← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အခန်း (၂၃) - ဓားတစ်ချက်

သံမြင်းဓားပြခုနစ်ယောက်ကို သတ်ဖြတ်ပြီးကတည်းက သူအလုပ်မဖြစ်သည်မှာ ခုနစ်ရက်၊ ရှစ်ရက်ခန့် ရှိနေပြီဖြစ်သည်။

‘လူသတ်သမား’စနစ်ကို ပိုင်ဆိုင်ထားသော လူတစ်ယောက်အနေဖြင့် လူမသတ်ဘဲ မည်သို့ အဆင့်တက်နိုင်မည်နည်း။

အကယ်၍ သူသာ နျဲ့ကျင့်ထိုင်မှ မထွက်ခွာလာခဲ့လျှင် လူသတ်ရမည့်အလုပ်များ ပြတ်လပ်နေမည်မဟုတ်ပေ။

သို့သော် ယခုအခါတွင် မိမိ၌ အဖွဲ့အစည်း မရှိတော့သည်သာမက နျဲ့ကျင့်ထိုင်၏ လိုက်လံလုပ်ကြံမှုကိုပါ ရှောင်တိမ်းနေရသဖြင့် လူသတ်မည့်အလုပ်ကို လက်ခံရယူရန်မှာ အမှန်တကယ်ပင် မလွယ်ကူလှချေ။

ယခု ဤသို့သောအခွင့်အရေးမျိုး ကြုံလာသည့်အခါတွင် သဘာဝကျကျ အခွင့်အရေးကို ဆုပ်ကိုင်ရမည်ဖြစ်၏။

အကယ်၍ ဤလုပ်ရပ်က တာဝန်တစ်ခုကို ပေါ်ပေါက်လာစေမည်ဆိုလျှင် ထိုထက်ကောင်းသောအရာ ရှိမည်မဟုတ်ပေ။

သို့သော် ဤစကားကိုပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဝူချန်းဟွမ်က မျက်လုံးပြူးသွားရုံသာမက ရှင်းယိုဟန်ကပါ အေးစက်စွာနှာမှုတ်လိုက်လေသည်။

"သေချင်နေတာပဲ။"

"ရှင်ဘာပြောနေလဲဆိုတာ သိရဲ့လား။"

ဝူချန်းဟွမ်ကလည်း ချူချင်းကို စိုက်ကြည့်ရင်း မေးလိုက်၏။

စောစောက ခြံဝင်းထဲတွင် သူမသည် ချူချင်း၏ဓားသိုင်းကို ရှင်းလင်းစွာ မမြင်လိုက်ရချေ။ အကြောင်းမှာ သူ၏ဓားထုတ်မှုက အလွန်မြန်ဆန်လွန်းလှပြီး ထိုစဉ်က ဝူချန်းဟွမ်၏ အာရုံစိုက်မှုအားလုံးမှာလည်း အယောင်ဆောင်ချူချင်းအပေါ်၌သာ ရှိနေခဲ့သောကြောင့် ဖြစ်လေသည်။

သူမ သတိပြန်ဝင်လာချိန်တွင်ကား ချူချင်းက တံတိုင်းပေါ်၌ ရပ်ကာ အထာဖမ်းနေချိန်ပင် ဖြစ်တော့သည်။

ယခု သူမသည် ချူချင်း၏စကားကို ကြားလိုက်ရချိန်တွင် ခေါင်းရှုပ်သွားသလိုပင် ခံစားလိုက်ရ၏။

ချူချင်းက ရှင်းယိုဟန်ကို မည်သည့်နည်းဖြင့် သတ်နိုင်မည်နည်း။ သူ ရူးများရူးနေသလော။

"မြန်မြန် ဆုံးဖြတ်ချလိုက်ပါ။ ဟိုလူကတိုက်ခိုက်ချင်နေပြီ။ မင်းသာ ကျွန်တော့်ကို သတ်ခိုင်းဖို့ မငှားဘူးဆိုရင် မင်းရဲ့သိုင်းပညာနဲ့ဆို သူ့လက်ထဲမှာ သေသွားဖို့ သေချာသလောက်ပဲ။"

ချူချင်းက ဝူချန်းဟွမ်ဘက်သို့ မေးငေါ့ပြလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်သာ ကိုယ်တိုင်ဝင်ပါမယ်ဆိုရင်တော့ ဓားတစ်ချက်တည်းနဲ့တင် ဒီလူ သေချာပေါက် သေသွားလိမ့်မယ်။"

"ဟား ဟား ဟား ဟား။"

ရှင်းယိုဟန်သည် ထိုစကားကို ကြားလိုက်ရသောအခါ မနေနိုင်တော့ဘဲ ခေါင်းမော့ကာ ဟားတိုက်ရယ်မောလိုက်လေသည်။

"ငါ ရှင်းယိုဟန်က သိုင်းလောကမှာ ကျင်လည်လာတာ ဆယ်နှစ်ကျော်ပြီ။ မင်းလိုမျိုး ရူးကြောင်ကြောင် မောက်မာတဲ့ကောင်ကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။”

“ကောင်းပြီလေ၊ ဒီနေ့ မင်း ငါ့ကို ရယ်ရအောင် လုပ်ပေးတဲ့အတွက် ငါ မင်းကို အခွင့်အရေးတစ်ကြိမ် ပေးလိုက်မယ်။ မင်းကို အရင် ဓားတစ်ချက်ထုတ်ခွင့်ပေးမယ်။ မင်း ငါ့ကို ဓားတစ်ချက်တည်းနဲ့ ဘယ်လိုသတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။"

ချူချင်းက သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ ဝူချန်းဟွမ်ကိုသာ စိုက်ကြည့်နေ၏။

ဝူချန်းဟွမ်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

"ကောင်းပြီလေ၊ ရှင်သာ သူ့ကို တကယ်သတ်နိုင်မယ်ဆိုရင် ရှင်က ကျွန်မထင်နေတဲ့သူမဟုတ်ဘူးဆိုတာကို ကျွန်မ ယုံကြည်ပေးမယ်။ ငွေစင် တစ်ထောင် ပေးမယ်၊ သူ့ကို သတ်ပေး။"

[တာဝန် - ရှင်းယိုဟန်ကို သတ်ဖြတ်ရန်။]

[လက်ခံမှာလား။]

ချူချင်း၏ မျက်လုံးများက အရောင်လက်သွား၏။ အမှန်တကယ်ပင် တာဝန်ပေါ်လာခဲ့ပြီ ဖြစ်သည်။

သူက ရုတ်တရက်ဉာဏ်ဆင်ကာ ဤနေရာတွင် အလုပ်အပ်မည့်သူနှင့် ပစ်မှတ် ရှိနေသည်။ လူသတ်သမား လည်း အဆင်သင့်ရှိသည်ဟူ၍ စဉ်းစားပြီးနောက်မှ ယခုကဲ့သို့ စကားစလိုက်ခြင်း ဖြစ်လေသည်။

အမှန်တကယ် အောင်မြင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

'ဒါဆိုရင် ဒီနည်းလမ်းကိုသုံးပြီး ရတနာသေတ္တာတွေ အများကြီးရအောင် ယူလို့ရ‌လောက်တယ်။ နောက်ကြရင် ဝူချန်းဟွမ်ကို အကူအညီတောင်းပြီး မြို့တော်ဝန်အိမ်တော်က မြေအောက်အကျဉ်းထောင်ထဲ သွားရမယ်။ သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကို တစ်ယောက်ချင်းစီ ဆွဲထုတ်လာပြီး တာဝန်အပ်ခိုင်းရင် ကောင်းမလား။'

သို့သော် သူ သေချာပြန်လည်စဉ်းစားကြည့်လိုက်သောအခါ မဖြစ်နိုင်လောက်ဟု ခံစားလိုက်ရသည်။

'ဒီလိုသာဆိုရင် ငါ့ရဲ့စနစ်က ဘာလို့ လူသတ်သမားစနစ်လို့ နာမည်ပေးထားရဦးမှာလဲ။ အာဏာပါးကွက်သားစနစ်လို့ တိုက်ရိုက်ခေါ်လိုက်ရင် ပိုမကောင်းဘူးလား။'

'ဒါပေမဲ့ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် နောက်ကျရင်တော့ သေချာပေါက် စမ်းသပ်ကြည့်ရမှာပဲ။'

စိတ်ထဲမှ ဤသို့တွေးတောနေရင်း သူသည် ဓားကိုကိုင်ကာ ရှင်းယိုဟန်ရှိရာဘက်သို့ လျှောက်သွားလိုက်၏။

ယုတ္တိဆန်စွာ တွေးကြည့်ရလျှင် အမှန်တကယ် တိုက်ခိုက်ရမည်ဆိုပါက ချူချင်းသည် ရှင်းယိုဟန်၏ပြိုင်ဘက် လုံးဝမဟုတ်ပေ။

လုပ်ကြံသတ်ဖြတ်ရမည်ဆိုလျှင်တော့ တစ်ချက်တည်းနှင့် အသေသတ်နိုင်မည့် အခွင့်အရေးက ခုနစ်ဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းအထိသာ ရှိလေသည်။

သို့သော် ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူသည် ရုပ်ဖျက်ရန်နှင့် ပုန်းကွယ်ရန် အခွင့်အရေးမရှိတော့ဘဲ ရုတ်တရက် အလစ်ဝင်တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ကံကောင်းသည်မှာ သူ စောစောက ပြောခဲ့သော စကားများသည်လည်း စိတ်ထင်ရာပြောခဲ့ခြင်းမဟုတ်ပေ။

လူတစ်ယောက်ကို သတ်ချင်သည့်အခါ အချို့အချိန်များတွင် သိုင်းပညာကိုသာ ကြည့်၍မရချေ။

နျဲ့ကျင့်ထိုင်မှ ချူယွန်ဖေးကို လုပ်ကြံသတ်ဖြတ်ခြင်းမှာလည်း ချူယွန်ဖေးထက် သိုင်းပညာပိုမြင့်သောသူကို ရှာဖွေပြီး အသေရိုက်သတ်ခိုင်းခြင်းမျိုး လုံးဝမဟုတ်ပေ။

စစ်တုရင်ပွဲတစ်ပွဲကဲ့သို့ ကြိုတင်ကြံစည်ကာ နယ်ရုပ်နှစ်ရုပ် ချလိုက်ရုံဖြင့် ချူယွန်ဖေးကို သတ်စေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ‘ချူချင်း’ဟူသော စစ်တုရင်ခုံအပြင်ဘက်မှ ပြောင်းလဲမှုသာ ပေါ်မလာခဲ့လျှင် အဆုံးသတ်က မည်သို့ဖြစ်သွားမည်ကို မသိနိုင်ချေ။

ယခု ချူချင်းက ရှင်းယိုဟန်ကို သတ်လိုရာတွင် သိုင်းပညာသက်သက်ကိုသာ အားကိုး၍ သတ်ဖြတ်ခြင်း မဟုတ်ပေ။ သိုင်းပညာက အဆုံးအဖြတ်ပေးမည့် အရေးပါသောကဏ္ဍတွင် ရှိနေမည် ဆိုသော်လည်း ထိုမတိုင်မီ သူသည် အသာစီးရနေရန် လိုအပ်လေသည်။

ယခုအခါတွင် သူအသာစီးရနေခဲ့ပြီး ဖြစ်၏။

၎င်းမှာ ရှင်းယိုဟန်က သူ့အား အရင်စခုတ်ခွင့်ပေးလိုက်သော ဓားတစ်ချက်ပင်။

ဤသည်မှာ တိုက်ဆိုင်မှုမဟုတ်ပေ။ ကြိုတင်တွက်ချက်ထားခြင်းသာ ဖြစ်လေသည်။

ရှင်းယိုဟန်သည် ချူအိမ်တော်ထဲသို့ တစ်ယောက်တည်း ကျူးကျော်ဝင်ရောက်ရဲရုံသာမက ချူဖန်၏ခြံဝင်းထဲသို့ပါ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ပြီး လူသတ်ရဲသည်ကို ကြည့်ခြင်းအားဖြင့် ဤလူက မည်မျှအထိ မောက်မာနေမည်ကို ချူချင်းသိမြင်နိုင်လေသည်။

ထို့ကြောင့် ချူချင်းက ဓားတစ်ချက်တည်းနှင့် ရှင်းယိုဟန်ကို သတ်နိုင်သည်ဟု တမင်တကာပြောလိုက်ခြင်း ဖြစ်သည်။ မိမိ၏သိုင်းပညာအပေါ် လွန်ကဲစွာ ယုံကြည်မှုရှိပြီး ဤမျှမောက်မာသော စရိုက်ရှိသူတစ်ယောက်အနေဖြင့် လူငယ်တစ်ယောက်က သူ့ကို ဓားတစ်ချက်တည်းနှင့်သတ်နိုင်မည်ကို ယုံကြည်နိုင်ပါမည်နည်း။

ထို့ကြောင့်ပင် ချူချင်းကို အရင်စတင် ဓားထုတ်ခွင့်ပေးမည်ဟူသော စကားကြီးစကားကျယ်ပြောလာခြင်း ဖြစ်လေသည်။

ထို့အပြင် ရှင်းယိုဟန်တွင် ဒဏ်ရာရှိနေသည်ကိုလည်း ချူချင်းက သိထား၏။

သူ မည်မျှပင်ဖုံးကွယ်ထားစေကာမူ ချူချင်း၏မျက်လုံးများကိုတော့ လှည့်စား၍မရနိုင်ပေ။

စဉ်းစားကြည့်ပါက သူ့ကဲ့သို့ မောက်မာလွန်းသူတစ်ယောက်က ဝူချန်းဟွမ်လို မျိုးဆက်သစ် လူငယ်တစ်ယောက်ကို ရင်ဆိုင်ရာတွင် အဘယ်ကြောင့် ခိုးကြောင်ခိုးဝှက် ချောင်းမြောင်းတိုက်ခိုက်ရသနည်း။

တစ်ချက်တိုက်ခိုက်၍ မအောင်မြင်ခဲ့ပြီးနောက် ချူဖန်၏ခြံဝင်းထဲတွင် သူပြုမူခဲ့သော လုပ်ရပ်များအရဆိုလျှင် သူသည် စဉ်းစားမနေဘဲ ဒုတိယလက်သီး၊ တတိယလက်သီးတို့ကို ဆက်တိုက်ထုတ်ကာ ဝူချန်းဟွမ် သေဆုံးသွားသည်အထိ တိုက်ခိုက်သင့်လေသည်။

သို့သော် ထိုသို့မပြုလုပ်ခဲ့ချေ။

ထို့ကြောင့် သူသည် ချူဖန်၊ ဂိုဏ်းတူညီမလေးဝမ်နှင့် ထိုအရူးညီအစ်မနှစ်ယောက်၏ လိုက်လံတိုက်ခိုက်မှုအောက်တွင် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်မည်ဟု ချူချင်းခန့်မှန်းလိုက်မိသည်။

စောစောက တိုက်ခိုက်မှုတွင် ဝူချန်းဟွမ်က အရေးနိမ့်သွားသကဲ့သို့ ထင်ရသော်လည်း သူကိုယ်တိုင်လည်း ဘာမှမဖြစ်သွားဟု မဆိုလိုပေ။

သူ ချက်ချင်းမတိုက်ခိုက်ဘဲ တွေဝေနေခဲ့ရခြင်းမှာလည်း ဤနေရာတွင် အကြောင်းအရင်းမသိရသော ဓားသမားတစ်ယောက် ရှိနေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် သူက သေချာစွာလုပ်ဆောင်နေခြင်း ဖြစ်သည်။

အလျင်စလိုမတိုက်ခိုက်ခဲ့ခြင်းမှာ ချူချင်း ထွက်သွားမည့်အချိန်ကို စောင့်နေခြင်းပင်။

ချူချင်းသာ ထွက်သွားခဲ့မည်ဆိုလျှင် ဝူချန်းဟွမ်နှင့် တစ်ယောက်ချင်း ရင်ဆိုင်ရချိန်တွင် အနိုင်ရရန် သေချာသွားပြီ ဖြစ်သည်။

ယခုအခါ ချူချင်း၏စကားတစ်ခွန်းနှင့် ဝူချန်းဟွမ်၏တာဝန်အပ်နှံမှုတို့ကြောင့် သူသည် ထွက်မသွားဖြစ်ရုံသာမက ချူချင်းနှင့်ပါ ထိပ်တိုက်ရင်ဆိုင်ရတော့မည် ဖြစ်သည်။

သို့သော် ဤအရာကရှင်းယိုဟန်၏ လက်ခံနိုင်သောအတိုင်းအတာအတွင်းမှ လွတ်ကင်းမသွားသေးချေ။

မည်သို့ပင်ဖြစ်စေ မောက်မာသောစရိုက်ကြောင့် တစ်ယောက်ချင်းရင်ဆိုင်ရမည့် အခြေအနေမျိုးဖြစ်သည့်အပြင် နောက်ခံအကြောင်းရင်းကို မသိရသော ဓားသမားတစ်ယောက်ကို ရင်ဆိုင်ရလျှင်ပင် သူကအနိုင်ရရန် အပြည့်အဝယုံကြည်ချက် ရှိနေဆဲဖြစ်လေသည်။

သူ့ကို အရင်သတ်လိုက်ရုံဖြင့် ချူချင်းနှင့် ဝူချန်းဟွမ်တို့ ပူးပေါင်းမည့်အခြေအနေကို တားဆီးနိုင်မည်ဖြစ်ပြီး ၎င်းတို့ကို တစ်ယောက်ချင်းစီ ချေမှုန်းကာ အနိုင်ယူပြီးထွက်သွားနိုင်မည် ဖြစ်သည်။

ချူချင်းကိုယ်တိုင်လည်း သူ၏ခန့်မှန်းချက်က အကြွင်းမဲ့မှန်ကန်ကြောင်း အာမမခံရဲပေ။

သို့သော် သူသာအရင်ဓားထုတ်ခွင့်ရလျှင် ရှင်းယိုဟန်ကို မသတ်နိုင်ခဲ့လျှင်ပင် ဒဏ်ရာရအောင် လုပ်နိုင်မည်ဖြစ်ပြီး ဒဏ်ရာပေါ် ဒဏ်ရာထပ်ဆင့်သွားစေနိုင်မည် ဖြစ်သည်။

ထိုအချိန်ကျမှ ဝူချန်းဟွမ်ကို ပူးပေါင်းရန် ခေါ်လိုက်မည်ဆိုပါက ရှင်းယိုဟန်သည် မည်မျှပင် စွမ်းဆောင်ရည်မြင့်မားနေပါစေ သေဘေးမှ လွတ်မြောက်ရန် ခက်ခဲသွားလိမ့်မည်ဖြစ်၏။

ဤသို့သော အတွေးပေါင်းများစွာက မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြတ်ပြေးသွားခဲ့လေသည်။

ချူချင်း၏လက်က ဓားရိုးပေါ်တွင် တင်ထားပြီးဖြစ်ကာ ရှင်းယိုဟန်ကို မော့ကြည့်လိုက်သည်။

"သေချာကြည့်ထား။"

ဓားရှည်က ဓားအိမ်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး အလင်းရောင်က ဓားသွားပေါ်သို့ ကျရောက်ကာ လှပတင့်တယ်သော အလင်းတန်းများကို ထုတ်လွှင့်နေလေသည်။

ထိုအချိန်တွင် ချူချင်းက ခေါင်းမော့လိုက်ပြီး ဓားသွားကို အနည်းငယ်လှုပ်ရှားလိုက်ရာ ဓားပေါ်မှ ရောင်ပြန်ဟပ်လာသော အလင်းတန်းက ရှင်းယိုဟန်၏ မျက်လုံးနှစ်လုံးပေါ်သို့ တည့်မတ်စွာ ကျရောက်သွား၏။

ရှင်းယိုဟန်သည် အလင်းတန်းကြောင့် မျက်လုံးကိုမှေးကျဉ်းလိုက်သည်။ ထိုခဏလေးအတွင်းမှာပင် ဓားက လှုပ်ရှားသွားလေပြီ။

'ဘယ်အချိန်က ဓားကို ဆွဲထုတ်လိုက်တာလဲ။'

ရှင်းယိုဟန်သည် သူ၏မျက်လုံးများက တစ်ခဏမျှ မှားမြင်လိုက်သည်ဟု ခံစားလိုက်ရပြီး ဓားအိမ်ထဲမှ ထွက်လာသည်ကို သူလုံးဝမမြင်လိုက်ရချေ။

သို့သော် သူသည် သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခုကိုတော့ ခံစားလိုက်ရ၏။

သတ်ဖြတ်လိုသောအငွေ့အသက်နှင့် ဓားကွက်တို့က ရောယှက်နေပြီး ထိုအချိန်လေးအတွင်းမှာပင် သူ၏ နှလုံးသားကို ဖောက်ထွင်းသွားသကဲ့သို့ ဖြစ်နေလေသည်။

အတွင်းအားစုစည်း။

အရှိန်ယူ။

တိုက်ကွက်ထုတ်။

ဤတိုတောင်းလှသော အချိန်လေးအတွင်းမှာပင် ရှင်းယိုဟန်က တုံ့ပြန်မှုပြုလုပ်လိုက်ပြီး ဖြစ်သည်။

သို့သော် သူ၏လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ချိန်တွင် သူ၏နားထဲသို့ လေခွင်းသံနှင့်အတူ ဓားမြည်သံက ထွက်ပေါ်လာလေသည်။

ဝှီး။

အသံက နားမှကြားလိုက်ရသော်လည်း ဓားကမူ နှလုံးသားထဲတွင်‌ ရောက်နေပြီးဖြစ်သည်။

လှုပ်ရှားမှု အားလုံး ရပ်တန့်သွား၏။ ရှင်းယိုဟန်က သူ၏ရင်ဘတ်ပေါ်ရှိ ဓားတန်းလန်းကို ငုံ့ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် မယုံနိုင်သော အမူအရာများဖြင့် ပြည့်နှက်နေလေသည်။

"ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ…”

All Chapters