အခန်း ၁၈
Vol. 2 Ch. 18
အခန်း (၁၈) - ရုတ်တရက် အပြောင်းအလဲ
ချူချင်းက သူ့လက်ထဲရှိ ပန်းကန်လုံးကို ဆုပ်ကိုင်ထားရင်း မြေမြှုပ်မိုင်းတစ်လုံးကို ဆုပ်ကိုင်ထားရသကဲ့သို့ ခံစားနေရ၏။
သူ ဤပန်းကန်လုံးကို သိနေပေသည်။ လက်ဖက်ရည်ဆိုင်ရှေ့၌ သူတောင်းစားအဖြစ် ဟန်ဆောင်ခဲ့စဉ်က ဤပန်းကန်လုံးကို သူ၏ရှေ့တွင် ချထားခဲ့ခြင်းပင်။
ချူဖန်ကပင် ထိုအထဲသို့ ငွေစများ ပစ်ထည့်ပေးခဲ့သေးသည်။
ထို့နောက် သံမြင်းဓားပြခုနစ်ဖော်ကို လုပ်ကြံရန် တာဝန်ယူပြီးနောက်တွင်မူ ဟိုဟိုဒီဒီ လူသတ်ရသည်နှင့် အလုပ်များနေခဲ့လေ၏။
ကိစ္စများ အားလုံးပြီးဆုံးသွားချိန်တွင်မူ ဤပန်းကန်လုံး ပျောက်ဆုံးနေသည်ကို သူ သတိထားမိခဲ့သည်။
သို့သော်လည်း သူက အရေးတယူ မလုပ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ တစ်ခါသုံး ပစ္စည်းတစ်ခုမျှသာ ဖြစ်ပေသည်။
ထို့နောက်ပိုင်းတွင် သူတောင်းစားအဖြစ် ထပ်မံဟန်ဆောင်ခဲ့ခြင်း မရှိတော့သဖြင့် ပို၍ပင် ဂရုမစိုက်ဖြစ်တော့ချေ။
သို့သော် ဤပန်းကန်လုံးအစုတ်က ဂိုဏ်းတူညီမလေးဝမ်၏ လက်ထဲတွင် ပေါ်လာလိမ့်မည်ဟု သူ အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ပေ။
ထို့ပြင် သူမက ၎င်းကို မိမိအား ဘာကြောင့်ပေးရသနည်း။
လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ်ကတည်းက ဤဂိုဏ်းတူညီမလေးဝမ်သည် ထူးဆန်းနေသည်ဟု သူ ခံစားခဲ့ရ၏။
အကြောင်းအရင်းမရှိဘဲ မိမိကို လက်ဖက်ရည်လာကမ်းပေးကာ စိုက်ကြည့်နေခဲ့သေးသည်။ ရောဂါကျွမ်းနေသကဲ့သို့ပင် ဆိုရပြီ။
ယခု၌ ဤပန်းကန်လုံးက မူလပိုင်ရှင်ထံသို့ တိုက်ရိုက် ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။
သူမက ဘာတွေများ အတိအကျသိထားခဲ့သနည်း။ မိမိက ထိုသူတောင်းစားဖြစ်ကြောင်းကို သူမ ရိပ်မိသွားခဲ့ပြီလော။
သို့တည်းမဟုတ် အစေခံများကိုပေး၍ ဤပန်းကန်လုံးကို လွှင့်ပစ်ခိုင်းလိုရုံမျှလော။
စိတ်ထဲတွင် အတွေးများ လည်ပတ်နေစဉ် ဂိုဏ်းတူညီမလေးဝမ်ကို ဆွဲခေါ်ကာ မေးခွန်းထုတ်လိုသည့် စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
သို့ရာတွင် ယခုကဲ့သို့သော အခြေအနေမျိုး၌ ဤသို့လုပ်ရန် မဖြစ်နိုင်သည်မှာ သိသာလှ၏။
အကယ်၍ ဤနေရာတွင် ချူဖန် တစ်ယောက်တည်းသာ ရှိနေမည်ဆိုလျှင် မိမိ၏သရုပ်မှန် ပေါ်လွင်သွားလျှင်ပင် ကိစ္စမရှိပေ။ သို့သော် မိမိက မင်္ဂလာပွဲမှ ထွက်ပြေးလာသူဖြစ်ကြောင်း ဝူချန်းဟွမ်သာ သိသွားခဲ့ပါလျှင် ရလဒ်က မည်သို့ဖြစ်လာမည်ကို မှန်းဆ၍ပင် ရနိုင်မည်မဟုတ်ချေ။
အတွေးပေါင်းစုံက လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက် ချူချင်းက အံ့ဩသွားသည့်အမူအရာကို အံဝင်ခွင်ကျဖြစ်အောင် ဖော်ပြလိုက်လေသည်။
ဤကဲ့သို့သော သရုပ်ဆောင်မှုမျိုးက သူ့အတွက် ပုံမှန်လိုပင် ဖြစ်နေခဲ့ပြီ။
တစ်ချိန်တည်းမှာပင် ဖြေရှင်းရမည့် နည်းလမ်းအမျိုးမျိုးကလည်း ခေါင်းထဲသို့ အုံနှင့်ကျင်းနှင့် ဝင်ရောက်လာခဲ့၏။
စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဂိုဏ်းတူညီမလေးဝမ်က မည်သည့်ကိစ္စမှ မရှိခဲ့သည့်အလား သူမ၏နေရာသို့ ပြန်သွားကာ ထိုင်လိုက်သည်ကို မြင်လိုက်ရလေသည်။
'ဒီလောက်နဲ့တင် ပြီးသွားပြီလား။'
ချူချင်း ကြက်သေသေသွားပြီး လက်သီးတစ်ချက်ဖြင့် လေဟာနယ်ကို ထိုးချလိုက်ရသကဲ့သို့ အဖက်မတင်ခံစားလိုက်ရ၏။
နောက်ကွယ်မှ ပြင်ဆင်ထားသော တန်ပြန်လှည့်ကွက်များအားလုံးကို ပြန်လည်မျိုချလိုက်ရလေသည်။
'ဒီဂိုဏ်းတူညီမလေးဝမ်က တကယ်ပဲ ဘယ်လိုဖြစ်နေတာလဲ။ သူ့စိတ်ထဲမှာ ဘာတွေဖုံးကွယ်ထားတာလဲ။'
ချူချင်း၏ဦးနှောက်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားသကဲ့သို့ ခံစားလိုက်ရ၏။ မည်သို့ပင်ဆိုစေ လူအချို့က ထူးထူးဆန်းဆန်းပစ္စည်းများကို သီးသန့်ကောက်ယူတတ်လိမ့်မည်ဟု သူ စိတ်ကူးထဲတွင်ပင် မတွေးထားခဲ့မိပေ။
ဥပမာအားဖြင့် သူအလွန်လျှို့ဝှက်စွာ ဖွက်ထားသည်ဟု ထင်ခဲ့သော ထမ်းပိုးကဲ့သို့ပင်။
သို့သော် ဂိုဏ်းတူညီမလေးဝမ်ထံမှ အခြားလှုပ်ရှားမှုများ မရှိတော့သည်ကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။
သူမက တည်တည်ငြိမ်ငြိမ်ရှိနေလျှင် ကောင်းပေသည်။ ယနေ့ကိုသာ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ခဲ့လျှင် သူမက တစ်စုံတစ်ခုကို အမှန်တကယ် သိနေခဲ့လျှင်ပင် ကိစ္စမရှိတော့ပေ။
ထိုအချိန်ရောက်လျှင် မိမိကိုယ်တိုင်က ဤထျန်းဝူမြို့တွင် ရှိနေမည်လားဆိုသည်ကိုပင် ပြော၍မရနိုင်တော့ချေ။
ဤသို့တွေးမိသောအခါ သူအနည်းငယ်စိတ်အေးသွားကာ ချူဖန်နှင့် ထန်ရှီးတို့၏တိုက်ခိုက်မှုကို မော့ကြည့်လိုက်လေသည်။
ချူဖန်အတွက်မူ ဆိုဖွယ်ရာမရှိပေ။ ထိုက်ရိဂိုဏ်း၏ ပုရိကောင်းကင်ကျမ်းမှာ နက်နဲရှုပ်ထွေးလှပြီး ထိုက်ရိနတ်လက်ဝါးကမူ အလွန်ရှုပ်ထွေးသည့်တိုင် ရိုးရှင်းသကဲ့သို့ ရှိနေ၏။
ထိုက်ရိနတ်လက်သီးမှာလည်း အားတစ်ခုတည်းဖြင့် ပညာဆယ်ခုကို အနိုင်ယူနိုင်စွမ်းရှိရာ ချူဖန်၏ မွေးရာပါ ခွန်အားကြီးမားမှုနှင့် ပေါင်းစပ်လိုက်ပါက သာမန်လူများအနေဖြင့် သူ၏ပြိုင်ဘက် လုံးဝဖြစ်လာမည် မဟုတ်ချေ။
ထန်ရှီးသည် လော့ယွီဂိုဏ်း၏ ဂိုဏ်းချုပ်သားဖြစ်သော်လည်း တိုက်ခိုက်နေစဉ်အတွင်း တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ခွာနေရလေသည်။
သို့သော် ချူချင်းသတိထားမိသည်မှာ ဤထန်ရှီးက ရှုံးနိမ့်နေသော်လည်း သူ၏အမူအရာမှာ တုန်လှုပ်ခြင်းမရှိပေ။ တစ်ခါတစ်ရံတွင် ချူဖန်၏ဖိအားပေးမှုကြောင့် ဆက်တိုက်ဆုတ်ခွာနေရပြီး မျက်နှာပေါ်တွင် ထိတ်လန့်သည့် အရိပ်အယောင်များပင် ပေါ်လာတတ်သည်။
သို့ရာတွင် သရုပ်ဆောင်ရာ၌ ကျွမ်းကျင်လှသောချူချင်းက ထိုထိတ်လန့်သည့် အရိပ်အယောင်များမှာ သရုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။
'သူ့မှာ တခြားအားကိုးစရာရှိနေလို့ ချူဖန်ကို အရေးမစိုက်တာလား။'
ချူချင်း မျက်ခုံးပင့်လိုက်မိပြီး ဤအရာက အနည်းငယ် နားလည်ရခက်နေသည်ဟု ခံစားလိုက်ရ၏။
ထန်ရှီးက အင်အားဖုံးကွယ်ထားသော်လည်း ချူဖန်ကလည်း အစွမ်းကုန် မထုတ်သုံးသေးပေ။
သူက မည်သည့်အရာကို အားကိုး၍ ချူဖန်ကို အရေးမစိုက်ရသနည်း။
ထို့ပြင် ဤလော့ယွီဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် လျိုရှီကျဲ့က သံမြင်းဓားပြခုနစ်ဖော်နှင့် ဆက်နွယ်မှု ရှိနေရာ၊ ဤဂိုဏ်းချုပ်သားကကော ထျန်းဝူမြို့တွင် မည်သည့် ရပ်တည်ချက်မျိုး ရှိနေသနည်း။
ဤသို့တွေးနေစဉ်မှာပင် ချူဖန်နှင့် ထန်ရှီးတို့၏တိုက်ပွဲမှာ အဖြေပေါ်သွားခဲ့ပြီဖြစ်သည်။
'ဖုန်း'ဟူသော အသံတစ်ချက်နှင့်အတူ လူရိပ်နှစ်ခု ခွဲထွက်သွားလေ၏။
ထန်ရှီးသည် နောက်သို့လေးငါးလှမ်းခန့် ဆက်တိုက်ဆုတ်သွားပြီးနောက် လက်ကို ခါယမ်းကာ သွားဖြီး၍ ရယ်မောလိုက်လေသည်။
"အစ်ကိုလတ်ချူဖန်က တကယ်ကို အစွမ်းထက်တာပဲ။ ထိုက်ရိနတ်လက်သီးက နာမည်နဲ့ လိုက်ဖက်လှပါတယ်။ ကျွန်တော် အရှုံးပေးပါတယ်။"
"အလျှော့ပေးတဲ့အတွက် ကျေးဇူးပါ။ သခင်လေးထန်ရဲ့ သိုင်းပညာကလည်း အလွန် သိမ်မွေ့လှပါတယ်။ အားလပ်ချိန်ရှိရင် ကျွန်တော်တို့ ထပ်ပြီး ဖလှယ်ကြတာပေါ့။"
ဤတစ်ကြိမ်တွင် ချူဖန် ပြောလိုက်သော စကားများမှာ ယခင်ကလောက် နားထောင်ရ မဆိုးတော့ချေ။
၎င်းကိုမြင်သောအခါ ဝူချန်းဟွမ်က ပြုံးလိုက်၏။
"အစ်ကိုလတ်ချူဖန်က ဒီသခင်လေးထန်ကို အထင်သေးလိုက်တာပဲ မဟုတ်လား။ လော့ယွီဂိုဏ်းက ထျန်းဝူမြို့ကို ဝင်လာတာ သုံးနှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ နာမည်မရှိတဲ့ အဆင့်ကနေ အခုလို အနေအထားအထိ တိုးတက်လာခဲ့တာကို သိထားသင့်တယ်။ သခင်လေးထန်ရဲ့ မျိုးရိုးစဉ်ဆက် ပညာတွေက အစ်ကိုလတ်ချူဖန်ထက် နိမ့်ကျနေမှာ မဟုတ်ဘူးလို့ ထင်မိတယ်။"
သူမက စကားပြောရင်း မတ်တတ်ရပ်လိုက်ကာ ဘေးရှိ ညီမလေးဝမ်ထံမှ ဓားရှည်ကို လှမ်းဆွဲထုတ်လိုက်လေသည်။
"ကျွန်မက မကြာသေးခင်က ဓားသိုင်းတစ်ကွက် သင်ထားလို့ အစ်ကိုတို့နှစ်ယောက်ကို လမ်းညွှန်ပေးစေချင်ပါတယ်။"
စကားအဆုံးတွင် ချူဖန်နှင့် ထန်ရှီးကို စကားပြောခွင့်ပင်မပေးဘဲ ခြေလှမ်းကို ပြောင်းလဲလိုက်ရာ သူမ၏ ကိုယ်ရိပ်က ပုံရိပ်ယောင်သဖွယ် ဖြစ်သွားပြီး သူတို့နှစ်ဦးကြားသို့ ရုတ်တရက် ဝင်ရောက်သွားလေတော့သည်။
ဓားသွားက ဦးစွာလှုပ်ရှားသွားပြီး ချူဖန်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ဦးတည်သွား၏။
ချူဖန် မှင်သက်သွားသည်။ ဤဝူချန်းဟွမ်က တိုက်မည်ဆိုသည်နှင့် ချက်ချင်း တိုက်ခိုက်လာကာ တုံ့ပြန်ရန် အခွင့်အရေး အနည်းငယ်မျှပင် မပေးလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
အကယ်၍ အခြားသူတစ်ဦးကသာ ဤကဲ့သို့ ပြုမူလာပါက ချူဖန်အနေဖြင့် သဘာဝကျစွာပင် အလိုလိုက်ထားမည် မဟုတ်ချေ။
သို့သော် ချူချင်း၏ အကြောင်းအရင်းကြောင့် ချူဖန်က ဝူချန်းဟွမ်အပေါ် စိတ်ထဲတွင် အပြစ်မကင်းသလို ဖြစ်နေသဖြင့် ဤသည်ကို မြင်သောအခါ အလိုအလျောက်ပင် ရှောင်တိမ်းလိုက်လေသည်။
သို့ရာတွင် ဝူချန်းဟွမ်က ချူဖန်ဤသို့တုံ့ပြန်မည်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည့်အလား လက်ထဲရှိ ဓားရှည်ကို လှည့်လိုက်ရာ တစ်ချက်မှ သုံးချက်သို့ ပြောင်းလဲသွားပြီး ဆီးပန်းပွင့်များ ကခုန်နေသကဲ့သို့ တောက်ပသောနေမင်းကြီး ပွင့်အာလာသည့်အလား ဖြစ်သွား၏။
ချက်ချင်းဆိုသလိုပင် ထန်ရှီး၏ ရင်ဘတ်ရှိ သွေးကြောဆုံမှတ် အသီးသီးကို ဖုံးလွှမ်းသွားလေတော့သည်။
ဤဓားသိုင်းမှာ ကြည့်ကောင်းလှသော်လည်း သတ်ဖြတ်လိုစိတ်ကမူ ပို၍ နက်ရှိုင်းနေပေသည်။
ထန်ရှီးသည် မူလက ချူဖန်၏ အခြေအနေကို ပွဲကြည့်နေခဲ့ခြင်း ဖြစ်သော်လည်း ဤဓားသွားက လမ်းကြောင်းပြောင်းကာ မိမိဆီသို့ ဦးတည်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူ၏အံ့အားသင့်မှုမှာ သာမန်မဟုတ်ဘဲ ရှောင်တိမ်းရန် ကြိုးစားသော်လည်း အချိန်မမီတော့ပေ။
ချူဖန်ပင်လျှင် မျက်လုံးပြူးသွားပြီး ဤဝူချန်းဟွမ်က လူသတ်ချင်နေသည်ဟုသာ ခံစားလိုက်ရလေသည်။
ဤဆံတစ်မျှင်စာ အသက်အန္တရာယ်ကြားတွင် ထန်ရှီး၏ ကိုယ်ရိပ်က လေထဲမှ ဖယောင်းတိုင်မီးကဲ့သို့ မှိန်ဖျော့သွားကာ ရုတ်တရက် ပျောက်ကွယ်သွားပြီးမှ တဖြည်းဖြည်း ပြန်ပေါ်လာခဲ့၏။
ဤသို့မှိန်ဖျော့ပြီး ပြန်ပေါ်လာသည့် ကြားကာလအတွင်း သူ၏ကိုယ်ရိပ်က နှစ်ကျန့်ကျော်အထိ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဝူချန်းဟွမ်၏ မျက်လုံးထဲတွင် လေးနက်သည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားလေသည်။
ချူဖန်ကမူ လက်ခုပ်တီးကာ ရယ်မောလိုက်၏။
"ကောင်းလှတဲ့ ကိုယ်ဖော့ပညာပဲ။"
ထန်ရှီး၏မျက်နှာက တစ်ခဏမျှ တောင့်တင်းသွားသော်လည်း ချက်ချင်းပင် ပြုံးလိုက်လေသည်။
"အစ်ကိုလတ်ချူဖန်က ရယ်စရာလုပ်နေပါပြီ။ သခင်မလေးဝူရဲ့ ဓားသိုင်းက အရမ်းမြန်လွန်းတော့ တကယ်ကို ကြိုမတွေးထားမိတာပါ။"
ဝူချန်းဟွမ်က ပြုံးရယ်ကာ ပြောလိုက်၏။
"အို... အစ်ကိုလတ်ချူဖန် ကြည့်ပါဦး။ ဒီသခင်လေးထန်က လူကောင်းမဟုတ်ဘူးပဲ။ အသုံးမချရသေးတဲ့ ပညာတစ်ကွက်ကိုတောင် ဖုံးကွယ်ထားသေးတယ်။”
“ကျွန်မတို့သုံးယောက် ဆက်ဖလှယ်ကြရင် မကောင်းဘူးလား။ သူဖွက်ထားတဲ့ အစွမ်းအစတွေ အားလုံးကို အကုန် ဖော်ထုတ်ပစ်ကြမယ်လေ။"
ထန်ရှီးက ဤစကားကို ကြားသောအခါ ဆက်တိုက် တောင်းပန်နေသော်လည်း ချူဖန်ကမူ စမ်းသပ်လိုစိတ်များ တက်ကြွနေလေသည်။
သူစကားပြောရန် ပြင်လိုက်စဉ်မှာပင် 'ကျွီ'ဟူသော အသံတစ်ချက် ထွက်ပေါ်လာပြီး ခြံဝင်းငယ်၏တံခါးကို တစ်စုံတစ်ယောက်က ဖွင့်လိုက်ခြင်း ဖြစ်ပေသည်။
လူတိုင်းက အစေခံတစ်ယောက်ယောက်က ပစ္စည်းလာပို့သည်ဟုသာ ထင်မှတ်ကာ အရေးမစိုက်ခဲ့ကြပေ။
သို့သော် သူတို့၏အကြည့်များ ရောက်သွားပြီးနောက်တွင်မူ အားလုံးမှာ အနည်းငယ် အံ့အားသင့်သွားကြလေသည်။
ဝင်ရောက်လာသူမှာ ချူမိသားစု၏ အစေခံမဟုတ်ဘဲ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်နေ၏။
သူသည် သိုင်းလောကသားတစ်ဦး၏ အဝတ်အစားကို ဝတ်ဆင်ထားပြီး ဝင်လာပြီးနောက် ဦးစွာ ခေါင်းညိတ်ပြလိုက်ကာ ခြံဝင်းတံခါးကို ပြန်လှည့်ပိတ်လိုက်လေသည်။
ချူဖန် မျက်မှောင်ကြုတ်သွားသည်။
"ခင်ဗျားက ဘယ်သူလဲ။ ဒီနေရာက အတွင်းဆောင်ပဲ။ ဧည့်သည်ဆိုရင် ရှေ့ဆောင်ကိုသွားပြီး စားသောက်လို့ရတယ်။"
ထိုလူက ခေါင်းမော့ကာ ချူဖန်ကို တစ်ချက်ကြည့်၍ ပြုံးလိုက်ပြီးနောက် ခြေဖျားကို အားပြုကာ ရုတ်တရက် ခုန်ထွက်လိုက်လေသည်။ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် သူ၏ ကိုယ်ရိပ်က တည့်မတ်စွာ ပြေးဝင်လာရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ချူဖန်၏ရှေ့သို့ ရောက်ရှိလာခဲ့၏။
နောက်ဆုံးခြေလှမ်း ချလိုက်ချိန်တွင် 'ခွပ်'ဟူသော အသံနှင့်အတူ ကျောက်စိမ်းပြားများ ကွဲကြေသွားပြီး ခန္ဓာကိုယ်က လေးတစ်လက်သဖွယ် ဖြစ်သွားလေသည်။ ညာဘက်လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လေးကြိုးမှ လွတ်ထွက်သွားသော မြှားတစ်စင်းအလား 'ဖုန်း' ဟူသော အသံနှင့်အတူ ချူဖန်၏ရင်ဘတ်နှင့် ဝမ်းဗိုက်ဆီသို့ တည့်မတ်စွာ ဝင်ရောက်လာတော့သည်။
ချူဖန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ဖက်လူ၏ လက်သီးအဟုန်က ဒေါသတကြီး ရိုက်ခတ်နေသော လှိုင်းလုံးကြီးများကဲ့သို့ဖြစ်နေရာ ကျယ်ပြောလှသော သမုဒ္ဒရာကြီးထဲသို့ ရောက်ရှိသွားသည်ဟုပင် ခံစားလိုက်ရလေသည်။
အရှိန်အဝါက စူးရှထက်မြက်လှပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှပေသည်။
ဝူချန်းဟွမ်က ဤသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်လေသည်။
" ‘ပင်လယ်မှောက်နဂါးလက်သီး’ပဲ။ အစ်ကိုလတ်ချူဖန် သူက ဝမ်ယဲ့တောင်ကြားက ရှင်းယိုဟန်ပဲ။ အတင်းမခုခံလိုက်နဲ့။”