← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) - အထီးကျန်လမင်း

ဝူချန်းဟွမ်၏ စကားများက မြန်ဆန်သော်လည်း တိုက်ခိုက်မှုက လျှပ်စီးလက်သကဲ့သို့ ပို၍လျင်မြန်လှသဖြင့် မည်သို့မျှ မမီနိုင်တော့ပေ။

သူမစကားတစ်ခွန်းပင် မဆုံးလိုက်ခင် ချူဖန်၏ ထိုက်ရိနတ်လက်သီးက ထွက်ပေါ်သွားလေပြီ။

ထိုစကား၏ တစ်ခုတည်းသော အကျိုးသက်ရောက်မှုမှာ မူလက အစွမ်းကုန် မထုတ်ရသေးသော ချူဖန်သည် စကားကြားလိုက်ရသည့် တစ်ခဏအတွင်း အတွင်းအားအပြည့် အသုံးပြုလိုက်မိခြင်းပင် ဖြစ်သည်။

တိုက်ခိုက်လာသည်ကို ပြန်ခုခံတိုက်ခြင်းဖြင့် ရင်ဆိုင်ခြင်းပင်။

ဝုန်း။

မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး အတွင်းအားနှစ်ခု ရုတ်တရက် တိုက်မိကာပေါက်ကွဲသွား၏။

နေရာရှိလူအားလုံး ထိုပေါက်ကွဲမှုအရှိန်ကို ခံစားမိသွားကြပြီး တစ်ချိန်တည်းမှာပင် မျက်နှာအရောင်များ ပြောင်းလဲသွားကြလေသည်။

အစေခံနှစ်ယောက်မှာမူ တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ထိုအရှိန်ကြောင့် လွင့်စင်သွားကြ၏။

သို့သော် တစ်ယောက်က အမှန်တကယ် လွင့်သွားခြင်းဖြစ်ပြီး အခြားတစ်ယောက်ကမူ ဟန်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။

ချူချင်းမှာမူ မိမိကိုယ်မိမိ အမှန်တကယ် ကံဆိုးလှသည်ဟု ခံစားလိုက်ရလေသည်။

'ဒီနေ့ ချူအိမ်တော်က စားသောက်ပွဲ ကျင်းပတာကို ဘယ်လိုဖြစ်လို့ တစ္ဆေသရဲပေါင်းစုံ ထွက်လာရတာလဲ။'

ချူချင်းက တွေးလိုက်၏။

ဝမ်ယဲ့တောင်ကြားမှ ရှင်းယိုဟန်။

ဤအမည်ကို အတိတ်က သူကြားဖူးသော်လည်း သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။

ဝမ်ယဲ့တောင်ကြားသည် ထျန်းဝူမြို့၏ အရှေ့ဘက်တွင် တည်ရှိပြီး ထိုအိမ်တော်နှစ်ခုမှာ အိမ်နီးချင်းများဖြစ်ကာ ရင်းနှီးသော ဆက်ဆံရေးလည်း ရှိသည်။ အချင်းချင်း ရန်ငြိုးဖွဲ့ထားသည်ဟုလည်း မကြားဖူးခဲ့ချေ။

ဤရှင်းယိုဟန်သည် အဘယ်ကြောင့် ချူအိမ်တော်ထဲသို့ ခိုးဝင်လာပြီး ချူဖန်ကိုရုတ်တရက် လာရောက်တိုက်ခိုက်ရသနည်း။

ထိုအချိန်တွင် ဝူချန်းဟွမ်သည် လွင့်စင်သွားသော အစေခံနှစ်ယောက်ကို အလိုအလျောက် လှည့်ကြည့်လိုက်ရာ ချူချင်း၏ အနည်းငယ်စိတ်ပျက်နေသော အကြည့်များနှင့် အံဝင်ခွင်ကျ ဆုံတွေ့သွားလေသည်။

တစ်ခဏမျှသာ ဖြစ်ပြီး အစပိုင်းတွင် ဝူချန်းဟွမ်မှာ တုံ့ပြန်မှုပင် မလုပ်နိုင်ခဲ့ပေ။

သို့သော် မကြာခင်မှာပင် သူမတစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။ ထိုအကြည့်က အစေခံတစ်ယောက်တွင် ရှိသင့်သောအကြည့်မျိုး မဟုတ်ပေ။

ထို့အပြင် ကျိန်စာသင့်မည့် ဤအကြည့်ကို သူမအဘယ်ကြောင့် ဤမျှရင်းနှီးနေရသနည်း။

ထိုအတွေးများက စိတ်ထဲတွင် လှည့်ပတ်သွားသော်လည်း ချက်ချင်း အသေးစိတ် တွေးတောနေရန် အချိန်မရှိပေ။ ခေါင်းမော့ကြည့်လိုက်ရာ ချူဖန်မှာ ခြေသုံးလှမ်း ဆက်တိုက်ဆုတ်ခွာသွားရပြီး နောက်ဆုံးခြေလှမ်းရောက်မှသာ ဟန်ချက်ထိန်းနိုင်သည်ကို တွေ့လိုက်ရ၏။

ရှင်းယိုဟန်မှာမူ ခြေလှမ်းတစ်ဝက်ပင် ဆုတ်ခွာခြင်းမရှိသော်လည်း မျက်လုံးထဲတွင် အနည်းငယ်အံ့ဩသွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

"မွေးရာပါ ခွန်အားက တော်တော်ကောင်းတာပဲ။ ထိုက်ရိနတ်လက်သီးကလည်း အတော်ကောင်းတယ်။"

နှုတ်မှ စကားပြောနေသော်လည်း ခြေလှမ်းများက မရပ်တန့်သွားပေ။ ပြေးလွှားလာရင်း ဒုတိယလက်သီးကို ဆက်တိုက်ထုတ်သုံးလာ၏။

ဝူချန်းဟွမ်သည် သူမ၏ဓားရှည်ကို လှည့်ကာ တိုက်ခိုက်ရန်ပြင်လိုက်စဉ် ထန်ရှီး၏ ဒေါသတကြီး ဟစ်အော်သံနှင့်အတူ လေထဲသို့ ခုန်တက်သွားသည်ကို ကြားလိုက်ရလေသည်။

"ရှင်းယိုဟန်။ မင်းက တော်တော် သတ္တိကောင်းနေပါ့လား။ ငါတို့ ထျန်းဝူမြို့ကို လာပြီး အခုလိုလုပ်ရဲတယ်ပေါ့။"

သူ၏လက်ဝါးနှစ်ဖက်က လွင့်ပျံနေသော ပန်းပွင့်များကဲ့သို့ ရှင်းယိုဟန်၏ ကျောပြင်ဆီသို့ ဝင်ရောက်တိုက်ခိုက်၏။

ရှင်းယိုဟန်၏ တစ်ကိုယ်လုံးတွင် အတွင်းအားများ လည်ပတ်သွားပြီး ခေါင်းပင်လှည့်မကြည့်ဘဲ ခြေတစ်ဖက်ဖြင့် ကန်ထုတ်လိုက်လေသည်။

"ထွက်သွားစမ်း။"

ထန်ရှီး၏လက်ဝါးကွက်ကို ဖြိုခွင်းလိုက်ရုံသာမက တိုက်ရိုက် ထိုးခွင်းသွားကာ သူ၏ရင်ဘတ်ကို ကန်မိသွား၏။

'ဟွတ်’ဟူသော အသံနှင့်အတူ ထန်ရှီးပါးစပ်မှ သွေးများပန်းထွက်သွားပြီး တစ်ကိုယ်လုံး နောက်သို့ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွားလေသည်။

ဝူချန်းဟွမ်မှာ ရင်လေးသွားပြီး ကြာမြင့်စွာ အသင့်ပြင်ထားသော ဓားသွားဖြင့်ခံစစ်ဆင်လိုက်၏။

"သခင်လေးထန်။"

ထျန်းဝူမြို့တော်ဝန်ဝူကန်ချီသည် သိုင်းလောကတွင် ‘လေးဆယ့်ကိုးကွက် ရှင်းထျန်းပုဆိန်’သိုင်းဖြင့် နာမည်ကြီးလေသည်။ ဝူချန်းဟွမ်သည် မိန်းကလေးတစ်ဦး ဖြစ်သည့်အားလျော်စွာ ဧရာမပုဆိန်ကြီးကို ဝှေ့ယမ်းနေရခြင်းက အနည်းငယ်မျှမသင့်တော်လှဟု ထင်သဖြင့် ဤဓားသိုင်းကိုသာ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဓားသိုင်းကလည်း နာမည်ကြီး သိုင်းပညာရှင်တစ်ဦးထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ အထီးကျန်လမင်းတောင်၊ ထင်းရှူးစိမ်းဂူမှ ဆရာမကြီးယဲ့ထန် ကိုယ်တိုင် သင်ကြားပေးခဲ့သော ‘အထီးကျန်လမင်းဓားသိုင်း’ပင် ဖြစ်၏။

ဓားရောင်သည် လမင်းကဲ့သို့ အေးစက်သော အလင်းရောင်များ အပြည့်အဝ ဖြာထွက်လာလေသည်။

ယခုထုတ်သုံးလိုက်ချိန်တွင် သမုဒ္ဒရာပေါ်မှ လမင်းကဲ့သို့ ထာဝရလင်းလက်နေကာ လေထုတစ်ခွင်လုံး လွှမ်းခြုံသွားတော့၏။

သူမ၏မွေးရာပါ ပါရမီနှင့် နားလည်နိုင်စွမ်းသည် မူလကတည်းက အလွန်ကောင်းမွန်လေသည်။ အစောပိုင်းနှစ်များက ချူချင်းသည် ဤကောင်မလေး၏ ဖိနှိပ်ခြင်းကို နေရာတိုင်းတွင် ခံခဲ့ရပြီး မကြာခဏဆိုသလို မျက်နှာတွင် ညိုမည်းဖူးယောင်သည်အထိ အရိုက်ခံခဲ့ရဖူးသည်။

ယခု ခုနစ်နှစ်ကြာမတွေ့ရပြီးနောက် သူမသည် အတွင်းအားနှင့် အပြင်အား နှစ်မျိုးစလုံးကို လေ့ကျင့်ထားသဖြင့် တိုးတတ်လာမှုမှာ သာမန်မဟုတ်တော့ပေ။

ဤဓားတစ်ချက် ထွက်ပေါ်လာချိန်တွင် ရှင်းယိုဟန်၏ ဒုတိယလက်သီးကို အတင်းရပ်တန့်သွားစေခဲ့သည်။

သူ၏ ပင်လယ်မှောက်နဂါးလက်သီးသည် မူလက ပင်လယ်ပြင်တွင် နဂါးတစ်ကောင် ထကြွသောင်းကျန်းနေသကဲ့သို့ လှိုင်းလုံးများ မရပ်မနားရိုက်ခတ်နေပြီး လက်သီးကွက် စတင်လိုက်သည်နှင့် အဆုံးမရှိစီးဆင်းနေခြင်း ဖြစ်သည်။

သို့သော် သူသည် ချူဖန်ကိုသာ ဇွတ်တိုက်ခိုက်နေမည်ဆိုလျှင် ဝူချန်းဟွမ်၏တိုက်ခိုက်မှုကြောင့် သူကိုယ်တိုင် ဒဏ်ရာရသွားမည်မှာ သေချာလှ၏။

ထို့ကြောင့် ဘယ်ဘက်ခြေထောက်အား‌ ကန်‌ထောက်၍ ကိုယ်နေဟန်ထားကို လှည့်ကာ မူလကချူဖန်ဆီသို့ ဦးတည်နေသော ဒုတိယလက်သီးကို ဝူချန်းဟွမ်ထံသို့ ပြောင်းလဲ ပစ်လွှတ်လိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ကွင်းထဲတွင် ဓားရောင်များနှင့် လက်သီးအရိပ်များ ပြည့်နှက်သွားကာ မြင်ရသူအပေါင်း မျက်စိလျှမ်းသွားစေ၏။

ရုတ်တရက်ပင်။

မည်သို့ပင်ဖြစ်စေ ရှင်းယိုဟန်၏ အတွင်းအားက ပို၍နက်ရှိုင်းလေသည်။ ဆက်တိုက် ထွက်ပေါ်လာသော ပင်လယ်မှောက်နဂါးလက်သီး ငါးချက်၏ စုဆောင်းထားသော အားအင်မှာ ဝူချန်းဟွမ်အရွယ် လူငယ်တစ်ယောက် ယှဉ်နိုင်မည့်အရာ မဟုတ်ပေ။

ဝုန်းခနဲ အသံတစ်သံကိုသာ ကြားလိုက်ရပြီး လမင်းဓားကွက် ကျိုးပျက်သွားကာ ဓားအဟုန် ကျဆင်းသွားလေတော့သည်။

ဧရာမလက်သီးအရိပ်ကြီးတစ်ခုသည် လေထုကို ခွဲထွက်လာပြီး ဝူချန်းဟွမ်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကဲ့သို့သော အသက်အန္တရာယ်ရှိသည့် နေရာများဆီသို့ တိုက်ရိုက် ဦးတည်လာ၏။

ဝူချန်းဟွမ်သည် ထိုလက်သီးချက်ကြောင့် ဒဏ်ရာရတော့မည့်ဆဲဆဲတွင် ရှင်းယိုဟန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားလေသည်။

မူလက မိုးကြိုးကဲ့သို့ လျင်မြန်လှသော လက်သီးချက်သည် အတင်းအဓမ္မ ရပ်တန့်ခံလိုက်ရသကဲ့သို့ အဟုန်လျော့ကျသွား၏။

ဝူချန်းဟွမ်၏ ခြေလှမ်းများ ပြောင်းလဲသွားပြီး ပုံရိပ်ယောင်များ ဖန်တီးကာ ကွက်တိပင် ရှောင်တိမ်းသွားနိုင်ခဲ့သည်။

ချူဖန်သည်လည်း ထိုအချိန်တွင် အသက်ရှူမှန်သွားပြီး ဒေါသတကြီး ဟစ်အော်ကာ လေထဲသို့ ခုန်တက်၍ ခြေနှစ်ဖက်ဖြင့် ဖြတ်ကန်လိုက်လေသည်။

"ဂိုဏ်းတူညီမလေးဝမ်။ တိုက်တော့။"

၎င်းမှာ ထိုက်ရိဂိုဏ်း၏ ‘ပုရိကောင်း‌ကင်ကျမ်းရှိလူသားပိုင်း’ ထဲမှ ‘ထိုက်ရိနတ်ခြေထောက်’ပင် ဖြစ်သည်။

ဂိုဏ်းတူညီမလေးဝမ်သည် သူ၏စကားကို ကြားသောအခါ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မပေါ်လွင်ဘဲ ခန္ဓာကိုယ်ကိုလှည့်ကာ လေထဲမှနေ၍ လက်တစ်ချောင်းဖြင့် ထောက်လိုက်၏။

နှစ်ဖက်လုံး၏ တိုက်ခိုက်မှုများ တစ်ပြိုင်ထဲကျဆင်းလာချိန်တွင် ရှင်းယိုဟန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်လေသည်။ သူ၏ တစ်ကိုယ်လုံးမှာ တိမ်တိုက်များပေါ်တွင် ပျံသန်းနေသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းမတတ် လက်သီးအရိပ်များ ရုတ်တရက်ထွက်ပေါ်လာတော့၏။

သို့သော် ရှင်းယိုဟန်သည် တစ်ဖက်မှတိုက်ခိုက်နေရင်း အခြားတစ်ဖက်မှလည်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေကာ တစ်ခုခုကို ရှာဖွေနေပုံရသည်။

တစ်ချိန်တည်းမှာပင် အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။

"အစ်မ။ သူတို့ ဘာလုပ်နေကြတာလဲ။"

"ညီမလေး။ သူတို့ ရန်ဖြစ်နေကြတာ။"

"လူကယ်မလား။"

"ရန်ဖြစ်ချင်ရင်လည်း တိုက်ရိုက်ပြောလိုက်စမ်းပါ။"

"ဒါဆို ဘယ်သူ့ကို ချရမှာလဲ။"

"..."

အစ်မဖြစ်သူမှာ အတွေးနက်သွားလေသည်။

မြေပြင်ပေါ်တွင် သတိမေ့ဟန်ဆောင်ကာ လှဲလျောင်းနေသောချူချင်းသည် ဤအသံနှစ်သံကို ကြားလိုက်ရသောအခါ အတော်လေး ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သူမျက်လုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်ရာ နံရံပေါ်တွင် ထိုးထွက်နေသောခေါင်းနှစ်လုံးကို တွေ့လိုက်ရ၏။

သေချာကြည့်လိုက်ချိန်တွင် သူမှတ်မိသွားလေပြီ။

ယခင်နေ့က ချူဖန်သည် သံမြင်း ဓားပြနှစ်‌ယောက်ကို နှိမ်နင်းစဉ်က ထွက်ပေါ်လာခဲ့သော အရူးမ နှစ်ယောက်ပင်။

'ဒီနှစ်ယောက်က ဘယ်လိုလုပ်ပြီး အိမ်ပေါက်ဝအထိ ရောက်လာရတာလဲ။'

ချူချင်းစိတ်ထဲမှ တွေးလိုက်သည်။

စိတ်ထဲတွင် အတွေးများ လည်ပတ်နေစဉ် အစ်မဖြစ်သူ၏ စကားသံကို ကြားလိုက်ရ၏။

"အရင်က အကြောင်းစုံ မသိဘဲ သခင်လေးချူကို အထင်လွဲခဲ့မိတယ်။ ဒီတစ်ခါ ငါတို့ကတောင်းပန်ဖို့ လာတာဆိုတော့ သူ့ကိုကူညီကြမယ်လေ။"

"ဒါပေမဲ့ သူတို့က လူများပြီး အနိုင်ကျင့်နေတာလေ။"

ညီမဖြစ်သူက ပြောလိုက်သည်။

"တစ်ခါလောက်ပဲ ကူညီလိုက်ပါမယ်။"

အစ်မဖြစ်သူက ဆုံးဖြတ်ချက်ချလိုက်၏။

"ကောင်းပြီလေ။"

ညီမဖြစ်သူက သဘောတူလိုက်သည်။

ညီမဖြစ်သူ၏မျက်နှာတွင် ရှုပ်ထွေးနေသောအမူအရာများ အပြည့်ဖြစ်နေသော်လည်း ချက်ချင်းပင် လေထဲသို့ ခုန်တက်သွားလေသည်။ အစ်မဖြစ်သူကလည်း နောက်မှလိုက်ကာ ခုန်တက်သွားပြီး ညီမဖြစ်သူ၏ ဘေးသို့ အလိုအလျောက် ရောက်ရှိသွားကာ ညီမဖြစ်သူက သူမ၏ ခြေမျက်စိကို လေထဲတွင် ဖမ်းကိုင်လိုက်၏။

ထိုမိန်းကလေးသည် လေထဲတွင် ဝဲပျံနေပြီး လက်နှစ်ဖက်ဖြင့် သူမ၏ အစ်မကို ရမ်းခါကာ ရှင်းယိုဟန်ထံသို့ ပြင်းထန်စွာပစ်ပေါက်လိုက်သည်ကို တွေ့လိုက်ရလေသည်။

အစ်မဖြစ်သူကလည်း လက်ဝါးတစ်ဖက်ကို တွန်းထုတ်လိုက်ရာ အေးစက်ပြင်းထန်သော လက်ဝါးအဟုန်က သူမအတွင်းတွင် စုဆောင်းထားပြီး ထိခိုက်မိသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲထွက်တော့မည့် အနေအထားတွင် ရှိနေ၏။

ရှင်းယိုဟန်သည် သိုင်းလောကတွင် တစ်သက်လုံး ကျင်လည်ခဲ့သော်လည်း ဤကဲ့သို့သောသိုင်းပညာမျိုး ရှိမည်ဟု တစ်ခါမျှ မတွေးဖူးခဲ့ချေ။

ဤသိုင်းပညာ၏ ထူးချွန်ပြောင်မြောက်မှုမှာ လက်နက်က လူဖြစ်နေပြီး ထိုလူတွင်လည်း သတ်ကွက်များ ရှိနေခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် လက်နက်ထဲတွင် သတ်ကွက်များကို လျှို့ဝှက်စွာဖုံးကွယ်ထားသည်။

ခံရသူအနေဖြင့် ပစ်ပေါက်ခံရသောလူကို ရင်ဆိုင်ရုံသာမက ထိုပစ်ပေါက်ခံရသော လူ၏အဆိပ်ပြင်းသော တိုက်ခိုက်မှုများကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ်သည်။

'ဒီအရူးမနှစ်ယောက်က ဘယ်က ရောက်လာတာလဲ။'

တစ်ခဏအတွင်း သူသည် အလွန်အမင်း နားမလည်နိုင်အောင် ဖြစ်သွားကာ တွေးလိုက်မိ၏။

လွန်ခဲ့သောတစ်ခဏကလိုပင် သေခြင်းရှင်ခြင်းတံခါးပေါက်ထဲသို့ ခြေချမိသကဲ့သို့ ခံစားလိုက်ရသည်။ ခြေတစ်လှမ်း မှားလိုက်သည်နှင့် ထိုနေရာမှာပင် အသက်ပျောက်သွားနိုင်သည့် ခံစားချက်မျိုးပင်။

ရှင်းယိုဟန်မှာ အမှန်တကယ်ပင် စိတ်ထဲတွင် ကြောက်ရွံ့သွားလေပြီ။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လက်သီးနှစ်ဖက်ကို လက်ဝါးအဖြစ် ပြောင်းလဲလိုက်ရာ ကျယ်လောင်သောအသံတစ်သံနှင့်အတူ ကောင်းကင်ယံအထိ ထိုးတက်သွားသော လှိုင်းလုံးကြီးများ ပေါ်ပေါက်လာ၏။

ဤအရာက ချူဖန်နှင့် ဂိုဏ်းတူညီမလေးဝမ်တို့ကို တိုက်ကွက်ပြောင်းကာ ခံစစ်ဆင်ရန် ဖိအားပေးလိုက်လေသည်။ ရှင်းယိုဟန်က မြေပြင်ကိုခြေဖြင့် တစ်ချက်ကန်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ နံရံအပြင်ဘက်သို့ တိုက်ရိုက် ခုန်ထွက်သွားတော့၏။

ညီမဖြစ်သူ၏ တိုက်ကွက်မှာ လေထဲတွင်သာ အဆုံးသတ်သွားပြီး သူမ၏မျက်နှာတွင် စိတ်ပျက်မှုများ အပြည့်ဖြစ်သွားလေသည်။

"ဟင်။ သူဘယ်လိုထွက်ပြေးသွားတာလဲ။"

အစ်မဖြစ်သူမှာလည်း ဒေါသထွက်သွား၏။

"မတိုက်ဘဲ ဆုတ်သွားတာ။ တော်တော် အရှက်မရှိတဲ့လူပဲ။"

ချူဖန်က သဘာဝကျကျပင် ဤကဲ့သို့ အကြောင်းမဲ့ဝင်လာပြီး အကြောင်းမဲ့ ပြန်ထွက်သွားသောသူကို ဤအတိုင်း အလွယ်တကူ ထွက်သွားခွင့်မပြုနိုင်ပေ။

"လိုက်ကြ။"

ထို့နောက် သူက ချက်ချင်းပင်ခုန်ပျံ၍ လိုက်လံဖမ်းဆီးတော့၏။

ထိုညီအစ်မနှစ်ယောက်သည် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြသည်။ ယခင်က သံမြင်း ဓားပြနှစ်ယောက်ကို နှိမ်နင်းစဉ်က သူတို့သည် ချူဖန်ကိုအထင်လွဲခဲ့ကြပြီး သံမြင်းဓားပြနှစ်ယောက်ကို သတ်ပြီးမှ အိမ်တိုင်ရာရောက်တောင်းပန်ရန် ရည်ရွယ်ထားခဲ့ကြသည်။

သို့သော် လိုက်လံရှာဖွေသည့် လမ်းကြောင်း မှားယွင်းသွားခဲ့ပြီး ပြန်ရောက်လာချိန်တွင် သံမြင်း ဓားပြနှစ်ယောက်လုံးမှာ 'ညဧကရာဇ်'၏ လက်ချက်ဖြင့် သေဆုံးသွားသည့်သတင်းကို ကြားလိုက်ရလေသည်။

ထို့ကြောင့် သူတို့သည် လက်ချည်းသက်သက်ဖြင့် ထျန်းဝူမြို့ရှိ ချူအိမ်တော်သို့ ရောက်လာကာ ချူဖန်အားတောင်းပန်ရန် ပြင်ဆင်နေခဲ့ကြခြင်းဖြစ်သည်။

ယခုတွင် မတောင်းပန်ရသေးခင်မှာ ထွက်သွားသည်ကို လက်ခံရန် မဖြစ်နိုင်‌‌ချေ။ ထို့ကြောင့် သူတို့က ချက်ချင်းပင် အလျင်စလိုအော်ပြောလိုက်ကြ၏။

"ငါတို့ကို စောင့်ဦး။ ငါတို့တောင်းပန်မလို့ ရှိသေးတယ်။"

စကားပြောရင်း သူတို့လည်း အနောက်မှ လိုက်ပါသွားကြလေသည်။

ဂိုဏ်းတူညီမလေးဝမ် တစ်ယောက်တည်းသာ ထိုခြံဝင်းကို လှည့်ကြည့်လိုက်ပြီး လူနှစ်ယောက် ပျောက်ဆုံးနေသည်ကို သတိပြုမိသွား၏။

တစ်ယောက်မှာ လက်ဖက်ရည်လာပို့သော အစေခံဖြစ်ပြီး၊ အခြားတစ်ယောက်မှာ ဝူချန်းဟွမ်ဖြစ်သည်။

'သူတို့ ဘယ်အချိန်က ထွက်သွားကြတာလဲ။'

ဂိုဏ်းတူညီမလေးဝမ်က တွေးလိုက်သည်။

ဂိုဏ်းတူညီမလေးဝမ်သည် တစ်ခဏမျှ တွေးကြည့်သော်လည်း ရှုပ်ထွေးမှုဒဏ်မခံနိုင်သဖြင့် ဆက်မတွေးတော့ပေ။

All Chapters