← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) - ကြားဖြတ်လုပ်ကြံခြင်း

ထျန်းဝူမြို့ မြောက်ဘက်လမ်းမကြီးအနီးရှိ လမ်းကြားတစ်ခု၌ ဟန်တွန်ခေါက်ဆွဲဆိုင်လေး တစ်ဆိုင် ရှိလေသည်။

နယ်လှည့်သမားတော်တစ်ဦးသည် ပန်းကန်လုံးကြီးကို ပွေ့ပိုက်ကာ အားပါးတရ စားသောက်နေ၏။

ဤဟန်တွန်ခေါက်ဆွဲမှာ အပြင်ခွံပါးပါးထဲတွင် အနှစ်များကို အပြည့်ထည့်ထားပြီး မုန်ညင်းစိမ်းလေးများဖြင့် ပြုတ်ထားသော စွပ်ပြုတ်ရည်ထဲတွင် ပုစွန်ခြောက်လေးများ ဖြူးကာ ငရုတ်ဆီဆမ်းထားခြင်း ဖြစ်ပေသည်။

စားရင်းနှင့် ထိုနယ်လှည့်သမားတော်၏ နှာခေါင်းထိပ်၌ပင် ချွေးစက်လေးများ စို့နေချေပြီ။

ခဏအကြာတွင် နောက်ဆုံးဟင်းရည်တစ်ငုံကို မျိုချလိုက်ပြီးနောက် သူသည် ထိုပန်းကန်လုံးကြီးကို ဘေးနားရှိ ပန်းကန်ပုံထဲသို့ ပစ်တင်လိုက်၏။

သူသည် ဗိုက်ကိုပုတ်လိုက်ရင်း အားရကျေနပ်စွာဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။

"ကောင်းလိုက်တာဗျာ။ ကျုပ်အမြင်အရတော့ ဆိုင်ရှင်ရဲ့ ဒီဟန်တွန်ခေါက်ဆွဲဟာ ထျန်းဝူမြို့မှာ အကောင်းဆုံးပဲဗျာ။ ကျိဝေ့တို့၊ ချွေ့ကျူးတို့ဆိုတာ ခင်ဗျားနဲ့ယှဉ်ရင် အဝေးကြီး လိုသေးတယ်။"

ဆိုင်ရှင်မှာမူ ဘေးတွင်ထိုင်ရင်း ပျင်းရိငြီးငွေ့နေ၏။

ယနေ့တွင် အရောင်းအဝယ် အလွန်အေးစက်လှပေသည်။ အကြောင်းမှာ ချူမိသားစုက ပွဲတော်တည်ပြီး စတုဒိသာ ကျွေးမွေးနေသောကြောင့်ဖြစ်၏။ ထိုနေရာသို့ သွားရောက်ကာ ဂုဏ်ပြုစကားတစ်ခွန်းပြောလိုက်ရုံဖြင့် အလကားစားသောက်နိုင်ပေသည်။

ထို့ကြောင့် သူ၏ဟန်တွန်ဆိုင်လေးဆီသို့ လာမစားကြသည်မှာ ဓမ္မတာပင်။

ထိုနယ်လှည့်သမားတော်၏စကားကို ကြားသောအခါ ဆိုင်ရှင်သည် ဝမ်းသာအားရမဖြစ်သည့်အပြင် ထိုသမားတော်ကို သံသယမျက်လုံးများဖြင့် စိုးရိမ်တကြီး စိုက်ကြည့်လိုက်၏။

"ခင်ဗျား အလကားစားပြီး လစ်ပြေးမလို့တော့ မဟုတ်ပါဘူးနော်။"

ဤခေတ်ကာလတွင် အစာငတ်မွတ်နေသူများက နေရာအနှံ့ ရှိနေပေသည်။ ထျန်းဝူမြို့သည် မြို့တော်ဝန်ဝူကန်ချီ၏ အုပ်ချုပ်မှုအောက်တွင် အတော်အသင့် ကောင်းမွန်သည်ဆိုသော်လည်း လူတိုင်းကို ဗိုက်ဝအောင်မကျွေးနိုင်ပေ။

အချို့ဆိုလျှင် အလုပ်အကိုင်မရှိ၊ လေလွင့်သောင်းကျန်းနေပြီး ဆာလောင်လွန်းလာပါက စားသောက်ဆိုင်ကြီးများသို့ သွားကာ အလကားစားသောက်တတ်ကြ၏။

အရက်ကောင်း၊ဟင်းကောင်းများကို စားပွဲအပြည့်မှာယူကာ အငမ်းမရစားသောက်ပြီးနောက် အလုပ်သမားလေးကိုခေါ်ကာ ခေါင်းကို လက်နှင့်အုပ်၍ ကွေးကွေးလေး နေလျက် အရိုက်ခံရန် အသင့်ပြင်ထားတတ်ကြသည်။

စားသောက်ဆိုင်ကြီးများမှာ လုပ်ငန်းကြီးပြီး လူအင်အား တောင့်တင်းလှပေသည်။ သိုင်းဆရာ သို့မဟုတ် ကြေးစားလူမိုက်များကို မငှားရမ်းထားသော်လည်း မီးဖိုချောင်အကူများနှင့် နောက်ဖေးတွင် ထင်းခုတ်သောယောက်ျားကြီးများက လူမိုက်အဖြစ် ကူညီရိုက်နှက်ပေးနိုင်ကြ၏။

ရိုက်နှက်ချက်များအောက်တွင် လက်ဆိုးသူနှင့်တွေ့ပါက တကယ်ပင် အသက်ထွက်သွားနိုင်သည်။

ဤနယ်လှည့်သမားတော်သည် စားသောက်ပြီးနောက် ပိုက်ဆံမပေးဘဲ မြှောက်ပင့်စကားများပြောနေသဖြင့် မည်သို့ပင်ကြည့်စေကာမူ လူကောင်းတစ်ယောက်နှင့်မတူချေ။

တကယ်ပင် အလကားစားသွားပါက မိမိ၏ဆိုင်လေးမှာ အခြားဆိုင်ကြီးများကဲ့သို့ လုပ်ငန်းမကြီးမားလှသဖြင့် နစ်နာပေသည်။

ကူညီမည့်သူမရှိပါဘဲ တိုက်ခိုက်ကြလျှင် မည်သူက အနိုင်ရမည်နည်း။

နယ်လှ့ည်သမားတော်ကမူ အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်၏။

"ဆိုင်ရှင်ကလည်းဗျာ၊ ဘာစကား ပြောလိုက်တာလဲ။ ကျုပ်က စားပြီး ပိုက်ဆံမပေးမယ့်လူနဲ့ တူနေလို့လား။"

သူသည် ပြောနေလျက် အတွင်းအိတ်ထဲမှ ခေါက်ဆွဲဖိုးကို နှိုက်ယူကာ စားပွဲပေါ်သို့ ပစ်ပေးလိုက်၏။

ထို့နောက် မတ်တတ်ရပ်ကာ သက်ပြင်းတစ်ချက် ညင်သာစွာချလိုက်၏။

"မိုးရွာတော့မဲ့ပုံပဲ။ နောက်တစ်ခါ ခင်ဗျားဆိုင်က ဟန်တွန်ခေါက်ဆွဲကို လာစားဖို့ အခွင့်အရေးရပါစေ။"

ဤသို့ပြောပြီးနောက် သူသည် ဘေးနားရှိ ဆိုင်းဘုတ်တံခွန်ကို သယ်ယူကာ လမ်းကြားအပြင်ဘက်သို့ လျှောက်သွားလေသည်။

ဆိုင်ရှင်က သူ၏ကျောပြင်ကိုကြည့်ကာ နှုတ်ခမ်းမဲ့လိုက်ပြီး ခေါက်ဆွဲဖိုးကို ကောက်ယူ၍ အတွင်းအိတ်ထဲသို့ ထည့်လိုက်၏။

သူသည် ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ တိမ်ကင်းစင်ကာ သာယာနေသည်ကို မြင်ရ၏။ မိုးဘယ်ကရွာမည်နည်း။

သူက ခပ်တိုးတိုးရေရွတ်လိုက်၏။

"ရူးနေတာပဲ။"

ထို့နောက် အထုပ်အပိုးများကို သွက်လက်စွာ သိမ်းဆည်းလိုက်လေသည်။

သူသည် ယနေ့တွင် ဆက်မရောင်းတော့ဘဲ ချူအိမ်တော်သို့ သွားကာ ပွဲတော်စာသွားစားရန် ဆုံးဖြတ်လိုက်ချေပြီ။

ထိုနယ်လှည့်သမားတော်သည် လမ်းကြားထဲမှ ထွက်လာပြီးနောက် အရှေ့ဘက်သို့ ဦးတည်လျှောက်သွားကာ အရှေ့ဘက်မြို့တံခါးမှ ထွက်လာခဲ့၏။ သူသည် လမ်းမကြီးအတိုင်းမသွားဘဲ ဘေးဘက်ရှိ လမ်းကြိုလမ်းကြားလေးများထဲသို့ ဝင်ရောက်သွားလေသည်။

လူသူကင်းရှင်းသောနေရာသို့ ရောက်သောအခါ လက်ထဲမှ ဆိုင်းဘုတ်တံခွန်ကို ခြုံပုတ်ထဲသို့ ပစ်ထည့်လိုက်ပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများကိုချွတ်ရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်တွင် အပြာရောင်ဝတ်လူအချို့ ရုတ်တရက်ပေါ်လာပြီး သူ့ကို ဝိုင်းရံထားလိုက်ကြသည်။

သမားတော်သည် မှင်တက်သွားပြီးနောက် ဟန်ဆောင်ရယ်မောလိုက်၏။

"ကျုပ်ဆီက ငွေလိုချင်တာလား၊ ဒါမှမဟုတ် အသက်ကို လိုချင်တာလား ခင်ဗျားတို့‌တွေ။"

အပြာရောင်ဝတ်သူများထဲမှ တစ်ယောက်က ရှေ့သို့တစ်လှမ်းတိုးကာ အေးစက်စက် ပြောလိုက်၏။

"ငါတို့နဲ့ လိုက်ခဲ့စမ်း။"

သူက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို စုစည်းကာ အဖမ်းခံမည့်ဟန် ပြင်လိုက်လေသည်။

"ကောင်းပါပြီ။ ကောင်းပါပြီ။ လူကို လိုချင်တာကိုး။"

အပြာရောင်ဝတ်သူတစ်ဦးသည် သူ့ကို နောက်ပြန်ကြိုးချည်ရန်ပြင်လိုက်စဉ် ထိုသမားတော်က ရုတ်တရက် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်အမှုန့်များ လွင့်ပျံလာပြီး မြူနှင်းများကဲ့သို့ ဖုံးလွှမ်းသွားတော့သည်။

အပြာရောင်ဝတ်သူများသည် သူ့ကို အေးအေးဆေးဆေး ဖမ်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားကြခြင်းဖြစ်၏။

ဤကဲ့သို့ လှည့်ကွက်ရှိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ အမြဲတစေ သတိကြီးစွာထားပြီး အနီးသို့မကပ်ဘဲ နေခဲ့သည့် အပြာရောင်ဝတ်လူတစ်ဦးမှလွဲ၍ ကျန်ရှိသူများအားလုံး၏မျက်နှာပေါ်သို့ အမှုန့်များကျရောက်သွားလေသည်။

နောက်တစ်စက္ကန့်တွင် စူးရှသော ဓားအလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

လူအချို့သည် ညည်းညူသံနှင့်အတူ လည်ပင်းကိုအုပ်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။

သွေးများမှာ လက်ချောင်းများကြားမှ တသွင်သွင်စီးကျလာချေပြီ။

နောက်ဆုံးကျန်ရစ်သူသည် အခြေအနေမဟန်သည်ကို မြင်သည်နှင့် လှည့်ထွက်ပြေးရန်ပြင်လိုက်၏။ ထိုသူက လက်တစ်ချက်လှုပ်ရုံဖြင့် မိမိ၏အဖော်များကို သတ်ဖြတ်နိုင်ခဲ့သဖြင့် မိမိယှဥ်နိုင်မည့်လူမဟုတ်ချေ။ သတင်းအမြန်ဆုံး ပြန်ပို့ရန်သာ ရှိတော့သည်။

သို့သော် သူသည် ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးမီ ကျောပြင်ဘက်မှ လေခွင်းသံကို ကြားလိုက်ရ၏။

သူသည် ပျာပျာသလဲ လှည့်ကြည့်လိုက်သော်လည်း ခန္ဓာကိုယ်ကမူ တုန့်ဆိုင်းသွားတော့သည်။

လွန်းပျံဓားမြားတစ်စင်းသည် သူ၏လည်ပင်းကို ဖောက်ဝင်သွားခဲ့ချေပြီ။

ပျံ့လွင့်နေသော အဖြူရောင်မြူထုကြီး ပျောက်ကွယ်သွားသောအခါ သမားတော်က နှုတ်ခမ်းကို တွန့်လိုက်၏။

'ဒုက္ခတော့ရောက်ပြီ။ သူတို့က ငါ့ကို ဒီလောက်မြန်မြန် ရှာတွေ့သွားတယ်ပေါ့။ တစ်ခုခုတော့ လွဲနေပြီ။'

သူသည် နားထင်ကိုပွတ်သပ်လိုက်ရင်း အခင်းဖြစ်ပွားရာနေရာမှ သဲလွန်စများကို ဖျက်ဆီးလိုက်လေသည်။

ထို့နောက် သူသည် မိမိကိုယ်ပေါ်ရှိ အဝတ်အစားများကို ချွတ်လိုက်ပြီး သေဆုံးသွားသူထံမှ အပြာရောင်ဝတ်စုံတစ်ထည်ကို ချွတ်ယူလိုက်၏။ သို့သော် ဝတ်ဆင်ခြင်းမပြုဘဲ လက်ထဲတွင်သာ ကိုင်ဆောင်ထားလိုက်သည်။

ဤသည်မှာ နောက်မှလိုက်လာမည့် ရန်သူများကို မျက်စိလည်စေရန်ဖြစ်၏။ သူတို့ ဤနေရာသို့ ရောက်လာပြီး မြေပြင်ပေါ်၌ သမားတော်၏အဝတ်အစားများနှင့် မိမိတို့လူ၏ အဝတ်တစ်စုံ ပျောက်ဆုံးနေသည်ကိုမြင်ပါက သမားတော်သည် အပြာရောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်သွားသည်ဟု သံသယဝင်ကြပေလိမ့်မည်။

သို့သော် သူ၏အပြင်အင်္ကျီအောက်တွင်မူ အနက်ရောင်ဝတ်စုံကျပ်ကို ဝတ်ဆင်ထားသည်ကို မည်သူမျှ မသိနိုင်ပေ။

အဆုံးတွင် သူသည်အရှေ့ဘက်သို့ ထွက်ပြေးသွားသည့်ပုံစံ ဖန်တီးလိုက်ပြီးနောက်မှ မြောက်ဘက်သို့ ဦးတည်ကာ ပေါ့ပါးစွာပျံသန်းထွက်ခွာသွားလေသည်။

ရန်သူများကို အရှေ့ဘက်တွင် အပြာရောင်ဝတ်စုံနှင့်လူကို ရှာခိုင်းထားပြီးနောက် သူကိုယ်တိုင်မှာမူ အနက်ရောင်ဝတ်ဆင်ကာ မြောက်ဘက်သို့ သွားနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားကြမည်နည်း။

ဤသို့ဖြင့် နာရီဝက်ခန့်လှည့်ပတ်သွားလာပြီးနောက် အနောက်၌ မည်သည့်ခြေရာလက်ရာမျှ မရှိတော့သည်ကို သေချာမှစိတ်အေးလက်အေး ဖြစ်သွားတော့သည်။

ရှေ့သို့ ဆက်သွားရန်ပြင်လိုက်စဉ် သူ၏မျက်နှာက ရုတ်တရက်ပြောင်းလဲသွား၏။

လှည့်ကြည့်လိုက်ရာ လူရိပ်တစ်ခုက ကောင်းကင်သို့ပျံတက်လာပြီး လက်ဝါးတစ်ဖက်ကို တွန်းထုတ်လိုက်ရာ ပတ်ဝန်းကျင်၌ လေတံတိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည်။

"ချင်းရွှီလက်ဝါး။"

သူသည် မိမိ၏မျက်လုံးများကိုပင် မယုံကြည်နိုင်ဖြစ်သွား၏။ ချင်းရွှီလက်ဝါးသည် ချူမိသားစု၏ လျှို့ဝှက်သိုင်းပညာ ဖြစ်ပေသည်။

၎င်းသည် ချူမိသားစု၏ ဆက်ခံမှုသမိုင်းတွင် အဓိကကျသော လက်ဝါးသိုင်းပညာတစ်ရပ်ဖြစ်၏။

အစပိုင်းတွင်လေ့ကျင့်ပါက စွမ်းအား သာမန်မျှသာရှိသော်လည်း ရော့ရွှီကျင့်အတွင်းအား တိုးတက်လာသည်နှင့်အမျှ ဆန်းကြယ်သောစွမ်းရည်များ ထွက်ပေါ်လာတတ်သည်။

ချူမိသားစုဝင်တစ်ယောက်က ဤနေရာအထိ မည်သို့လိုက်လာနိုင်ရသနည်း။

သူသည် တွေဝေမနေဘဲ လက်ဝါးနှစ်ဖက်ကိုမြှောက်ကပ်လိုက်ရာ လက်ဝါးနှစ်ခုကြားတွင် အလင်းတန်းများ စီးဆင်းသွားသလို ဖြစ်ပေါ်လာ၏။

ထို့နောက် လက်နှစ်ဖက်ကို လှည့်ပတ်ကာ တွန်းထုတ်လိုက်လေသည်။

အတိုင်းအဆမဲ့သော အတွင်းအားတစ်ခုသည် တိုးထွက်သွားပြီး ချင်းရွှီလက်ဝါးအရှိန်နှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားတော့သည်။

ဝုန်း။

ပေါက်ကွဲသံနှင့်အတူ ထိုသမားတော်သည် စိတ်အေးသွား၏။

ဤသူသည် ချင်းရွှီလက်ဝါးကို အသုံးပြုသော်လည်း အတွင်းအား မလုံလောက်သဖြင့် ၎င်း၏စွမ်းအားအစစ်အမှန်ကို ထုတ်မသုံးနိုင်ဘဲ မိမိ၏လက်ဝါးချက်ကြောင့် လွင့်စင်သွားရခြင်းဖြစ်ပေသည်။

သူသည် လူသတ်သမားမဟုတ်ဘဲ ဆက်သွယ်ရေးမှူးသာ ဖြစ်၏။

ဤသူသည် ချူမိသားစုမှမည်သူဖြစ်သည်ကို မသိသော်လည်း မတိုက်ခိုက်လိုချေ။ တစ်ဖက်လူနောက်ဆုတ်သွားသည့် အခွင့်အရေးကို အသုံးချကာ သူသည် လှည့်ထွက်ပြေးရန်ပြင်လိုက်သည်။

သို့သော် မမျှော်လင့်ဘဲ လှည့်လိုက်သည့်အချိန်တွင်ပင် ဓားရှည်တစ်စင်းသည် သူ၏ပခုံးကို ဖောက်ဝင်သွားခဲ့ချေပြီ။

"ဘာလဲဟ။"

သူ၏စိတ်ထဲတွင် အလွန်ထိတ်လန့်သွားသော်လည်း တုံ့ပြန်မှုကမူ လုံးဝနောက်မကျခဲ့ပေ။

တစ်ဖက်လူက ဓားကို ဆွဲထုတ်လိုက်သည့်အချိန်ကို အခွင့်ကောင်းယူကာ လှည့်လိုက်ပြီး လက်ဝါးထဲတွင် အတွင်းအားများစုစည်းလျက် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း လှည့်ကြည့်လိုက်သောအခါ မည်သူမျှ မရှိတော့ချေ။

ထို့နောက် သူ၏ခြေကျင်းဝတ်နှစ်ဖက်လုံး အေးစက်သွားပြီး ဆက်၍ မတ်တတ်မရပ်နိုင်တော့ဘဲ ဗုန်းကနဲ မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားတော့သည်။

သွေးစွန်းနေသောဓားသွားသည် သူ၏လည်ပင်းပေါ်သို့ ရောက်လာ၏။

ထိုစဉ် သူ အလွန်ပင် ရင်းနှီးနေသောအသံတစ်သံက နားထဲသို့ တိုးဝင်လာလေသည်။

"ပိုင်ချီ... မင်း အသက်ရှင်နေတာပဲကို။ ဘာလို့ ငါ့ကိုအကြောင်းမကြားတာလဲ။”

All Chapters