အခန်း ၂၉
Vol. 3 Ch. 29
အခန်း (၂၉) - သန်းခေါင်ယံ
ချူချင်းသည် ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားပြောင်းလဲမှုများကို အနည်းငယ် ခံစားလိုက်ပြီးနောက် မတ်တတ်ရပ်လိုက်၏။
အတွင်းအားများက ခန္ဓာကိုယ်အတွင်း အဆုံးမရှိ လည်ပတ်စီးဆင်းနေသည်ဟုသာ ခံစားရလေသည်။
အတိတ်ကအခြေအနေနှင့် နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။
အခန်းထဲ၌ ဓားကျင့်ရန်မှာ သိသာစွာပင် အကြံကောင်းမဟုတ်သောကြောင့် စားပွဲကို ရွှေ့ဖယ်လိုက်ပြီး ချင်းရွှီလက်ဝါးသိုင်းကို တစ်ကွက်ထုတ်လိုက်လေ၏။
သို့သော် ယခုအခါ သူ၏ အတွင်းအားစီးဆင်းမှုအားလုံးမှာ ဇီရှင်းရော့ရွှီကျမ်း ဖြစ်နေသောကြောင့် ဤလက်ဝါးသိုင်းကို အသုံးပြုချိန်တွင် ယခင်ကထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လာသည့်အပြင် လက်ဝါးပေါ်၌လည်း ခရမ်းရောင်အလင်းတန်းတစ်ခုက မှိန်ပျပျ ဖုံးလွှမ်းနေလေသည်။
ချူချင်းက ဇီရှင်းရော့ရွှီကျမ်း၏ မူလဖော်ပြချက်ကို ရုတ်တရက် သတိရသွားကာ ကြေးမုံကို အမြန်သွားယူလိုက်၏။
အတွင်းအားလည်ပတ်ပုံနှင့် တိုက်ဆိုင်စစ်ဆေးကြည့်သောအခါ ပေါင်းစပ်ထားသည့် ဤဇီရှင်းရော့ရွှီကျမ်းကို အသုံးပြုချိန်တွင် မျက်နှာပေါ်၌ ခရမ်းရောင်အမှတ်အသားများ ပေါ်မလာကြောင်း တွေ့လိုက်ရပေသည်။
သို့သော် မျက်လုံးများတွင်မူ ခရမ်းရောင်အလင်းများ ဖြာထွက်နေခဲ့သည်။
"တော်သေးတာပေါ့။"
ချူချင်းသည် သက်ပြင်းအနည်းငယ် ချလိုက်၏။ သို့မဟုတ်ပါက အတွင်းအားအသုံးပြုလိုက်သည်နှင့် ခရမ်းရောင်ဘီလူးကဲ့သို့ အသွင်ပြောင်းသွားမည်ဆိုပါက သူလည်း အနည်းနှင့်အများတော့ လက်ခံနိုင်မည် မဟုတ်ပေ။
အစွမ်းထက်ခြင်း၊ မထက်ခြင်းက ခဏတာသာဖြစ်ပြီး ခန့်ညားခြင်း၊ မခန့်ညားခြင်းကသာ တစ်သက်စာဖြစ်သည်ဟူသော စကားပုံတစ်ခုကဲ့သို့ပင်။
ခရမ်းရောင်အလင်းများ ဖြာထွက်နေသော မျက်လုံးတစ်စုံနှင့် ခရမ်းရောင်လွှမ်းနေသော မျက်နှာကြီးတစ်ခုဆိုသည်မှာ ဖော်ပြချက်အရကိုပင် မတူညီသော မျိုးစိတ်နှစ်ခုဖြစ်နေလေပြီ။
အခန်းထဲ၌ လက်ဝါးသိုင်းတစ်ကွက် ထုတ်ပြီးနောက် အချိန်ကိုပြန်ကြည့်လိုက်ရာ သန်းခေါင်ယံအချိန် ရောက်ခါနီးဖြစ်နေလေပြီ။
အပြင်ဘက်မှမိုးသည်လည်း ယခင်ကလောက် မသည်းတော့သဖြင့် အပြင်ထွက်ရန် အချိန်ကောင်းပင် ဖြစ်လေသည်။
အကယ်၍ ယခင်ကသာဆိုလျှင် ဝူချန်းဟွမ်နှင့်တွေ့ရန် ဝေခွဲမရဖြစ်နေမည် ဖြစ်သော်လည်း ယခုအခါ အာ့ကုံကိစ္စရှိနေသဖြင့် မဖြစ်မနေ သွားတွေ့ရပေတော့မည်။
သူသည် ညဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ပုံစံမဲ့မျက်နှာဖုံးကို တပ်ဆင်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ကို တွန်းဖွင့်ကာ ကိုယ်ကို တစ်ချက်ယိမ်းလိုက်သည်နှင့် အပြင်ဘက်သို့ ရောက်ရှိသွားပြီး ခြေဖျားဖြင့် တစ်ချက်ထောက်လိုက်ကာ တစ်ကိုယ်လုံး လေထဲသို့ ပျံတက်သွားပြီး အမိုးပေါ်သို့ လှည့်ပတ်ကျဆင်းသွားလေ၏။
လှုပ်ရှားမှုတစ်ခုလုံးက တစ်ဆက်တည်းဖြစ်နေကာ အတွင်းအား၏ ပြောင်းလဲမှုအပေါ်တွင်သာ မူတည်နေပြီး လက်တွင် အင်အားအနည်းငယ်မျှပင် မသုံးခဲ့ရပေ။
ထိုနောက် ခြေဖျားဖြင့် ထပ်မံထောက်ကာ တုဟွာမဏ္ဍပ်ဆီသို့ ထွက်ခွာသွားတော့သည်။
'ဒီလောက် နက်ရှိုင်းတဲ့ အတွင်းအားက အရင်တုန်းကနဲ့ တကယ်ကို ယှဉ်လို့မရတော့ဘူးပဲ။'
ချူချင်းသည် ခရီးဆက်နေရင်း အတွင်းအားကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို ခံစားနေမိ၏။ အတွင်းအား၏ ပံ့ပိုးမှုအောက်တွင် မူလက ထုတ်ဖော်၍မရခဲ့သော ကိုယ်ဖော့သိုင်း၏ နက်နဲမှုများမှာ ယခုအခါ ပို၍အသုံးဝင်လာကြောင်း ခံစားလိုက်ရသည်။
ပြေးလွှားနေစဉ်အတွင်း အတွင်းအားများက ပြတ်တောက်ခြင်းမရှိဘဲ စီးဆင်းနေကာ အတွင်းအားများစွာ ထုတ်သုံးစရာမလိုဘဲ အဝေးသို့ ခုန်ပျံနိုင်နေပြီ ဖြစ်လေသည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် မည်မျှမြန်ဆန်လာသည်ကိုပင် မသိနိုင်တော့ပေ။
ကြယ်လိုက်လမီခြေလှမ်းမှာ အမြန်နှုန်းကို အဓိကထားပြီး အချိန်တိုအတွင်း မြင်းတစ်ကောင်ကဲ့သို့ မြန်ဆန်စေခြင်းပင် ဖြစ်၏။
သို့သော် သူ၏မူလအတွင်းအားမှာ ဤကိုယ်ဖော့သိုင်းကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ရန် လုံလောက်မှုမရှိခဲ့ပေ။
ခရီးတစ်ထောက်သွားတိုင်း အမြဲတမ်း ခဏနားကာ အတွင်းအား ပြန်လည်ပြည့်ဝလာစေရန် တရားထိုင်ရလေ့ရှိသည်။
အတွင်းအားကိုလည်း ကုန်စင်အောင် သုံး၍မရဘဲ ရုတ်တရက်အခြေအနေများကို ကာကွယ်ရန်အတွက် အနည်းငယ် ချန်ထားရသေး၏။
ယခုအခါ ဇီရှင်းရော့ရွှီကျမ်းကို ပိုင်ဆိုင်ထားပြီး ဤအဆင့်ခုနစ် စွမ်းအားဖြင့် တစ်ညလုံး မနားတမ်းပြေးလွှားနိုင်ပြီ ဖြစ်လေသည်။
သေချာသည်မှာ ၎င်းသည် သူ၏ခန့်မှန်းချက်သာဖြစ်ပြီး အကန့်အသတ်က မည်မျှရှိသည်ကို ထိုကန့်သတ်ချက်သို့ မရောက်ဘဲ မည်သူမျှ သိနိုင်မည်မဟုတ်ပေ။
'နေ့လည်ကသာ ဒီလိုအတွင်းအားမျိုး ရှိခဲ့မယ်ဆိုရင် အဲဒီကောင်မလေးက မြင်းစီးပြီး လိုက်ရင်တောင် ငါ့ကို မှီမှာမဟုတ်ဘူး။'
သို့သော် ဤဇီရှင်းရော့ရွှီကျမ်းကို သူမကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း တွေးမိလိုက်သည်။
ထို့ကြောင့် ချူချင်းသည် အချိန်ကြာကြာ နောင်တရမနေတော့ပေ။
သို့သော် ရုတ်တရက်အတွေးတစ်ခုက စိတ်ထဲတွင် ပေါ်လာခဲ့၏။
'အတွင်းအားကိုတောင် ပေါင်းစပ်လို့ရတယ်ဆိုရင် ကိုယ်ဖော့သိုင်းရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပေါင်းစပ်လို့ မရနိုင်ဘူးလား။'
'ဒါပေမဲ့ အတွင်းအားက စနစ်ရဲ့အကူအညီပါနေတော့ ငါ့ရဲ့ စိတ်စွမ်းအားကို အများကြီးသက်သာစေတယ်။ ကိုယ်ဖော့သိုင်းကျတော့ ငါကိုယ်တိုင် သေသေချာချာ စဉ်းစားဖို့လိုပြီ။ တကယ်လို့ တစ်နေရာတည်းမှာ ပေါင်းစပ်နိုင်ခဲ့ရင်။'
'ရွှေငန်းသိုင်းပညာရဲ့ လေထဲမှာ လမ်းလျှောက်နိုင်တဲ့အစွမ်းက ခြေလှမ်း သုံးဆယ့်ခုနစ်လှမ်းလောက်နဲ့ ရပ်တန့်သွားမှာတဲ့လား။'
ဤကိစ္စမှာ ပြောရလွယ်ကူသော်လည်း လက်တွေ့လုပ်ရန်မှာမူ အလွန်ခက်ခဲလှပေသည်။
ခရီးသွားနေစဉ် စိတ်ထဲတွင် တွက်ချက်နိုင်သော်လည်း အလွယ်တကူ စမ်းသပ်ကြည့်ရန်မရဲခဲ့ချေ။ မတော်တဆ အတွင်းအားများ သွေးကြောထဲ လွဲချော်သွားပါက ခြေသလုံးကြွက်တက်ခြင်းက ဒဏ်ရာအသေးအဖွဲ့ဖြစ်သော်လည်း နောက်ထပ် အတွင်းဒဏ်ရာ တစ်ခုခုရသွားမည်ကို စိုးရိမ်ရပေသည်။
ထို့အပြင် ရွှေငန်းသိုင်းပညာဟူသော ကိုယ်ဖော့သိုင်းကို ချူချင်းသည် ရင်ထဲတွင် ရှင်းလင်းစွာသိရှိထားပြီး နက်နဲမှုအမျိုးမျိုးကိုလည်း အပြည့်အဝ နားလည်ထားပြီး ဖြစ်လေသည်။
ကြယ်လိုက်လမီခြေလှမ်းကိုမူ ငယ်စဉ်ကတည်းက ကျင့်ကြံခဲ့သော်လည်း ပါရမီ အကန့်အသတ်ကြောင့် အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိခဲ့ပေ။
ယခုအခြေအနေကို အားကိုးပြီး ဤကိုယ်ဖော့သိုင်းနှစ်ခုကို တစ်နေရာတည်းတွင် ပေါင်းစပ်ရန်ဆိုသည်မှာ မလွယ်ကူလှပေ။
'ဒီလိုဆို ကြယ်လိုက်လမီခြေလှမ်းကိုပဲ အရင် အာရုံစိုက်ထားလိုက်မယ်။ အားလုံးကို သေချာနားလည်သွားတဲ့အချိန်ကျမှ နှစ်ခုကို မပေါင်းစပ်နိုင်ရင်တောင် ပုံမှန်လက်ကိုခိုင်းသလိုမျိုး သုံးနိုင်မှာပဲ။'
ထိုသို့တွေးမိပြီးနောက် စိတ်ထဲမှ အတွေးများကို ဖယ်ရှားလိုက်ရာ အချိန်ခဏလေးအတွင်းမှာပင် တုဟွာမဏ္ဍပ်သို့ ရောက်ရှိသွားလေသည်။
ယနေ့ညတွင် မိုးရွာနေသဖြင့် လမ်းမပေါ်၌ အသွားအလာမရှိချေ။
တုဟွာမဏ္ဍပ်အတွင်း၌ မီးအိမ်စိမ်းတစ်လုံးရှိပြီး မီးအလင်းရောင်အောက်တွင် အလှမယ်လေးတစ်ဦးနှင့် အရသာရှိသောသေရည်တို့ ရှိနေသည်။
သူမသည် ချိန်းဆိုထားသောအချိန်ထက် အနည်းငယ်စော၍ ရောက်နေခဲ့၏။
ရေစက်များ ရောနှောနေသော လေအေးတစ်ချက် တိုက်ခတ်သွားသဖြင့် မီးရောင်မှာ ယိမ်းထိုးသွားပြီး ဝူချန်းဟွမ်သည် မျက်စိရှေ့တွင် တစ်ချက်ဝေဝါးသွားကာ မျက်နှာချင်းဆိုင်၌ လူတစ်ယောက် တိုးလာကြောင်း တွေ့လိုက်ရလေသည်။
ဝူချမ်းဟွမ်သည်မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီး မျက်မှောက်ရှိ ဤသူသည် နေ့လည်ကထက် ပို၍နက်နဲသွားသကဲ့သို့ခံစားလိုက်ရ၏။
ဤအရာက သူမ၏စိတ်ကို ပို၍ လှုပ်ရှားလာစေခဲ့သည်။
ယနေ့ အိမ်ပြန်ရောက်ပြီးနောက် သူမသည် ကိစ္စအချို့ကို ကြားသိခဲ့ရပြီး ချူချင်း၏ယနေ့လုပ်ရပ်များကို ပြန်စဉ်းစားကြည့်ရာ မှတ်ဉာဏ်ထဲရှိ စာလည်းမတတ်၊ သိုင်းလည်းမရသော ချူမိသားစု၏ သခင်ငယ်လေးနှင့် မည်သို့မျှ ဆက်စပ်၍မရနိုင်အောင် ဖြစ်နေမိလေသည်။
အထူးသဖြင့် ရှင်းယိုဟန်ကို သတ်လိုက်သောထိုဓားချက်ပင်။ ယခုအထိ ပြန်တွေးကြည့်တိုင်း တစ်ကိုယ်လုံး အေးစက်သွားဆဲဖြစ်၏။
'ငါလူမှားသွားတာများလား။'
'ငါ့ရှေ့ကလူက သူ့ရဲ့အကြည့်တွေနဲ့တူနေတဲ့ တခြားလူတစ်ယောက်များ ဖြစ်နေမလား။'
သို့သော် သူမသည် ထျန်းဝူမြို့၏ သခင်မလေး ဖြစ်သည့်အားလျော်စွာ စိတ်ထဲရှိ အတွေးများကို မျက်နှာပေါ်တွင် အနည်းငယ်မျှ ဖော်ပြခြင်းမရှိခဲ့ပေ။
ထို့နောက် တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။
"ရှင်ရောက်လာပြီပဲ။"
"သခင်မလေးက အဓိပ္ပာယ်မရှိတာတွေချည်း ပြောနေတာပဲ။"
ချူချင်းမှာ အနည်းငယ် ဆွံ့အသွားလေသည်။
"ဒီလောက် ထွားတဲ့ကျွန်တော်က ဒီမှာ လာထိုင်နေမှတော့ ရောက်လာတာ မဟုတ်လို့ဘာလဲ။"
"..."
ဝူချန်းဟွမ်က အံကြိတ်လိုက်မိပြီး ရုတ်တရက် တည်ငြိမ်နေသောလေထုတစ်ခုလုံး ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရ၏။
'သိုင်းလောကသားတွေဆိုတာ အနည်းနဲ့အများတော့ မောက်မာတဲ့ဟန်လေး ပါသင့်တာ မဟုတ်ဘူးလား။'
'လူသတ်သမားဆိုပိုဆိုးလေပဲ။ စကားပြောတာ ဒီလောက်ကြီး ရိုးစင်းလွန်းမနေနိုင်ဘူးလေ။'
ဝူချန်းဟွမ်သည် သက်ပြင်းကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့အတွက် သေရည်တစ်ခွက် ငဲ့ပေးလိုက်လေသည်။
"ကျိဝေ့စားသောက်ဆိုင်က နတ်ဘုရားယစ်မူးသေရည်ပဲ။ အနှစ်သုံးဆယ် သက်တမ်းရှိပြီ။ မြည်းကြည့်ပါဦး။"
"မသောက်ဘူး။"
"ဘာဖြစ်လို့လဲ။"
"လူသတ်သမားတွေက အပြင်မှာ ဘယ်တော့မှ သေရည်မသောက်ဘူး။"
"ဒါဆို တစ်ခုခု စားမလား။"
"ကျွန်တော်က မျက်နှာဖုံး မချွတ်ချင်လို့ပါဆိုတာကို အတင်းပြောပြမှ ကျေနပ်မှာလား။"
ချူချင်းမှာ တစ်ခဏမျှ ဆွံ့အသွားလေသည်။
"ကျွန်တော်က မျက်နှာဖုံးတပ်ထားတာလေ။ မင်းပေးတာတွေကို ဘယ်လိုလုပ် စားသောက်လို့ရမှာလဲလို့ မင်းပဲ စဉ်းစားကြည့်။"
"အဲဒီလိုဆိုတော့လည်း ရှင်က တကယ်မလွယ်ပါလား။"
ဝူချန်းဟွမ်က နှုတ်ခမ်းမဲ့လိုက်၏။
"ပါးစပ်ပေါ်တဲ့ မျက်နှာဖုံးတစ်ခုကို လဲတပ်ဖို့ ကျွန်မအကြံပေးချင်တယ်။ ဒါမှမဟုတ်ရင် ရှင်က တစ်ယောက်ယောက်နဲ့အတူ ပိတ်မိနေပြီး စားစရာသောက်စရာတွေ ရှိပေမဲ့ အပြင်ထွက်လို့မရတဲ့ အခြေအနေမျိုးဆိုရင်လေ။ ကိုယ့်ကိုယ်ကို အငတ်ထားပြီး အသေခံမှာလား။"
"ကျွန်တော်ကတော့ တစ်ဖက်လူကို သတ်ပြီးမှ သွားစားမယ်လို့ ထင်တာပဲ။"
"ဒါပေမဲ့ တစ်ဖက်လူက ရှင့်ရဲ့ အချစ်ဆုံးသူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင် ဆွေမျိုးသားချင်း ဖြစ်နေရင်ကော။ ပြီးတော့ ရှင့်ရဲ့ သရုပ်မှန်ကို သူတို့မသိသလို ရှင်ကလည်း ကိုယ့်ကိုယ်ကို ဘယ်သူလဲဆိုတာကို မပြချင်ဘူးဆိုရင်ရော။"
"သတိလစ်အောင် ရိုက်ချလိုက်လို့ရတာပဲ။"
"ရှင်ကတော့လေ..."
ဝူချန်းဟွမ်သည် သူမကိုယ်သူမ ဒေါသထွက်စပြုလာကြောင်း ခံစားလိုက်ရသည်။
ရင်ထဲမှ ဒေါသမီးကို အတင်းဖိနှိပ်ထားစဉ် ချူချင်း ပြောလိုက်သည့်အသံကို ကြားလိုက်ရလေ၏။
"မင်းက ဒီလောက်အများကြီး ပြောနေတာ။ သေရည်လည်း တိုက်ချင်သေးတယ်၊ ထမင်းလည်း ကျွေးချင်သေးတယ်။ မင်းက... ငွေမပေးချင်လို့တော့ မဟုတ်ပါဘူးနော်။"
'အလကားပဲ ဒေါသကို ထိန်းထားမိတာ။'
ဝူချန်းဟွမ်၏နဖူးထက်မှ သွေးကြောများပင် ထောင်တက်လာမတတ် ဖြစ်သွားရပြီး ငွေတစ်ထောင့်ငါးရာတန် ငွေစက္ကူကို ထုတ်ယူကာ ချူချင်းဆီသို့ ကြမ်းတမ်းစွာ ပစ်ပေါက်ပေးလိုက်လေသည်။
သူမ၏ဟန်ပန်ကို ကြည့်ရသည်မှာ သူ၏ မျက်နှာပေါ်သို့သာ ဆောင့်ပစ်လိုက်ချင်သည့်ပုံပင်။
ချူချင်းက အသာအယာ လှမ်းဖမ်းလိုက်ပြီး သေချာစွာ စစ်ဆေးရေတွက်ပြီးနောက်မှ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"သခင်မလေးဝူက တကယ်ကို ကတိတည်တဲ့သူပဲ။"
"ဒါဆိုလည်း ကျွန်တော်တို့ အရေးကြီးတဲ့ကိစ္စလေး ပြောကြတာပေါ့။"
"ရှင့်မှာ အရေးကြီးတဲ့ကိစ္စ ရှိသေးတာလား။"
ဒေါသထိန်းထားခြင်းကို ချိုးဖျက်ခံလိုက်ရသော ဝူချန်းဟွမ်၏ စကားပြောသံတွင် စိတ်လှုပ်ရှားမှုများ သိသိသာသာ ပါဝင်နေလေသည်။
ချူချင်းက ပြုံးလိုက်သည်။
"ကျွန်တော် လော့ယွီခန်းမဆောင်ရဲ့ အစောင့်အကြပ်နေရာချမြေပုံတစ်ခု လိုချင်တယ်။”