← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) - သခင်ငယ်လေး ပြန်လာပြီ

ဝူချန်းဟွမ်၏စိတ်မှာ ရှုပ်ထွေးနေ၏။ သူမသည် အံတင်းတင်းကြိတ်ပြီး ဓားကို ကိုင်ထားသောလက်အဆစ်များမှာ ဖြူလျော်နေလေသည်။

ယခုအချိန်တွင် သူမ ဘာလုပ်သင့်သည်ကို သူမကိုယ်တိုင် သိရှိထား၏။ သူမသည် ရှင်းယိုဟန်နောက်သို့ လိုက်လံဖမ်းဆီးသင့်ပေသည်။

ချူချင်း မသိနိုင်သော အကြောင်းအရာများကို သူမ သိရှိထား၏။

ယခင်နှစ်များအတွင်း ဝမ်ယဲ့‌တောင်နှင့် ထျန်းဝူမြို့တို့အကြား ပဋိပက္ခများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာခဲ့လေသည်။ မကြာသေးခင်က ဝမ်ယဲ့တောင်ကြားသို့ သွားရောက်ခဲ့သူများမှာ တစ်ယောက်မကျန် သေဆုံးခဲ့ရ၏။

ထိုအတောအတွင်း မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ မသိရှိကြချေ။

ထျန်းဝူအ‌‌စောင့်တပ်မှ နောက်ဆုံးကျန်ရစ်သူ၏အလောင်းကို ထျန်းဝူမြို့နှင့် တစ်ရက်ခရီးခန့် ဝေးကွာသော တောအုပ်တစ်ခုအတွင်း၌ တွေ့ရှိခဲ့ရသည်ကိုသာ သိရလေသည်။

ဤသတင်းမှာ ယနေ့နံနက်မှသာ မြို့တော်ဝန်အိမ်တော်သို့ ရောက်ရှိလာခြင်းပင်။

ဝမ်ယဲ့တောင်နှင့် ပဋိပက္ခဖြစ်ပွားတိုင်း ရန်သူသည် အမြဲတမ်း လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေခဲ့သဖြင့် ထျန်းဝူမြို့မှာ အဖက်ဖက်မှ အရေးနိမ့်နေခဲ့ရ၏။

ထို့ကြောင့် ဝူကန်ချီသည် ထျန်းဝူမြို့အတွင်း၌ သူလျှိုရှိနေမည်ဟု သံသယဝင်နေခြင်းပင်။

ချူယွန်ဖေးသည် ယခုကဲ့သို့ အရေးကြီးသောအချိန်တွင် ချူဖန်အတွက် ကြီးကျယ်ခမ်းနားသော ပွဲတော်ကို ကျင်းပခဲ့ခြင်းမှာ ဤအခွင့်အရေးကို အသုံးချ၍ ပုန်းအောင်းနေသော ရန်သူများကို ဆွဲထုတ်ရန် ရည်ရွယ်ထားခြင်းပင်။

ရုပ်ဖျက်ထားသော ရှင်းယိုဟန် ချူအိမ်တော်သို့ ရောက်လာခြင်းမှာ အောင်မြင်မှုတစ်ခုပင် ဖြစ်လေသည်။

သူမအနေဖြင့် ယခုအချိန်တွင် အကောင်းဆုံးလုပ်ဆောင်သင့်သည်မှာ ချူဖန်တို့နှင့်အတူ ထိုလူကို ဝိုင်းဝန်းနှိမ်နင်းရန်ပင်။

သို့သော် ထိုလူ၏ အကြည့်များကို တွေးမိသည်နှင့် သူမသည် ဒေါသတကြီး အံကြိတ်မိလေတော့သည်။

ယခင်က သူသည် အတွင်းအားဖြင့် လွင့်ထွက်ဟန်ဆောင်ကာ သူမကို ကြည့်နေသည့်အပြင်၊ ထိုမိန်းကလေးနှစ်ယောက်ကို ခိုးကြည့်နေသည်ကိုလည်း သူမ အထင်အရှား မြင်တွေ့ခဲ့ရ၏။

အစောပိုင်းက ခြံဝင်းထဲတွင် သူမ ခံစားခဲ့ရသော အကြည့်မှာလည်း ထိုလူ၏အကြည့်ပင်။

'သူက ဘယ်သူလဲ။'

သူမ၏ စိတ်ထဲတွင် သံသယတစ်ခု ရှိနေသော်လည်း အတည်မပြုနိုင်သေးချေ။

ထို့ကြောင့် သူမသည် ထိုသူခိုးလေးကို ဖမ်းဆီးပြီး သူ၏မျက်နှာဖုံးကို ခွာထုတ်ရန် ဆုံးဖြတ်လိုက်လေသည်။

မမျှော်လင့်ဘဲ သူသည် သူမ၏ လှုပ်ရှားမှုကို ကြိုတင်ရိပ်မိသွားကာ အရင်ဦးအောင် ထွက်ပြေးသွားလေ၏။

အကယ်၍ သူ့ကို လွှတ်ပေးလိုက်လျှင် မည်သို့ဖြစ်မည်နည်း။

လိုက်ရမည်။

ဒီလူယုတ်မာနောက်ကို မရရအောင် လိုက်ရမည်။

ရှင်းယိုဟန်ကို ဖမ်းဆီးရန်အတွက် အစ်ကိုလတ်ချူဖန်နှင့် သူ၏ဂိုဏ်းတူညီမ‌လေးဝမ်၊ ထို့နောက် ထပ်မံရောက်ရှိလာသော မိန်းကလေးနှစ်ယောက်ရှိနေသဖြင့် ပြဿနာရှိမည် မဟုတ်ချေ။

သို့သော် ထိုလူကိုသာ ယခုမဖမ်းမိပါက နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန် မလွယ်ကူတော့ချေ။

အဘယ်ကြောင့် သူ၏ ပေါ့ပါးသောကိုယ်ဟန်မှာ ဤမျှအထိ ထူးကဲနေရသနည်း။

‘ကြယ်လိုက်လမီ’ခြေလှမ်းများလော။

သို့သော် တစ်ခုခုမှားယွင်းနေသကဲ့သို့ပင်...။

ဝူချန်းဟွမ်သည် ရှေ့မှလူရိပ်ကို စိုက်ကြည့်နေစဉ်မှာပင် ထိုလူရိပ်မှာ ရုတ်တရက် ကိုယ်ဟန်ပြောင်းကာ သူမ၏မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။

ဝူချန်းဟွမ် အမှီလိုက်လာချိန်တွင် အစေခံတစ်ယောက်နှင့် ထိပ်တိုက်တိုးလေသည်။ ထိုအစေခံမှာ ရုတ်တရက် ပေါ်လာသော သူမကြောင့် လန့်ဖျပ်သွားပြီး ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွား၏။

"သခင်... သခင်မလေးဝူ... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ။"

သူသည် အလျင်အမြန်ထရပ်ကာ ဦးညွှတ်လိုက်လေသည်။

ဝူချန်းဟွမ်သည် သူ့ကို ဂရုမစိုက်ဘဲ ကျော်တက်သွားရန် ခြေလှမ်းတစ်လှမ်း လှမ်းပြီးနောက် ရပ်တန့်သွားကာ နောက်သို့ လှည့်မေးလိုက်၏။

"ဒီဘက်ကနေ တစ်ယောက်ယောက် ပြေးသွားတာ မြင်လိုက်‌သေးလား။"

"မြင်... မြင်လိုက်ပါတယ်ဗျ။ ဟိုဘက်ကို ပြေးသွားတာပါ။"

အစေခံသည် လမ်းအဆုံးကို ညွှန်ပြကာ ပြောလိုက်၏။

ဝူချန်းဟွမ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ခြေဖျားထောက်ကာ အမြန်ခုန်ထွက်သွားလေသည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တစ်ခုခု မှားယွင်းနေသည်ကို သူမသတိပြုမိသွား၏။

ဤအချိန်တွင် နောက်ဖေးဆောင်မှာ လူရှင်းနေရမည် မဟုတ်‌လော။ အလုပ်အကျွေးပြုရမည့်အတွက် ကျန်ရှိသော အစေခံအားလုံးမှာ ရှေ့ဆောင်၌ အလုပ်များနေကြရမည် ဖြစ်သည်။

စောစောက အစေခံသည် အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။

ထို့ပြင် သူသည် လဲကျသွားချိန်တွင် ခေါင်းကိုငုံ့ထားပြီး သူမကိုမကြည့်ရဲခဲ့ချေ။ သူဘာကို ကြောက်နေရတာလဲ။

ဤသို့တွေးမိသည်နှင့် ဝူချန်းဟွမ်သည် ချက်ချင်း လှည့်ကြည့်လိုက်ရာ ထိုအစေခံမှာ တံတိုင်းထောင့်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရ၏။

သူမက ချက်ချင်းအော်ဟစ်လိုက်သည်။

"ရပ်လိုက်စမ်း။"

သူမ မ‌အော်လိုက်သည်က ပိုကောင်းလိမ့်ဦးမည်။ အော်လိုက်သည်နှင့် ထိုလူမှာ ပို၍အရှိန်မြှင့်ကာ ထွက်ပြေးလေတော့သည်။

ဝူချန်းဟွမ်ဒေါသထွက်လွန်းသဖြင့် ဆဲရေးမိတော့မည်ပင်။

သူမ ထင်‌နေသူဟုတ်၏။

သူ့သတ္တိက မနည်းပါလား။ ထွက်ပြေးသွားသည့်အပြင် ပြန်လှည့်လာပြီး သူမကို လှည့်စားသွားသေး၏။

သူမသည် ထိုသူအား အမီလိုက်ရန် အတွင်းအားကို အစွမ်းကုန်အသုံးချ၍ ကြိမ်းဝါးလိုက်သည်။

"ဒီနေ့ နင် ငါ့လက်ထဲကနေ လွတ်အောင် ပြေးနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့။"

သို့သော် တံတိုင်းထောင့်သို့ ရောက်ရှိသွားချိန်တွင်မူ ထိုလူ၏ အရိပ်အယောင်မှာ ပျောက်ကွယ်သွားပြန်လေသည်။

...

ရှေ့ဆောင်၏ခြံဝင်းအတွင်း၌ ယခုအချိန်သည် အစည်ကားဆုံး အချိန်ပင် ဖြစ်သည်။

ထိုစဉ် ချူအိမ်တော်၏ အစေခံတစ်ယောက်သည် ခေါင်းဆောင်းဆောင်းထားသော သိုင်းဆရာတစ်ဦး၏ အနားသို့ကပ်ကာ တိုးညင်းစွာပြောလိုက်၏။

သိုင်းဆရာသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ချက်ချင်းပင် အစေခံနောက်သို့ လိုက်ပါကာ အဆောင်ထဲသို့ ဝင်သွားလေသည်။

ခဏအကြာတွင် သိုင်းဆရာဝတ်စုံ ဝတ်ဆင်ထားသော ချူချင်းသည် သူ၏ခေါင်းဆောင်းကို အနည်းငယ် ဖိလိုက်ပြီး ဓားကိုဆွဲကာ လူအုပ်ထဲသို့ ပြန်လည်ဝင်ရောက်လာ၏။

သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။

'ဒီကောင်မလေးက ခွေးထက်တောင် အနံခံကောင်းသေးတယ်။ ဒီလောက်တောင် ဇွဲနပဲနဲ့ လိုက်နေရလား။ ကိုယ့်လင်ကို ကိုယ်တိုင်သတ်ဖို့ ကြံနေတာကတော့ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ။'

သို့သော် စဉ်းစားကြည့်လျှင်လည်း ကတိကဝတ်တစ်ခုသာ ရှိသေး၏။

လက်မထပ်ရသေးသဖြင့် ‘လင်သတ်မယား’ဟု သမုတ်ရန်မှာ စောလွန်းသေးသည်ဟုပင် ဆိုနိုင်ပေသည်။

သူသည် ခြံဝင်းအတွင်းရှိ အခြေအနေကို လှည့်ပတ်ကြည့်ရှုလိုက်ရာ တော်တော်လူစုံနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

အမြင့်နေရာတွင် ခုနစ်နှစ်တိုင် ခွဲခွာနေခဲ့သော ချူယွန်ဖေးသည် ဝူကန်ချီနှင့်အတူ စကားပြောဆိုရင်း ရယ်မောနေကြလေသည်။

ချူယွန်ဖေးကို မြင်တွေ့လိုက်ရချိန်တွင် ချူချင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။

မှတ်ဉာဏ်ထဲရှိလူနှင့် နှိုင်းယှဉ်လျှင် သူသည် များစွာအိုမင်းသွားခဲ့ပြီ။

မျက်နှာပေါ်တွင် အရေးအကြောင်းများ ပိုများလာပြီး ဆံပင်များလည်း ဖြူလာကာ အသားအရေမှာလည်း သိသိသာသာ ပိန်ချိုင်သွားလေသည်။ သို့သော် သူ၏ယခုပုံစံမှာ ပို၍ကြင်နာတတ်ပုံပေါက်နေ၏။

ချူချင်းသည် အကြည့်လွှဲလိုက်ပြီး ဘေးနားရှိ ဝူကန်ချီကိုကြည့်လိုက်သည်။

ရှင်းထျန်းပုဆိန်သိုင်း လေးဆယ့်ကိုးကွက်ကြောင့် ဝူကန်ချီမှာ အမှန်တကယ်ပင် ခံ့ညားထည်ဝါလှပေသည်။

သူသည် ဝနေခြင်းမဟုတ်ဘဲ အရိုးအဆစ်ကြီးမားကာ ကိုယ်ခန္ဓာအချိုးအစားလည်း အလွန်ပင် တောင့်တင်းလှပေသည်။

သာမန်လူတစ်ယောက်ထိုင်လျှင် ကျယ်ပြန့်လှသော ကုလားထိုင်မှာ သူ ထိုင်လိုက်ချိန်တွင်မူ ထိုကုလားထိုင်က သူ့ကို ခံနိုင်ရည်ရှိပါ့မလားဟုပင် စိုးရိမ်စရာ ဖြစ်နေလေသည်။

သို့သော် သူ၏ပုံစံမှာလည်း အိုမင်းသည့် အရိပ်အယောင်များ ပေါ်နေချေပြီ။

ထိုလူကြီးနှစ်ယောက်၏ အောက်တွင်မူ မိမိနှင့်သက်တူရွယ်တူများရှိနေကြ၏။

အချို့မှာ ချူချင်း ငယ်စဉ်က တွေ့ဖူးသူများ ဖြစ်သော်လည်း အချို့မှာမူ စိမ်းနေလေသည်။ လျိုရှီကျဲ့သည်လည်း ထိုလူများထဲတွင် ပါဝင်နေပြီး အခြားသူများနှင့် ရယ်မောကာ စကားပြောနေသဖြင့် တစ်ဝင်းလုံးမှာ သဟဇာတဖြစ်နေသည့် ပုံစံပင်။

ဤလူများမှာ ထျန်းဝူမြို့၏ ဩဇာအာဏာအောက်တွင် ထင်ရှားကျော်ကြားသူများ ဖြစ်ကြလေသည်။

ချူချင်းက ထိုလူများကို တစ်ယောက်ချင်းစီ လိုက်ကြည့်နေစဉ် ချူထျန်းက အမြန်လျှောက်လာပြီး ချူယွန်ဖေးနှင့် ဝူကန်ချီကို သတင်းပေးလိုက်သည်ကို တွေ့လိုက်ရ၏။

ထိုလူကြီးနှစ်ယောက်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။ ချူယွန်ဖေးက ထရပ်ရန် ပြင်လိုက်သော်လည်း ဝူကန်ချီက လှမ်းဖိထားလိုက်၏။

သူက ချူယွန်ဖေးကို ခေါင်းညိတ်ပြလိုက်ပြီး လျိုရှီကျဲ့ အပါအဝင် လူအချို့ကို ခေါ်ဆောင်ကာ နောက်ဖေးဆောင်သို့ အလျင်အမြန် သွားလေတော့သည်။

ချူထျန်းသည်လည်း ၎င်းတို့နောက်မှ လိုက်သွား၏။

ချူချင်းသည် ၎င်းကို မြင်လိုက်ရသဖြင့် မျက်ခုံးပင့်မိသွားပြီး စဉ်းစားနေစဉ်မှာပင် မနီးမဝေးမှ ပြေးလာသောခြေသံများကို ကြားလိုက်ရသည်။

မော့ကြည့်လိုက်ရာ ဝူချန်းဟွမ် လိုက်လာသည်ကို တွေ့လိုက်ရ၏။

သူသည် မျက်နှာရှုံ့မဲ့သွားရင်း ဤကောင်မလေးက တကယ်ကို ဇွဲကောင်းလှသည်ဟု တွေးမိလေသည်။

သူမ၏ အကြည့်မှာ လူအုပ်ထဲသို့ လှည့်ပတ်ကြည့်နေသော်လည်း အစေခံများကိုသာ အဓိကထား ကြည့်နေခြင်း ဖြစ်သည်။

ဝတ်စုံလဲထားသော ချူချင်းကိုမူ သူမ သတိမပြုမိချေ။

နောက်ဆုံးတွင် ဘာမှ ရှာမတွေ့သဖြင့် သူမသည် မျက်နှာမကောင်းစွာဖြင့် ချူယွန်ဖေးထံ သွားရောက်ကာ နှုတ်ဆက်လိုက်လေသည်။

ချူယွန်ဖေးက သူမကိုပြုံးလျက် တစ်ခုခု ပြောလိုက်သော်လည်း အလှမ်းဝေးနေသဖြင့် ချူချင်း မကြားရချေ။

ဝူချန်းဟွမ် နေရာတွင် ထိုင်လိုက်စဉ်မှာပင် အိမ်ရှေ့မှ အစေခံတစ်ယောက် အပြေးအလွှား ဝင်လာလေသည်။

"သခင်ကြီး... သခင်ကြီးဗျို့။"

ယနေ့ကဲ့သို့ အခမ်းအနားမျိုးတွင် ဤသို့ အော်ဟစ်ဝင်လာခြင်းမှာ အလွန်ပင် ရိုင်းပျရာ ရောက်သဖြင့် ဧည့်သည်များအားလုံး လှည့်ကြည့်ကုန်ကြ၏။

ချူယွန်ဖေးက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကိစ္စလဲ... အေးအေးဆေးဆေး ပြောစမ်း။"

ထိုအစေခံမှာ အမောတကော အသက်ရှူနေရပြီးမှ ဝမ်းသာအားရ ပြောလိုက်လေသည်။

"သခင်ကြီး... မင်္ဂလာသတင်းပါဗျာ။ တကယ့်ဝမ်းသာစရာသတင်းပါ။"

"သခင်ငယ်လေး... သခင်ငယ်လေး ပြန်လာပြီ။”

All Chapters