← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) - သတင်းစကား

ဓားရှည်တစ်စင်းသည် ရှင်းယိုဟန်၏ရင်ဘတ်ကို ဖောက်ဝင်သွားကာ ကျောပြင်ဘက်သို့ တစ်ထွာခန့် လျှံထွက်နေ၏။

ဓားအဖျားမှ သွေးစက်များသည် တစက်စက်ကျဆင်းလာကာ မြေကြီးထဲသို့ စိမ့်ဝင်သွား၏။

ရှင်းယိုဟန်၏မယုံနိုင်ဖွယ်ဖြစ်နေသော မျက်နှာကို ကြည့်ရင်း ချူချင်းမှာ အနည်းငယ် သက်ပြင်းချမိလေသည်။ ရှင်းယိုဟန်ပင် ရှင်းယိုဓား ဖြစ်သွားပြီဖြစ်ရာ မဖြစ်နိုင်ဘူးဆိုသည်မှာ အဘယ်ရှိတော့မည်နည်း။

ရှင်းယိုဟန်၏ညည်းတွားသံနှင့်အတူ ရင်ဘတ်ထဲမှ ဓားကိုဆွဲထုတ်လိုက်ပြီး ဓားအိမ်ထဲသို့ ပြန်သိမ်းသွင်းလိုက်၏။

"မင်း ငါ့ကို အရင်ဓားထုတ်ခွင့်ပေးလိုက်ကတည်းက... မင်းဟာ သေလူတစ်ယောက် ဖြစ်သွားပြီ။"

ရှင်းယိုဟန်က ရင်ဘတ်ကိုဖိဆုပ်ရင်း ချူချင်းကို စိုက်ကြည့်လိုက်၏။

"ဒါကြောင့်ကိုး... ငါသာ... ငါသာ အင်အားအပြည့်ရှိနေတဲ့ အချိန်ဆိုရင်... ဒဏ်ရာသာမရခဲ့ရင်... မင်း... မင်း ငါ့ပြိုင်ဘက်တောင်ဖြစ်မှာ မဟုတ်ဘူး…”

“နာကျည်းဖို့ကောင်းလိုက်တာ... တကယ့်ကို နာကျည်းစရာပဲ...ငါ့ရဲ့ ဝမ်ယဲ့တောင်ကြား လျှို့ဝှက်ကျမ်းစာသာ ရှိနေသေးရင်..."

သူသည် လက်ကိုဆန့်ကာ လှမ်းဖမ်းရန် ကြိုးစားလိုက်သော်လည်း သူဖမ်းချင်သည်မှာ ချူချင်းကိုလော သို့မဟုတ် သူပြောသော ဝမ်ယဲ့တောင်ကြားက လျှို့ဝှက်ကျမ်းစာကိုလော ဆိုသည်ကိုမူ မသိနိုင်ချေ။

သို့သော် ထိုလက်မဆန့်နိုင်ခင်မှာပင် ဗုန်းခနဲ မြေပြင်ပေါ်သို့ လဲကျကာ အသက်မဲ့သွားတော့သည်။

[တာဝန်ပြီးမြောက်အောင်မြင်သည်။]

[ရှင်းယိုဟန်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သဖြင့် ကျပန်းသိုင်းပညာသေတ္တာတစ်လုံး ရရှိသည်။]

ချူချင်းသည် သတိပေးချက်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ညင်သာစွာချလိုက်ပြီးနောက် ခေါင်းပြန်လှည့်၍ ဝူချန်းဟွမ်ကို ကြည့်လိုက်၏။

ဝူချန်းဟွမ်သည် သူ၏မျက်ဝန်းထဲမှ လူသတ်ငွေ့များကြောင့် တုန်လှုပ်သွားကာ နောက်သို့ မသိမသာခြေတစ်လှမ်းဆုတ်လိုက်မိ၏။ သူမ၏မျက်နှာထက်တွင်လည်း သံသယများနှင့် မသေချာမှုများ ပြည့်နှက်နေလေသည်။

သူသည် တကယ်ပင် ချူချင်း ဖြစ်နေသလော။

အကယ်၍ ဟုတ်ခဲ့လျှင် ဤမျှပြင်းထန်လှသော လူသတ်ငွေ့များသည် ဘယ်အရပ်မှ ရောက်ရှိလာရသနည်း။

ထို့အပြင် ဤဓားသိုင်းသည်လည်း မည်သို့သော ဓားသိုင်းနည်း။

စောစောက ဓားထုတ်လိုက်သည့် အခိုက်အတန့်တွင် နေရာချင်းသာ လဲလိုက်မည်ဆိုပါက မိမိကိုယ်တိုင်လည်း ရှင်းယိုဟန်ထက် ပိုမိုမြန်ဆန်စွာသေဆုံးသွားလိမ့်မည်ကို ဝူချန်းဟွမ်သိရှိနေပေသည်။

ဤသည်ကား မည်သို့သောဓားသိုင်းမျိုး ဖြစ်သနည်း။

ရိုးရှင်းသန့်စင်လွန်းသည့်အပြင် နှိုင်းယှဉ်၍မရနိုင်အောင်မြန်ဆန်လှ၏။

ထို့ပြင် သူ၏အကွက်ချတွေးခေါ်မှုမှာလည်း ဆန်းကြယ်သေး၏။

ချူချင်းသည် ဘယ်တုန်းကမှ အလွန်အမင်းထက်မြက်သူတစ်ဦး မဟုတ်ခဲ့ပေ။

ချူအိမ်တော်တွင် ထူးချွန်ပြောင်မြောက်လှသော ပါရမီရှင်တစ်ဦး ရှိရမည်ဆိုပါက ၎င်းမှာ ချူထျန်းသာဖြစ်သင့်ပြီး ချူချင်း မဟုတ်နိုင်ပေ။

အကယ်၍ သူသည် ချူချင်းအစစ်အမှန်ဖြစ်ပါက ဤပျောက်ကွယ်သွားသော ခုနစ်နှစ်တာအတွင်း မည်သည့်အရာများနှင့် ကြုံတွေ့ခဲ့ရသဖြင့် ဤကဲ့သို့ ပြောင်းလဲသွားရသနည်း။

သူသည် သရုပ်မှန်ဖြင့် မတွေ့ဆုံလိုခြင်းမှာ မလွှဲမရှောင်သာသော အခက်အခဲများရှိနေသလော။

ဝူချန်းဟွမ်သည် ရှေ့မှလူကို စိုက်ကြည့်ရင်း ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိ၏။

"ကျွန်မ ရှင့်အတွက် ငွေတစ်ထောင်တန် ငွေစက္ကူတစ်ရွက် ပေးမယ်။ အဲဒီအပေါ်မှာ ကျွန်မတို့ ထျန်းဝူမြို့တော်ဝန်အိမ်တော်ရဲ့တံဆိပ်တော့ပါမှာ မဟုတ်ဘူး။ ရှင် အဲဒါကို ဝမ်ပေါင်ငွေတိုက်တွေမှာ သွားလဲလို့ရတယ်။ ဒါပေမဲ့ ရှင့်ကို ဘယ်လိုရှာရမလဲဆိုတာ ကျွန်မကို ပြောခဲ့ရမယ်။"

ချူချင်းက အသာအယာ ပြုံးလိုက်ရာ မျက်ဝန်းထဲမှ လူသတ်ငွေ့များမှာ ချက်ချင်းပင် လွင့်ပြယ်သွားတော့၏။

"ဒီနေ့ည သန်းခေါင်ယံအချိန် မြို့အရှေ့ဘက်က တူဟွာမဏ္ဍပ်မှာ ကျွန်တော်က မိန်းကလေးကို စောင့်မျှော်နေပါ့မယ်။"

"ကတိအတိုင်းပဲ။"

ဝူချန်းဟွမ်သည် ချူချင်းကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။

ထိုစဉ် ချူချင်းကရုတ်တရက် လှမ်းတားလိုက်၏။

"နေဦး။"

"ကိစ္စရှိသေးလို့လား။"

ဝူချန်းဟွမ်၏ ခြေလှမ်းများ တန့်သွား၏။

တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ချူချင်းက ဆက်ပြောလိုက်၏။

"မိန်းကလေးဝူက ကျွန်‌‌တော့်ရဲ့ ဖောက်သည်ရင်းတစ်ယောက် ဖြစ်လာပြီဆိုတော့ သတင်းစကားတစ်ခု လက်ဆောင်ပေးလိုက်ပါ့မယ်။ ထျန်းဝူမြို့ကို လာတဲ့လမ်းမှာ ခြေထောက်နှစ်ဖက်လုံး ဖြတ်တောက်ခံထားရတဲ့ ထျန်းဝူအစောင့်တပ်သားတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူ အသက်ငွေ့ငွေ့လေး ကျန်နေတုန်းမှာ ကျွန်‌တော်ကို စကားတစ်ခွန်းပြောခဲ့သေးတယ်။"

ဝူချန်းဟွမ်၏ အသက်ရှူသံများ ချက်ချင်းပင် မြန်ဆန်လာတော့၏။

"ရှင် သူ့ကိုတွေ့ခဲ့တာလား။ သူ ဘာပြောခဲ့လဲ။"

"သူက... ချင်းယဲ့ဓားလက်ကိုင်ရိုး... ထျန်း... ထျန်း... ထျန်း... လို့ ပြောခဲ့တယ်။"

ဝူချန်းဟွမ်မှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။ သူမ၏ မျက်နှာအမူအရာမှာ မျက်လှည့်ကစားပြနေသည့်အလား မျှော်လင့်ချက်နှင့် ပျော်ရွှင်သွားလိုက်၊ ‘ရှင် ကျွန်မကို လှည့်စားနေတာလား’ဟူ‌‌၍ စိတ်ပျက်အားလျော့သွားလိုက်ဖြင့် အမျိုးမျိုးပြောင်းလဲ‌နေလေသည်။

နောက်ဆုံးတွင် သူမကမေးလိုက်၏။

"အဲဒါ ဘာအဓိပ္ပာယ်လဲ။"

"ဒီမေးခွန်းက ကျွန်‌တော် မိန်းကလေးကို ပြန်မေးရမှာ မဟုတ်လား။"

ချူချင်းက စိတ်မရှည်သဖွယ် မျက်လုံးလှန်ပြလိုက်၏။

"အဲဒီလူ မသေခင် ပြောခဲ့တဲ့စကားကို ကျွန်‌တော်က တစ်လုံးမကျန် ပြန်ပြောပြတာပဲ။ အဲဒီထဲက အဓိပ္ပာယ်ကို ရှာဖို့ကတော့ ကျွန်‌တော်နဲ့ မဆိုင်တော့ဘူး။"

"ကောင်းပြီ... ကျေးဇူးတင်တယ်။"

ဝူချန်းဟွမ်က စိတ်လှုပ်ရှားမှုများကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တစ်ခဏမျှ စဉ်းစားကာ ထပ်မေးလိုက်ပြန်၏။

"ရှင့်ကို ကျွန်မဘယ်လိုခေါ်ရမလဲ။"

'ဘယ်လို‌ခေါ်ရမှာလဲ။'

ချူချင်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီးနောက် အရေထူထူဖြင့် ပြောလိုက်၏။

"ကျွန်တော်ကို... ‘ညဧကရာဇ်’လို့ပဲ ခေါ်လိုက်ပါ။"

ပြောပြီးသည်နှင့် သူကိုယ်တိုင်ပင် ကြက်သီးမွေးညင်းများ ထသွားမိတော့သည်။ နာမည်ပေးတုန်းက ထူးဆန်းသည်ဟု မခံစားရသော်လည်း ယခု ကိုယ်တိုင်ပြန်ပြောသည့်အခါတွင်မူ ဤအမည်မှာ အလွန်ပင်ကလေးဆန်ပြီး ရယ်စရာကောင်းလှသည်ဟု ခံစားရပေသည်။သူလည်း သာမန်နာမည်တစ်ခု ပေးလိုသော်လည်း နာမည်ပေးသည့်နေရာတွင် ပါရမီမပါခဲ့ပေ။

ဝူချန်းဟွမ်၏ မျက်နှာမှာ အနည်းငယ်တုန်လှုပ်သွားတော့၏။

"ရှင်က ညဧကရာဇ်ကိုး... သံမြင်းဓားပြခုနစ်‌ယောက်ကို သတ်ခဲ့တာလည်း ရှင်ပဲပေါ့။"

ချူချင်းက ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာပြောလိုက်၏။

"ဒါနဲ့ သူတို့ မသေခင်က ထျန်းဝူမြို့ထဲမှာ သူတို့ရဲ့ လျှို့ဝှက်သတင်းပေးရှိတယ်လို့ ပြောသွားကြတယ်။"

ဝူချန်းဟွမ်သည် ဤအချက်ကို အံ့ဩပုံမရပေ။

"အဲဒါ ဘယ်သူလဲဆိုတာ ရှင်သိလား။"

"သိတာပေါ့။"

ချူချင်းက စဉ်းစားမနေဘဲ ခေါင်းညိတ်ပြလိုက်၏။

ဝူချန်းဟွမ်မှာ တစ်ဖန်ဆွံ့အသွားပြန်၏။

'ဒီလူက တကယ်သိနေတာလား။ သူက ဘာလို့ဒီလောက်အထိ အကြောင်းစုံသိနေရတာလဲ။'

ထို့ကြောင့် သူမက အလျင်အမြန် မေးလိုက်၏။

"ဘယ်သူလဲ။"

"မိန်းကလေးဝူ... စောစောက သတင်းစကားကတော့ လက်ဆောင်ပေးတာ။ ဒါပေမဲ့ ဒီသတင်းကိုပါ ထပ်ပြီး အလကားပေးလိုက်ရင်တော့ ကျွန်‌‌တော်တို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေပြီလို့ တခြားလူတွေ သံသယဝင်ကုန်လိမ့်မယ်။"

ချူချင်းက ပြုံးလျက် ဆက်ပြောလိုက်၏။

"ဒါမှမဟုတ် ထျန်းဝူမြို့ရဲ့ မိန်းကလေးဝူက တစ်ပြားမှမပေးဘဲ အလကားရချင်နေတာလား။"

ဝူချန်းဟွမ်က မျက်ခုံးပင့်လိုက်၏။

"ရှင်က... ငွေမျက်နှာတစ်ခုပဲ ကြည့်တတ်တဲ့လူပဲ။ ဘယ်လောက်လဲ။"

ချူချင်းက လက်ငါးချောင်းကို ထောင်ပြလိုက်၏။

"ကောင်းပြီ... ဒီနေ့ည ကျွန်မအားလုံးကို တစ်ခါတည်း ပေးမယ်။ အမြန်ပြော။"

ဝူချန်းဟွမ်က ငွေကြေးချမ်းသာသူဖြစ်ရာ ဤအရာကို လုံးဝဂရုမစိုက်ပေ။

ချူချင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

"မိန်းကလေးဝူဆိုတဲ့အတိုင်း... တကယ့်ကို ပြတ်သားလှပေတယ်။ ထျန်းဝူမြို့ထဲမှာ သံမြင်းဓားပြခုနစ်‌ယောက်နဲ့ လျှို့ဝှက်အချိတ်အဆက်ရှိနေတဲ့လူက လော့ယွီခန်းမဆောင်ရဲ့ ဒုတိယခန်းမသခင် လျိုရှီကျဲ့ပဲ။"

ဝူချန်းဟွမ်သည် ဤစကားကို ကြားသောအခါ မျက်နှာအမူအရာ မပြောင်းလဲသော်လည်း မျက်ဝန်းထဲတွင်မူ စဉ်းစားတွေးတော‌နေပုံရ၏။

ချူချင်းက အနည်းငယ် အံ့ဩသွားကာ မေးလိုက်၏။

"ကြိုရိပ်မိနေတာ ကြာပြီလား။"

"လော့ယွီခန်းမဆောင်က နောက်ကြောင်းရှင်းသလို ထင်ရပေမဲ့ တကယ်တော့ သံသယဖြစ်စရာတွေ အများကြီး ရှိနေတယ်။ ဒီနေ့ ချူအိမ်တော်မှာ ကျွန်မလည်း ထန်ရှီးကို စမ်းသပ်နေခဲ့တာ..."

ထိုနေရာသို့ရောက်သောအခါ သူမက စကားကို ခေတ္တရပ်လိုက်ပြီးနောက် ခေါင်းကို ညင်သာစွာခါယမ်းလျက် ပြောလိုက်၏။

"ဒီကိစ္စတွေက ရှင်နဲ့မဆိုင်ပါဘူး။ ဒီသတင်းစကားက ကျွန်မအတွက် အရမ်းအရေးကြီးတယ်။ ကျေးဇူးတင်ပါတယ်။ ခွင့်ပြုပါဦး။"

"သွားလိုက်ဦးမယ်။"

ချူချင်းက လက်သီးဆုပ်၍ နှုတ်ဆက်လိုက်၏။ ဝူချန်းဟွမ်က သူ့ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက် ခြေဦးလှည့်ကာ ထျန်းဝူမြို့ထဲဘက်သို့ ဦးတည်ထွက်ခွာသွားတော့သည်။

ဝူချန်းဟွမ်၏ အရိပ်အယောင် လုံးဝပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးနောက်မှ ချူချင်းသည် ရှင်းယိုဟန်၏ ရုပ်အလောင်းကို လှည့်ကြည့်လိုက်၏။

အလောင်းကို တစ်ခဏမျှ ရှာဖွေကြည့်ပြီးနောက် သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်မိတော့၏။

ရှင်းယိုဟန်မှာ ယခုတစ်ခေါက်တွင် လူသတ်ရန် သီးသန့်လာခဲ့ခြင်းဖြစ်ပြီး ချူယွန်ဖေးမှာလည်း ချူအိမ်တော်တွင် ရှိနေသေးရာ ၎င်းအနေဖြင့် အသက်ရှင်လျက် ပြန်နိုင်မည်ဟု အာမမခံနိုင်ပေ။ ထို့ကြောင့် သူ၏ကိုယ်ပေါ်၌ ငွေစအချို့မှလွဲ၍ အခြားတန်ဖိုးရှိသောအရာများ လုံးဝမပါလာခဲ့ပေ။

မီးမွှေးရန် အသုံးဝင်မည့်ငွေစက္ကူပင် ပါမလာသဖြင့် သူသည် ဘေးပတ်ဝန်းကျင်မှမြက်ခြောက်များကို စုဆောင်းကာ မီးခတ်ကျောက်ဖြင့် မီးမွှေးလိုက်ရ၏။

တောက်လောင်နေသောမီးလျှံများနှင့် လိပ်တက်လာသော မီးခိုးလုံးကြီးများကို ကြည့်ရင်း ချူချင်းသည် မလှမ်းမကမ်းရှိ ထျန်းဝူမြို့တော်ဆီသို့ လှမ်း‌မျှော်ကြည့်လိုက်၏။

သူသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်မိ၏။

'ဝမ်ယဲ့တောင်ကြား၊ ထျန်းဝူမြို့၊ လော့ယွီခန်းမဆောင်၊ နျဲ့ကျင့်ထိုင်... ဒီထျန်းဝူမြို့ထဲမှာ တကယ်ပဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ပြဇာတ်တွေ တစ်ပုဒ်ပြီးတစ်ပုဒ် ကပြနေကြတာပဲ။’

‘စောစောက ဝူချန်းဟွမ် ပြောသွားတဲ့စကားအတိုင်းဆို ချူယွန်ဖေးက ဒီတစ်ခေါက်ပွဲတော် လုပ်တာလည်း သိပ်တော့မရိုးရှင်းဘူး။’

‘ဝမ်ယဲ့တောင်ကြားက ဝူချန်းဟွမ်ကိုတောင် လက်ရဲဇက်ရဲ လုပ်ရဲတယ်ဆိုတော့ အပြင်ပန်းမှာ အေးချမ်းနေသလိုထင်ရပေမဲ့ ကွယ်ရာမှာတော့ ရန်ငြိုးတွေက ဖြေလျှော့လို့မရနိုင်တော့တဲ့ အနေအထား ရောက်နေပြီ။’

‘ချူယွန်ဖေးကို သတ်ဖို့အတွက် လူသတ်သမား ငှားခဲ့တဲ့သူက ဝမ်ယဲ့တောင်ကြားကများ ဖြစ်နေမလား။တကယ်လို့သာ အဲဒီလိုဆိုရင်တော့ နောက်ပိုင်းမှာ ကိစ္စတွေက ပိုရှုပ်လာတော့မှာပဲ။'

သူသည် ရရှိထားသော အချက်အလက်များကို စိတ်ထဲ၌ ပြန်လည်စုစည်းရင်း ဘေးဘက်ရှိခြုံတောဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ မျက်နှာတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားတော့၏။

'ထွက်သွားပြီလား။

ထားလိုက်ပါတော့... ကျန်သေးတဲ့ ကိစ္စတစ်ခုကို သွားပြီး အပြီးသတ်ရဦးမယ်။’

All Chapters