အခန်း ၂၇
Vol. 3 Ch. 27
အခန်း (၂၇) - မိုးရွာသွန်းခြင်း
လူလတ်ပိုင်းအမျိုးသားက ဤနေရာအထိပြောပြီးနောက် သူ၏မျက်နှာမှာ ညှိုးငယ်နေ၏။
ယုန်သေလျှင် မြေခွေးဝမ်းနည်းရသကဲ့သို့ သတ္တဝါတို့သည် မိမိနှင့်အမျိုးတူသူများ ထိခိုက်ခံရချိန်တွင် ကြေကွဲတတ်ကြပေသည်။ ဤသို့သော ကိစ္စရပ်များကို ကြားရသောအခါ ကိုယ်ချင်းစာစိတ်ဝင်မိခြင်းကို ရှောင်လွှဲ၍မရနိုင်ပေ။
ချူချင်းပင်လျှင် ဤစကားများကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားလေသည်။
"ဒီလောက်တောင် စိတ်ဓာတ်အောက်တန်းကျတာလား။ ဒါပေမဲ့ ဒါက အခုကိစ္စနဲ့ ဘယ်လိုပတ်သက်နေလို့လဲ။"
"ဒါကြောင့်မို့ တိုက်ဆိုင်တယ်လို့ ပြောကြတာပေါ့။"
ထိုလူလတ်ပိုင်းအမျိုးသားက လက်ပိုက်ကာပြောလိုက်၏။
"ဟိုဘက်က လူငယ်လေးက သာမန်မဟုတ်ဘူး။ သူက ဦးလေးတို့ ထျန်းဝူမြို့ လော့ယွီခန်းမဆောင်ရဲ့ ခန်းမသခင်လေးလေ။ မိသားစုရဲ့ စီးပွားရေးကလည်း အလွန်ကြီးတယ်။”
“ပတ်ဝန်းကျင်က မြို့ငယ်လေးတော်တော်များများမှာ သူတို့မိသားစုစီးပွားရေးလုပ်ငန်းတွေဆိုတာ အများကြီးပဲ။ ဒီရှီလီမြို့နယ်မှာလည်း ရှိတာပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီမိန်းကလေး သေသွားတဲ့အချိန်က သခင်လေးထန်က ရှီလီမြို့ကို ရောက်နေတဲ့အချိန်ကြီး။”
“ဘယ်လိုဖြစ်လည်းမသိပါဘူး၊ အာ့ကုံကတော့ သူ့ချစ်သူကို သတ်သွားတာ သခင်လေးထန်ပဲဆိုပြီး တစ်ထစ်ချယုံကြည်နေတော့တာပဲ။ ပြီးတော့ လူကိုလည်း လိုက်သတ်နေတာ။”
“သခင်လေးထန်ကတော့ ဖြေရှင်းလို့မရအောင် စွပ်စွဲခံရပေမဲ့ သူ့ရဲအဖြစ်ကို သနားလို့ အပြစ်မယူဘဲ ရှီလီမြို့နယ်က ကိစ္စတွေပြီးတာနဲ့ ထျန်းဝူမြို့ကို အမြန်ပြန်လာခဲ့တယ်။ ဒီအာ့ကုံက ထျန်းဝူမြို့အထိ လိုက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။”
“ဒီကိစ္စက မြို့တော်ဝန်အိမ်တော်ကိုပါ ဂယက်ရိုက်သွားပြီး မြို့တော်ဝန်ဝူ ကိုယ်တိုင် စုံစမ်းစစ်ဆေးခဲ့ပေမဲ့ ဘာရလဒ်မှ မထွက်လာခဲ့ဘူးလေ။”
“သူက တစ်နေကုန် လော့ယွီခန်းမဆောင် အပေါက်ဝမှာ ပိတ်ရပ်ပြီး ပြဿနာ အကြိမ်ကြိမ် ရှာခဲ့တယ်။ လော့ယွီခန်းမဆောင်က လူတွေက သူ့ကို အကြိမ်ကြိမ် ဖမ်းမိခဲ့ပေမဲ့ အကြိမ်တိုင်း သခင်လေးထန်ကပဲ သူ့ကို လွှတ်ပေးခဲ့တာ။”
“နောက်ပိုင်းကျတော့ လော့ယွီခန်းမဆောင်က သူ့ကို အပေါက်ဝမှာ ပေးမနေတော့ဘဲ မြင်တာနဲ့ မောင်းထုတ်ကြတော့တာပဲ။ ဒါပေမဲ့ သူက လုပ်ကြံဖို့အခွင့်အရေး အမြဲတမ်းရတယ်။ ဒီလထဲမှာဆို သုံးကြိမ်တောင် ရှိနေပြီ။"
ထိုလူလတ်ပိုင်းအမျိုးသားသည် ထိုအကြောင်းကို ရေစီးကမ်းပြိုလာသည့်အလား၊ ကိုယ့်အိမ်ရှိ ပစ္စည်းများကို ရေတွက်ပြနေသကဲ့သို့ ချောမွေ့စွာ ပြောဆိုနေလေသည်။ ထိုကိစ္စသည် ထျန်းဝူမြို့တွင် အဆန်းတကြယ် မဟုတ်တော့သည်မှာ ထင်ရှားနေ၏။ ချူချင်းသည် နားလည်သွားဟန်ဖြင့် ပြောလိုက်လေသည်။
"ဒီသခင်လေးထန်က တကယ့်ကို လူကောင်းတစ်ယောက်ပဲ။"
"ဟုတ်ပါ့ဗျာ။"
ထိုလူလတ်ပိုင်းအမျိုးသားက ကြားသောအခါ ချူချင်းအား စကားအနည်းငယ် ထပ်ပြောလိုက်သေးသည်။ ထိုအချိန်မှာပင် ထန်ရှီးသည် သူ့လူများကိုခေါ်ကာ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး အာ့ကုံမှာမူ လမ်းဘေးသို့ပစ်ချခံလိုက်ရ၏။
စိတ်ဝင်စားစရာမရှိတော့သဖြင့် လူအုပ်ကြီးမှာ အလျင်အမြန်ပင် လူစုကွဲသွားကြလေသည်။ ထိုအာ့ကုံသည် လမ်းဘေးတွင် ခဏတာမှိုင်တွေနေပြီးမှ ဓားကိုဆွဲကာ ဘေးဘက်ရှိလမ်းသွယ်လေးထဲသို့ ဝင်သွားတော့သည်။
သူသည် ခြေလှမ်းယိုင်နဲ့စွာဖြင့် စိတ်လွင့်နေသူတစ်ဦးကဲ့သို့ လျှောက်သွားနေ၏။ သူ၏ နှုတ်ခမ်းဖျားတွင်လည်း 'ငါမင်းကို တောင်းပန်ပါတယ်'၊ 'ငါအသုံးမကျတာပါ' စသည့် စကားများကိုသာ တတွတ်တွတ် ရေရွတ်နေလေသည်။
ရုတ်တရက် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး မျက်ဝန်းအတွင်း၌ သွေးရောင်တစ်ချက် လွှမ်းမိုးသွားသည်။ ထို့နောက် ဓားကိုပြောင်းပြန်လှည့်ကာ မိမိ၏လည်မျိုကို ထိုးချရန် ပြင်လိုက်၏။
အရိပ်ထဲတွင် ပုန်းကွယ်နေသော ချူချင်း၏ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားလေသည်။ သူသည် ထန်ရှီးအပေါ် သံသယအနည်းငယ်ရှိပြီး ထိုလူ၌လည်း ပြဿနာတစ်ခုခုရှိနေသည်ဟု ခံစားရသောကြောင့် အာ့ကုံနောက်သို့လိုက်ကာ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိနိုင်မည်ထင်ကာ စောင့်ကြည့်နေခြင်းဖြစ်၏။
ထို့အပြင် အာ့ကုံ၏အခြေအနေအရ မိမိအတွက် တာဝန်တစ်ခု ဖြစ်မြောက်လာနိုင်သည်ဟုပင် တွေးထားသေးသည်။ သို့သော် ဤလူက ဤမျှပြတ်သားပြီး ကိုယ့်ကိုယ်ကို သတ်သေမည်ဟု သူမထင်ထားခဲ့ပေ။
ထို့ကြောင့် သူက ချက်ချင်း ဝင်ရောက်တားဆီးရန်ပြင်လိုက်ချိန်တွင် လေခွင်းသံက ရုတ်တရက် ထွက်ပေါ်လာ၏။ လေထဲမှ ပျံသန်းလာသော ကျောက်ခဲတစ်လုံးက 'ဖြောင်း'ခနဲ မြည်သံနှင့်အတူ အာ့ကုံ၏လက်ထဲမှဓားတိုကို ပစ်ချလိုက်လေသည်။
ချူချင်း၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး မိမိ၏အသက်ရှူသံကို ဖုံးကွယ်ကာ မလှုပ်မယှက်နေလိုက်သည်။ လမ်းသွယ်လေး၏အဆုံးမှ သရဲတစ္ဆေတစ်ကောင်အလား လျင်မြန်စွာ ရောက်ရှိလာသော လူရိပ်တစ်ခုကို သူ မြင်လိုက်ရ၏။
သူ၏ကိုယ်ဟန်မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး တစ်ကြိမ်ပျောက်ကွယ်သွားတိုင်း ရှေ့သို့ သုံးပေခန့်တိုးလာလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အာ့ကုံ၏ရှေ့သို့ ရောက်ရှိလာပြီး မျက်နှာပေါ်လာသောအခါ ထန်ရှီးဖြစ်နေသည်ကို တွေ့လိုက်ရပေသည်။
အာ့ကုံသည် ထန်ရှီးကို မြင်သောအခါ မျက်လုံးများ ပိုမိုနီရဲလာတော့သည်။
"ခွေးကောင်။"
ထန်ရှီးကမူ သွားဖြီးကာပြုံးလိုက်၏။
"မင်း ဒီလောက် တက်ကြွနေတာကို မြင်ရတော့ ငါစိတ်အေးသွားပြီ။ ဒါပေမဲ့ မင်းပုံစံကို ကြည့်ရတာ ခုနက ကိုယ့်ကိုယ်ကို သတ်သေချင်နေသလိုပဲ။ မင်း ဒီလောက်လေးနဲ့ မျှော်လင့်ချက်မဲ့သွားတာတော့ မဟုတ်ပါဘူးနော်။"
အာ့ကုံ၏မျက်ဝန်းများမှာ ရဲရဲနီနေပြီး လက်ထဲရှိ ဓားတိုကိုလှည့်ကာ ထန်ရှီးထံသို့ ပြင်းထန်စွာ ထိုးချလိုက်သည်။ သို့ရာတွင် ဓားသွားသည် ရှေ့သို့ရောက်လာချိန်တွင် ထန်ရှီးက လက်ကိုဝှေ့ယမ်းလိုက်ရာ ဓားတိုမှာ ချက်ချင်း လွင့်စင်သွားလေသည်။
ထို့နောက် ခြေတစ်ချက် ကန်ထည့်လိုက်ရာ အာ့ကုံတစ်ကိုယ်လုံး နောက်သို့ လွင့်စင်သွားပြီး နံရံကို ပြင်းထန်စွာ ရိုက်မိသွား၏။ သူသည် နံရံတစ်လျှောက် အောက်သို့ လျှောကျသွားပြီး ပါးစပ်မှလည်း သွေးများစီးကျလာလေသည်။
နေ့လည်ပိုင်းကပင် ရှင်းယိုဟန်၏ ကန်ချက်ကို ခံထားရသဖြင့် သေမည်ရှင်မည် မသိရဘဲ ဆေးခန်းအပေါက်ဝတွင် ရှိနေစဉ်ကလည်း မျက်နှာတစ်ခုလုံး ဖြူလျော်နေခဲ့သေးသည်။ သို့သော် ယခု လှုပ်ရှားချိန်တွင် လျင်မြန်သွက်လက်နေပြီး စကားပြောရာတွင်လည်း အသံဩဇာ ပြည့်ဝနေကာ မည်သည့်နေရာကများ အားနည်းနေသနည်း။
"တကယ်တော့ မင်း မျှော်လင့်ချက်မဲ့သွားတာလည်း အကြောင်းပြချက်ရှိပါတယ်လေ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ဇနီးလောင်းကို သတ်ခဲ့တဲ့သူက မင်းမျက်စိရှေ့မှာတင် ရှိနေတာပဲလေ။”
“ဒါပေမဲ့ မင်း ဘယ်သူ့ကို သွားပြောပြော ဘယ်သူမှ မင်းစကားကို ယုံမှာ မဟုတ်ဘူး။ ဒီနေ့ သူတို့ ဘာတွေပြောနေကြလဲဆိုတာ မင်း ကြားတယ်မလား။ သခင်လေးထန်က လူကောင်းပါလား။”
“သခင်လေးထန်က စိတ်ထားကောင်းလို့သာပေါ့၊ တခြားသူသာဆိုရင် အာ့ကုံဆိုတဲ့ကောင် သေတာ ဘယ်နှစ်ခါရှိနေပြီမှန်းတောင် သိမှာ မဟုတ်ဘူးတဲ့။ ဟားဟားဟား၊ မင်း ကြည့်စမ်း၊ စိတ်ဝင်စားစရာ မကောင်းဘူးလား။"
ထန်ရှီးက အာ့ကုံ၏ပခုံးကို ခြေတစ်ဖက်ဖြင့် နင်းဖိထားကာ ဖြည်းညင်းစွာ ချဉ်းကပ်လာ၏။
"တကယ်တော့ လူသတ်ခဲ့တာက ငါပဲ။ ဒါပေမဲ့ ဘယ်သူကမှ မင်းကို မယုံချင်ကြဘူးလေ။ ငါ့ရဲ့ လော့ယွီခန်းမဆောင်က ကြီးကျယ်ခမ်းနားပြီး ဩဇာအာဏာလည်း ကြီးတယ်။”
“မင်းဆီမှာ သက်သေမရှိသရွေ့ မြို့တော်ဝန်အိမ်တော်ကတောင် ငါ့ကို ဘာမှလုပ်လို့ မရဘူး။ မင်း ဘယ်လိုလုပ်မလဲ။ မင်းအစား ငါတောင် မျှော်လင့်ချက်မဲ့တယ်ကွာ။ ဒါပေမဲ့ မင်းသေချင်တယ်ဆိုရင်တော့ ဒါက မင်းအမှားပဲ။”
“မင်း ဒီမျှော်လင့်ချက်မဲ့နေတဲ့ကြားမှာ ညဉ်းပန်းနှိပ်စက်ခံနေရတဲ့ ပုံစံလေးကို ကြည့်ရတာ ငါ သဘောကျတယ်။ မင်း သေသွားရင် ငါ ဘယ်လောက်တောင် ပျင်းစရာကောင်းသွားမလဲ။"
ဤနေရာအထိပြောပြီးနောက် အာ့ကုံအား နင်းဖိထားသော ခြေထောက်ကို ဖယ်ရှားလိုက်ပြီးနောက် ပြုံးစိစိဖြင့် ပြောလိုက်လေသည်။
"ပြောရမယ်ဆိုရင် မင်းကို မြင်ရတိုင်း အဲ့ကောင်မလေး သတိရမိတယ်။ အဲ့ကောင်မလေးက အသက်ငယ်ပေမဲ့ တော်တော်လေး ချစ်ဖို့ကောင်းတာပဲ။ ကြောက်လန့်နေတဲ့အချိန် ငိုနေတဲ့ပုံလေးက သနားကမားလေးကွာ။ ဒါပေမဲ့ အရမ်းရုန်းကန်ချင်နေတာ။”
“ဘာတတ်နိုင်မှာလဲ၊ ငါလည်း ရက်ရက်စက်စက်နဲ့ သူ့လက်ကို ခုတ်ဖြတ်ပစ်လိုက်ရတယ်။ ဒါပေမဲ့ မင်း စိတ်ချပါ၊ ငါ သူ့ကို ကောင်းပေ့ဆိုတဲ့ ဒဏ်ရာပျောက်ဆေးတွေ ချက်ချင်း လူးပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ သူက ငါ့ကို တွန်းမထုတ်နိုင်တော့ပေမဲ့ ထွက်ပြေးချင်နေတုန်းပဲ။”
“အဲ့ဒါနဲ့ ငါလည်း သူ့ခြေထောက်တွေကိုပါ ခုတ်ဖြတ်ပစ်လိုက်တယ်။ ဒါဆို သူ ထွက်ပြေးလို့ မရတော့ဘူးလေ။ နှမြောစရာကောင်းတာက နောက်ပိုင်းကျတော့ သူက ထုံထိုင်းသွားသလိုပဲ၊ အသံတောင် မထွက်နိုင်တော့ဘူး။”
“ငါ သူ့ကို ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ သူက ဝက်သေတစ်ကောင်လိုပဲ ငြိမ်နေတော့ ငါ ချက်ချင်းကို ပျင်းသွားတာ။ မင်း သိလား။ သူက ငါ့ရဲ့ လည်ပင်းညှစ်တာကို ခံရပြီး သေသွားတာလေ။ သနားစရာလေး သူ မသေခင်မှာတောင် အစ်ကိုအာ့ကုံဆိုပြီး အော်နေသေးတာ။"
"အား။"
ထိုစကားများသည် အဆိပ်လူးအပ်များကဲ့သို့ အာ့ကုံ၏ တစ်ကိုယ်လုံးကို ဖောက်ထွင်းသွားပြီး သူ့ကို ရူးသွပ်မတတ် ဒေါသထွက်စေလေသည်။ မျက်နှာပေါ်ရှိ သွေးကြောများမှာ တစ်ချောင်းချင်း ထောင်ထလာပြီး ထိုအထဲတွင် အမည်းရောင် သွေးများ စီးဆင်းနေသကဲ့သို့ ဖြစ်နေ၏။
ထန်ရှီးက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အာ့ကုံ၏ ဤအခြေအနေကိုကြည့်ကာ မျက်ဝန်းထဲတွင် အရူးအမူး ဝမ်းသာသွားသောအရိပ်အယောင်များ တောက်ပလာလေသည်။
"မြန်မြန်လေး... မြန်မြန်လေးလုပ်စမ်း။"
နံရံခေါင်မိုးနောက်တွင် ပုန်းကွယ်နေသော ချူချင်းသည် ဤမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်ထားမိ၏။
"ဒါက..."
ထိုအချိန်တွင် အာ့ကုံသည် ခွန်အားများအားလုံး ကုန်ခမ်းသွားသကဲ့သို့ တစ်ကိုယ်လုံးမှာ ရုတ်တရက် မျက်လုံးများလန်သွားပြီး သတိလစ်မေ့မြောသွားလေတော့သည်။ ထန်ရှီး၏မျက်နှာပေါ်ရှိ ဝမ်းသာနေသော အရိပ်အယောင်များ ချက်ချင်းပျောက်ကွယ်သွားပြီး အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
"အသုံးမကျတဲ့ကောင်။"
ပြောပြီးနောက် သူသည် အင်္ကျီလက်ကိုခါကာ လှည့်ထွက်သွားတော့သည်။
ချူချင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားခန်း ဝင်နေလေသည်။ လမ်းသွယ်လေးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ ချူချင်းက ပတ်ဝန်းကျင်ကို သတိထား၍ စူးစမ်းလိုက်ပြီးနောက် လူမရှိတော့သည်ကို သေချာမှသာ အာ့ကုံရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
သူ၏အင်္ကျီရင်ဘတ်ကို လက်ဖြင့် ဆွဲဟဖွင့်ကြည့်လိုက်ရာ ရင်ဘတ်ပေါ်တွင် အမည်းရောင်သွေးကြောမျှင်များ ပြည့်နှက်ရစ်ပတ်နေသည်ကို မြင်လိုက်ရပြီး ထိုအရာများမှာ ယခုအခါတွင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားနေ၏။ ချူချင်း၏မျက်နှာမှာ အေးစက်သွားလေသည်။
"ထင်တဲ့အတိုင်းပဲ။"
သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး အာ့ကုံအားမထိတော့ဘဲ ခေါင်မိုးပေါ်သို့ ပြန်လည်ခုန်တက်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။
ကောင်းကင်သည် တဖြည်းဖြည်း မှောင်မည်းလာပြီး ညနေစောင်းအချိန်သို့ ရောက်သောအခါ မူလက ကြည်လင်နေသော ကောင်းကင်ယံမှ ရုတ်တရက် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ အချိန်အနည်းငယ်အကြာတွင် မိုးသည်းထန်စွာရွာသွန်းလာလေသည်။
ဤအရာက သတိလစ်နေသော အာ့ကုံအား မျက်လုံးများကို ဖြည်းညင်းစွာ ပွင့်လာစေသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေခွဲမရဖြစ်ကာ တစ်ချက်ကြည့်လိုက်ပြီး အတိတ်မှတ်ဉာဏ်များ အကုန် ပြန်လည်ဝင်ရောက်လာပြီးနောက် မျက်နှာတွင် မှိုင်းညို့နေသော အမူအရာဖြင့် ထလာလေသည်။
ထို့နောက် မြေပြင်ပေါ်ရှိ ထိုဓားတိုကို ကောက်ယူကာ စကားတစ်ခွန်းမှမဟဘဲ လမ်းသွယ်ထဲသို့ လျှောက်သွားလေ၏။
သို့သော် ခြေနှစ်လှမ်းခန့်မျှသာ လျှောက်ရသေးချိန်တွင် ခေါင်းပေါ်မှ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။
"သူ့ကို သတ်ဖို့ ငါကူညီပေးနိုင်တယ်။"