညာသင်ကြားပြီး ပြန်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ မနက်ဖြန်မှာ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ကြီး ကျင်းပပြီး သုံးရက်သုံးညတိုင်တိုင် စားသောက်ပွဲကြီး လုပ်ပေးမယ်လို့ ကြားတယ်ဗျ။"
"အဲ့ဒါ တကယ်။ ဒီနှစ်ရက်အတွင်းမှာ ကျိဝေ့စားသောက်ဆိုင်၊ ချွေ့ကျူးဆောင်လို နာမည်ကြီး စားသောက်ဆိုင် အတော်များများကို ချူအိမ်တော်ရဲ့ အိမ်တော်ထိန်းကြီးက ကိုယ်တိုင် သွားရောက်ပြီး ဒီစားသောက်ပွဲအတွက် ပြင်ဆင်နေကြတာ။"
ရုတ်တရက် လက်ဖက်ရည်ဆိုင်အတွင်းရှိ အလုပ်မရှိသူများက အခြားကိစ္စတစ်ခုအကြောင်း ထပ်မံ ပြောဆိုလာကြ၏။
ချူချင်း၏ နားရွက်များက အနည်းငယ် လှုပ်ရှားသွားပြီး မျက်မှောင်များ အနည်းငယ် ကြုတ်သွားလေသည်။ ထိုအချိန်တွင် ‘နယ်လှည့်သမားတော်' မှာ လမ်းမအဆုံး၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
သူသည်လည်း နောက်ယောင်ခံ လိုက်မသွားခဲ့ပေ။ ထိုလူ၏ စွမ်းရည်မှာ သာမန်မဟုတ်ရာ မိမိဘက်မှ ရုတ်တရက် လှုပ်ရှားလိုက်ပါက မြွေကို လန့်အောင် ခြောက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
'ဒါပေမဲ့... ချူမိသားစု ပွဲလုပ်တဲ့အခါ သူ ဒီအခွင့်အရေးကို လုံးဝ လက်လွတ်ခံမှာ မဟုတ်ဘူး...။'
ချူချင်းသည် လေပူတစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်လေသည်။ သူ၏ ရင်ဘတ်ထဲတွင်မူ အစီအစဉ်တစ်ခု ရရှိနေခဲ့ပြီ ဖြစ်၏။
ထိုအချိန်တွင် အခြားတစ်ယောက်က စကားစပြောလာသည်ကို ကြားလိုက်ရလေသည်။
"ဝူမြို့တော်ဝန်ကိုတောင် ဖိတ်ကြားထားတယ်လို့ ကြားတယ်ဗျ။"
ယုတ္တိဆန်စွာ ပြောရလျှင် ချူမိသားစုက ထျန်းဝူမြို့တွင် ရှိနေပြီး ဝူကန်ချီမှာလည်း ထျန်းဝူမြို့၏ မြို့တော်ဝန်ဖြစ်ရာ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖိတ်ကြားခံရခြင်းက သဘာဝကျသော ကိစ္စတစ်ရပ်ပင် ဖြစ်ပေသည်။
သို့သော် ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လူအားလုံး၏ မျက်နှာအမူအရာများက ထူးဆန်းသွားကြ၏။
ရုတ်တရက် တစ်ယောက်က တိုးညင်းသော အသံဖြင့် ပြောလိုက်လေသည်။
"ခင်ဗျားတို့ ပြောကြည့်ကြပါဦး။ သခင်မလေးဝူ... လာပါ့မလား...။"
"မလာလောက်ဘူးလို့ ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် သခင်မလေးဝူက တစ်ခါပြောဖူးတယ်လေ။ 'ချူမိသားစု အရှက်ခွဲတာကို ရင်ဘတ်ထဲမှာ မှတ်သားထားလိုက်ပြီ။ တစ်ခဏတောင် မမေ့စေရဘူး' ဆိုတဲ့ စကားမျိုး ပြောထားပြီးမှ သူ လာခဲ့ရင် မင်္ဂလာဆောင်ကနေ ထွက်ပြေးသွားတဲ့ အရှက်ခွဲခဲ့တာကို မေ့သွားပြီဆိုတဲ့ သဘောပဲမဟုတ်ဘူးလား...။ သခင်မလေးက ဘယ်လိုလူမျိုးလဲ...။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ပါးကို သူ ပြန်ရိုက်မှာတော့ မဟုတ်ပါဘူး။”