← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) - ပန်းကန်လုံး

ဧည့်သည်များကို ကြေညာ‌ပေးနေသည့် အစေခံသည် လူနှင့်ကြက်မှား‌နေသကဲ့သို့ပင်။

ဤကြွေးကြော်သံက ကျယ်လောင်သည့်အပြင် အခြားသူများ မသိလိုက်မည်ကို စိုးရိမ်နေသည့်အလား အသံကို ဆွဲငင်ကာ ဟန်ရေးပြနေလေ၏။

ခြံဝင်းအတွင်းရှိ ဧည့်သည်များမှာမူ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြပြီး ချူချင်းကဲ့သို့ပင် ကြောင်တောင်တောင် ဖြစ်နေကြသည်။

'သခင်မလေးဝူချန်းဟွမ်။ သူမက ဘယ်လို့ရောက်လာရတာလဲ။'

ချူချင်း စိတ်ထဲမှ တွေးလိုက်မိ၏။

ယနေ့ ဤစားသောက်ပွဲသို့ တက်ရောက်လာနိုင်သူများမှာ ထျန်းဝူမြို့၏ ကိစ္စရပ်များကို ကောင်းစွာ သိရှိထားသူများသာ ဖြစ်ကြပေသည်။

ချူမိသားစု၏ သခင်ငယ်လေးမှာ ယခင်နှစ်များက ချူယွန်ဖေး စီစဉ်ပေးခဲ့သော ဤလက်ထပ်ပွဲကြောင့် ဒေါသတကြီးဖြင့် အိမ်မှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းကို မည်သူက မသိဘဲ နေမည်နည်း။

ထိုစဉ်က ဝူချန်းဟွမ်မှာ ယခုထက် ဆယ်နှစ်ငယ်သေးသော်လည်း ထိုကိစ္စကို အရှက်ရဖွယ်ဟု ခံစားခဲ့ရလေသည်။

သူမသည် ထိုမင်္ဂလာဆောင်မှ ထွက်ပြေးသွားသူကို လိုက်လံရှာဖွေဖမ်းဆီးရာတွင် ပါဝင်ခဲ့ပြီး သုံးလတိတိ ရှာဖွေခဲ့သော်လည်း အရိပ်အယောင်မျှပင် မတွေ့ခဲ့ရပေ။

သူမသည် ဒေါသအလျောက် 'ချူမိသားစု၏ အရှက်ခွဲမှုကို ရင်ထဲတွင် မှတ်သားထားမည်ဖြစ်ပြီး တစ်ခဏမျှပင် မေ့ပျောက်ဝံ့မည် မဟုတ်' ဟူသော နာမည်ကြီး စကားတစ်ခွန်းကို ပြောဆိုခဲ့ဖူးလေသည်။

ဤနှစ်များအတွင်း ချူမိသားစုနှင့် ပတ်သက်သောကိစ္စဟူသမျှကို သူမက အဝေးဆုံးမှရှောင်ရှားခဲ့သည်။ သို့သော် ယနေ့တွင် ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

တစ်ခဏအကြာတွင် ခြံဝင်းအတွင်းရှိ လူအများ၏ စိတ်ထဲ၌ အတွေးကိုယ်စီ ရှိနေကြသေးသော်လည်း မူလက အနည်းငယ် တင်းမာနေသော လေထုမှာလည်း များစွာ ပြေလျော့သွားတော့၏။

ချူထျန်းက ပြုံးရွှင်စွာဖြင့် ချူဖန်ကို ဆွဲ‌ခေါ်လိုက်ပြီးနောက် လှည့်ကြည့်လိုက်ရာ ထူးခြားလှပသော ရုပ်ရည်ရှိသည့် မိန်းကလေးတစ်ဦးက လူအုပ်ကြီး၏ ခြံရံမှုဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရလေသည်။

သူမသည် အဝါနုရောင် ဝတ်စုံကို ဆင်မြန်းထားပြီး သွယ်လျလှပသော ကိုယ်နေဟန်ထားဖြင့် မားမားမတ်မတ် ရပ်နေ၏။

မျက်ဝန်းများထဲတွင် အပြုံးရိပ် အနည်းငယ် စွန်းထင်းနေပြီး နက်ရှိုင်းသော ရန်ငြိုးများ ရှိနေသည့် အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရပေ။

ချူချင်းက တစ်ဖက်တွင် ပုန်းကွယ်ကာ ခိုးကြည့်နေရင်း စုတ်သပ်ချီးကျူးလိုက်သည်။

"မိန်းကလေးတွေက အရွယ်ရောက်လာရင် ပြောင်းလဲသွားတတ်တယ်ဆိုတဲ့အတိုင်း ဆံပင်ဝါဝါနဲ့ ကောင်မလေးက ဒီလောက်တောင် လှလာတာပဲ။ ဒေါသတွေရော နည်းနည်း လျော့သွားပြီလားဆိုတာတော့ မသိရသေးဘူး။"

ချူထျန်းက ချူဖန်ကို ခေါ်ဆောင်ကာ ရှေ့သို့ထွက်လာပြီး အတူတကွ အရိုအသေပေးလိုက်ကြ၏။

ချူဖန်၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး ညီမလေးဟု ခေါ်ဆိုချင်စိတ် ရှိသော်လည်း ပြဿနာဖြစ်လာမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် သက်ပြင်းအရှည်ကြီးကိုသာ ချလိုက်တော့၏...။

"ချူအစ်ကိုလတ်နဲ့ မတွေ့ရတာ နှစ်‌တွေ တော်တော်ကြာခဲ့ပြီ။ဒါပေမဲ့ ကျွန်မကို မြင်တာနဲ့ သက်ပြင်းချရတာ ဘာကြောင့်များလဲ။"

ဝူချန်းဟွမ်က ပြုံးရွှင်စွာဖြင့် သူ့ကို ကြည့်လိုက်သည်။

"ငါ... ဟူး... ငါတို့ ချူမိသားစုက မင်းအပေါ် အားနာစရာ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ကမ္ဘာအဆုံးထိပဲဖြစ်ဖြစ် ငါ့ရဲ့ ညီသုံး... ဝူး... ဝူး..."

စကားပင် ဆုံးအောင်မပြောရသေးခင် ချူထျန်းက သူ၏ ပါးစပ်ကို လှမ်းပိတ်လိုက်လေသည်။

ချူဖန်မှာ မွေးရာပါခွန်အားကြီးမားသူ ဖြစ်သော်လည်း ချက်ချင်းဆိုသလို ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။ ထိုစဉ် ချူထျန်းက ပြုံး၍ ပြောလိုက်၏။

"သခင်မလေးဝူ... သူ့စကားတွေကို စိတ်ထဲ မထားပါနဲ့။"

ဝူချန်းဟွမ်က ညီအစ်ကို နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

"ချူအစ်ကိုလတ်... ဒီကနေ့လို နေ့မျိုးမှာ အဲဒီ ကံဆိုးမိုးမှောင်ကျတဲ့လူ အကြောင်းကို မပြောပါနဲ့တော့။ သူ သေသွားခဲ့ရင်တော့ တစ်မျိုးပေါ့လေ။”

“အဲဒီလိုမှ မဟုတ်ရင်တော့ ကျွန်မနဲ့ သူ့ကိစ္စက တစ်နေ့ကျရင် အဆုံးသတ်တစ်ခုတော့ ရှိရမှာပဲ။ ဒီနေ့ လာရတာက တခြားကြောင့် မဟုတ်ပါဘူး။ ချူအစ်ကိုလတ် ပညာစုံလို့ အိမ်ပြန်ရောက်လာတာကို ဂုဏ်ပြုကြိုဆိုဖို့အတွက်ပါ။"

ချူဖန်သည် ထိုစကားကိုကြားပြီးနောက် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် လက်အုပ်ချီကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

ထိုစဉ် ဝူချန်းဟွမ်က ထန်ရှီးကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။

"စောစောက ရှင်တို့တွေ သိုင်းပညာ ဖလှယ်ချင်တယ်လို့ ကြားလိုက်တယ်။ ပြောရရင် ဒီနှစ်တွေထဲမှာ ကျွန်မလည်း သိုင်းပညာ နည်းနည်းတိုးတက်လာတယ်လို့ ထင်မိတယ်။”

“အခု ပွဲစဖို့ကလည်း လိုသေးတာဆိုတော့ အတွင်းခြံထဲသွားပြီး ဖလှယ်ကြရင် မကောင်းဘူးလား။ သခင်လေးထန်ကရော ဘယ်လိုသဘောရလဲ။"

ဝူချန်းဟွမ် ကိုယ်တိုင် နှုတ်ဖွင့်လာမှတော့ ထန်ရှီးအနေဖြင့် မည်သို့ ငြင်းပယ်နိုင်မည်နည်း။ သူက ချက်ချင်းပင် ပြုံး၍ ပြောလိုက်သည်။

"သခင်မလေးဝူမှာ ဒီလို စိတ်ကူးရှိနေမှတော့ ကျွန်တော်က မလိုက်လျောဘဲ နေရဲပါ့မလား။"

"ကောင်းပြီလေ... တံခါးပိတ်ပြီး ကိုယ့်ဘာသာ ကျင့်ကြံနေတာထက်စာရင် အချင်းချင်း ဖလှယ်တာက ပိုကောင်းတာပေါ့။"

ချူထျန်းက ချူဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"မင်း သူတို့ကို မင်းရဲ့ ခြံဝင်းထဲ ခေါ်သွားပြီး သိုင်းပညာ ဖလှယ်ကြပေါ့။ မှတ်ထားရမှာက သိုင်းပညာ ဖလှယ်တာဖြစ်တဲ့အတွက် အပြန်အလှန် မထိခိုက်စေနဲ့။"

ချူဖန်က ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။

"နှစ်ယောက်လုံး ကြွပါခင်ဗျာ။"

"ကြွပါ။"

စကားပြောဆိုရင်းဖြင့် သူတို့သုံးဦးသည် အတွင်းခြံသို့ လျှောက်သွားကြလေသည်။

သို့သော် ခြေနှစ်လှမ်းခန့်လျှောက်ပြီးသည်နှင့် ဝူချန်းဟွမ်မှာ တစ်စုံတစ်ရာကို ရိပ်မိသွားသည့်အလား ရုတ်တရက်လှည့်ကာ လူအုပ်ကြီးကို စူးစိုက်ကြည့်လိုက်၏။

ချူဖန်က အနည်းငယ် အံ့ဩသွားပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။

"ညီမလေးဝူ... ဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ပါဘူး။"

ဝူချန်းဟွမ်က မျက်မှောင်ကြုတ်လိုက်သော်လည်း ချူဖန်၏ အခေါ်အဝေါ်ကို ဂရုမစိုက်ခဲ့ပေ။ စောစောက တစ်ခဏအတွင်းတွင် သူမ ရင်းနှီးဖူးသည့် အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။

သို့သော် လှည့်ကြည့်လိုက်ချိန်တွင် မည်သည့်အရာကိုမျှ မတွေ့ရပေ။ သူမက ခေတ္တမျှ စဉ်းစားလိုက်သော်လည်း စိတ်ထဲ သိပ်မထားတော့ဘဲ နှစ်ပေါင်းများစွာ ကြာပြီးမှ ချူအိမ်တော်သို့ ပြန်လည်ရောက်ရှိလာသဖြင့် ခေါင်းထဲမှ အမှတ်ရစရာများကြောင့်သာ ဖြစ်မည်ဟု တွေးလိုက်တော့၏။

သို့သော် သူတို့ထွက်ခွာသွားပြီးနောက် နံရံထက်တွင် ပုန်းကွယ်နေသော ချူချင်းက နဖူးပေါ်မှ ချွေးစေးများကို ညင်သာစွာ သုတ်လိုက်သည်ကိုမူ သူမ မသိခဲ့ပေ။

"ဒီမိန်းမက... ဒီလောက်တောင် အာရုံခံနိုင်စွမ်း ကောင်းတာလား။"

ချောင်းကြည့်လိုက်ရာ သူတို့တကယ် ထွက်သွားပြီဖြစ်ကြောင်းနှင့် ချူထျန်းတစ်ယောက်တည်းသာ ဧည့်သည်များကိုဧည့်ခံရန် ဤနေရာတွင် ကျန်ရစ်ခဲ့ကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် ချူထျန်းနှင့် ထိပ်တိုက်မတွေ့စေရန် နံရံအနောက်မှ ထွက်ကာ အခြားတစ်နေရာသို့ ပြောင်းရွှေ့ရန် ပြင်လိုက်တော့သည်။

သို့သော် သူမလှုပ်ရှားရသေးမီမှာပင် ချူထျန်း၏ အကြည့်နှင့် ဆုံသွားလေသည်။ သူ၏ ရင်ထဲတွင် ရုတ်တရက် ထိတ်ကနဲ ဖြစ်သွား၏။

သို့သော် ခုနစ်နှစ်တိုင်တိုင် ကွဲကွာခဲ့သည့်အပြင် သူ၏ မျက်နှာတွင်လည်း ရုပ်ဖျက်ထားသေးရာ ချူထျန်း မည်မျှပင် ထက်မြက်လွန်းသည်ဖြစ်စေ သူ့ကို ဤမျှလွယ်လွယ်ဖြင့် မှတ်မိမည်မဟုတ်ဟု တွေးလိုက်သည်။

ယခင်က လက်ဖက်ရည်ဆိုင်တွင် ချူဖန်တို့၏စကားကို မကြားခဲ့ရပါက ချူချင်းကိုယ်တိုင်လည်း တစ်ဖက်လူကို မှတ်မိနိုင်မည် မဟုတ်သည့်အလားပင်။

စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း ကိုယ်ဟန်လှုပ်ရှားမှုများကမူ အနည်းငယ်မျှ နှေးကွေးမသွားဘဲ ချက်ချင်း ခါးညွှတ်ကာ အရိုအသေပေးလိုက်ပြီးနောက် 'အလုပ်ရှုပ်' နေဟန် ပြုရန် ထွက်သွားဖို့ ပြင်လိုက်လေသည်။

သို့သော် ချူထျန်းက ရုတ်တရက် နှုတ်ဖွင့်လာမည်ဟု သူမထင်ထားခဲ့ပေ။

"ဒီကိုလာခဲ့စမ်း။"

"..."

ချူချင်း၏မျက်နှာ မှောင်ကျသွား၏။

'တကယ်မှတ်မိသွားတာလား။ မသိချင်ယောင်‌ဆောင်ပြီး ထွက်ပြေးလိုက်ရမလား။ ဒါပေမဲ့ တစ်ဖက်လူက ကိုယ့်ကို မှတ်မိလို့ လှမ်းခေါ်တာ မဟုတ်ဘဲနဲ့ ထွက်ပြေးလိုက်ရင် ကိုယ့်ဖာသာ ဖော်ကောင်လုပ်သလိုများ ဖြစ်သွားမလား။'

အတွေးမျိုးစုံက ခေါင်းထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက် ချူချင်းက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ အကယ်၍ တကယ် မှတ်မိသွားသည်ဆိုလျှင်လည်း မှတ်မိပါ‌စေ။

သူ၏ ခမ်းနားသော ချူမိသားစုမှ သခင်လေးသုံးဟူသည့် ကိုယ်ပိုင်အဆင့်အတန်းက အယောင်ဆောင်ခြင်းမဟုတ်သော်ငြား လျှို့ဝှက်စွာ ဆက်လက်လှုပ်ရှားရန် အခက်အခဲ ရှိသွားခြင်းသာ ဖြစ်သည်။

ထို့ကြောင့် သူက ချူထျန်းအနီးသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီးနောက် တိုးညင်းသောအသံဖြင့် ခေါ်လိုက်၏။

"သခင်လေးချူထျန်းခင်ဗျာ...။"

မိမိကိုယ်ကို ပေါ်သွားပြီဟု သံသယရှိနေသော်လည်း နောက်ဆုံးအချိန် မရောက်မချင်း ကိုယ်တိုင် အမှန်အတိုင်းဖွင့်ချမည့် အခြေအနေသို့ အရောက်မခံနိုင်ပေ။

ချူထျန်းက သူ့ကို နှစ်ချက်ခန့်အကဲခတ်ကြည့်ပြီးနောက် အစေခံတစ်ယောက်ကိုပါ ထပ်ခေါ်လိုက်ပြီးမှ စကားစလိုက်သည်။

"မင်းတို့တွေ လက်ဖက်ရည်နဲ့မုန့် နည်းနည်းလောက် ပြင်ဆင်ပြီး မင်းတို့သခင်လေးချူဖန်ရဲ့ ခြံဝင်းထဲ သွားပို့လိုက်ကြ။ ပြီးရင် အဲဒီမှာပဲ စောင့်နေကြ။"

ချူချင်းက ထိုစကားကိုကြားသောအခါ သွားမလုပ်ချင်သော်လည်း ခေါင်းညိတ်ရန်သာ တတ်နိုင်တော့၏။

"ဟုတ်ကဲ့ပါ...။"

ထို့နောက် သူက ထိုအစေခံနှင့်အတူ လှည့်ကာ မီးဖိုချောင်ဆီသို့ အမြန်သွားလိုက်လေသည်။

ချူထျန်း၏အကြည့်များက သူ၏ကျောပြင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ကာ အိမ်ပေါက်ဝမှ ဝင်လာသော ဧည့်သည်များကို အပြုံးဖြင့် ကြိုဆိုလိုက်ပြန်သည်။

"ဒီနေ့က မင်္ဂလာရှိတဲ့နေ့ဆိုတော့ သောက်နိုင်သလောက် များများသောက်ရမယ်နော်။"

...

ချူချင်းက ထိုအစေခံနှင့်အတူ မီးဖိုချောင်သို့ သွားကာ ဗန်းတစ်ချပ် ယူလိုက်ပြီး လက်ဖက်ရည်နှင့ မုန့်များကို တင်လိုက်ပြီးမှ ချူဖန်၏ ခြံဝင်းဆီသို့ ထွက်လာခဲ့လေသည်။

မူလက သူမလာချင်ခဲ့သော်လည်း တစ်ချက်ပြန်တွေးကြည့်လိုက်သောအခါ ဤသို့ပြုလုပ်ခြင်းက ပိုကောင်းမည်ဟု ခံစားလိုက်ရ၏။ ဝူချန်းဟွမ်က အာရုံခံနိုင်စွမ်း ကောင်းသည်ဟုဆိုစေကာမူ သူကိုယ်တိုင်က သူမကို သွားမကြည့်လျှင် သူမကမည်သည်ကို ရိပ်မိနိုင်မည်နည်း။

ထို့အပြင် ပွဲစတင်ရန် စောင့်ဆိုင်းနေသည့်အချိန်အတွင်း ချူဖန်၏ခြံဝင်းငယ်လေးထက် ပုန်းအောင်းရန် ပိုကောင်းသောနေရာ မည်သည့်နေရာတွင် ရှိ‌ဦးမည်နည်း။

ဤသို့တွေးကာ ချူဖန်၏ ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့တော့သည်။

တံခါးပေါက်မှ ဝင်လိုက်သည်နှင့် ချူဖန်က ထန်ရှီးနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရပြီး ဝူချန်းဟွမ်ကမူ ဘေးဘက်ရှိ ကျောက်တုံးခုံပေါ်တွင် ထိုင်နေကာ ပျင်းရိနေပုံရသည်။

ဘေးဘက်ရှိ ကျောက်တုံးခုံပေါ်တွင်လည်း လူတစ်ယောက် ထိုင်နေသေးပြီး သူမကို ချူချင်းမှတ်မိလေသည်။ သူမမှာ ချူဖန်၏ ဂိုဏ်းတူညီမလေးဝမ်ပင် ဖြစ်သည်။ အစောပိုင်းက မတွေ့ခဲ့ရသော်လည်း ဤနေရာတွင် ပွဲကြည့်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ချူချင်းနှင့် အစေခံတို့က ပစ္စည်းများကို ပို့ဆောင်ပြီးနောက် အနောက်ဘက်တွင် ရပ်နေလိုက်ကြ၏။ တကယ်ပင် မည်သူ့အာရုံကိုမျှ မဖမ်းစားနိုင်ခဲ့ပေ။

'ဘာကိစ္စမှ မရှိရင် ပွဲစတာနဲ့ သူတို့တွေ ဒီမှာ ဆက်နေလို့ ရမှာမဟုတ်ဘူး။ အဲ့အချိန်ကျမှ သူတို့နဲ့အတူ ရှေ့ဘက်ခြံဝင်းကို လိုက်သွားရင် ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး။'

စိတ်ထဲမှ ဤသို့တွေးနေစဉ်မှာပင် မထင်မှတ်ထားသောကိစ္စတစ်ခုက ရုတ်တရက် ရောက်လာတော့၏။

ဂိုဏ်းတူညီမလေးဝမ်က သူ့ကိုနောက်လှည့်၍ နှစ်ချက်ခန့်ကြည့်ပြီးနောက် ရုတ်တရက် မတ်တတ်ရပ်ကာ သူ၏ အနီးသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။

ဝူချန်းဟွမ်က သူမ၏ လှုပ်ရှားမှုကို ဂရုမစိုက်ဘဲ အကြည့်နှင့် အာရုံစိုက်မှုအားလုံးက ထန်ရှီးနှင့် ချူဖန်တို့၏ တိုက်ခိုက်မှုအပေါ်တွင်သာ ရောက်ရှိနေ၏။

ချူချင်းမှာမူ အခြေအနေမဟန်သည်ဟု ခံစားလိုက်ရပြီး ချက်ချင်းဆိုသလိုပင် ဂိုဏ်းတူညီမလေးဝမ်က သူ၏ လက်ထဲသို့ တစ်စုံတစ်ခုကို ထည့်ပေးလိုက်သည်ဟု ခံစားလိုက်ရလေသည်။

ခေါင်းငုံ့၍ကြည့်လိုက်ရာ သူတုန်လှုပ်သွားတော့သည်။ ထိုအရာက အက်ကွဲဟောင်းနွမ်းနေသော ပန်းကန်လုံးတစ်လုံး ဖြစ်နေပေသည်။

All Chapters