အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅) - သတိပေးခြင်း
တစ်ချက်တည်းဖြင့် အောင်မြင်သွားသော်လည်း ချူချင်းက ရပ်တန့်မသွားခဲ့ပေ။
အကြောင်းမှာ အခြေအနေက မူမမှန်သောကြောင့်ပင်။
ချူချင်းမှာ လူသတ်သမားတစ်ဦးဖြစ်ရာ သူ၏ရှေ့မှ လူကို စစ်ဆေးမေးမြန်းရန် ရည်ရွယ်ထားခြင်း မရှိပေ။
နျဲ့ကျင့်ထိုင်တွင် ဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်ရာ ထိုလူစုအကြောင်းကို သူကောင်းကောင်းနားလည်ထားလေသည်။
သူတို့၏ နှုတ်မှ သတင်းအချက်အလက် ရယူရန်ဆိုသည်မှာ ကြယ်ခူးရသည်ထက်ပင် ခက်ခဲလှပေသည်။
မိမိ၌ ‘သေရေးရှင်ရေးအင်း’ ကဲ့သို့သော သိုင်းပညာရပ်မျိုး ရှိနေမှသာ ပြင်းထန်စွာ နှိပ်စက်စစ်မေး၍ ရနိုင်မည့် မျှော်လင့်ချက်ရှိပြီး ထိုသို့မဟုတ်ပါက ဤကိစ္စကို တွေးတောနေမည် မဟုတ်ချေ။
ထို့အပြင် ချူချင်းက သူ၏နောက်ကွယ်တွင် မည်သူရှိနေသည်ကို သိထား၏။
ထို့ကြောင့် သူက သတင်းအချက်အလက်ကို အလျဉ်းမလိုအပ်ပေ။
ထို့ကြောင့် စောစောက ဓားကွက်တွင် သူက လုံးဝ သက်ညှာပေးရန် ရည်ရွယ်မထားခဲ့ချေ...။ သူ အလိုရှိသည်မှာ တစ်ဖက်လူ သေဆုံးရန်သာ ဖြစ်လေသည်။
ချူချင်း အသုံးပြုခဲ့သည်မှာ အာဖေး၏ အမြန်ဓားဖြစ်ပြီး မြန်ဆန်ခြင်း၊ တိကျခြင်း၊ ရက်စက်ခြင်း ဟူသော အဓိကအချက်သုံးချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားပေသည်။
ယုတ္တိဆန်စွာ တွေးကြည့်ရလျှင် ဤဓားကွက်ဖြင့် ထိုလူ သေသင့်ပေသည်။
သို့သော်လည်း သူက အသက်ရှိနေဆဲပင်။
လက်တစ်ဖက် ပြတ်ကျသွားသော်ငြား အဆုံးတွင်မူ အသက်ရှင်နေဆဲ ဖြစ်လေသည်။
'တကယ်လို့ ဒီလူသာ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ငါ့ဓားကွက်ကို ရှောင်နိုင်မှာများလား...။'
'သူက ဘယ်သူလဲ...။'
ဤမေးခွန်းများက ချူချင်း၏ စိတ်အာရုံထဲတွင် အချိန်ကြာမြင့်စွာ တွေးတောမနေခဲ့ဘဲ တစ်ဖက်လူမှာ သာမန်မဟုတ်ကြောင်း သတိပြုမိလိုက်သည့် တစ်ခဏအတွင်း သူ လုပ်ရမည့်အရာက အလွန်ရိုးရှင်းနေ၏...။
ဓားထုတ်ခြင်းပင်။
လက်တစ်ဖက် ပြတ်ကျသွားသော လူသတ်သမားမှာ ခြေနှစ်ဖက် မြေကြီးနှင့် ထိလိုက်သည့် တစ်ခဏတွင် လဲကျသွားခြင်း မရှိပေ။
သူ၏ ကိုယ်နေဟန်ထားက နာကျင်မှုကြောင့် အနည်းငယ်မျှပင် ယိမ်းယိုင်သွားခြင်း မရှိချေ။
ခြေနှစ်ဖက်ဖြင့် မြေပြင်ကို ပွတ်တိုက်ကာ ကျဆင်းလာသော အရှိန်ကိုအသုံးချ၍ နောက်သို့ လျှောတိုက်ဆုတ်ခွာသွား၏။ တစ်ချိန်တည်းမှာပင် ဓားကို ကိုင်ဆောင်ထားသော ဘယ်ဘက်လက်ကို နောက်သို့ ညင်သာစွာ ခါထုတ်လိုက်ရာ ဓားက လက်ထဲမှ လွတ်ထွက်သွားပြီး လက်ဝါးနှင့် ဓားရိုးတို့ တစ်တန်းတည်း ဖြစ်သွားသည့် အခိုက်အတန့်တွင် သူက လက်လှမ်းကာ ဓားရိုးကို ဆုပ်ကိုင်လိုက်တော့သည်။
"ငါ့လက်တစ်ဖက်ကို ဖြတ်လိုက်မှတော့ မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်။"
တည်ငြိမ်ခြင်းက လူသတ်သမားတစ်ဦး၏ အခြေခံအကျဆုံး အရည်အချင်းဖြစ်၏။
ထို့ကြောင့် မမျှော်လင့်ထားသော အပြောင်းအလဲ ဖြစ်ပေါ်လာလျှင်ပင် လက်ရှိအခြေအနေကို တစ်ခဏအတွင်း၌ သူက ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့လေသည်။
တစ်ယောက်ယောက်က တိတ်တဆိတ် ချောင်းမြောင်းနေပြီး ထိုလူသည် ဓားထုတ်အလွန်လျင်မြန်လှ၏။
သို့သော် မိမိ၏ လက်ကို ဖြတ်တောက်လိုက်ပြီးနောက် သူ၏ စိတ်ထဲတွင် ပေါ့ဆသွားမည်မှာ သေချာလှရာ ၎င်းက တန်ပြန်တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေးပင်။
၎င်းနှင့်ယှဉ်လျှင် မိမိကို ချောင်းမြောင်းနေသူက မည်သူနည်း၊ အဘယ်ကြောင့် ဤနေရာတွင် ချောင်းမြောင်းနေရသနည်း...။
ဤမေးခွန်းများက အရေးမကြီးလှသဖြင့် ထိုသူကို သတ်ဖြတ်ပြီးမှသာ ဆက်လက်၍ စဉ်းစားနိုင်ပေမည်။
အရာအားလုံးက လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှ၏။ နျဲ့ကျင့်ထိုင်မှ လူသတ်သမားက ဓားရိုးကို ဆုပ်ကိုင်မိလုနီးပါးဖြစ်ကာ အနိုင်ရပြီဟု ထင်မှတ်လိုက်သည့် တစ်ခဏ၌ မျက်နှာချင်းဆိုင်မှ ဝင်ရောက်လာသည်မှာ စူးရှသော အလင်းတန်းတစ်ခုပင် ဖြစ်ပေသည်။
အသံပင်မကြားလိုက်ရဘဲ ဓားက အရင်ရောက်ရှိလာ၏။
ဇွပ်...။
ဓားက လည်ချောင်းကို ဖောက်ထွင်းသွားပြီးနောက် ဓားသွားကို ကန့်လန့်ဖြတ်ကာ ခုတ်ပိုင်းလိုက်ရာ၊ လည်ပင်းတစ်ဝက်ခန့်မှာ အရှင်လတ်လတ် ပြတ်တောက်သွားပြီး သွေးများက မိုးပေါက်များအလား ပန်းထွက်လာလေသည်။
မျက်နှာဖုံး တပ်ဆင်ထားသော ခေါင်းမှာလည်း အခြားတစ်ဖက်သို့ ကျကာ တွဲလောင်းဖြစ်သွားပြီး မျက်လုံးများထဲတွင်မူ အံ့ဩမှင်တက်မှုများ ကျန်ရစ်နေဆဲပင်။
'ငါ ခန့်မှန်းတာ မှားသွားတာလား...။'
'ဘာလို့ သူက နည်းနည်းလေးတောင် ပေါ့ဆမသွားရတာလဲ...။'
'ပြီးတော့ အမြင့်ကနေ ပြုတ်ကျလာတာကို သူက ဘယ်လိုလုပ်ပြီး လေထဲမှာတင် အတွင်းအားကို ထပ်ပြီး စုစည်းနိုင်ရတာလဲ...။'
သို့သော် ဤမေးခွန်းများကို သူက ငရဲပြည်သို့သာ ယူဆောင်သွားရတော့မည် ဖြစ်လေသည်။
'ချွမ်း' ဟူသော အသံတစ်ချက်နှင့်အတူ လူသတ်သမား၏ ဓားမှာ ထိုအချိန်မှသာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
အရာအားလုံး အဆုံးသတ်သွားချေပြီ။
အသေအကြေ တိုက်ခိုက်နေချိန်တွင် တစ်ခဏမျှ နှေးကွေးသွားခြင်းကပင် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြားမှ ကွာခြားချက် ဖြစ်ပေသည်။
ချူချင်းက ထိုသူ၏ အသက်ငွေ့ငွေ့ လုံးဝပြတ်သွားသည်ကို မြင်မှသာ သက်ပြင်းတစ်ချက်ကို ဖွဖွလေး မှုတ်ထုတ်လိုက်လေသည်။
‘ရွှေငန်းသိုင်း’ဆိုသည်မှာ ထွက်ပြေးရန်နှင့် နံရံများကို ကျော်ဖြတ်ရန် သုံးသော သိုင်းပညာ မဟုတ်ဘဲ တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည့် အကျိုးသက်ရောက်မှုမှာ အံ့မခန်း ကြီးမားလှပေသည်။
စောစောကသာ ‘ရွှေငန်းသိုင်း’ကို အသုံးချ၍ အတွင်းအား စုစည်းမှု မလုပ်နိုင်ခဲ့ပါက ဤဓားကွက်က ဤမျှအထိ လျင်မြန်နိုင်မည် မဟုတ်ချေ။
"ချူယွန်ဖေးလို လူမျိုးကို လုပ်ကြံဖို့ဆိုတော့ ဒီနေရာကို ချပေးလိုက်တဲ့လူက သာမန်လူတော့ မဟုတ်ဘူးပဲ။"
ချူချင်းက ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ပြီး မြေပြင်ပေါ်မှ အလောင်းကို တစ်ချက် ကြည့်လိုက်၏။
သူ၏ စိတ်ထဲတွင် အနည်းငယ် မကျေမချမ်း ဖြစ်သွားလေသည်...။
သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းထားသော အခန်းမှာ ညစ်ပတ်သွားခဲ့ပြီ ဖြစ်၏။
နျဲ့ကျင့်ထိုင်က တကယ်ပင် သေသင့်ပေသည်။
သူက အလောင်းအနီးသို့ သွားရောက်ကာ စစ်ဆေးကြည့်လိုက်သော်လည်း ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အရာမျှ မရှိပေ။
သို့သော် ၎င်းကလည်း ပုံမှန်ပင် ဖြစ်၏။
ချူယွန်ဖေးကို လုပ်ကြံရန် ဆိုသည်မှာ မည်ကဲ့သို့ကြောင့်လွယ်ကူနိုင်မည်နည်း။ ဤနေရာသို့ လာသော လူသတ်သမားများက ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အရာကိုမျှ ချန်ထားခဲ့မည် မဟုတ်ချေ။
အကယ်၍ အမှားအယွင်းဖြစ်ကာ အသတ်ခံလိုက်ရပါက တစ်ဖက်လူအတွက် အကျိုးအမြတ် ဖြစ်သွားမည် မဟုတ်ပါလော။
အစပိုင်းတွင် ချူချင်းက ထိုလူသတ်သမားများ၏ ခန္ဓာကိုယ်ပေါ်မှ စာနှင့် ငွေများကို အဘယ်ကြောင့် ရှာတွေ့နိုင်ခဲ့သနည်းဟု ဆိုရလျှင်...။
၎င်းတို့က ချူချင်းကို အရေးမစိုက်ခဲ့ဘဲ ဤကိစ္စမှာ ဆယ်ခါလုပ်လျှင် ကိုးခါသေချာသော အလုပ်ဖြစ်ကာ ချူချင်းမှာ သေချာပေါက် သေရမည်ဟု ထင်မှတ်ထားခဲ့သောကြောင့်သာ ဖြစ်ပေသည်။
ထိုအကြောင်းကို တွေးမိလိုက်သောအခါ ချူချင်း၏ နဖူးမှ သွေးကြောများပင် ထောင်တက်လာပြီး ပို၍ပင် စိတ်အိုက်လာတော့သည်။
ဤကိစ္စများကို လုပ်ဆောင်ပြီးနောက် ချူချင်းက အလောင်းကို သွားရောက် ရှင်းလင်းခြင်း မပြုခဲ့ပေ။
သူ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ နျဲ့ကျင့်ထိုင်မှ လူများက သူ့ကို လာရောက်သတ်ဖြတ်မည်ဖြစ်ကြောင်း ချူယွန်ဖေးအား သတိပေးရန် ဖြစ်လေသည်။
ထိုလူ၏ လုပ်ကြံမှုကြောင့် သူ့စိတ်ထဲတွင် အခြားသော အကြံအစည်များ ပိုများလာသော်လည်း ချူယွန်ဖေးကို သတိပေးမည့် ကိစ္စကမူ ပြောင်းလဲသွားမည် မဟုတ်ချေ။
ယခုကဲ့သို့ နျဲ့ကျင့်ထိုင်မှ လူသတ်သမား၏ အလောင်းတစ်လောင်းကို တိုက်ရိုက်ပေးလိုက်ခြင်းထက် ပို၍ကောင်းမွန်သော သတိပေးချက် ရှိဦးမည်နည်း။
ဤအချိန်အတွင်း၌ အသံတစ်ခုခုကို နားစွင့်မိအောင် လုပ်ရဦးမည် ဖြစ်၏။ ထိုသို့မဟုတ်ပါက ယနေ့ကဲ့သို့သော နေ့မျိုးတွင် ချူယွန်ဖေးက ဤနေရာသို့ လာရောက်မည်မှာ မသေချာသဖြင့် အလောင်းကို တွေ့ရှိချိန်၌ အချိန်နှောင်းသွားမည်ကို စိုးရိမ်ရလေသည်။
အခန်းတံခါးမှ လှမ်းထွက်လိုက်ပြီးနောက် ချူချင်းက အမိုးပေါ်သို့ ခုန်တက်သွား၏။
အုတ်ကြွပ်အချို့ကို ခွာယူလိုက်ပြီး ခြံဝင်းထဲသို့ ပစ်ချလိုက်လေသည်။
အရာအားလုံး လုပ်ဆောင်ပြီးစီးသွားမှသာ သတိဝင်လာကာ...။
"ငါက အမိုးက အုတ်ကြွပ်တွေကိုမှ ခွာချနေတယ်လို့ကွာ"
အုတ်ကြွပ်ကွဲသံက မသေးငယ်လှရာ ချူအိမ်တော်၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိသွားလေသည်။ အစေခံတစ်ဦးက ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်ရာ မြေပြင်ပေါ်ရှိ ကွဲအက်နေသော အုတ်ကြွပ်များကို ပထမဆုံး မြင်လိုက်ရပြီးနောက်တွင် တံခါးဖြင့် တစ်ဝက်ခန့် ကွယ်နေသော လူသတ်သမား၏ အလောင်းကို မြင်တွေ့လိုက်ရ၏။
ချက်ချင်းပင် သူ၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားကာ...။
"ဒုက္ခပါပဲ၊ ပြဿနာတက်ပြီ။"
သူက အထဲသို့ ဝင်ရောက်စစ်ဆေးရန်ပင် သတိမရတော့ဘဲ လူခေါ်ရန်အတွက် အမြန် ပြေးထွက်သွားတော့သည်။
အချိန်တိုအတွင်းမှာပင် သတင်းကြားသော အစေခံအများအပြားက ဤနေရာသို့ စုရုံးရောက်ရှိလာကြလေသည်။
သိုင်းဆရာများကလည်း နေရာအနှံ့ လိုက်လံစစ်ဆေးနေကြသော်လည်း ၎င်းတို့ အမိုးပေါ်သို့ ခုန်တက်သွားချိန်တွင်မူ ချူချင်းက အစောကြီးကတည်းက နေရာပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်၏။
ထိုအချိန်မှာပင် ကျောက်စိမ်းကဲ့သို့ ချောမောခန့်ညားသော လူငယ်တစ်ဦးက လူအုပ်ကို တိုးခွဲကာ ဤခြံဝင်းငယ်လေးထဲသို့ ဝင်ရောက်လာလေသည်။
ပတ်ဝန်းကျင်ရှိ အစေခံများနှင့် အိမ်တော်စောင့်သိုင်းဆရာများက သူ့ကို မြင်လိုက်ရသောအခါ အသီးသီး အရိုအသေပေးလိုက်ကြ၏။
"သခင်လေး။"
အခန်းထဲရှိ အလောင်းနှင့် ပတ်ဝန်းကျင် အခြေအနေကို မြင်လိုက်ရသောအခါ ချူထျန်း၏ မျက်နှာက အလွန် ရုပ်ပျက်သွားလေသည်။
သို့တိုင် သူက ဒေါသပေါက်ကွဲခြင်း မရှိဘဲ သေချာစွာ စစ်ဆေးလိုက်၏။
အချိန်အနည်းငယ် ကြာပြီးနောက် သူ၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားကာ...။
"အတော်မြန်တဲ့ ဓားချက်ပဲ...။"
သူက နျဲ့ကျင့်ထိုင်မှ လူသတ်သမား ရပ်နေခဲ့သည့်နေရာတွင် ရပ်လိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်ရာ ချူချင်း၏ စာကြည့်စားပွဲကို မြင်လိုက်ရ၏။
စာကြည့်စားပွဲဘေးတွင် ပြန့်ကျဲနေသော သွေးများက သူ၏ မျက်လုံးထဲသို့ ဝင်ရောက်လာလေသည်။
ထို့ကြောင့် သူက ရုတ်တရက် မော့ကြည့်လိုက်ပြီး ထုပ်တန်းဆီသို့ အကြည့်ရောက်သွားကာ...။
"အပေါ်ကနေ ပိုင်းချလိုက်တာပဲ...။ ဓားတစ်ချက်တည်းနဲ့ ဒီလူသတ်သမားရဲ့ လက်ကို ဖြတ်ပစ်လိုက်တာပဲ။"
"ပြီးတော့ အောက်ကို ခုန်ဆင်းလာပြီး တုံ့ဆိုင်းမနေဘဲ နောက်ထပ် ဓားတစ်ကွက် ထုတ်လိုက်တော့ သူ့ရဲ့ လည်ချောင်းကိုပါ ဖောက်သွားပြီး အရှိန်နဲ့ ခေါင်းတစ်ဝက်ကိုပါ ဖြတ်ချလိုက်တာပဲ။"
"တော်တော်လေး ရက်စက်ပြတ်သားတာပဲ။"
"အရမ်းကို အသေးစိတ်ကျတဲ့ တိုက်ကွက်ပဲ။"
ထိုသို့ တွေးတောမိပြီးနောက် သူက လူသတ်သမား၏ ဓားဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။
"နေရာအထားအသို မမှန်ဘူး...။ သူက ပြန်ခံစစ်ထိုးချင်ခဲ့တာ၊ ဒါပေမဲ့ အလုပ်မဖြစ်လိုက်ဘူး။"
"အတော်လေး လက်ရည်ရှိတဲ့ လူနှစ်ယောက်ပဲ။ တစ်ယောက်က တိုက်ခိုက်တာ ပြတ်သားပြီး ဓားသိုင်းက မြန်ဆန်ရက်စက်တယ်။ နောက်တစ်ယောက်က လက်တစ်ဖက် အဖြတ်ခံလိုက်ရပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်တိုက်ဖို့ အကြံအစည် ထုတ်နိုင်သေးတယ်။"
"တိုက်ပွဲအတွင်း အခြေအနေအပြောင်းအလဲကိုလိုက်ပြီး တုံ့ပြန်မှု မြန်ဆန်တာက လေးစားစရာပဲ...။ ဒါပေမဲ့ ဘာလို့ ငါ့ညီငယ်သုံးရဲ့ အခန်းထဲမှာ လာပြီး ပြဿနာရှာရတာလဲ။"
"ပြီးတော့ ဒီလူနှစ်ယောက်ရဲ့ လုပ်ပုံကိုင်ပုံက နည်းနည်းလေး...။"
သူက လှည့်ထွက်လာပြီးနောက် အမိုးပေါ်သို့ ခုန်တက်သွားလေသည်။
မြင်ကွင်းထဲတွင်မူ ဟာလာဟင်းလင်း ဖြစ်နေ၏။ သူ၏ စိတ်ထဲတွင် အတွေးများ လည်ပတ်သွားပြီး ခြံဝင်းထဲရှိ လူများကို ထပ်မံကြည့်ရှုလိုက်ကာ တစ်ခဏမျှ အာရုံလွင့်ပါးသွားလျက် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
"တကယ်ပဲ ဘယ်သူများလဲ။"
"အစ်ကိုကြီး။"
ချူဖန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာ၏။
ချူထျန်းက သတိပြန်ဝင်လာပြီး သက်ပြင်းတစ်ချက်ချကာ အမိုးပေါ်မှ ခုန်ဆင်းလာရာ ချူဖန်နှင့် ဂိုဏ်းတူညီမလေးဝမ်တို့ အတူတကွ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရလေသည်။
သို့သော် ချူထျန်းကို အနည်းငယ် အံ့ဩသွားစေသည်မှာ ဂိုဏ်းတူညီမလေးဝမ်၏ ပခုံးပေါ်တွင် အဘယ်ကြောင့် ထမ်းပိုးတစ်ခုကို ထမ်းထားရသနည်းဟုပင်ဖြစ်၏။
"မိန်းကလေးဝမ်၊ ဒါက ဘယ်ကရလာတာလဲ။"
ချူထျန်းက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
ဂိုဏ်းတူညီမလေးဝမ်က မည်သူ့ကိုမဆို ထိုကဲ့သို့သော မျက်နှာထားမျိုးပင်၊ အပြောင်းအလဲမရှိချေ။ မည်သည့် တုန်လှုပ်မှုမျှမရှိဘဲ စကားတစ်ခွန်းကိုသာ ထုတ်ပြောလိုက်၏။
"ကောက်ရတာ။"