အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) - ဇီရှားရော့ရွှီကျမ်း
အသံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် အာ့ကုံ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး သတိမထားမိဘဲ မော့ကြည့်လိုက်မိသည်။
မျက်နှာဖုံးစွပ်ထားသူတစ်ဦး ထိုနေရာတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ မိုးရေများ ကျဆင်းနေသော်လည်း ထိုသူက မလှုပ်မယှက် ရှိနေပေသည်။
"ခင်ဗျား... ခင်ဗျားက ဘယ်သူလဲ။"
အာ့ကုံသည် သူသတိပြန်လည်လာချိန်တွင် အခြားလူတစ်ယောက်ကို မြင်တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
သို့သော် သူက အလွန်သတိထားနေမိ၏။ သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက သူ့ကို သတိမထားမိဘဲ မနေနိုင်အောင် ဖန်တီးထားလေသည်။
ထန်ရှီးသည် ငရဲပြည်မှ ထွက်ပေါ်လာသော တစ္ဆေတစ်ကောင်နှင့် တူပေသည်။ သူ့ကို စတင်တွေ့ရှိချိန်မှစ၍ မိမိ၏ဘဝတွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် အမုန်းတရားများသာ ကျန်ရစ်တော့သည်ကို ခံစားရလေသည်။
စေတနာရှင်တစ်ဦး ရုတ်တရက် ပေါ်လာပြီး သူ့ကိုကူညီမည်ကို ယုံကြည်ရန် ခက်ခဲနေသည်။
"ကျုပ်က လူသတ်သမားတစ်ယောက်ပဲ။"
ထိုသူ၏အဖြေကြောင့် အာ့ကုံ၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး ဓားချွန်တစ်လက်က သူ၏နှလုံးသားကို ချိန်ရွယ်ထားသကဲ့သို့ ခံစားလိုက်ရလေသည်။
တစ်ခုခုလှုပ်ရှားလိုက်သည်နှင့် တစ်ဖက်လူ၏သတ်ဖြတ်ခြင်းကို ခံရနိုင်ပေသည်။
သို့သော် နောက်တစ်ခဏတွင် သူ၏စိတ်ဓာတ်များ ပြန်လည်တက်ကြွလာတော့၏။
'လူသတ်သမား... လူသတ်သမားက လူသတ်တာ သဘာဝကျတယ် မဟုတ်ဘူးလား။'
အတွေးတို့နှင့်အတူ စိတ်ဓာတ်တက်ကြွလာသော်ငြား မိုးရေများကြောင့် ပြန်လည်ငြိမ်သက်သွားပြီးနောက် သူက ခါးသီးစွာ ပြုံးလိုက်လေသည်။
"ကျွန်တော်မှာ...ပိုက်ဆံမရှိဘူး။"
စကားဆုံးသွားသည်နှင့် သူက ချူချင်းကို ရုတ်တရက် မော့ကြည့်လိုက်၏။
"ဒါပေမဲ့ ခင်ဗျားက သူ့ကိုသတ်ဖို့ တကယ်ကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော့်အသက်ကိုတောင်းရင်တောင် ပေးနိုင်တယ်။"
ထို့သို့ပြောပြီးနောက် သူက ခေါင်မိုးပေါ်ကလူကို စိုးရိမ်တကြီး ကြည့်နေလေသည်။
ထိုစကားကို ကြားပြီးနောက် တစ်ဖက်လူက လှည့်ထွက်သွားမည်လား သို့မဟုတ် ဒေါသထွက်ကာ သူ့ကို ချက်ချင်းပင်သတ်ပစ်မည်လား ဆိုသည်ကို သူမသိပေ။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စက အနူလက်ဖြင့် ရွှေခွက်နှိုက်ချင်နေသကဲ့သို့ ဖြစ်နေသည်ပင်။
သို့သော် ထိုသူက ရုတ်တရက် ရယ်မောလိုက်ပြီးနောက် အသံကိုနှိမ့်ကာ ပြောလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"ကတိတည်ပါစေ။"
"ဘာဗျ။"
'သူက သဘောတူလိုက်တာလား။'
အာ့ကုံ ကြောင်အသွားလေသည်။
"ခင်ဗျားနေတဲ့နေရာကို ကျုပ်ကိုပြော။ ကိစ္စပြီးသွားရင် ခင်ဗျားအသက်က ကျုပ်အပိုင်ပဲ။"
"ဒါပေမဲ့ အဲ့ဒါမတိုင်ခင် ဒီကိစ္စတစ်ခုလုံးကို အစကနေ အဆုံးထိ ကျုပ်ကို ရှင်းရှင်းလင်းလင်း ပြောပြဖို့တော့ လိုတယ်။"
...
ဤမိုးက ထင်ထားသည်ထက်ပို၍ သည်းထန်နေလေသည်။
ချူချင်း တည်းခိုခန်းသို့ ပြန်ရောက်ချိန်တွင် အပြင်ဘက်၌ မိုးများရွာသွန်းလျက် မှိုင်းညို့နေပြီ ဖြစ်၏။
သူက စားပွဲထိုးလေးထံမှ ရေနွေးတစ်စည်တောင်းကာ ရေချိုးလိုက်ပြီးနောက် ခေါင်းထဲတွင် အာ့ကုံ ပြောခဲ့သောစကားများကို ပြန်လည်တွေးတောနေတော့သည်။
ဖြစ်စဉ်တစ်ခုလုံးက ချူချင်း စိတ်ထဲတွင် ခန့်မှန်းထားသည်နှင့် သိပ်မကွာခြားလှပေ။
အာ့ကုံ၏အဆိုအရ ထန်ရှီးသည် အစကတည်းက သူတို့နှင့် မသိကျွမ်းခဲ့ဘဲ လမ်းမပေါ်တွင် မြင်တွေ့ခဲ့ရုံမျှသာ ဖြစ်ပြီး ထိုညမှာပင် သူ၏ချစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်လေသည်။
သူက အရူးတစ်ယောက်လို ရက်အတော်ကြာ ရှာဖွေခဲ့သော်လည်း နောက်ဆုံးတွင် မြို့နယ်မှတ်တိုင်အနီး၌ လူရုပ်မပေါက်တော့သော ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ရ၏။
စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသော်လည်း မည်သို့လုပ်ရမည်ကို မသိခဲ့ပေ။
သူက ချစ်သူနှင့်အတူ အသေခံရန် ရည်ရွယ်ထားခဲ့သော်လည်း နောက်ဆုံးတွင် ထန်ရှီးပေါ်လာခဲ့သည်။
ထန်ရှီးက ထိုမိန်းကလေးကို မည်သို့ ဖမ်းဆီးခဲ့ကြောင်းနှင့် မည်သို့ အသတ်ခံခဲ့ရကြောင်းကို အာ့ကုံအား အသေးစိတ်ရှင်းပြခဲ့လေသည်။ ဖြစ်စဉ်တစ်ခုလုံးကို ရှင်းလင်းပြတ်သားစွာ ပြောပြခဲ့သောကြောင့် အာ့ကုံမှာ အမျက်ဒေါသများ ပေါက်ကွဲထွက်လာကာ ထိုနေရာမှာပင် ပြေးဝင်၍ ကလဲ့စားချေချင်စိတ်များ ဖြစ်ပေါ်သွားတော့၏။
နှမြောဖွယ်ကောင်းသည်မှာ သူက သိုင်းပညာမတတ်မြောက်ပေ။ ထန်ရှီး၏ အရိုက်ခံရခြင်းမှလွဲ၍ မည်သည်မျှ မဖြစ်မြောက်ခဲ့ချေ။
ထိုနေ့မှစ၍ သူ၏ရင်ထဲတွင် ထန်ရှီးကို သတ်ရမည်ဟူသော စွဲလမ်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
လမ်းတစ်လျှောက်လုံး လိုက်လံရှာဖွေကာ သတ်ရန် ကြိုးစားခဲ့ရာ ယခုအချိန်ထိပင်ဖြစ်၏။
ယနေ့တွင် ခံစားရသော စိတ်ပျက်အားငယ်မှုက အလွန်ကြီးမားလွန်းသဖြင့် သူ့ကို အသက်ရှူမဝအောင် ဖိနှိပ်ထားလေသည်။ သူက နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
သူ ပင်ပန်းနေပြီဖြစ်ကာ သေလိုစိတ်များပေါ်လာ၏။ သို့သော် ထန်ရှီးက ထပ်မံပေါ်လာပြန်သည်။
သူသတ်သေရန် ကြံသည့်အချိန်တိုင်း ထန်ရှီးက ပေါ်လာတတ်ပြီး ထိုမိန်းကလေးကို မည်သို့နှိပ်စက်ခဲ့ကြောင်းကို အိမ်တွင်းရေးကိစ္စတစ်ခုလို အသေးစိတ် ပြန်လည်ပြောပြလေ့ရှိ၏။ ထို့ကြောင့် သူ၏ သတ်သေလိုသောအတွေးကို ဖျောက်ဖျက်စေပြီး အမုန်းတရားများကို ပိုမိုကြီးထွားလာစေခဲ့သည်။
"အမုန်းမိစ္ဆာသိုင်းပဲ။"
ချူချင်းက တီးတိုးရေရွတ်လိုက်ပြီးနောက် ရေချိုးစည်ထဲမှ ထွက်လာကာ အဝတ်အစားလဲပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်လေသည်။
စိတ်ကူးတစ်ခု လှုပ်ရှားလိုက်သည်နှင့် စနစ်မျက်နှာပြင်က ပေါ်လာတော့၏။
[လူသတ်သမား စနစ်]
[ပိုင်ရှင် - ချူချင်း]
[လက်ရှိတာဝန် - လော့ယွီခန်းမဆောင်၏ သခင်လေးထန်ရှီးအား လုပ်ကြံရန် (မပြီးဆုံးသေးပါ)]
[မဖွင့်ရသေးသော သိုင်းပညာ ရတနာသေတ္တာတစ်လုံးရှိပါသည်။ ဖွင့်မှာလား။]
"ဖွင့်မယ်။"
ချူချင်းက လက်ကိုပွတ်သပ်ကာ တီးတိုး ပြောလိုက်လေသည်။
ပိုကောင်းသည့်ဆုလာဘ်တစ်ခု ထွက်လာရန် ဆုတောင်းနေမိ၏။ သို့မဟုတ်ပါက နောက်ထပ်ပစ်မှတ်ကိုသတ်ရန် အတော်လေးခက်ခဲပေလိမ့်မည်။
[ဖွင့်လှစ်မှု အောင်မြင်ပါသည်။ အတွင်းအားသိုင်းပညာ - ဇီရှားနတ်သိုင်းကို ရရှိပါသည်။]
ချူချင်း၏ မျက်လုံးများက ချက်ချင်း တောက်ပသွားတော့သည်။
"ဇီရှားနတ်သိုင်း။"
'ဟွာဆန်းသိုင်းကိုးမျိုးမှာ ဇီရှားက ပထမပဲ။'
'ဒါလေးက မဆိုးဘူး။'
တစ်ချိန်တည်းမှာပင် အတွင်းအားတစ်ခုက တန်ထျန်းအနီးမှ ရုတ်တရက် ထွက်ပေါ်လာ၏။ ချူချင်း သေချာခံစားကြည့်ရန် အချိန်မရလိုက်မီ ရော့ရွှီကျမ်း၏ အတွင်းအားများက ချက်ချင်း လှုပ်ရှားလာကာ ဇီရှားနတ်သိုင်း၏ အတွင်းအားဆီသို့ တိုက်ရိုက်ကူးပြောင်းသွားတော့သည်။
ထိုအတွင်းအားနှစ်ခုက သူ၏ ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် တိုက်ခိုက်နေကြလေသည်။
ရော့ရွှီကျမ်းက အရင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ချူချင်း သက်သေပြနိုင်သော်လည်း ဇီရှားနတ်သိုင်းကလည်း အလျော့မပေးခဲ့ချေ။
ဤသည်မှာ အသေးအဖွဲ့ကိစ္စ မဟုတ်ချေ။ အတွင်းအား အပြောင်းအလဲတွင် အနည်းငယ်ပေါ့ဆမိပါက ဒဏ်ရာရနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်လေသည်။
ချူချင်းသည် အတွင်းအားများကို ထိန်းချုပ်နေရင်း တစ်ဖက်မှ ခေါင်းထဲရှိ ဇီရှားနတ်သိုင်းနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို လက်ခံရယူကာ စိတ်ထဲမှ တိတ်တဆိတ် ဆဲရေးနေတော့၏။
'ရော့ရွှီကျမ်းက တာအိုသိုင်းပညာဖြစ်ပြီး ဇီရှားနတ်သိုင်းကလည်း တာအိုသိုင်းပညာပဲ။'
'တာအိုသိုင်းပညာနှစ်ခုက ငြိမ်းငြိမ်းချမ်းချမ်း အတူမနေနိုင်ကြဘူးလား။'
'ဘာလို့ ရုတ်တရက် ထချကြတာလဲ။'
'ရွှမ်ဂိုဏ်းက စစ်မှန်ပြီး ဖြောင့်မတ်ငြိမ်းချမ်းတယ်လို့ အားလုံးက ပြောကြတယ်။ ဒါက ဘယ်နေရာက ငြိမ်းချမ်းနေလို့လဲ။'
သူက စိတ်တစ်ခုတည်းဖြင့် အလုပ်သုံးခုကို တစ်ပြိုင်နက် လုပ်ဆောင်ကာ အတွင်းအားနှစ်မျိုးကို ငြိမ်သက်သွားစေရန်နှင့် တိုက်ခိုက်မှုများကို ရပ်တန့်သွားစေရန် ကြိုးစားနေလေသည်။
သို့သော် ယင်းက အသုံးမဝင်ပေ။ ထို့နောက် သူက အတွင်းအားနှစ်မျိုးကို ပေါင်းစပ်ရန် ထပ်မံကြိုးစားတော့၏။
ထိုသို့ ကြိုးစားမှုစတင်လိုက်သည်နှင့် မျက်စိရှေ့တွင် အချက်ပြစာတမ်းတစ်ခု ပေါ်လာလေသည်။
[ဇီရှားနတ်သိုင်းနှင့် ရော့ရွှီကျမ်းတို့ ထိပ်တိုက်တွေ့နေပါသည်။ အတွင်းအား ပေါင်းစပ်မှု စတင်နေပါပြီ။]
ထိုအချက်ပြစာတမ်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် မူလက တစ်ခုနှင့်တစ်ခု အံမဝင်သော အတွင်းအားနှစ်ခုသည် ရုတ်တရက် ပေါင်းစပ်သွားမည့် လက္ခဏာများ ရှိလာကြောင်း ချူချင်း တွေ့ရှိလိုက်ရသည်။
သူ၏စိတ်ထဲတွင် ရုတ်တရက် အလင်းဝင်လာသကဲ့သို့ ဖြစ်သွားကာ တင်ပျဉ်ခွေထိုင်လိုက်၏။ သူ၏ခေါင်းထဲတွင် ဇီရှားနတ်သိုင်းနှင့် ရော့ရွှီကျမ်း၏အတွင်းအား လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေလေသည်။ တစ်ချိန်တည်းမှာပင် ထိုနှစ်ခုမှ ပေါက်ဖွားလာသော လျှို့ဝှက်ချက် အသစ်များကလည်း စိတ်ထဲတွင် ပေါ်လာတော့သည်။
ခန္ဓာကိုယ်အတွင်းရှိ အတွင်းအား နှစ်ခုသည် အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာပင် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပေါင်းစပ်သွားတော့၏။
[ပေါင်းစပ်မှု အောင်မြင်ပါသည်။]
ထိုအခါမှသာ ချူချင်း သက်ပြင်းချနိုင်သွားပြီး တည်းခိုခန်းသို့ ရောက်သည့်တိုင်အောင် စိတ်ကိုထိန်းကာ ရတနာသေတ္တာကို မဖွင့်ဘဲ စောင့်ဆိုင်းခဲ့သည်မှာ ကံကောင်းကြောင်း တိတ်တဆိတ် တွေးလိုက်မိလေသည်။
အကယ်၍ လူသူကင်းမဲ့သော တောတောင်ထဲတွင်သာဆိုပါက ဤအမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်း ဖြတ်လျှောက်သွားသော သုံးနှစ်အရွယ် ကလေးတစ်ယောက်ပင်လျှင် သူ၏အသက်ကို နုတ်ယူသွားနိုင်ပေသည်။
သူ မျက်လုံးများကို မဖွင့်သေးပေ။ ခန္ဓာကိုယ်ထဲတွင် ထိန်းချုပ်ရန် လိုအပ်နေသော အတွင်းအား အမြောက်အမြား ရှိနေသေး၏။ သူက လျှို့ဝှက်ချက်များအတိုင်း ချီစွမ်းအင်များကို ဆွဲယူကာ အတွင်းအားများကို သွေးကြောများတစ်လျှောက် လှည့်လည်စေလိုက်သည်။
တစ်ခါတစ်ရံ ခန္ဓာကိုယ် တုန်ခါသွားခြင်းမှာ သွေးကြောဆုံမှတ် တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ခဏအကြာတွင် တင်ပျဉ်ခွေထိုင်နေသော ချူချင်း၏ အင်္ကျီစများက လေမတိုက်ဘဲ လှုပ်ခတ်နေကာ ဆံပင်များ လွင့်ဝဲနေတော့၏။ တင်းကျပ်စွာ မှိတ်ထားသော မျက်လုံးကွဲကြောင်း ကြားတွင်လည်း ခပ်ဖျော့ဖျော့ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
တစ်နာရီကျော် ကြာပြီးနောက် ချူချင်းက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ မျက်လုံးတစ်စုံမှ ခရမ်းရောင်အလင်းတန်းနှစ်ခုက လျှပ်တစ်ပြက် တောက်ပသွားပြီး လှုပ်ရှားနေသော အတွင်းအားများကြောင့် ကုတင်တစ်ခုလုံး တုန်ခါသွားတော့သည်။
ပြတင်းပေါက်သည်လည်း ဝုန်းခနဲ အသံနှင့်အတူ ပွင့်ဟသွားလေသည်။
ချူချင်းက လက်နှစ်ဖက်ကို ပူးကာ ဖြည်းညင်းစွာ ဖိချလိုက်ပြီး အတွင်းအား အားလုံးကို တန်ထျန်းအတွင်းသို့ သိမ်းဆည်းလိုက်၏။
ထိုအခါမှသာ သက်ပြင်းရှည်ကြီး ချလိုက်နိုင်ပြီး သူ၏မျက်ဝန်းများတွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လာတော့သည်။
"တစ်နာရီဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ရန်နဲ့တု သွေးကြောနှစ်ခုကိုတောင် ဖွင့်နိုင်ခဲ့တယ်။ ဒါကိုသာ သိသွားရင် လောကကြီးတစ်ခုလုံး အံ့ဩတုန်လှုပ်သွားလိမ့်မယ် ထင်ပါရဲ့။"
"ဒါပေမဲ့ ရော့ရွှီကျမ်းနဲ့ ဇီရှားနတ်သိုင်းတို့ ပေါင်းစပ်ထားတဲ့ ဒီအတွင်းအားသိုင်းက အထွတ်အထိပ်အဆင့်ကို မရောက်သေးဘူး။"
ဝမ်းသာမှု အနည်းငယ် လျော့ကျသွားပြီးနောက် ချူချင်းက သိုင်းကျမ်းနှစ်ခု၏ ကွာခြားချက်ကို သေချာစွာ ခံစားကြည့်လိုက်ရာ မကြာမီမှာပင် ဉာဏ်အလင်းပွင့်သွားလေသည်။
"အချုပ်ပြောရရင် ဇီရှားနတ်သိုင်းက 'အတွင်းအား စုဆောင်းတာ' ထက် 'အသုံးပြုတာ' ကို ပိုအလေးထားတယ်။ စနစ်ဆီကနေ ငါရခဲ့တာက အစွမ်းပြည့်နေတဲ့ ဇီရှားနတ်သိုင်း ဖြစ်ရမယ်။"
"ဒီနှစ်ခု ပေါင်းစပ်သွားပြီးနောက်မှာ သူတို့နှစ်ခုရဲ့ အတွင်းအားတွေကို အားကိုးပြီး ဒီအတွင်းအားသိုင်းကို အဆင့်ခုနစ်အထိ တွန်းပို့ပေးနိုင်ခဲ့တယ်။"
"အခုအချိန်ကစပြီး အသုံးပြုတာရော စုဆောင်းတာပါ တစ်ထပ်တည်း ကျသွားပြီ။ လက်နဲ့ခြေလှုပ်ရှားတိုင်းမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေပါနေပြီ။"
"ဒီသိုင်းပညာက သာမန်ရော့ရွှီကျမ်း မဟုတ်သလို သာမန်ဇီရှားနတ်သိုင်းလို့လည်း ခေါ်လို့မရတော့ဘူး။"
"ဒါကို ဇီရှားရော့ရွှီကျမ်း လို့ပဲ ခေါ်လိုက်တာ ကောင်းမယ်။"
…