အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆) - ဧည့်သည်တော်များ
ချူထျန်းမှာ အမြဲတစေ တည်ငြိမ်သူဖြစ်သော်ငြား ထိုစကားကို ကြားလိုက်ရသောအခါတွင်မူ ဆွံ့အသွားမိလေသည်။
ညီလတ်ဖြစ်သူက ဤဂိုဏ်းတူညီမလေးဝမ်ကို ခေါ်ဆောင်လာခဲ့သည့်အချိန်မှစ၍ ယနေ့အထိဆိုလျှင် ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း၊ ဤဂိုဏ်းတူညီမလေးဝမ်သည် အလွန်ထူးဆန်းနေကြောင်း ချူထျန်း သတိထားမိခဲ့၏။
သူမသည် စကားနည်းသော်လည်း စိတ်သဘောထား အေးစက်ခက်ထန်နေခြင်းမျိုးတော့ မဟုတ်ပေ။
အမှန်အတိုင်းပြောရလျှင် သူမက အလွန်တက်ကြွပြီး အငြိမ်မနေတတ်သူ ဖြစ်လေသည်။ နေ့စဉ်ရက်ဆက်ဆိုသလို အားလပ်ချိန်မရှိဘဲ ဟိုဟိုဒီဒီလျှောက်သွား၍ အချိန်ကုန်နေတတ်သည်။
အပြင်မှ ပြန်လာတိုင်းလည်း သူမနှင့်အတူ ပစ္စည်းတစ်ခုမဟုတ်တစ်ခု အမြဲပါလာတတ်သည်။
ဇစ်မြစ်မသိရသော ပန်းကန်ကွဲစတစ်ခု၊ စုတ်ပြဲနေသော မျက်နှာဖုံးပုဝါတစ်ခု၊ သွေးစွန်းနေသော ဓားမြှောင်တစ်လက် စသဖြင့်…။
'တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီမိန်းကလေးက လူသေအလောင်းတစ်လောင်းကို ရုတ်တရက် ကောက်ရလာရင်တောင် အံ့ဩနေတော့မှာ မဟုတ်ဘူး။'
ချူထျန်းက ထိုသို့ တွေးမိလိုက်လေသည်။
မိမိညီလတ်၏ ဂိုဏ်းတူညီမလေးအပေါ် ဤသို့တွေးတောမိခြင်းက အနည်းငယ် ရိုင်းပြရာကျမည်ဖြစ်သော်လည်း သူမထံမှ ပေးစွမ်းနေသည့်ခံစားချက်က ထိုအတိုင်းပင် ဖြစ်နေသည်။
သို့သော်လည်း ယခုအချိန်၌ ထမ်းပိုးကို ကြည့်ရင်း သူ စဉ်းစားခန်း ဝင်နေမိ၏။
"ဘယ်နေရာကနေ ကောက်ရလာတာလဲ။"
ဂိုဏ်းတူညီမလေးဝမ်သည် မေးသမျှကို ဖြေတတ်၏။ အေးစက်စက်နိုင်လှသော်လည်း သူမက လက်ညှိုးထိုးကာ လားရာကို ညွှန်ပြလိုက်လေသည်။
"ဟိုဘက်က ကျောက်တောင်တုတွေကြားထဲကပါ။"
အဘယ်ကြောင့် ကျောက်တောင်တုများကြားထဲသို့ သွားရောက်လည်ပတ်နေရသနည်းဟု ချူထျန်းက မမေးတော့ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်၏။
"အထမ်းသမားယောင်ဆောင်ပြီး ဝင်လာတာကိုး။"
"ဘာတွေဖြစ်နေတာလဲ။"
ချူဖန်က ဤအချိန်တွင် အလျင်စလို မေးမြန်းလိုက်သည်။
"လူသတ်သမားတွေ ခိုးဝင်လာကြတယ်။ ပြီးတော့ ဘာကြောင့်မှန်းတော့မသိဘူး။ အချင်းချင်းပြန်သတ်ကြတာ တစ်ယောက်သေသွားတယ်။ နောက်တစ်ယောက်ကတော့ အိမ်တော်ထဲမှာ ရှိနေလောက်သေးတယ်။"
ချူထျန်းက စကားဆက်လိုက်၏။
"သွားကြစို့။ အဖေ့ကို သွားပြီး သတင်းပို့ရမယ်။ ဒီနေ့ ပွဲတော်မှာ ဖိတ်မထားတဲ့ ဧည့်သည်တွေ ရောက်လာလောက်တယ်။"
"ဖိတ်မထားတဲ့ ဧည့်သည်တွေ ဟုတ်လား...။ ဘယ်သူတွေများလဲ...။"
ချူထျန်းက တံခါးအပြင်ဘက်သို့ လျှောက်သွားနေသည်ကို မြင်လိုက်ရသဖြင့် ချူဖန်က အမြန် နောက်မှလိုက်၍ မေးလိုက်၏။
ချူထျန်းက နောက်သို့လှည့်မကြည့်ဘဲ စာလုံးသုံးလုံးကိုသာ ဖွင့်ဟပြောဆိုလိုက်လေသည်။
"နျဲ့ကျင့်ထိုင်။"
...
ချူအိမ်တော်၏ နံနက်ခင်းဆူပူရှုပ်ထွေးမှုကို အပြင်လူများက မသိကြချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နေမင်းကြီးက ထိန်ထိန်သာလာပြီး ချူအိမ်တော်၏ တံခါးရှေ့၌ လူများ တဖြည်းဖြည်း စည်ကားသိုက်မြိုက်လာလေသည်။
ချူယွန်ဖေးကိုယ်တိုင် တည်ခင်းသည့် ပွဲတော်ဖြစ်သည့်အတွက် ထျန်းဝူမြို့ ပတ်ဝန်းကျင်ရှိ နာမည်ရပုဂ္ဂိုလ်များနှင့် သိုင်းလောကအတွင်းမှ ကျော်ကြားသူများ အားလုံးက အလုအယက် ရောက်ရှိလာကြ၏။
အိမ်တော်ထိန်းကျိုးမြောင်က အရပ်ရှစ်မျက်နှာမှ လာသော ဧည့်သည်များကို အပြုံးဖြင့် ကြိုဆိုနေပြီး ဖိတ်စာများနှင့် လက်ဆောင်စာရင်းများကို လက်ခံရယူကာ အစေခံများအား လက်ဆောင်အမည်များကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြစေလေသည်။
ဧည့်သည်တော်များကလည်း လက်နှစ်ဖက်ကိုဆုပ်၍ ဂါရဝပြုကြကာ ဂုဏ်ပြုစကားများဆိုရင်း ခြံဝင်းအတွင်းသို့ လှမ်းဝင်လာကြသည်။
ခဏအကြာမှာပင် ခြံဝင်းတစ်ခုလုံးဧည့်သည်များနှင့် ပြည့်နှက်သွားတော့၏။
အဆင့်အတန်းနိမ့်ပါးသူများမှာ ချူအိမ်တော်၏ တံခါးခုံကို မကျော်ဖြတ်နိုင်သောကြောင့် လက်ဆောင်များနှင့် အမည်ကတ်များကိုသာ ပေးပို့ကြရပြီး အပြင်ဘက်တွင် ထိုင်ကာ ပွဲတော်ကျွေးမွေးမည့်အချိန်ကို စောင့်ဆိုင်းနေကြလေသည်။
လူစည်ကားနေချိန်၌ပင် အစေခံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြေညာလိုက်သည်ကို ကြားလိုက်ရသည်။
"လော့ယွီခန်းမဆောင်မှ လျိုရှီကျဲ့ ရောက်ရှိလာပါပြီ။"
အသံမဆုံးမီမှာပင် ရယ်မောသံတစ်သံက ထွက်ပေါ်လာလေ၏။
"အရင်ရက်တွေကတည်းက ကျုပ်တို့ ထိုက်ရိဂိုဏ်းရဲ့ ထူးချွန်တဲ့ တပည့်ကြီးကို လာရောက်ဂါရဝပြုချင်နေခဲ့တာပါ။ ဒါပေမဲ့ ရုတ်တရက်ကြီး ဖြစ်သွားမှာစိုးလို့ မလာဖြစ်လိုက်ဘူး။”
“ဒီနေ့က ပွဲတော်လည်းရှိနေတော့ ချူမိသားစုရဲ့ ရှားပါးရတနာလေးကို သေချာ ကြည့်ရတော့မယ်။ တူတော်မောင် ချူဖန်က ဘယ်မှာလဲ။"
စကားသံနှင့်အတူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချောမောခန့်ညားသော လူငယ်တစ်ဦးကို ခေါ်ဆောင်ကာ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာလေသည်။
သူ၏အသံမှာ ကျယ်လောင်ကြည်လင်သော်လည်း ကိုယ်ခန္ဓာမှာမူ တောင့်တင်းခိုင်မာမှုမရှိဘဲ ပိန်ပိန်ပါးပါးဖြစ်နေ၏။
သူ၏ရုပ်ဆင်းသွင်ပြင်မှာ ဖြောင့်မတ်တည်ကြည်ပြီး မျက်နှာမှာ ဖြူဝင်းကာ မုတ်ဆိတ်မရှိပေ။ ခေါင်းပေါင်းကို ပေါင်းထားပြီး လက်ဝကျယ် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားရာ အသွင်အပြင်မှာ လူလတ်ပိုင်းပညာတတ်တစ်ဦးနှင့် တူနေလေသည်။
သို့သော် သူ၏ရဲရင့်ပြတ်သားသော အငွေ့အသက်မှာမူ သာမန် ပညာတတ်တစ်ဦးနှင့် ယှဉ်၍မရနိုင်လောက်အောင် ကွာခြားနေ၏။
ထိုသူကိုမြင်သောအခါ ဝန်းကျင်တစ်ခွင်ရှိ ဧည့်သည်များက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်ကာ လက်ဆုပ်၍ ဂါရဝပြုလိုက်ကြသည်။
သူကလည်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် တစ်ယောက်ချင်းစီကို ဖြည်းဖြည်းမှန်မှန် ပြန်လည်နှုတ်ဆက်လေသည်။
ထိုအချိန်တွင် ချူထျန်း၏အသံက လူအများ၏ နားထဲသို့ ရောက်ရှိလာ၏။
“သခင်လေးထန်နဲ့ ဒုတိယခန်းမသခင် လျိုတို့ ရောက်လာကြတာကိုး။ ကြိုဆိုရမှာကို ပျက်ကွက်သွားတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်။"
လူအုပ်ကြီးက သဘာဝကျကျပင် အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။ ချူထျန်းက အပြုံးမျက်နှာဖြင့် ချူဖန်ကို ခေါ်ဆောင်ကာ အရှေ့သို့ ထွက်လာခဲ့သော်လည်း ထိုဂိုဏ်းတူညီမလေးဝမ်ကိုမူ မတွေ့ရတော့ချေ။
လျိုရှီကျဲ့၏ဘေးတွင် ပါလာသော လူငယ်လေးက ရယ်မောလိုက်လေသည်။
"အစ်ကိုကြီးချူကတော့ အားနာလွန်းနေပါပြီ။ ကျွန်တော်တို့က အခုမှ သိကြတာလည်း မဟုတ်ဘဲနဲ့ ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး။”
“အမှန်တိုင်းပြောရရင် ဒီတစ်ကြိမ်မှာ အဖေကိုယ်တိုင် လာရောက်ဂါရဝပြုချင်နေခဲ့တာ။ ဒါပေမဲ့ ခန်းမဆောင်ထဲမှာ ကိစ္စတွေက များလွန်းနေတော့ ဦးလေးလျိုနဲ့ ကျွန်တော့်ကိုပဲ ကိုယ်စားလာခိုင်းလိုက်တာပါ။"
ချူထျန်းက ပြုံးလိုက်၏။
"သခင်လေးထန် လာပေးတာကပဲ ကျွန်တော်တို့အိမ်တော်အတွက် ဂုဏ်ယူစရာဖြစ်နေပါပြီ။ ဘယ်လိုလုပ် အနှောင့်အယှက်ဖြစ်ရမှာလဲ။"
ထို့နောက် သူက ဘေးရှိ ချူဖန်အား မိတ်ဆက်ပေးလိုက်သည်။
"ဒီနှစ်ယောက်က လော့ယွီခန်းမက ခန်းမသခင်လေး ထန်ရှီးနဲ့ ဒုတိယခန်းမသခင် လျိုရှီကျဲ့လို့ခေါ်တယ်။"
"ချူဖန်က လူကြီးမင်းတို့ နှစ်ဦးကို ဂါရဝပြုပါတယ်။"
ချူဖန်က သူတို့အား လက်ဆုပ်၍ အရိုအသေပေးလိုက်လေသည်။
လျိုရှီကျဲ့က သူ့ကိုကြည့်ကာ ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်၏။
"ချူမိသားစုရဲ့ ရှားပါးရတနာလေးဆိုတဲ့အတိုင်း တကယ့်ကို ထူးချွန်တဲ့ အရည်အချင်းရှိတာပဲ။ ဒါပေမဲ့ မင်းရဲ့အစ်ကိုကြီးက လူတွေကြားမှာ နဂါးတစ်ကောင်လို ပိုပြီးတော့တောင် ထူးချွန်နေပါသေးတယ်။”
“လူငယ်မျိုးဆက်တွေထဲမှာ ချူထျန်းက အထူးချွန်ဆုံးလို့ ခန်းမသခင်ကတောင် ပြောဖူးတယ်။ ချူအိမ်တော်သခင်ကို တကယ်ပဲ အားကျမိပါတယ်။ ချူအိမ်တော်က ထူးချွန်တဲ့ ညီအစ်ကိုနှစ်ယောက်ရှိတယ်ဆိုတာ တယ်မှန်လှပါလား။"
ဤစကားကို ကြားလိုက်ရချိန်တွင် ခြံဝင်းအတွင်းရှိ လူအများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြလေသည်။
ဤစကားက အနည်းငယ် မသင့်တော်ဟု ခံစားလိုက်ရ၏...။ ယနေ့ ချူယွန်ဖေး ပွဲတော်ကျင်းပရခြင်းမှာ ချူဖန် သိုင်းပညာသင်ယူပြီး အိမ်ပြန်လာသည်ကို ဂုဏ်ပြုရန်အတွက် ဖြစ်သည်။
လျိုရှီကျဲ့အနေဖြင့် ချူဖန်ကို ချီးကျူးခြင်းမှာ သဘာဝကျပြီး၊ ချူထျန်းကို ချီးကျူးခြင်းမှာလည်း မျှော်လင့်ထားသည့်ကိစ္စတစ်ခုပင် ဖြစ်၏။
သို့သော် ချူဖန်ကို အရည်အချင်းရှိသူ တစ်ယောက်အဖြစ်သာ ပြောဆိုပြီး ချူထျန်းကိုမူ အထူးချွန်ဆုံးဟု သမုတ်လိုက်ခြင်းက...။
ဤစကားကို ချူဖန် ကြားလျှင် မည်သို့ တွေးတောမိမည်နည်း။
လူအများက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကိုယ်စီအတွေးများနှင့် ရှုပ်ထွေးသွားကြလေသည်။
ထောင့်တစ်နေရာတွင် အစေခံတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူငယ်တစ်ဦးမှာ စားပွဲအသီးသီးသို့ လက်ဖက်ရည်နှင့် မုန့်များကို လိုက်လံချပေးရင်း အလုပ်ရှုပ်နေလျက်ရှိသည်။
ထိုစကားများကို ကြားလိုက်ရချိန်တွင် သူက ကိုယ်ကိုလှည့်ကာ လျိုရှီကျဲ့အား မျက်ထောင့်ကပ်၍ ကြည့်လိုက်လေသည်။
'လော့ယွီခန်းမဆောင်က လျိုရှီကျဲ့...။ ဒီနာမည်ကို ငါ ကြားဖူးတယ်။'
ဤလူငယ်မှာ အခြားသူမဟုတ်ဘဲ ချူချင်းပင် ဖြစ်လေသည်။
လူသတ်သမားကို သတ်ဖြတ်ပြီးနောက် သူသည် အုတ်ကြွပ်ခေါင်မိုးကို အသုံးပြု၍ လူများအား ထိုခြံဝင်းငယ်လေးဆီသို့ ဆွဲဆောင်ကာ ကိုယ်တိုင်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
မကြာမီမှာပင် အစေခံအဝတ်အစားတစ်စုံကို ရှာဖွေ၍ လဲလှယ်ဝတ်ဆင်လိုက်၏။
ပွဲတော်မစတင်မီအချိန်အထိ အိမ်တော်အတွင်း၌ တရားထိုင်နေခဲ့လေသည်။
သူသည် ဤနေရာနှင့် အလွန် ရင်းနှီးကျွမ်းဝင်လှ၏။ မည်သည့်နေရာတွင် လူရှိပြီး မည်သည့်နေရာတွင် လူမရှိကြောင်း၊ မည်သည့်နေရာတွင် လျှို့ဝှက်လမ်းကြောင်းရှိပြီး မည်သည့်နေရာတွင် ရွှေငွေများ ဝှက်ထားကြောင်းကိုပါ အကုန်အစင် သိရှိနေပေသည်။
သူသာ ပုန်းအောင်းချင်ပါက ချူယွန်ဖေး ကိုယ်တိုင်ပင်လျှင် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ချေ။
ပွဲတော်စတင်ချိန်သို့ ရောက်သောအခါ သူသည် အစေခံများကြားထဲသို့ တိတ်တဆိတ် ရောနှောဝင်ရောက်လာခဲ့လေသည်။
တစ်နေ့လုံး အလုပ်ရှုပ်နေကြသည်ဖြစ်၍ ခြံဝင်းထဲ၌ သာမန်အစေခံလေးတစ်ဦး ပိုနေသည်ကို မည်သူကများ သတိထားမိမည်နည်း။
လော့ယွီခန်းမဆောင်မှ လျိုရှီကျဲ့၏ နာမည်ကို ကြားလိုက်ရချိန်တွင် သံမြင်းဓားပြခုနစ်ဖော်ကို သတ်ဖြတ်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည်သတိရသွားခြင်းပင်။
ထိုဓားပြခေါင်းဆောင်နှင့် ညီသုံးတို့သည် သူတို့၏ ရှေ့ဆက်မည့် အစီအစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြစဉ် လော့ယွီခန်းမဆောင်မှ လျိုရှီကျဲ့ထံသို့ သွားရောက်ခိုလှုံမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြဖူး၏။
ထိုစဉ်က ချူချင်းမှာ သိပ်ပြီး မတွေးတောခဲ့မိသော်လည်း ယခု ကြည့်ရသလောက်မူ ဤလော့ယွီခန်းမဆောင်က သာမန်မဟုတ်သည်မှာ သေချာနေလေပြီ။
သံမြင်းဓားပြခုနစ်ဖော်သည် ထျန်းဝူမြို့၏ ဩဇာလွှမ်းမိုးရာ နယ်စပ်ဒေသတွင် ဆူပူသောင်းကျန်းနေခဲ့ကြ၏။ ဝူကန်ချီ ကိုယ်တိုင် ထျန်းဝူအစောင့်တပ်ကို အကြိမ်ကြိမ် စေလွှတ်၍ နှိမ်နင်းခိုင်းခဲ့သော်လည်း သူတို့မှာ အမြဲတမ်း ဘေးကင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြသည်။
ထိုသို့ ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိသည့် အကြောင်းရင်းမှာ ဤဒုတိယခန်းမသခင် လျိုနှင့် သေချာပေါက် ဆက်နွယ်နေနိုင်ချေရှိ၏။
ဤသို့ စိတ်ထဲမှ တွေးတောနေစဉ်မှာပင် ချူဖန်၏ အေးစက်စက် အသံကို ကြားလိုက်ရလေသည်။
"စီနီယာလျို... စကားပြောတာ ဆင်ခြင်ပေးပါ။ ကျွန်တော်တို့ ချူအိမ်တော်မှာ ညီအစ်ကို သုံးယောက်ရှိပါတယ်။”
“ချူအိမ်တော်က ထူးချွန်သူ ညီအစ်ကိုနှစ်ယောက်ဆိုတော့ ကျုပ်ရဲ့ ညီငယ်လေးကို ဘယ်နေရာမှာ ထားခဲ့ရမှာလဲ။ ဒီကိစ္စကို ထပ်ပြီး မပြောဖို့ စီနီယာ့ကို တောင်းဆိုပါရစေ။"
ထိုစကားကို ကြားလိုက်ရသောအခါ ချူချင်းမှာ ခေတ္တမျှ ဆွံ့အသွားမိ၏။
'ဒီအစ်ကိုလတ်ကတော့... စကားပြောတာ တကယ်အားမနာတတ်ဘူးပဲ။'
ထင်ထားသည့်အတိုင်းပင် လျိုရှီကျဲ့မှာလည်း ပြောစရာစကားမဲ့သွားတော့၏။ ချူထျန်းကို လှမ်းကြည့်လိုက်သော်လည်း ချူထျန်းမှာ ဟိုကြည့်ဒီကြည့်ဖြင့် ချူဖန် ပြောလိုက်သည့် စကားကို လုံးဝ မကြားလိုက်သည့်အလား မသိချင်ယောင်ဆောင်နေလေသည်။
လျိုရှီကျဲ့ အနေခက်နေချိန်တွင် ထန်ရှီးက အလျင်အမြန် ဝင်ပြောလိုက်သည်ကို ကြားလိုက်ရ၏။
"အစ်ကိုလတ်ချူဖန်က တကယ်ကို ပွင့်လင်းတာပဲ။ အစ်ကိုလတ်ချူဖန်က ထိုက်ရိဂိုဏ်းကလာပြီး အမျက်မထွက် သံလက်သီး စီနီယာချွေ့ပုနူရဲ့ ထူးချွန်တဲ့ တပည့်လို့ ကြားခဲ့ဖူးတယ်။”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်မှာလည်း သိုင်းပညာနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု ရှိနေတာမလို့ ဘယ်သူ့ကို မေးရမှန်းမသိ ဖြစ်နေတာ။ အစ်ကိုလတ်ချူဖန်ကများ နည်းနည်းလောက် လမ်းညွှန်ပြသပေးနိုင်မလား။"
ဤသည်မှာ အခြေအနေကို ပြေလည်သွားစေရန် ဝင်ရောက်ဖြေရှင်းပေးခြင်းဖြစ်ကြောင်း သိသာလှ၏။
သို့သော် ချူဖန်က သူ၏ ရည်ရွယ်ချက်ကို နားမလည်သည့်အလား မျက်လုံးများကို စွေကြည့်လိုက်လေသည်။
"အို... သခင်လေးထန်က ကျွန်တော့်ဆီကနေ ပညာလိုချင်တာလား။ အတော်ပဲ... ကျွန်တော်ကိုယ်တိုင်လည်း လော့ယွီခန်းမဆောင်ရဲ့ ထူးကဲတဲ့ သိုင်းပညာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံချင်နေတာ။"
ထိုသို့ပြောလိုက်ပြီးနောက် ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက်၏။ အတွင်းအားများ လည်ပတ်လာမှုနှင့်အတူ အလွန် ကြီးမားလှသော အရှိန်အဝါတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထန်ရှီး၏ မျက်နှာမှာ မည်းမှောင်သွားတော့၏။
'လခွီးပဲ... ဒီလူက ဘယ်ကရောက်လာတဲ့ ရိုင်းစိုင်းတဲ့ကောင်လဲ။ စကားပြောလို့ အဆင်မပြေတာနဲ့ ချက်ချင်း လက်ပါတော့မှာလား။'
မည်သို့ တုံ့ပြန်ရမည်ကို စဉ်းစားနေဆဲမှာပင် တံခါးရှေ့ရှိ အစေခံ၏ အသံကျယ်ကျယ်ကို ကြားလိုက်ရလေသည်။
"ထျန်းဝူမြို့က သခင်မလေးဝူ ရောက်ရှိလာပါပြီ။"
"ဟင်...။"
ချူဖန်က ထန်ရှီးကို ရိုက်နှက်တော့မည်ကို ကြည့်ရန် ပြင်ဆင်နေသော ချူချင်းမှာ ကြောင်အသွားမိ၏။ “မလာဘူး” လို့ ပြောထားခဲ့တာ မဟုတ်ဘူးလား။
'ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ။’