← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) - ရောနှောဝင်ရောက်ခြင်း

ချူချင်း၏ အာရုံသည် ချူယွန်ဖေး ကျင်းပမည့် ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးဆီတွင်သာ ရှိနေခဲ့၏။

အကယ်၍ ထို 'နယ်လှည့်သမားတော်' သာ ပေါ်မလာခဲ့လျှင် သူသည် ချူယွန်ဖေးထံ သတင်းတစ်ပုဒ် ပို့လိုက်ရုံဖြင့် လုံလောက်ပေသည်။

သို့သော် ယခု ထိုသို့အပြောင်းအလဲ ပေါ်လာသောကြောင့် သူ၏ ရည်ရွယ်ချက်ကို ပြင်ဆင်ရတော့မည် ဖြစ်၏။ ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် ဤသတင်းကို ရုတ်တရက် ကြားလိုက်ရလေသည်။

ထို့အပြင် ဤအတင်းအဖျင်းစကားက သူ၏အကြောင်းပင် ဖြစ်နေချေသည်။

"ဪ... သူမက အဲ့လိုစကားကိုတောင် ပြောခဲ့တာလား။"

ချူချင်းမှာ အသံတိတ် ရယ်မောလိုက်မိ၏။

သခင်မလေးဝူ၏ အမည်မှာ ဝူချန်းဟွမ်ဖြစ်ပြီး ထျန်းဝူမြို့စား ဝူကန်ချီ၏ တစ်ဦးတည်းသော သမီးဖြစ်လေသည်။

ငယ်စဉ်ကတည်းက အလိုလိုက်ခံရကာ ပိုးမွေးသလို မွေးထားသည့် အထက်တန်းလွှာ သခင်မလေးဖြစ်ပြီး ချူချင်းထက် နှစ်နှစ်ငယ်၏။

သူတို့နှစ်ဦး၏ ပတ်သက်မှုက လွန်ခဲ့သော အချိန်ကာလ အတော်ကြာအထိ နောက်ကြောင်းပြန်လှည့်၍ ရပေသည်။ ဝူချန်းဟွမ်လေး အဝတ်ဗလာ ကျစ်ဆံမြီးလေးနှင့် လမ်းမတစ်လျှောက် သူ၏နောက်သို့ တကောက်ကောက်လိုက်ကာ ဆိုးတေခဲ့သည့် အချိန်ထိပင်။

ပြောရလျှင် ငယ်သူငယ်ချင်းများ ဖြစ်ကြလေသည်။

ချူမိသားစုသည် ထျန်းဝူမြို့၏ နံပါတ်တစ် မိသားစုကြီးဖြစ်ပြီး ဝူကန်ချီနှင့် အချိန်အတော်များများတွင် အေးအတူပူအမျှ ရှိကြ၏။

မည်သို့ပင်ဆိုစေ လူသားစားပြီး အရိုးပင်မထွေးထုတ်တတ်သည့် ဤသိုင်းလောကတွင် ဝူကန်ချီ၌ အခြားအကူအညီများသာ မရှိလျှင် အရပ်ရှစ်မျက်နှာမှ မုန်တိုင်းများကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

ထို့ကြောင့် မိသားစုနှစ်ခုက အမြဲတမ်း ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။

ဝူချန်းဟွမ်က ချူချင်းထက် နှစ်နှစ်ငယ်ပြီး သူ၏မှတ်ဉာဏ်ထဲရှိ ထိုကောင်မလေးမှာ အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှ၏။

ငယ်ငယ်ကတည်းက သူ၏နောက်သို့ တစ်ကောက်ကောက် လိုက်တတ်ပြီး သူဘာလုပ်လုပ် သူမကလည်း လိုက်လုပ်လေ့ရှိသည်။

ထို့ကြောင့် ချူချင်းက သူမကို အလွန်အမင်း မုန်းတီးခဲ့သော်လည်း ထိုအမြီးတပ်အကောင်ငယ်လေးကို မည်သို့မှ ဖယ်ခွာ၍ မရခဲ့ပေ။

နောက်ပိုင်း သူမ သိုင်းပညာ စတင်လေ့ကျင့်ပြီးနောက် ချူချင်းက သူမကို ပို၍ပင် မုန်းတီးလာခဲ့၏။

အကြောင်းမှာ သူမ၏ ပင်ကိုယ်အရည်အချင်းနှင့် ဉာဏ်ရည်မှာ ချူချင်းထက် အဆပေါင်းများစွာ သာလွန်နေသောကြောင့်ပင်။ အစပိုင်းတွင် သူမထက် နှစ်နှစ်စော၍ လေ့ကျင့်ထားခြင်းကို အခွင့်ကောင်းယူကာ သူမကို ဖိနှိပ်ထားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖိနှိပ်၍ မရတော့ချေ။

ကလေးချင်း ရန်ဖြစ်ကြသော်လည်း အကြင်နာတရား မရှိသဖြင့် ချူချင်းမှာ သူမ၏ ရိုက်နှက်မှုကြောင့် အမြဲတမ်း နှာခေါင်းသွေးထွက်ကာ မျက်နှာတစ်ခုလုံး ယောင်ကိုင်းဖူးရောင်နေတတ်လေသည်။

ထို့နောက် မိသားစုနှစ်ခုက စေ့စပ်ကြောင်းလမ်းလိုက်ကြ၏။

ဤစေ့စပ်မှုသည် ခန္ဓာကိုယ်၏မူလပိုင်ရှင် ကိုယ်တိုင် နားလည်၍ မရနိုင်သကဲ့သို့ လည်ပင်းကို ကြိုးကွင်းစွပ်လိုက်သလိုပင် ဖြစ်နေခဲ့သည်။

သို့သော် ယခုလက်ရှိ ချူချင်းကတော့ နားလည်နိုင်သည်။ ချူယွန်ဖေး၏ ဤလုပ်ရပ်သည် ချူချင်း၏ အနာဂတ်အတွက် ကောင်းမွန်သော လမ်းမကြီးတစ်ခုကို ခင်းကျင်းပေးလိုက်ခြင်းပင် ဖြစ်၏။

ချူထျန်းက ချူမိသားစု၏ အရာအားလုံးကို ဆက်ခံမည်ဖြစ်ပြီး သူ၏ အနာဂတ်မှာ စောစောစီးစီးပင် သတ်မှတ်ပြီးသား ဖြစ်လေသည်။

ချူဖန်က ထိုက်ရိဂိုဏ်းသို့ ဝင်ရောက်သွားခဲ့ပြီး သူ၏ အရည်အချင်းကြောင့် စိုးရိမ်စရာ မလိုတော့ပေ။ စာပေတွင်လည်း မထူးချွန်၊ သိုင်းပညာတွင်လည်း မတော်သည့် အထွေးဆုံးလေး၏ အနာဂတ်သာလျှင် ရင်လေးစရာ ဖြစ်နေခဲ့သည်။

ချူယွန်ဖေး သက်ရှိထင်ရှား ရှိနေချိန်တွင် သူက ချူမိသားစု၌ လေလွင့်ကာ ဆက်လက် နေထိုင်နိုင်ပေမည်။

သို့သော် မိသားစုလုပ်ငန်းများကို ချူထျန်းထံ လွှဲပြောင်းပေးပြီးနောက် မည်သို့ ဖြစ်လာမည်နည်း။

ကိစ္စတော်တော်များများက ပြောင်းလဲသွားမည်ပင်။ ချူထျန်းကလည်း အိမ်ထောင်ပြုမည်ဖြစ်ရာ ယောင်းမနှင့် မတ်အကြား ဆက်ဆံရေးက မည်သို့ ရှိမည်နည်း။

အကယ်၍ အချင်းချင်း မရင်းနှီးဘဲ ချူထျန်း၏ နားထဲသို့ နေ့စဉ်ရက်ဆက် ကုန်းချောစကားများ ဝင်ရောက်နေမည် ဆိုပါက ဖခင်အိုကြီး၏ ဖိအားပေးမှုလည်း မရှိတော့သည့်အတွက် ချူထျန်းအနေဖြင့် ဤညီငယ်ကို မည်မျှပင် ချစ်ခင်စောင့်ရှောက်ပါစေ အချိန်ကြာလာသည်နှင့်အမျှ ခွာပြဲမှုများ ဖြစ်ပေါ်လာရန် ရှောင်လွှဲနိုင်မည် မဟုတ်ချေ။

ချူထျန်း၏ မုန်းတီးခြင်းကို ခံရသည်နှင့် ချူချင်း၏ ရွှေရောင်နေ့ရက်များသည် လုံးဝ အဆုံးသတ်သွားပြီဟု ဆိုရမည်ဖြစ်သည်။

ထိုသို့သော ကိစ္စများ မဖြစ်ပွားစေရန် ချူယွန်ဖေးက ချူချင်းအတွက် အခြားထွက်ပေါက်တစ်ခုကို ရှာဖွေပေးခဲ့ခြင်း ဖြစ်၏။

သူသည် မျက်နှာပြောင်တိုက်ကာ ဝူကန်ချီထံသို့ စေ့စပ်ကြောင်းလမ်းရန် သွားရောက်ခဲ့ခြင်းသည် သူ၏စေတနာ မည်မျှကြီးမားကြောင်းကို ဖော်ပြရန် လုံလောက်နေပေသည်။

ဤလုပ်ရပ်သည် ပထမအချက်အနေဖြင့် မိသားစုနှစ်ခု၏ ဆက်ဆံရေးကို ပိုမို နီးကပ်လာစေနိုင်သည်။ ဒုတိယအချက်အနေဖြင့် ဝူချန်းဟွမ်သည် ဝူကန်ချီ၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး ဝူကန်ချီ ကွယ်လွန်သွားပြီးနောက် ဤကြီးမားကျယ်ပြန့်သော ထျန်းဝူမြို့ကြီး တစ်ခုလုံးသည် ဝူချန်းဟွမ်၏ အပိုင် ဖြစ်လာမည် မဟုတ်လော။

သူမ၏ ခင်ပွန်းအနေဖြင့် ချူချင်းက မည်မျှပင် အသုံးမကျပါစေ အနာဂတ်တွင်လည်း အရမ်းကြီး ဆိုးရွားနေမည် မဟုတ်ပေ။

ထို့အပြင် ချူချင်း၏ နောက်ကွယ်တွင် ချူမိသားစု ရှိနေသေးသည်။

လက်ထပ်ပြီးနောက် ဝူချန်းဟွမ်က ချူချင်းကို ရွံရှာမုန်းတီးလျှင်ပင် လွန်လွန်ကျူးကျူး လုပ်ရဲမည် မဟုတ်ချေ။

အနာဂတ်အတွက် မည်သို့ပင်ဆိုစေ မျှော်လင့်ချက်အနည်းငယ် ထားနိုင်သေး၏။

ဤကိစ္စများကို မူလပိုင်ရှင်က နားမလည်ခဲ့ပေ။ ထို့ကြောင့် သူ၏ရင်ထဲတွင် ပို၍ပင် စိတ်ပျက်အားငယ်လာကာ ဖခင်ဖြစ်သူသည် သားဖြစ်သူ၏ ရည်မှန်းချက်ကြီးမားမှုကို နားမလည်ဟု ထင်မြင်ကာ အိမ်ပေါ်မှ ဆင်းရန် အတွေးများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။

သေချာသည်မှာ ထိုအထဲတွင် ဝူချန်းဟွမ်နှင့် လက်ထပ်ပြီးနောက် ထိုကောင်မလေး၏ နေ့စဉ် ဖိနှိပ်ရိုက်နှက်ခံရမည်ကို စိုးရိမ်ပူပန်မှု မည်မျှပါဝင်နေသည်ကိုမူ ကာယကံရှင်သာ သိနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကိစ္စများက ဤသို့ ဖြစ်ပျက်သွားခဲ့ပြီ ဖြစ်၏။

သို့သော် ဤကိစ္စသည် ဝူချန်းဟွမ်အပေါ် သက်ရောက်မှုရှိခဲ့မည်ဟု အနည်းငယ်မျှ မထင်ထားခဲ့ပေ။

ချူမိသားစု၏ အရှက်ခွဲခြင်းအဖြစ် ရင်ထဲတွင် သေချာမှတ်သားထားမည်စသည်ဖြင့် ပြောဆိုခဲ့သေးသည် မဟုတ်လော။

'အဲ့ကောင်မလေး ဟန်ဆောင်နေတာများလား။ မှတ်ဉာဏ်ထဲက သူ(မ)ရဲ့အကြောင်းကို လေ့လာကြည့်ရသလောက်ဆိုရင် အဲ့ကောင်မလေးက မာနကြီးပြီး အထက်စီးဆန်တယ်။ ဒီစေ့စပ်မှုကို သူ(မ)ကိုယ်တိုင်လည်း သဘောတူမှာ မဟုတ်ဘူး။'

ချူချင်းသည် ယခုအချိန်တွင် သူသိလိုသော သတင်းများကို စုံစမ်းသိရှိသွားပြီဖြစ်၍ လက်ဖက်ရည်ဖိုးကို ချထားလိုက်သည်။

လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် ဝူချန်းဟွမ်၏ ကိစ္စကို သူ၏ ခေါင်းထဲမှ ထုတ်ပစ်လိုက်၏။

လမ်းဘေးဈေးသည်ထံမှ လတ်ဆတ်သော မက်မွန်သီးအချို့ကို ဝယ်စားလျက် လမ်းမကြီးတစ်လျှောက် လျှောက်သွားရင်း အတွေးထဲတွင် အစီအစဉ်များ‌ ရေးဆွဲနေလေသည်။

'သူသာဆိုရင် မနက်ဖြန် သူဘာလုပ်မယ်ဆိုတာကို ငါ အကြမ်းဖျင်း ခန့်မှန်းလို့ရတယ်။'

'ဒါပေမဲ့ နျဲ့ကျင့်ထိုင်က ဒီတစ်ကြိမ် ရှုံးထားတာဆိုတော့ နောက်တစ်ကြိမ် လှုပ်ရှားလာရင် ခုခံရတာ ပိုခက်သွားလိမ့်မယ်။ နောက်ကွယ်ကနေ ချူယွန်ဖေးကို သေစေချင်နေတာ တကယ်ပဲ ဘယ်သူဖြစ်နေမလဲ။ ဒီအဖိုးကြီးကကော ဘယ်သူဘယ်ဝါဆိုတာ သိထားတာ ရှိနေမလား။'

'ကြည့်ရတာ မနက်ဖြန် လုပ်စရာတွေ အများကြီး ရှိသေးတယ်ထင်ပါရဲ့။'

'အင်း... ကျိဝေ့စားသောက်ဆိုင်နဲ့ ချွေ့ကျူစားသောက်ဆိုင်က ထမင်းချက်တွေ၊ စားပွဲထိုးတွေ မနက်ဖြန် ချူအိမ်တော်ရဲ့ မီးဖိုချောင်မှာ သွားကူညီကြလိမ့်မယ်။ မီးဖိုချောင်က နောက်ဖေးခြံဝင်းနဲ့ နီးတော့ ဒီအခွင့်အရေးကို အသုံးချပြီး ငါဝင်သွားလို့ ရလောက်တယ်။'

အတွေးထဲတွင် အစီအစဉ်ချပြီးနောက် သူ၏ လှုပ်ရှားမှုများက ပို၍ပင် ဖြည်းဖြည်းမှန်မှန် ဖြစ်လာလေသည်။

အချို့ဆိုင်များသို့ အေးအေးဆေးဆေး လည်ပတ်ကာ ပစ္စည်းအချို့ ဝယ်ယူလိုက်ပြီး နောက်ဆုံးတွင် ပါဖန်းတည်းခိုခန်း၌ အခန်းတစ်ခန်း ငှားလိုက်၏။

ထိုညက ထူးခြားမှုတစ်စုံတစ်ရာ မရှိခဲ့ဘဲ နောက်တစ်နေ့ နေမထွက်မီတွင် ချူချင်းက အိပ်ရာမှ ထလာခဲ့သည်။

ကိုယ်ပေါ်တွင်လည်း အနက်ရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်၏။

နေမထွက်သေးသည်ကို အခွင့်ကောင်းယူကာ သူသည် ည၏အမှောင်ထုကို အကာအကွယ်ယူ၍ ထွက်ခွာလာခဲ့ရာ ခဏအကြာတွင် လမ်းသွယ်လေးတစ်ခုသို့ ရောက်ရှိသွားလေသည်။

ထိုစဉ် ခြေသံများကို ဆက်တိုက် ကြားလိုက်ရပြီး အလျင်စလို တိုက်တွန်းနေသည့် အသံတစ်သံက ထွက်ပေါ်လာသည်။

"မြန်မြန်... မြန်မြန်လုပ်ကြ။ ဒီနေ့ ချူအိမ်တော်မှာ ပွဲကျင်းပမှာ။ မိုးလင်းတာနဲ့ စားပွဲတွေ အဆင်သင့်ပြင်ထားရမယ်။ ချူအိမ်တော်က နာမည်ကြီးတယ်။ ဒီအလုပ်ကို သေချာလုပ်နိုင်ရင် လူတိုင်းကို ဆုကြေးပေးမှာ အချိန်နောက်ကျလို့တော့ မဖြစ်ဘူးနော်။"

သူတို့သည် ကျိဝေ့စားသောက်ဆိုင်မှ လူများ ဖြစ်ကြ၏။

ထို့အပြင် လူအရေအတွက်လည်း မနည်းလှပေ။ ထမင်းချက်များအပြင် စားပွဲထိုး အများအပြားလည်း ပါဝင်လေသည်။

စားပွဲထိုးများ၏ အနောက်တွင် လိုက်ပါလာသူများမှာ ထမ်းပိုးများ ထမ်းလာသည့် အထမ်းသမားများ ဖြစ်သည်။

ထိုအချို့အထမ်းသမားများက ထင်းများကို ထမ်းလာကြ၏။ ချူအိမ်တော်သည် သုံးရက်သုံးညတိုင်တိုင် ပွဲခံမည်ဖြစ်ရာ ထင်းများ လိုအပ်သည်မှာ သဘာဝပင် ဖြစ်သည်။

အချို့ကလည်း သေရည်များကို ထမ်းလာကြသည်။ ကျိဝေ့စားသောက်ဆိုင်၏ အကျော်ကြားဆုံးသော သေရည်ကောင်းမှာ နတ်ဘုရားယစ်မူး‌သေရည်ပင် ဖြစ်၏။

ထျန်းဝူမြို့တွင် ပွဲလမ်းသဘင်များ၌ မပါမဖြစ် လိုအပ်ပြီး ဤတစ်ကြိမ် ချူအိမ်တော်မှ အများအပြား မှာယူထားသဖြင့် အထမ်းသမားများလည်း များပြားနေခြင်း ဖြစ်လေသည်။

ဤအချက်က ချူချင်း၏ ကြိုတင်တွက်ဆမှုထဲတွင် ပါဝင်နေပေသည်။

သူသည် ကျဉ်းမြောင်းသော လမ်းသွယ်ထဲမှ ဖြတ်လျှောက်သွားသည့် ထိုလူစုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။ သူ၏ ကိုယ်နေဟန်ထားက ယိမ်းယိုင်သွားကာ နံရံပေါ်မှ တိုက်ရိုက် ခုန်ဆင်းလိုက်၏။

ကောင်းကင်ယံမှ စွန်ရဲတစ်ကောင်ကဲ့သို့ လှည့်ပတ်ကာ ရုတ်တရက် ထိုးဆင်းလာသည့် အရှိန်ကို လျှော့ချလိုက်ပြီး လေထဲခြောက်လက်မခန့် အကွားရောက်မှ အသံတိတ် ခြေလှမ်းဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူသည် အထမ်းသမား တစ်ယောက်၏ အနောက်တွင် အတိအကျ ရပ်နေလေ၏။

လက်ကိုဆန့်ထုတ်ကာ ထိုအထမ်းသမား၏ ပခုံးကို ဖမ်းကိုင်လိုက်ပြီး သူ့ကို တုံ့ပြန်ရန် အချိန်မပေးဘဲ သွေးကြောပိတ်ကာ ဘေးဘက်လမ်းသွယ်ထဲသို့ ဆွဲခေါ်သွားလေသည်။

ထမ်းပိုးနှင့် ၎င်းထဲတွင်ရှိသော နတ်ဘုရားယစ်မူးသေရည်ကို သတိထား၍ ချထားလိုက်၏။

ချူချင်း၏ လက်နှင့်ခြေထောက်များက သွက်လက်မြန်ဆန်လှပြီး အထမ်းသမား၏ အဝတ်အစားများကို ကျွမ်းကျင်စွာ ချွတ်ယူလိုက်ကာ မျက်တောင်တစ်ခတ်အတွင်း သူ၏ကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်လေသည်။

ထို့နောက် ထိုအထမ်းသမား၏ လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုပ်လိုက်ပြီး ပါးစပ်ကို ပစ္စည်းတစ်ခုဖြင့် ဆို့ထားလိုက်၏။

သွေးကြောပိတ်ခြင်း၏ အာနိသင်သည် တဖြည်းဖြည်း လျော့ကျသွားမည်ဖြစ်ပြီး အတွင်းအားများ ပျောက်ကွယ်သွားချိန်တွင် သွေးကြောပိတ်ထားမှုသည် အလိုအလျောက် ပွင့်သွားမည်ဖြစ်သည်။

၎င်းသည် သူ အစောတလျင် လွတ်မြောက်သွားမည်ကို ကာကွယ်ရန်အတွက် ချူချင်း ကြိုတင်ပြင်ဆင်ထားသော နောက်ထပ် ကာကွယ်မှုတစ်ခု ဖြစ်လေသည်။

ထိုလူကို နေရာချထားပြီးနောက် ချူချင်းက သူ၏ ဘောင်းဘီခါးပတ်ထဲသို့ ငွေနှစ်တေလ် ထည့်ပေးလိုက်၏။

မည်သို့ပင်ဆိုစေ သူ၏ ထမ်းပိုးကို ယူကာ အဝတ်အစားများကို လုယူခဲ့သဖြင့် ယနေ့အတွက် သူ၏ ဝင်ငွေ ရှာဖွေမှုလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

အဆုံးတွင် ထမင်းစားရမည် ဖြစ်ရာ လျော်ကြေးအနည်းငယ် ပေးရပေမည်။

ဘောင်းဘီခါးပတ်ထဲသို့ ထည့်ပေးရခြင်းမှာလည်း တစ်စုံတစ်ယောက် တွေ့ရှိသွားပြီးနောက် ငွေကြေးကို မြင်ကာ လောဘတက်ပြီး မလိုအပ်သော ပြဿနာများ ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ချူချင်းက ထမ်းပိုးကို ထမ်းကာ ရှေ့သို့ ယိမ်းထိုးလျက် ခြေလှမ်းရွှေ့လိုက်သည်။ သူက ကိုယ်‌ဖော့သိုင်းကို အသုံးပြုကာ ရှေ့မှ လူစုနောက်သို့ အသံတိတ် လိုက်ပါသွားလေ၏။

ဖြစ်စဉ်တစ်ခုလုံးသည် ရေစုန်တွင်မျောနေသကဲ့သို့ ချောမွေ့နေပြီး မည်သူမျှ ထူးခြားမှုကို မခံစားလိုက်ရချေ။

All Chapters