← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) - အတိတ်ဟောင်းဆီသို့ ပြန်လည်ရောက်ရှိလာခြင်း

ကြယ်ရောင်လရိပ်တို့ မှေးမှိန်ပျောက်ကွယ်သွားကာ နေမထွက်မီ အရုဏ်တက်ချိန်လေးပင် ဖြစ်လေသည်။

ဤအချိန်တွင် ချူအိမ်တော်၏ နောက်ဖေးပေါက်၌ အလွန် စည်ကားနေ၏။

ချူချင်းသည် ထမ်းပိုးကို ထမ်းလျက် အခြားသူများနှင့်အတူ ထိုနေရာသို့ ရောက်ရှိလာချိန်တွင် တည်းခိုခန်းနှင့် စားသောက်ဆိုင် အချို့မှ လူများလည်း ရောက်နှင့်နေကြပြီ ဖြစ်သည်။

သူတို့အားလုံး ထိုနေရာ၌ ကြိတ်ကြိတ်တိုးနေကြ၏။ နောက်ဖေးပေါက်က မကျယ်သဖြင့် စောစောစီးစီး တံခါးဖွင့်ထားသော်ငြား လူများကို တစ်ယောက်ချင်း ဝင်ခွင့်ပြုရန် အချိန်အနည်းငယ် ယူရပေသည်။

ချူအိမ်တော်၏ အိမ်တော်ထိန်းဖြစ်သူနှင့် အစေခံအချို့အပြင် အိမ်တော်စောင့် သိုင်းဆရာများသည်လည်း ထိုနေရာတွင် စောင့်ကြပ်နေကြပြီး သယ်ယူလာသော ပစ္စည်းများကို အကြမ်းဖျင်း စစ်ဆေးပြီးနောက် ဝင်ခွင့်ပြုလိုက်လေသည်။

အချိန်အတော်ကြာပြီးနောက်မှ ချူချင်း၏ အလှည့်သို့ ရောက်လာ၏။

သူသည် အိမ်တော်ထိန်းကျိုးမြောင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ငုံ့ထားလိုက်သည်။

ချူအိမ်တော်၏ တတိယသခင်လေး တစ်ယောက်အနေဖြင့် သူသည် ငယ်စဉ်ကတည်းက ဤအိမ်‌တော်ထိန်း၏ ပြုစုပျိုးထောင်မှုဖြင့် ကြီးပြင်းလာခဲ့သူဖြစ်ရာ အလွန်ပင် ရင်းနှီးကျွမ်းဝင်နေပေသည်။

ချူချင်းသည် မနေ့ညကတည်းက ရုပ်ဖျက်ထားခဲ့သော်လည်း တစ်စုံတစ်ရာ ရိပ်မိသွားနိုင်‌ချေကိုမူ အတတ်ပြောရန် ခက်ခဲနေဆဲပင်။

ကျိုးမြောင်ကလည်း ဤလူငယ်အထမ်းသမားကို ကြည့်ရင်း အလွန်ထူးခြားသော ရင်းနှီးမှုမျိုးကို ခံစားနေရလေသည်။

သို့သော် ယနေ့က အလွန်အလုပ်များပြီး စောင့်ကြည့်ရန်ကိစ္စလည်း များနေသဖြင့် သေချာစစ်ဆေးရန် အချိန်မရခဲ့ပေ။

နှစ်ကြိမ်ခန့် ကြည့်လိုက်ပြီးနောက် သူစိမ်းဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် စိတ်ထဲမထားတော့ဘဲ လျစ်လျူရှုလိုက်၏။

ဘေးရှိ အစေခံများက စစ်ဆေးပြီးနောက် ပြဿနာမရှိကြောင်း သေချာသွားသောအခါ ချူချင်းကို ဝင်ခွင့်ပြုလိုက်လေသည်။

အိမ်တော်ထိန်းကျိုးမြောင်၏ မြင်ကွင်းမှ လွတ်ကင်းသွားသည့်အချိန် ရောက်မှသာ ချူချင်းသည် သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်...။ ဤသည်က တံခါးဝသို့ ဝင်ရောက်ခြင်း၏ ပထမဆုံး အဆင့်ပင်။

သို့သော် ဤအဆင့်ကို ကျော်ဖြတ်ပြီးပါက နောက်ပိုင်းကိစ္စများက မခက်ခဲတော့ပေ။

မော့ကြည့်လိုက်ရာ မြင်တွေ့ရသော ပတ်ဝန်းကျင် တစ်ခုလုံးကို အလွန်ပင် ရင်းနှီးကျွမ်းဝင်နေလေသည်။

ချူအိမ်တော်သည် အလွန်ကြီးမားသော်လည်း နေရာတိုင်းက ချူချင်း၏ မှတ်ဉာဏ်ထဲတွင် ရှိနေ၏။ မည်သို့ပင်ဖြစ်စေ ဤနေရာက သူ၏အိမ် မဟုတ်ပါလော။

အကယ်၍ သူသာ ဆန္ဒရှိပါက မည်သူမည်ဝါဖြစ်ကြောင်းကို တိုက်ရိုက်ပြောပြပြီး တရားဝင် ဝင်လာပါက မည်သူကမျှ တားဆီးဝံ့မည် မဟုတ်ပေ။

သို့သော် ထိုသို့လုပ်လိုက်ပါက ပြဿနာများစွာလည်း ရှိလာနိုင်လေသည်။

သူ့အနေဖြင့် ဖခင်တစ်ယောက်နှင့် အစ်ကိုနှစ်ယောက် ပိုလာသည်ကို ဂရုစိုက်နေခြင်းတော့ မဟုတ်ပေ...။ ဤခန္ဓာကိုယ်ကို ဆက်ခံထားရသဖြင့် အနည်းငယ် စိမ်းသက်နေသော်လည်း အသိအမှတ်မပြုဘဲ နေ၍တော့ မရပေ။

ပြဿနာက သူသည် ယခုတိုင်အောင် နျဲ့ကျင့်ထိုင်၏ လိုက်လံလုပ်ကြံခြင်းကို ခံနေရဆဲ ဖြစ်နေခြင်းပင်။

သူမည်သူဖြစ်ကြောင်း မည်သူမျှ မသိလျှင် ကိစ္စမရှိသော်လည်း သိသွားပါက သူတို့ပါ ဤကိစ္စတွင် ပါဝင်လာနိုင်သည်ကို တားဆီးရန် ခက်ခဲသွားပေမည်။

ထို့အပြင် လက်ရှိအခြေအနေအရ အမှောင်ထဲတွင် ပုန်းကွယ်နေခြင်းက သူ့အတွက် ပို၍ အကျိုးရှိလေသည်။

အစေခံ၏ လမ်းညွှန်မှုနှင့်အတူ ချူချင်းသည် သေရည်များကို ထမ်းလျက် အိမ်နောက်ဖေးရှိ သိုလှောင်ရုံ တစ်ခုသို့ ရောက်ရှိလာ၏။

ထိုအစေခံက ချူချင်းအား သေရည်များကို ဤနေရာတွင် ထားခဲ့ရန်နှင့် စစ်ဆေးပြီး ပြဿနာမရှိပါက ထွက်သွားနိုင်ကြောင်း ပြောလိုက်သည်။

ချူချင်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ရာ ထိုအစေခံသည်လည်း နောက်ဖေးပေါက်သို့ ပြန်သွားလေသည်။

သိုလှောင်ရုံထဲသို့ ဝင်လိုက်သောအခါ ထိုနေရာတွင်လည်း အစေခံအချို့ စောင့်ကြပ်နေကြ၏။

အချို့ဆိုလျှင် သမ်းဝေနေကြပြီး အိပ်ရေးမဝသည်မှာ သိသာလှသည်...။ ဤအစေခံများမှာ အသက်မကြီးလှဘဲ ဆယ့်လေးငါးနှစ်အရွယ်မှ ဆယ့်ခြောက် ဆယ့်ခုနစ်အရွယ်ခန့်သာ ရှိကြသေးသဖြင့် ဤသည်မှာ သာမန်ပင်ဖြစ်သည်။

အရွယ်ရောက်စ လူငယ်များက စားနိုင်အိပ်နိုင်သည့် အရွယ်ဖြစ်ရာ မိုးမလင်းမီ ထလာရလျှင် မည်သူက မအိပ်ချင်ဘဲ နေမည်နည်း။

ချူချင်းက သေရည်များကို စစ်ဆေးရန် ချထားပေးလိုက်ရာ အစေခံတစ်ယောက်က သမ်းဝေလျက် လက်တစ်ထွာခန့်ရှည်သော ငွေအပ်တစ်ချောင်းကို အက်ကွဲကြောင်းများကြားမှ သတိထား၍ ထိုးသွင်းလိုက်၏။ ထုတ်ယူလိုက်သောအခါ ငွေအပ်၏ အရောင်မပြောင်းသွားသည်ကို တွေ့ရသဖြင့် ခေါင်းညိတ်ကာ ဘေးသို့ ဖယ်ထားလိုက်လေသည်။

အားလုံးကို တစ်ကြိမ် စစ်ဆေးပြီးသွားသောအခါ ချူချင်းကို ထွက်သွားနိုင်ပြီဖြစ်ကြောင်း ပြောလိုက်သည်။

ချူချင်းက ပြန်လည်တုံ့ပြန်လိုက်ပြီး ထမ်းပိုးကို ထမ်းကာ အပြင်သို့ ထွက်လာခဲ့၏။

လာစဉ်က အစေခံတစ်ယောက် လမ်းပြပေးခဲ့သော်လည်း ပြန်ထွက်ချိန်တွင်မူ မည်သူမျှ မရှိတော့ပေ။ အမှန်တကယ်လည်း အလွန်အလုပ်များနေကြပြီး ရှေ့ဝင်းရော နောက်ဖေးပါ လူအင်အား လိုအပ်နေသဖြင့် ဤအထမ်းသမားများအပေါ် အချိန်မ‌ပေးနိုင်ကြပေ။ အိမ်တော်စောင့် သိုင်းဆရာများ စောင့်ကြည့်နေလျှင် လုံလောက်ပြီ ဖြစ်သည်။

သို့သော် ဤအိမ်တော်စောင့် သိုင်းဆရာများက ချူချင်းကို မည်သို့ တောက်လျှောက်စောင့်ကြည့်နိုင်ပါမည်နည်း။

မျက်ကွယ်ရာသို့ ရောက်သည်နှင့် သူသည် ထမ်းပိုးကို ထမ်းလျက် ခြေလှမ်းတစ်ချက် ပြောင်းကာ ကျောက်တောင်တု တစ်ခုနောက်သို့ ဝင်ရောက်သွားလေသည်။

မမြင်ကွယ်ရာနေရာတွင် ထမ်းပိုးကို ဖွက်ထားလိုက်ပြီးနောက် သူသည် ကျောက်တောင်တု၏ အကွေ့အကောက် လမ်းကြောင်းတစ်လျှောက် ရှေ့သို့ ဆက်လျှောက်သွားရာ ခဏအကြာတွင် နံရံတစ်ခုက သူ၏လမ်းကို ပိတ်ဆို့သွားလေသည်။

သူသည် မည်သည့် တွေဝေမှုမျှမရှိဘဲ နံရံကို တိုက်ရိုက် ကျော်ဖြတ်သွား၏။

ဤအချိန်တွင် ခြံဝင်းထဲ၌ မည်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။ အကယ်၍ ရှိခဲ့လျှင်လည်း ထိုသူက ချူအိမ်တော်မှ လူဖြစ်မည် မဟုတ်သည်မှာ သေချာလှသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်က ချူချင်း၏ ခြံဝင်းဖြစ်နေသောကြောင့်ပင်။

ခြေလှမ်းများက အသံတိတ် ကျဆင်းသွားပြီး ခြံဝင်းထဲတွင် မျှော်လင့်ထားသည့်အတိုင်း မည်သူမျှ မရှိပေ။ သို့သော် ဖရိုဖရဲ ဖြစ်မနေဘဲ တစ်စုံတစ်ယောက်က အမြဲတမ်း သန့်ရှင်းရေး လုပ်ထားပုံပေါ်သည်။

အခန်း၏ တံခါးနှင့် ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ထား၏။ ချူချင်းသည် တံခါးရှေ့သို့ ရောက်လာပြီး လက်ဖြင့် ဖြည်းညင်းစွာ တွန်းလိုက်ရာ ‘ကျီ’ဟူသော အသံတစ်ချက်နှင့်အတူ အခန်းတံခါး ပွင့်သွားလေသည်။

အခန်းထဲရှိ အပြင်အဆင်များကို တစ်ခုချင်းစီ မြင်တွေ့လိုက်ရသည်။

ဘယ်ဘက်ခြမ်းမှာ အိပ်ခန်းဖြစ်ပြီး ကုတင်ပေါ်တွင် စောင်အသစ်တစ်ထည် ခင်းထား၏။

ကုတင်ခေါင်းရင်းတွင် ချိတ်ဆွဲထားသော ထိုသစ်သားဓားမှာ ချူချင်း အသက်သုံးနှစ်အရွယ်က ချူယွန်ဖေး ကိုယ်တိုင် ထွင်းထုကာ မွေးနေ့လက်ဆောင်အဖြစ် ပေးထားခြင်း ဖြစ်လေသည်။

ညာဘက်ခြမ်းမှာ စာကြည့်ခန်းဖြစ်ပြီး စာအုပ်များစွာ ရှိသော်လည်း သူဖတ်သည်ကတော့ သိပ်မရှိလှပေ။

လူငယ်သဘာဝ ပျင်းရိတတ်ကာ သိုင်းပညာ လေ့ကျင့်ရန် နှစ်သက်သော်လည်း ပါရမီကန့်သတ်ချက် ရှိနေပြီး စာဖတ်ခြင်းကိုမူ အလွန် မုန်းတီးလေသည်။

ချူချင်းက စာအုပ်တစ်အုပ်ကို ကျပန်း ဆွဲယူလိုက်ရာ စာအုပ်ကို ကောင်းမွန်စွာ သိမ်းဆည်းထားသည်ကို တွေ့ရသည်။ ပိုးမွှားများ ကိုက်ဖြတ်ခြင်း မခံရစေရန် တစ်ယောက်ယောက်က တစ်ခါတစ်ရံ ထုတ်၍ နေလှန်းထားကြောင်း သိသာလှ၏။

အရာအားလုံးက မည်သည့် ပြောင်းလဲမှုမျှ မရှိဘဲ အိမ်မှ ထွက်ခွာလာစဉ်က အတိုင်းပင် ဖြစ်သည်။

ကုလားထိုင်ကို ဆွဲယူကာ ထိုင်လိုက်ပြီးနောက် ချူချင်းသည် ဖြည်းညင်းစွာ သက်ပြင်းတစ်ချက် ချလိုက်ရာ ဖော်ပြ၍မရနိုင်သော သက်သာမှုမျိုးကို ခံစားလိုက်ရလေသည်။

"ရင်ထဲက မကျေနပ်ချက်တစ်ခုကြောင့်နဲ့ ကောင်းကောင်းမွန်မွန် နေရတာကို စွန့်လွှတ်ပြီး အိမ်ကနေ ထွက်သွားရတယ်လို့၊ ဘာကြောင့် ဒုက္ခခံချင်ရတာလဲ...။"

"ဒီခုနစ်နှစ်အတွင်းမှာ နေခဲ့ရတာလဲ စုတ်ပြတ်သပ်လို့၊ မာနတစ်ခုနဲ့ လူရာဝင်အောင် လုပ်ပြချင်တာနဲ့ နောက်ဆုံးတော့ လှည့်စားခံရပြီး လူသတ်သမား ဖြစ်သွားတယ်လေ...။"

ချူချင်းသည် ထိုနေရာအထိ တွေးမိသောအခါ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်မိတော့သည်။

‘သေခါနီး အချိန်မှာတောင်... ခေါင်းထဲမှာ ဘာတွေ တွေးနေခဲ့တာလဲ...။’

ဤတစ်လနီးပါး အချိန်အတွင်းတွင် ထိုအခိုက်အတန့်က မှတ်ဉာဏ်များကို သူ တစ်ခါမျှ ပြန်မတွေးမိခဲ့ပေ။

သို့သော် ဤအချိန်လေးတွင် ဤနေရာ၌ ထိုင်နေရင်း သူ ရုတ်တရက် တွေးမိလိုက်သည်မှာ အိမ်လွမ်းနာကျသွားခြင်း ဖြစ်မည်လော...။

နံနက်ခင်း အလင်းရောင်က ရေးရေးမျှ ပေါ်ထွက်လာပြီး ရှည်လျားသော ညဉ့်ယံမှာ လင်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။

နံနက်ခင်း အလင်းရောင်က ဖြာကျလာသောအခါ ချူချင်းသည် ရုတ်တရက် သတိပြန်ဝင်လာပြီး ဤအတိတ်ဟောင်းဆီသို့ ပြန်လည်ရောက်ရှိလာချိန်တွင် အဘယ်ကြောင့် ဝမ်းနည်းလာရသနည်းဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လိုက်မိ၏။

သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး မတ်တတ်ရပ်ရန် ပြင်လိုက်သည်။

သို့သော် ရုတ်တရက် ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသဖြင့် သူ၏ မျက်နှာအမူအရာက ပြောင်းလဲမသွားဘဲ မျက်လုံးများကိုသာ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။

"နောက်ဆုံးတော့... ရောက်လာပြီပေါ့။"

သူသည် တည်ငြိမ်စွာပင် မတ်တတ်ရပ်လိုက်ပြီး ထိုလူရိပ် မပေါ်လာမီမှာပင် သူသည် ထုပ်တန်းပေါ်သို့ ခုန်တက်သွားလေပြီ။

နောက်တစ်ခဏတွင် လူရိပ်တစ်ခုက အခန်းရှေ့၌ ပေါ်လာလေသည်။

ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင် မျက်နှာဖုံးကို တပ်ဆင်ထား၏။

နျဲ့ကျင့်ထိုင်။

ချူချင်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

သူ ဤနေရာသို့ လာခြင်းက အတိတ်ဟောင်းဆီသို့ ပြန်လည်ရောက်ရှိရန် သက်သက်အတွက်သာ မဟုတ်သည်မှာ သေချာလှသည်။

သူက ထိုလူ့အကြောင်းကို ကောင်းစွာ နားလည်ထား၏။

ထိုလူက ထျန်းဝူမြို့သို့ ရောက်လာခဲ့ပြီဆိုလျှင် စုံစမ်းသင့်သော သတင်းများကိုလည်း သဘာဝကျစွာပင် စုံစမ်းပြီးလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် ချူယွန်ဖေးတွင် အိမ်မှ ထွက်ပြေးသွားသည်မှာ ခုနစ်နှစ်ရှိပြီဖြစ်သော သားတစ်ယောက်ရှိကြောင်း သူ သေချာပေါက် သိထားပေမည်။

ထို့အပြင် ဤချူအိမ်တော်သခင်သည် ထိုသားဖြစ်သူကို အလွန် လွမ်းဆွတ်နေပြီး သားငယ်၏ အခန်းသို့ မကြာခဏ လာရောက်လွမ်းဆွတ်လေ့ရှိကြောင်းကိုလည်း သိထားပေလိမ့်မည်။

မည်သို့သောသူပင်ဖြစ်စေ အားနည်းသည့် အချိန်ဆိုသည်မှာ ရှိစမြဲဖြစ်ရာ ချူယွန်ဖေးသည် သိုင်းပညာ ပြိုင်ဘက်ကင်းလှသော်လည်း ဤအချိန်တွင် သူသည် သာမန် ဖခင်တစ်ယောက်သာ ဖြစ်လေသည်။

ထို့ကြောင့် နံနက်ခင်း အချိန်လေးတွင် ချူအိမ်တော် အလုပ်များနေချိန်ကို အခွင့်ကောင်းယူကာ ကြိုတင် ခိုးဝင်လာပြီး ချူချင်း၏ အခန်းထဲတွင် ပုန်းအောင်းနေခြင်းပင်။

ချူယွန်ဖေး ရောက်လာပြီး ဝမ်းနည်းပူဆွေးချိန်ကို စောင့်ဆိုင်းကာ မမျှော်လင့်ထားချိန်တွင် ဝင်ရောက် လုပ်ကြံရန်ပင်။

ဝမ်းနည်းစရာ ကောင်းသည်က ချူချင်းသည် တစ်လှမ်းကြို၍ ရောက်နေခဲ့ခြင်း ဖြစ်သည်။

ထိုလူသတ်သမားသည် အခန်းထဲသို့ ဝင်လာပြီး တစ်ပတ် ဝေ့ကြည့်လိုက်ကာ ထုပ်တန်းပေါ်တွင် ပုန်းအောင်းရန် ခုန်တက်လိုက်လေသည်။

သို့သော် ဤအခိုက်အတန့်မှာပင် သူ၏ မျက်လုံးထောင့်မှ စူးရှသော အလင်းတန်းတစ်ခုကို ဖမ်းယူလိုက်မိ၏။

သူ၏ သူငယ်အိမ်က ကျုံ့သွားပြီး ဓားကို ဆွဲထုတ်ရန် လက်လှမ်းလိုက်သော်လည်း အချိန်မမီတော့ပေ။

ဓားအိမ်ထဲမှ တစ်ဝက်ခန့် ထွက်လာသော ဓားရှည်သည် နောက်သို့ ပြန်ဝင်သွားပြီး ဓားရိုးပေါ်တွင် ပြတ်ကျနေသော လက်တစ်ဖက်က တွဲလောင်းကျနေလေသည်။

သွေးများက မျက်နှာကျက်သို့ ပန်းထွက်သွားပြီး မိုးပေါက်များကဲ့သို့ ကျဆင်းလာကာ သွေးပွင့်လေးများအလား မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။

All Chapters