အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁) - ချူချင်း
ဤစကားကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သဖွယ် လှိုင်းငယ်ပေါင်းထောင်ချီ ရိုက်ခတ်သွားတော့သည်။
ခြံဝင်းတစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ဟိုဟိုဒီဒီပြောသံများနှင့် ဆူညံသွား၏။
"သခင်ငယ်လေးလား။ ချူမိသားစုရဲ့ တတိယသခင်လေးလေ ဟုတ်တယ်မလား။"
"လွန်ခဲ့တဲ့ ခုနစ်နှစ်က မင်္ဂလာပွဲကနေ ထွက်ပြေးသွားတဲ့ ချူချင်းလား။ သူက တကယ်ကြီး ပြန်လာတာလား။"
"သူ အပြင်မှာ သေနေလောက်ပြီလို့ ထင်ထားတာ၊ ပြန်လာနိုင်သေးတာပဲ။ ဒါက အောင်မြင်ပြီး အိမ်ပြန်လာတာလား၊ ဒါမှမဟုတ် အပြင်မှာ ဆက်နေလို့မရတော့လို့လား။"
"ဒါဆို အဲဒီစေ့စပ်ထားတာက အကျုံးဝင်သေးတာလား။"
"ဟုတ်လောက်တယ်။ ဘာပဲဖြစ်ဖြစ် ချူမိသားစုနဲ့ မြို့တော်ဝန်အိမ်တော်ရဲ့ စေ့စပ်ပွဲက ပျက်သွားပြီလို့မှ မကြားသေးတာ။"
ခြံဝင်းအတွင်းရှိ လူများမှာ တီးတိုးတီးတိုး ပြောဆိုနေကြပြီး ပြော၍မကုန်နိုင်သည်ပင်။
အမြင့်နေရာတွင် ထိုင်နေသော ချူယွန်ဖေးမှာမူ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် အလျင်အမြန်ပင် မေးလိုက်သည်။
"ငါ့သား ဘယ်မှာလဲ။"
"သခင်လေး အပြင်မှာ ရောက်နေပြီ။"
ထိုအစေခံက ဆက်ပြောလေ၏။
"သခင်လေးက ပြောပါတယ်။ သူက အိမ်ကနေ ထွက်ပြေးသွားတာဖြစ်လို့ အခု သခင်ကြီးရဲ့ ခွင့်ပြုချက်မရဘဲ အိမ်ထဲကို ခြေမချရဲဘူးတဲ့။"
ဤစကားကို ကြားသောအခါမှ ချူယွန်ဖေးက အသက်ပြင်းပြင်းရှူလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း မလှမ်းမကမ်းရှိ ဝူချန်းဟွမ်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ ဒေါသထွက်နေသည့် မျက်နှာထားဖြင့် ဆိုလိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အရင်က မင်္ဂလာပွဲကနေ ထွက်ပြေးပြီး အခုလိုပြန်လာတယ်။ အိမ်ပေါက်ဝရောက်နေတာတောင် အထဲမဝင်ဘူးဆိုတော့ သူက ဘာလုပ်ချင်နေတာလဲ။”
“အဲ့လောက်မိုက်မဲတဲ့ကောင်ကို ဝင်ခိုင်းလိုက်စမ်း။ အိမ်ကနေ ခုနစ်နှစ်တိတိ ထွက်သွားပြီး ဘယ်လောက်တောင် ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ အောင်မြင်လာသလဲဆိုတာ ငါကိုယ်တိုင် ကြည့်ရသေးတာပေါ့။"
ထိုအစေခံမှာ ကြားသည်နှင့် ချက်ချင်း သဘောတူလိုက်ပြီးနောက် အပြင်သို့လှည့်ကာ သွားခေါ်လေတော့သည်။
ချူယွန်ဖေးက ဝူချန်းဟွမ်ဘက်လှည့်၍ ပြောလိုက်၏။
"ချန်းဟွမ်၊ သမီး စိတ်ချလက်ချနေပါ။ ဒီငကြောင်က ခုနစ်နှစ်လုံးလုံး သတင်းအစအနတောင် မရခဲ့ဘူး။ အခု သူ ပြန်လာမှတော့ သမီးကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခုကို မဖြစ်မနေ တောင်းပေးမယ်။"
ဝူချန်းဟွမ်၏ မျက်နှာအမူအရာမှာမူ ရှုပ်ထွေးနေလေသည်။
စောစောက အစေခံအဖြစ် ရုပ်ဖျက်ထားသောလူထံမှ မြင်တွေ့ခဲ့ရသည့် ရင်းနှီးနေသော မျက်လုံးများမှာ လုံးဝ အတုအယောင်မဟုတ်ပေ။
အစက သူမ ကိုယ့်ကိုယ်ကို မသေချာဘူးဟူ၍ ခံစားခဲ့ရသော်လည်း ယခု ပို၍စဉ်းစားကြည့်လေလေ၊ ထိုသူမှာ ချူချင်းပင် ဖြစ်ရမည်ဟု ပို၍ခံစားရလေလေပင်။
ယခုအချိန်တွင် သူသည် ဤခြံဝင်းထဲ၌ ပုန်းကွယ်နေသေးသည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း မည်သည့်ရည်ရွယ်ချက် ရှိနေသည်ကိုမူ သူမ မသိချေ။
သို့သော် ယခု တံခါးဝသို့ အခြားချူချင်းတစ်ယောက် ရောက်လာလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
သူမသည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေရန် အတင်းအကျပ် ထိန်းချုပ်လိုက်သည်။
ဤကမ္ဘာလောကကြီးတွင် ချူချင်းနှစ်ယောက် ရှိနေရန် မဖြစ်နိုင်ပေ။
စောစောက သူမသည် ခြံဝင်းတစ်ခုလုံးကို နေရာလပ်မကျန် လှည့်ပတ်ကြည့်ရှုခဲ့သော်လည်း မသင်္ကာစရာလူ တစ်ယောက်မျှ မတွေ့ခဲ့ရချေ။
သို့ရာတွင် အရှေ့ခြံဝင်း၌ လူများလွန်းလှသဖြင့် သူမကိုယ်တိုင် တစ်ယောက်မှ မလွတ်သွားဘူးဟုလည်း အာမမခံရဲပေ။
သို့မဟုတ် သူက ဆက်၍ ဟန်မဆောင်တော့ဘဲ ချူမိသားစုထံသို့ ပြန်လာရန် ရည်ရွယ်လိုက်ခြင်းများလော။
ဤနေရာအထိတွေးမိသောအခါ သူမသည် သက်ပြင်းတစ်ချက်ကို ဖွဖွလေးချလိုက်ပြီး ပြုံးကာဆိုလိုက်၏။
"ကောင်းပါပြီ ဦးလေးချူ။ အားလုံး ဦးလေးရဲ့ သဘောအတိုင်းပါပဲ။"
လူအုပ်ထဲတွင် ရှိနေသော ချူချင်းမှာမူ ခေါင်းကို အနည်းငယ် ငုံ့ထားလေသည်။
အခြေအနေများ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရ၏။
မှားယွင်းနေသည်မှာ တံခါးအပြင်ဘက်တွင် ချူချင်း မဟုတ်ပေ။
သူသည် မိမိ၏အခန်းထဲ၌ ရှိနေစဉ် နျဲ့ကျင့်ထိုင်မှ လူသတ်သမား ရောက်လာချိန်ကတည်းက ထိုသူများ မည်သို့အကွက်ဆင်မည်ကို သူသိရှိနေခဲ့ပြီ ဖြစ်သည်။
၎င်းမှာ အဆက်မပြတ်သော လှည့်ကွက်များသာ ဖြစ်ပေသည်။
အစီအစဉ်အတိုင်းဆိုလျှင် ဤကိစ္စမှ အရင်စတင်သင့်ခြင်း ဖြစ်၏။
ပထမဆုံးအနေဖြင့် အယောင်ဆောင်ချူချင်းက အိမ်ပေါ်သို့တက်လာပြီး အိမ်ကထွက်သွားသော သားတစ်ယောက် ပြန်လာသည့် ဇာတ်လမ်း၊ လမ်းမှားရောက်နေသူ လမ်းမှန်ပေါ်ရောက်လာသည့် ပြဇာတ်ကောင်းတစ်ပုဒ်ကို ကပြရမည်ဖြစ်သည်။
ထို့နောက် အနီးသို့ရောက်သောအခါ ရုတ်တရက် ရက်စက်စွာလုပ်ကြံပြီး ဖခင်ကို သတ်ဖြတ်သည့် သားမိုက်တစ်ယောက်၏ ဇာတ်ကွက်ကို ဆက်ကပြရမည်ပင်။
ဤကဲ့သို့သော နည်းဗျူဟာများမှာ ကာကွယ်ရန် အလွန်ခက်ခဲလှသည်။
သို့သော် ချူယွန်ဖေး၏သိုင်းပညာမှာ အလွန်မြင့်မားလှသဖြင့် ဤဇာတ်ကွက်ကြောင့် ဒဏ်ရာပြင်းထန်စွာရသွားနိုင်သော်လည်း သူ့ကို သတ်ဖြတ်ရန်မူ အောင်မြင်ချင်မှ အောင်မြင်မည်ဖြစ်သည်။
နေ့လည်ပိုင်းတွင် ဤကဲ့သို့သော အနှောင့်အယှက်များ ရှိခဲ့သဖြင့် ချူယွန်ဖေး ပြင်းထန်စွာ ဒဏ်ရာရသွားလျှင်ပင် သားဖြစ်သူကို လွမ်းဆွတ်တမ်းတသည့်စိတ် ဖြစ်ပေါ်လာရန် ရှောင်လွှဲ၍မရပေ။ ထို့ကြောင့် ညအချိန်တွင် ဒဏ်ရာအရှိန်တတ်နေသော်ငြား ချူချင်း၏ ခြံဝင်းအတွင်းသို့ သွားရောက်ကာ ခံစားချက်များကို ရင်ဖွင့်မည်မှာလည်း ရှောင်လွှဲ၍ မရနိုင်တော့ချေ။
ဤသို့ဖြစ်လာလျှင် တစ်ဖက်လူ၏ အစီအစဉ်အောက်သို့ လုံးဝကျရောက်သွားပြီဟု ဆိုနိုင်ပေမည်။
ထိုအချိန်ရောက်လျှင် ကြိုတင်ပုန်းအောင်းနေသော လူသတ်သမားက ရုတ်တရက် ရက်စက်စွာ တိုက်ခိုက်မည်ဖြစ်ရာ မည်မျှပင် မြင့်မားသောကျင့်စဉ်အဆင့် ရှိနေပါစေ၊ ထိုဘေးအန္တရာယ်ကြီးမှ လွတ်မြောက်ရန် ခက်ခဲသွားပေလိမ့်မည်။
ချူချင်းသည် ရရှိခဲ့သော သတင်းအချက်အလက်များကို အခြေခံ၍ ခန့်မှန်းတွက်ချက်လိုက်ရာ ဤနည်းဗျူဟာများကို သိရှိရန်မှာ အလွန်ပင် လွယ်ကူလှသည်။
သူ မှားယွင်းနေသည်ဟု ခံစားရသည်မှာ အခြားနေရာမှ ဖြစ်လေသည်။
သို့ရာတွင် မှားယွင်းနေသည့် နေရာမှာ မည်သည့်နေရာဖြစ်ကြောင်းကို အသေအချာ မပြောနိုင်ဖြစ်နေ၏။
သို့သော် ယခုအချိန်တွင် စဉ်းစားခန်းဝင်နေရန် အချိန်မရှိတော့ပေ။ ခြံဝင်းရှေ့၌ အခြေအနေကို စောင့်ကြည့်နေကြသော လူအားလုံး၏ အကြည့်များအောက်တွင် အနည်းငယ် သနားစဖွယ်လူငယ်တစ်ဦးသည် အစေခံ၏ နောက်မှနေ၍ ယိုင်တိယိုင်တိုင်ဖြင့် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။
သူ၏အသက်အရွယ်မှာ မကြီးလှဘဲ ရုပ်ရည်မှာလည်း သန့်စင်နေကာ လူငယ်ဘဝက ချူယွန်ဖေးနှင့် သုံးပုံတစ်ပုံခန့် တူညီနေလေသည်။
သူ၏ မျက်လုံးအစုံတွင်မူ ခါးသီးနာကျင်မှုများ အပြည့်ရှိနေပြီး ခြံဝင်းအတွင်းသို့ ဝင်လာသည်နှင့် ချူယွန်ဖေး စကားမပြောရသေးခင်မှာပင် 'ဖုန်း'ခနဲ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကာ ခေါင်းကို အားကုန်စိုက်၍ ဦးညွှတ်လိုက်သည်။
"ဒီသားမိုက်ချူချင်း ဖခင်ကို ဂါရဝပြုပါတယ်။"
ချူချင်းမှာ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး အေးစက်စက် ပြုံးလိုက်၏။
'တကယ်ကို ဦးနှောက်သုံးထားတာပဲ...'
သို့သော် ဤလူ၏ ရုပ်ရည်ကို မြင်တွေ့လိုက်ရချိန်တွင်မူ ထိုသူတို့က မိမိပုံစံအမှန်ကို မသိကြသည်ကို ချူချင်း ပိုသေချာသွားလေတော့သည်။
သို့ရာတွင် ဤလူ၏ရုပ်ရည်ကို အားကိုး၍ ချူယွန်ဖေးအား လှည့်စားရန်မှာမူ မခက်ခဲလောက်တော့ပေ။
မည်သို့ပင်ဖြစ်စေ ခုနစ်နှစ်လုံးလုံး မတွေ့ခဲ့ရသဖြင့် မျက်နှာသွင်ပြင်များ ပြောင်းလဲသွားကာ အတိတ်ကနှင့် မတူညီတော့သည်မှာလည်း ပုံမှန်ပင်ဖြစ်သည်။
ချူယွန်ဖေးနှင့် သုံးပုံတစ်ပုံခန့် တူညီနေသည့် ဤရုပ်ရည်ကို အားကိုးခြင်းဖြင့် အတုကိုအစစ်ဟု ထင်မှတ်သွားစေရန် လုံလောက်နေပေပြီ။
စိတ်ထဲတွင် အတွေးများ လည်ပတ်နေစဉ်မှာပင် ချူယွန်ဖေးက အသက်ပြင်းပြင်းရှူထုတ်လိုက်သံကို ကြားလိုက်ရသည်။
"မိုက်လိုက်တဲ့ကောင်။ မင်း အိမ်ပြန်လာရမယ်ဆိုတာ သိသေးတယ်ပေါ့လေ။"
သူသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ခြေတစ်လှမ်းတည်းဖြင့် ထို ချူချင်းရှေ့သို့ ရောက်ရှိသွားကာ ရိုက်နှက်ဆုံးမရန် လက်ကို မြှောက်လိုက်သည်။
လက်ဝါးထဲတွင် အတွင်းအားများ စုစည်းသွားသဖြင့် ပတ်ဝန်းကျင် စားပွဲခုံများပေါ်ရှိ သေရည်အိုးများနှင့် လက်ဖက်ရည်ခွက်များအားလုံး အနည်းငယ် တုန်ခါသွားကာ မြည်သံများပင် ထွက်ပေါ်လာလေ၏။
ချူချင်းမှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား ခေါင်းမော့မလာဘဲ ဆိုလိုက်သည်။
"သားက မိုက်မဲတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိပါတယ်။ သေဒဏ်နဲ့ထိုက်တန်တဲ့ အပြစ်ကို ကျူးလွန်ခဲ့တာမို့ ဖခင်ကိုယ်တိုင်ပဲ အပြစ်ပေးပါတော့။"
အမြင့်သို့ မြှောက်ထားသောလက်မှာ နောက်ဆုံးအထိ ပါးကိုမရိုက်ဘဲ သူ၏ မျက်ဝန်းများသာ နီရဲလာကာ အံကိုကြိတ်၍ ပြောလိုက်သည်။
"မင်း... မင်းလို မိုက်မဲတဲ့ကောင်က ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ။ ခုနစ်နှစ်... အတိအကျ ခုနစ်နှစ်လုံးလုံး မင်းရဲ့ သတင်းအစအနတောင် မကြားရဘူး။”
“မင်း သိရဲ့လား... မင်း ထွက်သွားတုန်းကတော့ ပျော်စရာကောင်းနေမှာပေါ့။ ဒါပေမဲ့ အိမ်က ဆွေမျိုးသားချင်းတွေကိုကျတော့ ဘယ်လိုအနေအထားမျိုးမှာ ထားခဲ့တာလဲ။ မင်းအစ်ကိုလတ်က ထိုက်ရိဂိုဏ်းမှာ ရှိနေပြီး အိမ်ကို စာရေးတိုင်း မင်းရဲ့သတင်းကို မေးတယ်။”
“ပြီးတော့ သိုင်းလောကထဲမှာ နယ်လှည့်နေတဲ့သိုင်းဆရာတွေကိုတောင် မင်းသတင်းကို နေရာအနှံ့ စုံစမ်းပေးဖို့ အကူအညီတောင်းရတယ်။ မင်းအစ်ကိုကြီးကလည်း အခုထက်ထိ မင်းကို ရှာနေတုန်းပဲ။”
“သတင်းအစအနလေး တစ်ခုရတာနဲ့ သူကိုယ်တိုင် သွားစုံစမ်းတယ်။ အမြဲတမ်း မျှော်လင့်ချက်တွေ အပြည့်နဲ့ သွားခဲ့ပေမဲ့ စိတ်ပျက်လက်ပျက်နဲ့ပဲ ပြန်လာခဲ့ရတယ်။ မင်းက ဘယ်လိုလုပ်... ခုနစ်နှစ်လုံးလုံး အိမ်ပြန်မလာဘဲ နေရက်ရတာလဲ။"
ဤနေရာသို့ရောက်သောအခါ သူက ဝူချန်းဟွမ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဒေါသပိုထွက်လာကာ ဆက်ပြောလေ၏။
"ပြီးတော့ မင်းက အခုလို ထွက်သွားတော့ မြို့ထဲက ကောလာဟလတွေ အတင်းအဖျင်းတွေ အားလုံးက ချန်းဟွမ်ဆီ ရောက်သွားတယ်ဆိုတာ မင်းသိရဲ့လား။ သူမက ထျန်းဝူမြို့ရဲ့ သခင်မလေးလေ။”
“ဒီလူတွေက အတိအလင်း မပြောရဲပေမဲ့ ကွယ်ရာမှာကျတော့ ဘယ်လို စကားကောင်းမျိုးတွေ ပြောနိုင်မှာလဲ။ မင်း... မင်း၊ ဒီနေ့ မင်းကို သေတဲ့အထိ မရိုက်ရရင် ငါမကျေနပ်ဘူး။"
ဝူချန်းဟွမ်သည် မြေပြင်ပေါ်ရှိ ထိုချူချင်းကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့သော်လည်း ဤလူမှာ ဝင်လာကတည်းက ခေါင်းကို ငုံ့ထားပြီး သူမကို တစ်ချက်လေးမျှပင် လှမ်းမကြည့်ခဲ့ချေ။
ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ရာ နောက်စေ့ကိုသာ မြင်နေရတော့သည်။
သူမသည် အချိန်အတော်ကြာ စောင့်နေခဲ့သော်လည်း သူခေါင်းမော့လာသည်ကို မတွေ့ရပေ။ နောက်ဆုံးတွင် ချူယွန်ဖေးက လက်ပါတော့မည်ဖြစ်၍ ချက်ချင်း ရှေ့သို့တိုးကာ ချူယွန်ဖေး၏ လက်မောင်းကို ဆွဲထားလိုက်သည်။
"ဦးလေးချူ၊ ဦးလေးက..."
စကားတစ်ခွန်းမျှ မဆုံးသေးခင်မှာပင် မြေပြင်ပေါ်၌ ဒူးထောက်နေသော ချူချင်းသည် ရုတ်တရက် ခေါင်းမော့လာသည်ကို မြင်လိုက်ရသည်။ လက်စွပ်ကို ခါလိုက်သည်နှင့် သူ၏လက်ဝါးထဲတွင် ဓားမြှောင်နှစ်လက် ရောက်ရှိလာပြီး အရှိန်ဖြင့် အထက်သို့ ပင့်လိုက်ကာ ချူယွန်ဖေး၏ ရင်ဘတ်နှင့်ဝမ်းဗိုက်ကြားသို့ ထိုးသွင်းရန် ပြင်လိုက်သဖြင့် သူမ၏ နောက်တစ်ဝက် ကျန်နေသေးသော စကားမှာ အာမေဍိတ်သံအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
"သတိထား။"
ဤအံ့အားသင့်မှုမှာ သေးငယ်လှသည် မဟုတ်ပေ။ အသံကတော့ ထွက်ပေါ်လာခဲ့သော်လည်း လှုပ်ရှားရန်မှာမူ အချိန်မမီတော့ချေ။
ဤအပြောင်းအလဲကို ခြံဝင်းအတွင်းရှိ မည်သူကမျှ ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။
သားအဖပြန်လည်ဆုံတွေ့ခြင်းဟု ထင်မှတ်ထားခဲ့သော်လည်း ဤသားဖြစ်သူက မကောင်းသော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
မျက်စိရှေ့မှာတင် ချူယွန်ဖေးသည် ကြိုတင်ကာကွယ်နိုင်ခြင်းမရှိဘဲ ဤဓားမြှောင်နှစ်လက်အောက်တွင် ဒဏ်ရာရတော့မည်ဖြစ်သည်။
ထိုစဉ် လေဟာပြင်ထဲမှဓားရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။
ကြယ်ပျံတစ်စင်းကဲ့သို့၊ လျှပ်စီးတစ်ကြောင်းကဲ့သို့ပင်။
ဤတစ်ခဏတာအတွင်း ခြံဝင်းအတွင်းရှိ ဧည့်သည်အားလုံး၏ မျက်ဝန်းထဲတွင် ဓားရာတစ်ခု စွဲထင်သွားလေတော့သည်။