အခန်း ၂၆
Vol. 3 Ch. 26
အခန်း (၂၆) - အဖြစ်ဆိုး
ထိုအသံနားထဲဝင်လာသည့် အခိုက်တွင် ပိုင်ချီတစ်ယောက် မျက်မှုန်ကြုတ်သွားလေတော့သည်။
မူလက နားမလည်နိုင်ဖြစ်နေခဲ့သော ကိစ္စရပ်များက ချက်ချင်းပင် ရှင်းလင်းသွားချေပြီ။
သူက ခါးသီးစွာ ပြုံးလိုက်၏။
"ချင်းရွှီလက်ဝါး... မင်းကမှ ချူအိမ်တော်ရဲ့ သခင်လေးဖြစ်နေတာကိုး။ မင်းငါ့ကို အတော်လေး လှည့်စားနိုင်ခဲ့တာပဲ။"
"တစ်ယောက် တစ်လှည့်စီပေါ့။"
ချူချင်းက ထိုစကားကို တုံ့ပြန်ရင်း သူ၏သွေးကြောပိတ်မှတ်များကို နှိပ်လိုက်လေသည်။
ထို့နောက် လက်ဆန့်ထုတ်ကာ သူ၏ပါးပြင်ကို ဖိနှိပ်လိုက်၏။
လက်ချောင်းများကို အားပြုလိုက်သည်နှင့် သူ၏ပါးစပ်ထဲမှ 'ဟွတ်'ဟူသော အသံတစ်သံ ထွက်ပေါ်လာပြီး ချူချင်းက အချိန်ကိုက်ပင် သူ၏နောက်စေ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
'ဖူး'
သွားနှင့်တူသော အဖြူရောင်အရာတစ်ခုကို သူ ထွေးထုတ်လိုက်ရ၏။
ထို့နောက် ချူချင်းက သူ၏ ညာဘက်လက်ကောက်ဝတ်ကို ဓားသွားဖြင့် လှည့်လိုက်ရာ လက်ကြောများပါ ပြတ်တောက်သွားချေသည်။
ထိုအခါမှသာ ချူချင်းက သူ၏အရှေ့သို့ သွားရပ်လိုက်၏။
"မင်းကိုယ်ပေါ်က လက်နက်ပုန်းတွေ အခုဆို သုံးလို့မရတော့ဘူး မဟုတ်လား။ အခု ငါတို့ စကားလေးနည်းနည်းလောက် ပြောကြမလား။"
ပိုင်ချီက သူ၏အခြေအနေကို ဂရုမစိုက်သည့်အပြင် ပြုံးပင် ပြုံးလိုက်သေးသည်။
"ဘာကို ပြောရမှာလဲ။ မင်းငါ့အကြောင်းသိပါတယ်။ ငါ့ပါးစပ်ကနေ ဘယ်သတင်းမှ ရမှာမဟုတ်ဘူးဆိုတာ မင်း သိနေတာပဲလေ။ ပြီးတော့ နျဲ့ကျင့်ထိုင်ကလည်း မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး။”
“မင်း သေဘေးကနေ တစ်ကြိမ်လွတ်မြောက်နိုင်ပေမဲ့ ဒုတိယအကြိမ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး။ သွေးလှံရဲ့ သိုင်းပညာနဲ့ အဆင့်သတ်မှတ်ချက်က မင်းထက်သာတယ်။ မင်း သူ့ကို ပြန်သတ်နိုင်ခဲ့တာက ဒီတိုင်းကြက်ကန်းဆန်အိုးတိုးသွားတာ။”
“ဒါပေမဲ့ မင်း သိထားရမှာက သူ့လိုလူတောင် မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းထဲ မပါဘူးဆိုတာကိုပဲ။ ဒါပေမဲ့ မင်း အသက်ရှင်နေသရွေ့ တစ်နေ့နေ့တော့ မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းထဲက သိုင်းဆရာတွေ ရောက်လာပြီး မင်းကို သတ်ကြလိမ့်မယ်။"
"ငါ မင်းနဲ့ပြောချင်တာက အဲ့အကြောင်းတွေ မဟုတ်ဘူး။ မင်း ငါ့လက်ထဲ ရောက်နေမှတော့ ဒီနေ့ မင်းအတွက် အသက်ရှင်ဖို့ လမ်းစမရှိတော့ဘူး။ ဒါကြောင့် ငါနောက်ဆုံး ဘယ်လိုဖြစ်သွားမယ်ဆိုတာ မင်းနဲ့ မဆိုင်တော့ဘူး။"
ချူချင်းက ခပ်တိုးတိုး ပြောလိုက်၏။
"ငါ နည်းနည်းသိချင်ရုံလေးပါ။ တကယ်လို့ ငါသာ ကျိုးချန်ထိုက်ကို သတ်ခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။"
ပိုင်ချီက သူ့ကိုတစ်ချက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ဒါဆိုရင် မင်းရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်ဆိုတာတွေက အမှိုက်ပဲဆိုတာကို သက်သေပြလိုက်တာပဲ။ မင်းက ငွေအတွက် လူသတ်တဲ့ သွေးအေးရက်စက်တဲ့ လူသတ်သမားတစ်ယောက် သက်သက်ပဲ။”
“ဒီလိုဖြစ်မှသာ မင်းက နျဲ့ကျင့်ထိုင်ကို ဝင်ဖို့ အရည်အချင်းပြည့်မီတဲ့အပြင် နျဲ့ကျင့်ထိုင်ကပါ ပြုစုပျိုးထောင်ပေးလိမ့်မယ်။ တစ်နေ့နေ့ကျရင် မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းအထိ တက်လှမ်းနိုင်ဖို့ကလည်း မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်တော့ဘူးလေ။"
ချူချင်းက ညင်သာစွာ သက်ပြင်းချလိုက်လေ၏။
"တကယ်အဲ့လိုပဲလား။ အဲ့ဒါက ထောင်ချောက်တစ်ခုဖြစ်သလို စမ်းသပ်မှုတစ်ခုလည်း ဖြစ်နေတာပဲ။ ကိုယ့်ရဲ့စိတ်ဝိဉာဏ်ကို သတ်လိုက်နိုင်ရင် အောင်မြင်သွားမယ်၊ ပြီးရင် နျဲ့ကျင့်ထိုင်ရဲ့ တကယ့်ဓားတစ်လက် ဖြစ်လာမယ်။ ပြန်ပြောရမယ်ဆိုရင် သေလမ်းတစ်လမ်းပဲ ရှိတော့မှာပေါ့။"
ပိုင်ချီက အနည်းငယ် အံ့အားသင့်သွားသည်။
"မင်း တော်တော်ထက်လာပါလား။"
"တစ်ကြိမ် သေဖူးတဲ့သူက အနည်းအကျင်းတော့ တိုးတက်လာတတ်ကြတာပဲလေ။"
ချူချင်းက ခေါင်းခါရမ်းလိုက်လေသည်။
"မင်းကို နောက်ဆုံးမေးခွန်းတစ်ခု ထပ်မေးမယ်။ ချူယွန်ဖေးကို သတ်ခိုင်းတာက ဝမ်ယဲ့တောင်ကြားမလား။"
ပိုင်ချီက ထိုစကားကိုကြားသောအခါ သူ့ကို တစ်ချက်ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်၏။
"မှန်တယ်။ တကယ်ဝမ်ယဲ့တောင်ကြားကပဲ။ သူတို့က ထျန်းဝူမြို့တော်ကို စစ်ခင်းချင်နေကြတာ၊ ဒါပေမဲ့ ချူယွန်ဖေးနဲ့ ဝူကန်ချီတို့ ပူးပေါင်းထားတာကိုကျ သူတို့ မယှဉ်နိုင်ဘူးလေ။ ဒါကြောင့် သူတို့က ချူယွန်ဖေးကို သေစေချင်တာ။"
ချူချင်းက ခေါင်းညိတ်လိုက်သည်။
"ဒီလိုကိုး။ ဒါပေမဲ့ မင်းက ငါ့ကို ဒီလောက်လွယ်လွယ်ကူကူ အဖြေပေးလိုက်တာ ကြည့်ရတာ စေတနာသက်သက်ကြီးတော့ မဟုတ်လောက်ဘူး။ ငါ ဝမ်ယဲ့တောင်ကြားရဲ့လက်ထဲမှာ သေသွားဖို့ မျှော်လင့်နေတာလား။ ဒါမှမဟုတ် ငါ မသေခဲ့ရင်တောင် သဲလွန်စကျန်ပြီး နျဲ့ကျင့်ထိုင်က ငါ့ကို ပြန်ရှာတွေ့နိုင်အောင် လုပ်ချင်တာလား။"
"မင်း တကယ်ပဲ ဓားတစ္ဆေ ဟုတ်ရဲ့လား။ တစ်ယောက်ယောက်နဲ့များ လူစားလဲခံလိုက်ရတာလား။"
ပိုင်ချီ၏အသံထဲမှ အံ့သြမှုက ဟန်ဆောင်နေခြင်း မဟုတ်ပေ။
ချူချင်းကတော့ ပြုံးလိုက်၏။
"ကဲပါ... အတိတ်အကြောင်း ပြောတာ ဒီမှာတင် ရပ်လိုက်ကြစို့။ ချန်ထားခဲ့ချင်တဲ့ နောက်ဆုံးစကားများ ရှိသေးလား။"
ပိုင်ချီ၏နှုတ်ခမ်းများ လှုပ်ရှားသွားပြီး တစ်စုံတစ်ရာ ပြောချင်နေပုံရသော်လည်း ဓားရှည်က သူ၏လည်မျိုကို ဖြတ်ပွတ်သွားလေသည်။
ကျန်ရှိနေသော စကားလုံးများအားလုံး ပြန်မျိုချလိုက်ရချေပြီ။
"ထားလိုက်ပါတော့၊ ငါက မင်းရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တာမှ မဟုတ်တာ။ နောက်ဆုံးစကားကို နားမထောင်တာကပဲ ကောင်းပါတယ်။"
သူသည် ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ပြီး ပိုင်ချီ၏မျက်ဝန်းအိမ်များ တဖြည်းဖြည်း မှေးမှိန်သွားကာ လည်ပင်းမှသွေးများ တသွင်သွင် စီးကျလာသည်ကို ကြည့်နေလိုက်၏။
တစ်ဖက်လူ လုံးဝအသက်မရှိသည့်တိုင် စောင့်ကြည့်ပြီးမှ သူ စိတ်အေးသွားတော့သည်။
ဤလူကို သတ်လိုက်ခြင်းက နျဲ့ကျင့်ထိုင်မှ မိမိအား လိုက်လံသတ်ဖြတ်နေသည့် လုပ်ရပ်များကို ရပ်တန့်သွားစေမည် မဟုတ်သော်လည်း မျှော်လင့်မထားသော အပြောင်းအလဲများစွာကိုတော့ ရှောင်ရှားနိုင်လေသည်။
'ချူယွန်ဖေးကို လုပ်ကြံတဲ့ကိစ္စက မပြီးသေးဘူးပဲ။ တစ်ကြိမ် ကျရှုံးရုံနဲ့ နျဲ့ကျင့်ထိုင်က နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ နောက်ပိုင်း သေချာပေါက် ထပ်လုပ်ကြံကြမှာပဲ။ ဒါပေမဲ့ ဒါက အင်အားစုနှစ်ခု အားပြိုင်နေကြတာဆိုတော့ ငါ့လို လူသတ်သမားလေး တစ်ယောက်က ဝင်စွက်ဖက်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။’
‘ဘာပဲဖြစ်ဖြစ် ချူယွန်ဖေး မသေသေးဘူးဆိုတော့ ဒီတစ်ကြိမ် ပြီးသွားရင် သူ သေချာပေါက် ခုခံဖို့လုပ်ထားမှာပဲ။ အချိန်တိုအတွင်းတော့ သူ့အတွက် ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး။'
ချူချင်းသည် ဤအချိန်ကို အခွင့်ကောင်းယူကာ ထျန်းဝူမြို့တော်မှ တိုက်ရိုက် ထွက်ခွာသွားရန် အနည်းငယ် တွေဝေနေမိသည်။
ဝူချန်းဟွမ်ချိန်းဆိုထားသည်နှင့် ပတ်သက်၍ သူ့စိတ်တိုင်းကျဆုံးဖြတ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ‘ညဧကရာဇ်’ဆိုသည့် အမည်ဝှက်ကို လွှင့်ပစ်လိုက်ရလည်း နှမြောစရာတော့ မရှိပေ။
သို့သော် သဘောတူထားပြီးမှ မသွားပါက ဝူချန်းဟွမ် သံသယဖြစ်သွားနိုင်သည်။ ထိုအချိန်၌ သူမက မိမိကိုရှာတွေ့နိုင်မည် မဟုတ်သော်လည်း တစ်ခုတည်းသော စိုးရိမ်စရာမှာ သူမက ဤကိစ္စကို မတော်တဆ နှုတ်ချော်သွားမည်ကိုပင်။
ထိုသို့ဖြစ်ပါက ချူချင်း လက်စဖျောက်ထားခဲ့သော လမ်းကြောင်းကို နျဲ့ကျင့်ထိုင်က တစ်ဖန် ပြန်လည် ခြေရာခံမိသွားနိုင်ချေရှိ၏။
ထို့အပြင် ဂိုဏ်းတူညီမလေးဝမ် ကိစ္စလည်း ရှိသေးသည်။
သို့သော် ချူအိမ်တော်မှ ထွက်ခွာလာပြီးကတည်းက မိမိနောက်မှ တစ်ချိန်လုံး လိုက်လာခဲ့သူကို တွေးမိလိုက်ချိန်တွင် သူက သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"ပြဿနာကျန်နေသေးတာပဲ..."
အလောင်းကို ရှင်းလင်းပြီးနောက် ချူချင်းသည် ပတ်ဝန်းကျင်ရှိ လယ်သမားအိမ်တစ်အိမ်တွင် အဝတ်အစားတစ်စုံ လဲလှယ်လိုက်ပြီး ထုံးစံအတိုင်း ငွေနှစ်တန်ကိုတော့ ချန်ရစ်ထားခဲ့လေသည်။
မိမိကိုယ်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် ထျန်းဝူမြို့တော်သို့ ပြန်လည်ဝင်ရောက်လာခဲ့၏။
စနစ်ဘက်တွင်လည်း ဖွင့်ရန်ကျန်နေသေးသော ရတနာသေတ္တာတစ်လုံး ရှိနေသေးသည်။
ရှင်းယိုဟန်ကို သတ်ပြီးနောက် ဤရတနာသေတ္တာထဲမှ မည်သည့်ပစ္စည်းကောင်းများ ထွက်လာမည်ကိုတော့ သူမသိသေးပေ။
အတွင်းအားကျင့်စဉ်ကဲ့သို့သော အရာမျိုးဆိုလျှင် အကောင်းဆုံးပင်။
စိတ်ထဲမှတွေးတောရင်း ချူချင်းလည်း မစောင့်ဆိုင်းနိုင်တော့သဖြင့် တည်းခိုခန်းသို့ တိုက်ရိုက်ပြန်ရန် ရည်ရွယ်လိုက်စဉ် ရုတ်တရက် အရှေ့ဘက်မှ ဆူညံသံတစ်သံကို ကြားလိုက်ရလေသည်။
တစ်စုံတစ်ခု ဖြစ်ပျက်နေသည့်ပုံပင်။
စိတ်ထဲတွင် အလုပ်ကိစ္စများ ရှိနေသေးသဖြင့် ချူချင်းက ဤအရာများကို အာရုံမစိုက်လိုသော်လည်း တစ်ချက် ဝေ့ကြည့်လိုက်ချိန်တွင် ရင်းနှီးနေသော လူတစ်ယောက်ကို မြင်လိုက်ရ၏။
"ထန်ရှီးလား။"
ထိုလူသည် ယခုအချိန်တွင် ဆေးခန်းတစ်ခု၏အရှေ့၌ရှိနေပြီး သူ၏မျက်နှာချင်းဆိုင်တွင် လော့ယွီခန်းမဆောင်မှ တပည့်အချို့၏ ဖိချုပ်ထားခြင်းကို ခံနေရသည့် အရိုးပေါ်အရေတင် ပိန်ချုံးနေကာ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေသော လူငယ်တစ်ဦး ရှိလေသည်။
သူ၏လက်ထဲတွင် ဓားတစ်လက်ကို ဆုပ်ကိုင်ထားပြီး ပါးစပ်မှလည်း အဆက်မပြတ် ဒေါသတကြီး အော်ဟစ်နေကာ ထိုထန်ရှီးဆိုသူကို ပြေးခုတ်ရန် ကြိုးစားနေ၏။
ချူချင်းက အံ့သြတကြီးကြည့်နေစဉ် ဘေးနားမှ လူအချို့ တီးတိုးပြောဆိုနေသည်ကို ကြားလိုက်ရသည်။
"စလာပြန်ပြီ... ဘယ်နှကြိမ်ရှိနေပြီလဲ။"
"မသိပါဘူး၊ အနည်းဆုံး သုံးကြိမ်တော့ ရှိနေပြီ..."
"ငါပြောရရင်တော့ သခင်လေးထန်က သဘောထားကြီးလို့သာပေါ့။ တခြားလူသာဆိုရင် ဒီအာ့ကုံ သေနေတာ ကြာလှပြီ။"
"ဟူး... မပြောပါနဲ့တော့၊ သူလည်း သနားစရာကောင်းပါတယ်။"
ချူချင်းက သူတို့ပြောစကားကို ကြားသောအခါ အနည်းငယ် အံ့သြသွားပြန်သည်။ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း ဤသည်ကား ပထမဆုံးအကြိမ်မဟုတ်ပေ။
ထို့ကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအနီးသို့ တိုးကပ်သွားကာ တီးတိုးမေးလိုက်၏။
"ဦးလေး... ဒါက ဘာဖြစ်တာလဲ။ ဘာလို့ ဓားတွေဘာတွေပါ ထုတ်သုံးနေကြတာလဲ။"
ထို လူလတ်ပိုင်းအမျိုးသားက ချူချင်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာက ရိုးအပုံပေါ်ကာ သာမန် လယ်သမားအဝတ်အစားကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ ပြောလိုက်လေသည်။
"ထျန်းဝူမြို့တော်ကို ခုမှရောက်ဖူးတာလား။"
ချူချင်းက ရိုးအစွာ ရယ်မောလိုက်၏။
"ဦးလေးရဲ့အမြင်က တကယ်ကို စူးရှတာပဲ။ ကျွန်တော်က မြို့ထဲကို ဝင်ပြီး ဝမ်းရေးအတွက် အလုပ်လာရှာတာပါ။ ထျန်းဝူမြို့တော်က မြို့ကြီးဖြစ်ပြီး မြို့တော်ဝန်ကလည်း ကာကွယ်ပေးထားတယ်လို့ ကြားဖူးပေမဲ့ ဘာလို့ လမ်းမပေါ်မှာ ဓားတွေထုတ်သုံးတဲ့ လူတွေ ရှိနေရတာလဲ။"
"ဒါက မင်း မသိသေးလို့ပါ။"
လူလတ်ပိုင်းအမျိုးသားက ချူချင်းကို တီးတိုးပြောပြလေသည်။
"ဟို လူငယ်လေးရဲ့ နာမည်က အာ့ကုံ တဲ့။ ရှီလီမြို့နယ်မှာ နေတယ်။ အရင်က သူ့မှာ စေ့စပ်ထားတဲ့မိန်းကလေးရှိတယ်။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက ချစ်လာကြတာ။ မင်္ဂလာပွဲကျင်းပခါနီးမှ မိန်းကလေးက ပျောက်သွားခဲ့တယ်။”
“ပြန်ရှာတွေ့တဲ့ အချိန်မှာတော့... အား... အတော်လေး အဖြစ်ဆိုးတာကွ။ လက်တွေ ခြေထောက်တွေ အားလုံးကို ဖြတ်တောက်ခံထားရပြီး တစ်ကိုယ်လုံးမှာ အသားကောင်း တစ်စမှတောင် မကျန်တော့ဘူး။ သေတာတောင် မျက်စိမမှိတ်နိုင်ရှာဘူး။"