အခန်း ၂၂
Vol. 3 Ch. 22
အခန်း (၂၂) - သူ့ကို ကျုပ် သတ်ပေးရမလား
ဓားအလင်းတစ်ချက် လက်သွားပြီးနောက် သွေးများ ပန်းထွက်သွားလေ၏။
ချူချင်း၏မျက်နှာပေါ်တွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ရှိနေဆဲဖြစ်သော်လည်း လက်နှစ်ဖက်ကမူ မိမိ၏လည်မျိုကို အလိုအလျောက် သွားစမ်းမိလေသည်။
ဖုန်း။
ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး ရှေ့သို့ နှစ်လှမ်းခန့် ရုန်းကန်သွားချင်သေးသော်လည်း မြေကြီးပေါ်သို့ မှောက်ကျသွားကာ အသက်ထွက်သွားလေ၏။
ပိုင်းဖြတ်လိုက်သူ၏ကိုယ်နေဟန်ထားက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး ခြေတစ်လှမ်းတည်းဖြင့် ခြံစည်းရိုးတံတိုင်းပေါ်သို့ ရောက်ရှိသွားသည်။
ထို့နောက် သူက နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် တစ်စက္ကန့်အကြာတွင် လွှားကနဲ ခုန်ဆင်းပျောက်ကွယ်သွားလေသည်။
"ဘယ်သူလဲ။"
"ချူအိမ်တော်က သခင်ငယ်လေး အသတ်ခံလိုက်ရတာလား။"
"မင်းကလည်း တုံးလိုက်တာ။ ခုနကလူက အတုဆိုတာ သိသာနေတာပဲ။ အစစ်ဆိုရင် သူ့အဖေကို ဘယ်သတ်ပါ့မလဲ။"
"ဒါပေမဲ့ သူက လူစိတ်မရှိတော့တာဆိုရင်ကော။"
ခြံဝင်းတစ်ဝင်းလုံး တစ်ခဏအတွင်း ဆူညံသွားလေ၏။
ဝူချန်းဟွမ် တစ်ယောက်သာလျှင် တစ်ခဏအတွင်း တုံ့ပြန်မှု ပြုလုပ်နိုင်ခဲ့သည်။
သူမက ခုန်တက်လိုက်ပြီး ဘေးရှိစားပွဲပေါ်သို့ ခြေတစ်ဖက်ဖြင့် နင်းကာ အရှိန်ယူပြီး ချူချင်းနောက်သို့ လိုက်သွားလေသည်။
"သူပဲ။"
ချူချင်းက ဝါးခမောက် ဆောင်းထားသည့်အပြင် အခြားသူများသတိမထားမိချိန်တွင် ခမောက်အောက်၌ မျက်နှာဖုံးတစ်ခုကိုပါ ထပ်တပ်ထားသေး၏။
သို့သော် ချူချင်းလှည့်ကြည့်လိုက်သော ထိုတစ်ခဏတွင် ဝူချန်းဟွမ်က သူ၏မျက်လုံးအကြည့်များကို ဖမ်းမိလိုက်လေသည်။
လုံးဝ မှားယွင်းနိုင်စရာ မရှိပေ။
ထိုလူက အစေခံအဝတ်အစားများကို ချွတ်ပစ်လိုက်ပြီးနောက် ချူအိမ်တော်၏ သိုင်းဆရာတစ်ဦးအဖြစ် ရုပ်ဖျက်ထားခဲ့ခြင်းပင်။
"ရပ်လိုက်စမ်း။"
ချူချင်းက အဘယ်ကြောင့်ရပ်တန့်ပေးမည်နည်း။ မရပ်သည့်အပြင် ပို၍ပင် မြန်မြန်ပြေးသွားလေသည်။
ဝူချန်းဟွမ်က အံကိုကြိတ်ကာ နောက်မှ အပြင်းအထန် လိုက်ပါသွား၏။
ယခင်အတွေ့အကြုံများ ရှိထားသောကြောင့် ဤတစ်ကြိမ်တွင် သူမက ချူချင်းကို အသေအချာ ပစ်မှတ်ထားထားပြီး သူမည်သို့ပင် အသွင်ပြောင်းလှည့်စားစေကာမူ သူမ၏မျက်စိအောက်မှ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချူအိမ်တော်ကို ချန်ထားခဲ့ပြီး ရှေ့ဆက်သွားလျှင် မြို့တံခါးဝသို့ ရောက်မည်ဖြစ်သည်။
ဝူချန်းဟွမ်က အဝေးမှနေ၍ အော်ဟစ်လိုက်၏။
"သူ့ကို တားထားစမ်း။"
တံခါးရှေ့တွင် ရပ်နေသော ထျန်းဝူအစောင့်တပ်များက အော်ဟစ်သံကို ကြားလိုက်ရသောအခါ မည်သူက ဤမျှ ရိုင်းစိုင်းရသနည်းဆိုသည်ကို စဉ်းစားနေကြလေသည်။
'ငါတို့ ထျန်းဝူအစောင့်တပ်က ဘယ်သူအော်အော် လိုက်လုပ်ပေးနေရမှာလား။'
သို့သော် သေချာစွာ စိုက်ကြည့်လိုက်သောအခါ မိမိတို့၏ သခင်မလေး ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
ချက်ချင်းပင် ကမန်းကတန်း နေရာယူလိုက်ကြပြီး ရှေ့မှ လာနေသောဓားသမားကို တားဆီးရန် ပြင်လိုက်ကြသည်။ သို့သော် ထိုဓားသမားက သူတို့အနီးသို့ ရောက်သည်နှင့် လေထဲသို့ခုန်တက်ကာ လေဟာပြင်ကို ခြေဖြင့်နင်း၍ ကျော်ဖြတ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ထျန်းဝူအစောင့်တပ်တစ်စုမှာ လည်ပင်းကိုမော့ကာ သူတို့ခေါင်းပေါ်မှ ကျော်လွန်သွားသည်ကိုသာ ကြည့်နေလိုက်ရတော့၏။
သို့သော် ဖမ်းဆီးရန် ခုန်တက်လာသော သိုင်းဆရာအချို့လည်းရှိသည့်တိုင် အားလျော့သွားသင့်ပြီဖြစ်သော ထိုကိုယ်ဟန်က လေထဲတွင် သုံးပေခန့် ထပ်မံမြင့်တက်သွားကာ မြို့တံခါးနံရံကို ခြေနှစ်ဖက်ဖြင့် အားယူနင်းပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့တံခါးကို ဖြတ်ကျော်သွားခဲ့လေသည်။
ဝူချန်းဟွမ်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
"ဖယ်ကြစမ်း။"
ထျန်းဝူအစောင့်တပ်မှာ ရှုံးပွဲချငိုလိုက်ချင်တော့သည်။ တားခိုင်းသူကလည်း သူမပင် ဖြစ်ပြီး ဖယ်ခိုင်းနေသူကလည်း သူမပင် ဖြစ်နေသည် မဟုတ်လော။
'ငါတို့က ဘယ်ဟာကိုလိုက်လုပ်ရမှာလဲ။'
သို့သော် သူတို့ဖယ်ပေးရန် အချိန်မရလိုက်မီမှာပင် ဝူချန်းဟွမ်ကလည်း လေထဲသို့ခုန်တက်ကာ ထျန်းဝူတပ်သားအချို့၏ခေါင်းပေါ်ကို အားပြုနင်း၍ ဖြတ်သွားလေသည်။
အနင်းခံရသော ထျန်းဝူတပ်သားများက ရှက်စရာဟု မထင်မှတ်သည့်အပြင် ဂုဏ်ယူနေကြသေးသည်။
'ငါ့ခေါင်းကို သခင်မလေးက နင်းသွားတာကွ၊ မင်းတို့မှာရော ဒီလိုဂုဏ်မျိုး ရှိရဲ့လား။'
ဝူချန်းဟွမ်က ထိုထျန်းဝူအစောင့်တပ်သားများ၏ အတွေးများကို မသိရှာဘဲ ချူချင်းကို ဖမ်းဆီးရန် တစ်ခုတည်းကိုသာ အာရုံစိုက်ထားလေ၏။
ချူချင်းက မြို့တံခါးကို ကျော်ဖြတ်သွားပြီးနောက် စိတ်ထဲတွင် တစ်ခုခုကို အာရုံများနေလေသည်။
အစကတည်းက သူက အခြေအနေတစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရသော်လည်း မည်သည့်နေရာက မှားနေသည်ကို ရှင်းလင်းစွာမပြောနိုင်ပေ။
သို့သော် ယခုအချိန်တွင်တော့ သူ၏စိတ်ထဲ၌ အနည်းငယ် သဘောပေါက်သွားပြီဖြစ်သည်။
ဝူချန်းဟွမ်ကို လှည့်ကြည့်လိုက်သောအခါ တစ်ခဏမျှ ဆွံ့အသွားရလေ၏။
ယခုအခြေအနေကို ကြည့်ရတာ ယနေ့ သူ့ကိုမှ မီအောင်မလိုက်နိုင်ရင် သူမက အလွယ်တကူ လက်လျှော့မည့်ပုံ မပေါ်ပေ။
သို့သော် စောစောက ချူယွန်ဖေး ပြောခဲ့သော စကားများကို တွေးမိလိုက်ချိန်တွင် သူ၏စိတ်ထဲ၌ တစ်မျိုးကြီးဖြစ်သွားရသည်။ တကယ်တမ်း ဝူချန်းဟွမ်အပေါ် အမှားလုပ်ခဲ့သူမှာ ခန္ဓာကိုယ်၏ မူလပိုင်ရှင်သာဖြစ်ပေသည်။
သို့ရာတွင် ယခုမိမိက ဤခန္ဓာကိုယ်ကို ဆက်ခံထားရပြီဖြစ်ရာ ဤကိစ္စရပ်များက မိမိခေါင်းပေါ်သို့ ကျရောက်လာခြင်းကို ရှောင်လွှဲ၍ မရနိုင်တော့ပေ။
ဤသို့တွေးမိပြီးနောက် ချူချင်းက သက်ပြင်းတစ်ချက်ချကာ ကိုယ်ကိုလှည့်ပြီး ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
ဝူချန်းဟွမ်ကလည်း အလိုက်သင့် ရပ်တန့်လိုက်ပြီး ချူချင်းကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ သူမ၏မျက်ဝန်းထောင့်မှ အပြုံးရိပ်များပင် ပျောက်ကွယ်သွားလေသည်။
"မပြေးတော့ဘူးလား။"
"မပြေးနိုင်တော့လို့ပါ။"
ချူချင်းက ရယ်မောကာ ပြောလိုက်၏။
"မိန်းကလေးတစ်ယောက်အနေနဲ့ ကျွန်တော့်လို ယောက်ျားကြီးတစ်ယောက်နောက်ကို အဝေးကြီး လိုက်လာတာ၊ အန္တရာယ်တစ်ခုခုဖြစ်မှာကို မစိုးရိမ်ဘူးလား။"
"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က လူကောင်းတစ်ယောက်တော့ မဟုတ်ဘူးနော်။"
"ဒါဆို ရှင်က ဘယ်သူလဲ ပြောစမ်းပါ။"
ဝူချန်းဟွမ်က နှုတ်ခမ်းကို တွန့်လိုက်ပြီး မျက်လုံးများထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပါဝင်နေသည်။
"ချူအိမ်တော်ထဲကို ဝင်ပြီး ချူမိသားစု အကြီးအကဲကို ကယ်ရတဲ့ အကြောင်းရင်းကရော ဘာလဲ။"
"ကျွန်တော်က မပြောပြဘူးဆိုရင်ရော။"
ချူချင်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ မျက်နှာဖုံးအောက်မှ ထွက်ပေါ်လာသော အကြည့်များက အနည်းငယ် နောက်ပြောင်ချင်ပုံ ပေါ်နေလေ၏။
ဝူချန်းဟွမ်က လက်ဖြင့် ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်၏။
"ဒါဆိုရင် ဒီနေ့ ရှင်ထွက်သွားလို့ မရတော့ဘူး။"
ချူချင်းက မတတ်နိုင်ဟန်ဖြင့် ပြုံးလိုက်၏။
"ထားပါတော့လေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က ငွေယူပြီး လူသတ်ပေးပြီး သိုင်းလောကမှာ ဝမ်းစာရှာနေတဲ့ သူတစ်ယောက်ပါ။"
"ဒီတစ်ခေါက် ချူအိမ်တော်ကို လာတာကလည်း တစ်ယောက်ယောက်က ခိုင်းလို့ လာခဲ့တာပါ။"
"လူသတ်သမား။"
ဝူချန်းဟွမ် မျက်နှာပေါ်ရှိ လှောင်ပြောင်လိုသော အရိပ်အယောင်များက ပို၍ သိသာလာလေ၏။
"လူသတ်သမားက ငွေယူပြီး လူသတ်တယ်ဆိုတာ ကြားဖူးပေမဲ့ လူသတ်သမားက ငွေယူပြီး တစ်ယောက်ယောက်ကို ကာကွယ်ပေးတယ်ဆိုတာတော့ မကြားဖူးဘူး... ရှင်က လိမ်တောင် မလိမ်တတ်ဘူးလား။"
"ခမ်းနားကြီးကျယ်တဲ့ ထျန်းဝူမြို့ သခင်မလေးအနေနဲ့ သိုင်းလောကရဲ့ အောက်ခြေမှာ ရုန်းကန်နေရတဲ့ ကျွန်တော်တို့လိုလူတွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာ သိမှာ မဟုတ်ပါဘူး။ ငွေသာပေးမယ်ဆိုရင် လူကယ်ဖို့ မပြောနဲ့ ဘာလုပ်ခိုင်းလုပ်ခိုင်း လုပ်မှာပဲ။"
"ကောင်းပြီလေ။"
ဝူချန်းဟွမ်က သူမ၏အတွင်းအိတ်ထဲမှ ရွှေတုံးတစ်တုံးကို ဆွဲထုတ်လိုက်၏။
"ဒါကို ယူလိုက်၊ ပြီးရင် ရှင့်ရဲ့ခမောက်နဲ့ မျက်နှာဖုံးကို ချွတ်လိုက်။"
"..."
ချူချင်းမှာ ဆွံ့အသွားလေသည်။
ဝူချန်းဟွမ်က အေးစက်စွာ ပြုံးလိုက်၏။
"ငွေပေးရင် ဘာလုပ်ခိုင်းလုပ်ခိုင်း လုပ်မယ်ဆို။"
"မိန်းကလေး သိထားရမှာက ကျွန်တော်တို့အလုပ်က လူသိခံလို့မရတဲ့ အလုပ်မျိုး။ သရုပ်မှန်ကိုသာ သိသွားရင် အသက်ရှင်ဖို့ ခက်သွားလိမ့်မယ်။"
"မိန်းကလေး လက်ထဲကရွှေက သွားရည်ကျလောက်ပေမဲ့ ကိုယ့်အသက်နဲ့ ယှဉ်လိုက်ရင်တော့... ဘာမှ မဟုတ်တော့ဘူးလေ။"
ဝူချန်းဟွမ်က သူ၏စကားကို ကြားသောအခါ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသည်။
စိတ်ထဲတွင် ဆယ်ပုံမှ ရှစ်ပုံကိုးပုံခန့် သေချာနေပြီ ဖြစ်သော်လည်း ဤလူ၏ စကားများက ယုတ္တိမဆန်သော အကြောင်းပြချက်များ ပါဝင်နေသဖြင့် သူမ ပြန်လည်ချေပရန်ပင် စကားစရှာမရ ဖြစ်နေသည်။
စိတ်ထဲတွင် ဒေါသထွက်သွားကာ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ဓားရိုးကိုကိုင်ကာ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာပြီးနောက် အေးစက်သောအသံဖြင့် ပြောလိုက်လေ၏။
"ရှင်နဲ့ စကားပြောနေတာက အချိန်ဖြုန်းတာသက်သက်ပဲ။"
"ရှင်က သဘောမတူမှတော့ ကျွန်မကိုယ်တိုင်ပဲ ကိုယ်ပေါ်က ရုပ်ဖျက်ထားတာတွေကို ခွာချပြီး ရှင်ဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့။"
"မိန်းကလေး ခဏနေပါဦး။"
ချူချင်းက ကမန်းကတန်း လက်ကာပြလိုက်၏။
"ယောကျ်ားနဲ့ မိန်းမဆိုတာ အနီးကပ် မနေအပ်ဘူးလေ။ ပထမဆုံးအကြိမ် တွေ့တွေ့ချင်း အဝတ်တွေချွတ်လို့ ဘယ်ဖြစ်မလဲ။ ကျွန်တော်က ငွေအတွက်ဆိုပေမဲ့ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုတော့ ရောင်းစားမှာ မဟုတ်ဘူး... သတိထား။"
စကားအဆုံးသို့ ရောက်သောအခါ ချူချင်းက ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်လေ၏။
"သတိထားရမှာက..."
ဝူချန်းဟွမ်မှာ သေမတတ်ဒေါသထွက်သွား၏။ သို့သော် 'ရှင်'ဟူသော စကားလုံးကိုပင် ဆုံးအောင် မပြောရသေးခင်မှာပင် နောက်ကျောဘက်က လေတိုက်သံမှာ တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။
အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ ကြီးမားသောလက်သီးတစ်ခုက ရှေ့သို့ ရောက်နေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
ပင်လယ်မှောက်နဂါးလက်သီး ရှင်းယိုဟန်ပင်။
'ဒီလူက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။'
ဝူချန်းဟွမ် မျက်နှာပျက်သွားသည်။ ကံကောင်းသည်မှာ ဓားက လက်ထဲတွင် ရှိနေပြီးဖြစ်၍ ဓားသွားကို ပင့်တင်လိုက်ကာ လမင်းထွက်ပေါ်လာသကဲ့သို့ တိုက်ခိုက်လိုက်သည်။
ဖုန်းကနဲ အသံနှင့်အတူ ဓားအရှိန်အဝါနှင့် လက်သီးစွမ်းအင်တို့ ထိပ်တိုက်တွေ့သွားသည်။
ဝူချန်းဟွမ်မှာ ကမန်းကတန်း တုံ့ပြန်လိုက်ရသဖြင့် စိတ်ထဲမှ ညည်းတွားလိုက်ကာ ခြေလှမ်းယိုင်ပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်ရ၏။ ထို့နောက် ချူချင်းကို တစ်ချက်ကြည့်လိုက်သည်။
"မြန်မြန် မသွားသေးဘူးလား။"
ချူချင်းက ထိုစကားကို ကြားသောအခါ ဝူချန်းဟွမ်ကို တစ်ချက် လှမ်းကြည့်လိုက်၏။
"ရှင်က သူ့ပြိုင်ဘက်မဟုတ်ဘူး။"
"အဲဒါက ဘာဖြစ်လဲ။"
ဝူချန်းဟွမ်၏ နဖူးပေါ်တွင် ဒေါသကြောင့် သွေးကြောများပင် ထောင်တက်လာမတတ် ဖြစ်သွားလေ၏။
‘ဘယ်အချိန်ရှိနေလို့ အခုချိန်ထိ အေးအေးဆေးဆေး စကားလာပြောနေသေးတာလဲ။’
သို့သော် နောက်တစ်စက္ကန့်တွင် ချူချင်းရယ်မောကာ ပြောလိုက်သည်ကို ကြားလိုက်ရလေ၏။
"ဒီလိုလုပ်လေ၊ ကျွန်တော့်ကို ငွေနည်းနည်းပေး၊ သူ့ကို ကျွန်တော်သတ်ပေးမယ်လေ။"