← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) - အမုန်းမိစ္ဆာသိုင်း

မိုးရေများက အမိုးအုတ်ကြွပ်ပြားများပေါ်မှ စီးကျလာကာ ရေတံတိုင်းသဖွယ် ဖြစ်ပေါ်နေလေသည်။

ဝူချန်းဟွမ်က သေရည်အိုးယူရန် လှမ်းလိုက်သောလက်ကို အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် ချူချင်းကို မော့ကြည့်လိုက်၏။

"ရှင်ဘာပြောလိုက်တာလဲ။"

ချူချင်းက ဝူချန်းဟွမ်ကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်း ကြားတဲ့အတိုင်းပဲ၊ ပြီးတော့ မင်း နားကြားမှားတာလည်း မဟုတ်ဘူး။"

"ဘာလို့လဲ။"

"လူသတ်ဖို့လေ။"

"ဘယ်သူ့ကို သတ်မှာလဲ။"

"ထန်ရှီးကိုပေါ့။"

"အကြောင်းပြချက်။"

"ကျွန်‌တော်က လူသတ်သမားတစ်ယောက်လေ၊ တစ်ယောက်ယောက်က သူ့ကို သေစေချင်လို့ ကျွန်တော်က ကိုယ်စားသွားသတ်ရတာ သဘာဝပဲလေ။"

ဝူချန်းဟွမ်၏အပြုံးက အနည်းငယ် အေးစက်သွားပေသည်။

"အဲ့ဒါက ငါတို့ထျန်းဝူမြို့ရဲ့ လော့ယွီခန်းမဆောင်လေ။ ခန်းမသခင်ကြီးက ငါ့အဖေရဲ့ ဧည့်သည်တော်လေ။ ဒါ့အပြင် ငါတို့ ထျန်းဝူမြို့ရဲ့ အဓိက အင်အားစုတွေထဲက တစ်ခု။”

“ငါတို့မြို့ထဲမှာ ငါတို့မြို့က လူကို လာသတ်တာကို ငါက ခွင့်ပြုပေးလိမ့်မယ်လို့ မင်းက ထင်နေတာလား။"

ချူချင်းက စဉ်းစားမနေဘဲ ချက်ချင်း တုံ့ပြန်လိုက်၏။

"မင်းခွင့်ပြုမှာပါ။"

"ဘာလို့ အဲ့ဒီလောက် သေချာနေရတာလဲ။"

"ဘာလို့လဲဆိုတော့ သူက မင်းတို့ထျန်းဝူမြို့က လူမှမဟုတ်တာ။"

"ဘာသက်သေ ရှိလို့လဲ။"

"သူက အမုန်းမိစ္ဆာသိုင်းကို ကျင့်ကြံနေလို့ပဲ။"

မေးမြန်းနေစဉ်အတွင်း ချူချင်းက 'အမုန်းမိစ္ဆာသိုင်း'ဟူသော စကားလုံးများကို ပြောလိုက်သည့်တစ်ခဏတွင် ဝူချန်းဟွမ်၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားလေသည်။

ထို့နောက် တိတ်ဆိတ်သွားပြီး အတန်ကြာမှ ဝူချန်းဟွမ်က စကားစလိုက်သည်။

"ဘယ်လိုလုပ် အခိုင်အမာပြောနိုင်ရတာလဲ။"

"ကျွန်တော်... အမုန်းပိုင်ရှင်ကို တွေ့ခဲ့တယ်။"

ခွပ်။

ချူချင်း စကားပြောဆိုပြီးသည်နှင့် အသံတစ်သံကို ကြားလိုက်ရပြီး ဝူချန်းဟွမ်၏လက်ထဲရှိ သေရည်ခွက်မှာ ကြေမွသွားတော့သည်။

အမုန်းမိစ္ဆာသိုင်းသည် သိုင်းလောကတွင် နာမည်ဆိုးဖြင့် ကျော်ကြားသောမိစ္ဆာလမ်းစဉ် သိုင်းပညာတစ်ရပ် ဖြစ်၏။

ဤသိုင်းကို ကျင့်ကြံလိုပါက အမုန်းပိုင်ရှင်ကို မွေးမြူရလေသည်။

အမုန်းပိုင်ရှင် ဆိုသည်မှာ သိုင်းကျင့်ကြံသူကို အရိုးထဲစွဲသည်အထိ မုန်းတီးနေသူကို ဆိုလိုခြင်းပင်။

သိုင်းကျင့်ကြံသူများသည် များသောအားဖြင့် ထိုသူများ၏ခန္ဓာကိုယ်ထဲတွင် ထူးခြားသောနည်းလမ်းဖြင့် မိစ္ဆာမျိုးစေ့ကို ချထားတတ်ပြီးနောက် ထိုအမုန်းပိုင်ရှင်အပေါ် ရက်စက်ကြမ်းကြုတ်လှသော ကိစ္စရပ်များကို ပြုလုပ်လေ့ရှိသည်။

မိသားစုတစ်စုလုံးကို သတ်ဖြတ်ခြင်း၊ ဇနီးနှင့်သမီးများကို စော်ကားခြင်းစသည့် သဘာဝတရားကပင် ခွင့်မလွှတ်နိုင်သော လုပ်ရပ်မျိုးကို ကျူးလွန်တတ်ကြ၏။

ထိုသို့ပြုလုပ်ခြင်းဖြင့် မိစ္ဆာမျိုးစေ့ကို အမုန်းများဖြင့် အာဟာရဖြည့်တင်းပေးကာ ပိုင်ရှင်၏ အမုန်းတရားက အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် မိစ္ဆာမျိုးစေ့မှာ ရင့်မှည့်သွားလေသည်။

ထိုအချိန်သို့ ရောက်သောအခါ နှလုံးသားကို အရှင်လတ်လတ် ခွဲထုတ်ကာ သိုင်းကျင့်ကြံရန် မျိုချနိုင်ပြီး အတွင်းအား တိုးတက်မှုမှာလည်း တစ်ဟုန်ထိုးမြင့်တက်လာနိုင်သည်။

ထို့ကြောင့်ပင် ထန်ရှီးက အာ့ကုံ၏ချစ်သူကို မည်သို့သတ်ပစ်ခဲ့ကြောင်း အာ့ကုံကို အလုံးစုံပြောပြခဲ့သော်လည်း အာ့ကုံကိုမူ မသတ်ဘဲ အသက်ရှင်ခွင့် ပေးထားခြင်း ဖြစ်လေသည်။

အကယ်၍ အာ့ကုံသာ သေသွားပါက ယခင်က လုပ်ဆောင်ခဲ့သမျှအားလုံး အချည်းနှီးဖြစ်သွားမည်ပင်။

ဝူချန်းဟွမ်က သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး ချူချင်းကို ကြည့်လိုက်၏။

"ဒါပေမဲ့... ဒါက ရှင်ကပဲ တစ်ဖက်သတ် ပြောနေတဲ့စကား‌လေ။ ကျွန်မက ဘယ်လိုယုံကြည်ပေးရမှာလဲ။"

"မင်းယုံနေပြီပဲ။"

ချူချင်းက သက်ပြင်းချလိုက်သည်။

"ပြောပါ၊ မင်းဘာလိုချင်တာလဲ။"

"ကျွန်မ ရှင့်နဲ့အတူ လိုက်ခဲ့မယ်။"

"ကောင်းပြီလေ။"

"ရှင် ကျွန်မကို ဝန်ပိုတစ်ခုလို ထမ်းသွားစရာမလိုပါဘူး၊ ကျွန်မက…ရှင်...ရှင်ဘာ‌ပြောလိုက်တယ်။"

ဝူချန်းဟွမ်မှာ ချူချင်း သူမကို ခေါ်သွားရန် ဆွဲဆောင်ပြောဆိုလိုခြင်းဖြစ်၏။

သို့သော် သတိပြန်ဝင်လာချိန်မှသာ ချူချင်း ပြောလိုက်သည်မှာ 'ကောင်းပြီလေ' ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

သူမက ချူချင်းကို အံ့သြတကြီးကြည့်လိုက်သည်။

"ရှင်... ရှင့်စကားမှားသွားတာမလား။"

ချူချင်းက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။

"သခင်မလေးဝူက သိုင်းပညာ မြင့်တော့ ကျွန်‌တော်ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးလို့ရတာ‌ပေါ့။ ဒီလို ကြုံတောင့်ကြုံခဲ ကောင်းတဲ့ကိစ္စမျိုးကို ကျွန်‌တော်က ဘာလို့ငြင်းရမှာလဲ။”

“ဒါပေမဲ့ ကျွန်‌တော်ကြိုပြောထားရဦးမယ်၊ ဒီအလုပ်က ကျွန်တော့်အလုပ်၊ လုပ်ခငွေကလည်း ကျွန်တော့်အတွက်ပဲ။ သခင်မလေးဝူကတော့ ငွေတစ်ပြားမှ ရမှာမဟုတ်ဘူးနော်။"

ဤစကားမှာ အတိုင်းအတာတစ်ခုအထိ မှန်ကန်ပေသည်။ ဝူချန်းဟွမ်သည် သိုင်းပညာမြင့်မားလှရာ အားဖေး၏ ဓားမြန်သိုင်းနှင့် ဇီရှင်းရော့ရွှီသိုင်းကို မရရှိခင်က သူမနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက အလဲအကွဲ အရိုက်ခံရပြီး ထွက်ပြေးရမည်မှာ အသေအချာပင်ဖြစ်သည်။

ထို့ပြင် သူမသည် ထင်ရာစိုင်းတတ်ပြီး ကိုယ့်ကိုယ်ကိုအထင်ကြီးကာ ဝန်ပိုဖြစ်စေမည့် အိမ်တော်သခင်မလေးမျိုးလည်း မဟုတ်ပေ။

သူမ ရှိနေခြင်းက ယနေ့ညလုပ်ကြံသတ်ဖြတ်မှုကို ပိုမို ချောမွေ့သွားစေမည်သာ ဖြစ်၏။

ထို့အပြင် သူမလိုက်ပါလာမည်မှာလည်း မူလကတည်းက မျှော်လင့်ထားပြီးသား ကိစ္စပင်ဖြစ်၏။

"ကျွန်မက အဲ့လောက်လေးကို မက်မောနေမယ်လို့ ရှင်ထင်နေတာလား။"

ဤလူ စကားပြောသည်မှာ ဒေါသထွက်စရာ ကောင်းလာပြန်ပြီဟု ဝူချန်းဟွမ် ခံစားလိုက်ရလေသည်။

ချူချင်းက ပြုံးလိုက်သည်။

"ဒါ့အပြင် ကျွန်‌တော်တို့ ကတိသုံးခုထားရမယ်။"

"ဘာကတိသုံးခုလဲ။"

"ပထမတစ်ခုက ဒီခရီးစဉ်မှာ ကျွန်‌တော့်စကားကို တသွေမသိမ်းနားထောင်ရမယ်။"

"ရတယ်‌လေ၊ နောက်တစ်ခုကရော။"

"ဒုတိယအ‌နေနဲ့၊ ဒီခရီးစဉ်မှာ ကျွန်‌တော့်စကားကို တသွေမသိမ်းနားထောင်ရမယ်။"

"နောက်ဆုံးတစ်ခုကလည်း ဒါပဲမလား။"

ဝူချန်းဟွမ်သည် သူမ၏နဖူးပေါ်မှ သွေးကြောများ စတင်ထောင်တက်လာပြီဟု ခံစားလိုက်ရပြန်သည်။

အထူးသဖြင့် ချူချင်းက အရှက်မရှိ ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ရသောအခါ ဤကောင်မှာ တကယ်ကို ရုပ်ဆိုးဆင်းရဲမည်ဟု သူမ ခံစားလိုက်ရ၏။ သို့သော် သူမသည် သူ့မျက်နှာကို မမြင်ဖူးသေးပေ။

"ဘာပဲဖြစ်ဖြစ် မင်းက အတွေ့အကြုံမရှိတဲ့သူလေ။ ကျွန်‌တော့်စကားကို နားမထောင်ဘဲ ပြဿနာတက်သွားရင် ကယ်မှာမဟုတ်ဘူးနော်။ ဒါကြောင့် မင်းလုံခြုံဖို့ဆိုရင် ကျွန်တော်ခိုင်းတာကိုလုပ်တာ အကောင်းဆုံးပဲ။"

"ကောင်းပြီလေ။"

ဝူချန်းဟွမ်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူမကိုယ်သူမ ထိန်းချုပ်လိုက်သည်။

"အစောင့်အကျပ်ချထားတဲ့မြေပုံကို ဘယ်အချိန်လိုချင်တာလဲ။"

"မြန်လေ ကောင်းလေ‌ပေါ့ဗျာ။"

ချူချင်းက ကောင်းကင်ကိုမော့ကာ မိုးရွာနေသည်ကို ကြည့်လိုက်၏။

"ရာသီဥတုကတော့ အချက်ပြနေပြီ၊ ဒီညက အကောင်းဆုံးအချိန်ပဲ။"

"ကျွန်မနဲ့ မြို့‌တော်ဝန်အိမ်ကို လိုက်ခဲ့။"

ဝူချန်းဟွမ်က တွေးတောမနေဘဲ ချက်ချင်းမတ်တတ်ရပ်လိုက်သော်ငြား ချူချင်းကမူ လှုပ်ရှားခြင်းမရှိပေ။

သူမက လှည့်ကြည့်လိုက်သောအခါ ချူချင်းက လက်ယမ်းပြလိုက်သည်။

"မြို့တော်ဝန်အိမ်က ဝင်ရလွယ်တဲ့ နေရာမှမဟုတ်တာ။ ဒါ့အပြင် သခင်မလေးဝူက နည်းနည်းလောက် ယုတ်မာပြီး အဲ့အိမ်ထဲမှာ ထောင်ချောက်ဆင်ထားရင် ကျွန်‌တော်က ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်နေမှာပေါ့။ ကျွန်တော် ဒီမှာပဲ စောင့်နေမယ်၊ သခင်မလေး မြန်မြန်သွားပြီး မြန်မြန်ပြန်ခဲ့ပါ။"

"..."

ဝူချန်းဟွမ်က နောက်ထပ် အပိုစကားများ မပြောလိုသဖြင့် ချက်ချင်းခုန်ထွက်သွားတော့သည်။

ချူချင်းက ပြုံးလိုက်ပြီး စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ကာ တံတွေးမြိုချလိုက်သော်လည်း သွားမထိပေ။

ထိုမိန်းက‌လေးက စေတနာမရှိပေ။ စားပွဲပေါ်ရှိဟင်းလျာများအားလုံးသည် သူမအကြိုက်ဆုံး အစားအစာများသာ ဖြစ်နေလေသည်။

ဝူချန်းဟွမ် ပြန်မလာသည်မှာ အနည်းငယ်ကြာသွား၏။ အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ကြာပြီးနောက် ချူချင်း၏အရှေ့တွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ပေါ်လာလေသည်။

မျက်လုံးတစ်စုံမှလွဲ၍ အခြား မည်သည့်နေရာကိုမျှ ဖော်ပြထားခြင်း မရှိချေ။

သူမက ဦးစွာစားပွဲပေါ်ရှိ ဟင်းလျာများကို သေချာကြည့်လိုက်ပြီးနောက် မျက်ဝန်းထဲတွင် စိတ်ပျက်သွားပုံရ၏။

ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းကာ ဝါးကျည်တောက်တစ်ခုကို ချူချင်းထံ ပစ်ပေးလိုက်သည်။ ချူချင်းက ဖွင့်လှစ်ကာ အတွင်းမှမြေပုံကို ထုတ်ယူလိုက်လေသည်။

သူက သေချာကြည့်ရှုရင်း တစ်ဖက်မှလည်း ချီးကျူးလိုက်သည်။

"ဒီနေ့ ချူအိမ်တော်မှာ မင်း ထန်ရှီးကို စမ်းသပ်ခဲ့တာက ကြိုတွေးထားပြီးသားပဲ စိတ်ကူးပေါက်ရာလုပ်ခဲ့တာ မဟုတ်ဘူး‌‌ပေါ့။ ဒီမြေပုံက ဒီလောက်တောင် အသေးစိတ်ဆွဲထားပြီး အသေးအမွှားလေးကအစ ပါနေတာပဲ။”

“ကြည့်ရတာ မြို့တော်ဝန်အိမ်က လော့ယွီခန်းမဆောင်ကို စစ်ဆေးဖို့ အစောကြီးကတည်းက စိတ်ကူးရှိနေတာပဲ။"

"အပြင်ရန်ကို မကာကွယ်ခင် အတွင်းရေးကို အရင်ဆုံးထိန်းရမှာပဲ။"

ဝူချန်းဟွမ်က နှာခေါင်းရှုံ့လိုက်၏။

"ဝမ်ယဲ့တောင်ကြားက အခုတလောမှာ ပိုပြီးတော့ ရိုင်းလာတယ်။ ဒီတိုက်ပွဲက မကြာခင် ဖြစ်လာတော့မှာပဲ။ လော့ယွီခန်းမဆောင်ကလည်း ဖုံးထားတာ‌တွေ ရှိသေးတယ်။”

“ထန်ရှီးက မိစ္ဆာသိုင်းကို ကျင့်ကြံနေမှန်း မသိခဲ့ရင်တောင် လျိုရှီကျဲ့က သံမြင်းဓားပြခုနစ်ယောက်နဲ့ ပူးပေါင်းနေတာကိုက ထူးဆန်းနေပြီး ယုံကြည်လို့ မရဘူး။”

“တကယ်လို့ တိုက်ပွဲစလာရင် သူတို့ကို အရင်ဆုံး ထိန်းချုပ်ထားရမယ်။ သူတို့မှာ ဘာပြဿနာမှ မရှိရင်တောင် ကြိုတင်ပြင်ဆင်ထားတာက ဆုတ်ယုတ်သွားတာ မရှိပါဘူး"

"သစ္စာဖောက်သွားမှာကို မကြောက်ဘူးလား။"

"အဲဒီလိုလုပ်ဖို့ သတ္တိရှိမှရမှာလေ။"

ချူချင်းသည် ဤနေရာသို့ ရောက်သောအခါ ပြုံးလိုက်လေသည်။ တစ်ဖက်လူကို အထင်မသေးသင့်သည်မှာ တရားကျ၏။

ဝူကန်ချီသည် ထျန်းဝူမြို့တွင် ခိုင်မာစွာ ရပ်တည်နိုင်ပြီး ဤအရပ်ရှစ်မျက်နှာမှ မုန်တိုင်းများကို ဤကဲ့သို့တားဆီးထားနိုင်ခြင်းမှာ ပုဆိန်ကို ဝှေ့ကာ လူသတ်တတ်ရုံမျှသာ ရှိသော မိုက်မဲသည့် ယောက်ျားတစ်ယောက် မဟုတ်ကြောင်း သက်သေပြနေခြင်းပင်ဖြစ်သည်။

လူတစ်ယောက်က မျက်စိအောက်တွင် အကွက်ရွှေ့နေသည်ကို ရှာမတွေ့ခဲ့လျှင်ပင် အနည်းဆုံး သတိထားမိမည်ဖြစ်၏။

သူကိုယ်တိုင်ကလည်း ယနေ့တွင် ဝူချန်းဟွမ်ထံသို့ လာရောက်၍ ဤမြေပုံကို တောင်းဆိုရခြင်းမှာ မြို့တော်ဝန်အိမ်က လော့ယွီခန်းမဆောင်ကို စစ်ဆေးရန် အစောကြီးကတည်းက စိတ်ကူးရှိနေကြောင်း ကြိုတင်ခန့်မှန်းမိသောကြောင့်ပင် ဖြစ်သည်။

မြေပုံကို သေချာသိမ်းဆည်းလိုက်ပြီးနောက် ချူချင်းက မတ်တတ်ရပ်လိုက်သည်။

"သွားကြစို့။"

... ...

လော့ယွီခန်းမဆောင်သည် အနောက်ဘက်မြို့တော်တွင် တည်ရှိသည်။

အနောက်ဘက်လမ်းမကြီး၏ အလယ်တည့်တည့်နေရာတွင် မြေနေရာ အတော်အသင့် ကျယ်ဝန်းသော ခြံဝင်းကြီးတစ်ခု ရှိလေသည်။

သူတို့နှစ်ယောက်သည် ညအမှောင်ကို အခွင့်ကောင်းယူကာ မိုးထဲတွင် တစ်လျှောက်လုံး ပြေးလွှားသွားခဲ့ရာ ခဏအကြာတွင် လော့ယွီခန်းမဆောင်၏ နံရံအပြင်ဘက်သို့ ရောက်ရှိသွားကြပြီ ဖြစ်၏။

နားစွင့်ကာ နားထောင်လိုက်ရာ ခဏအကြာတွင် ခြေသံများ ဖြတ်လျှောက်သွားသည်ကို ကြားလိုက်ရသည်။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးမှ အပေါ်သို့ ခုန်တက်သွားကာ ခြံဝင်းအတွင်းသို့ ဆင်းသက်လိုက်ကြလေသည်။

မြေပုံရှိနေသောကြောင့် သူတို့နှစ်ယောက် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာရာတွင် လမ်းလျှောက်နေသကဲ့သို့ ပေါ့ပါးနေပြီး မည်သည့်နေရာ၊ မည်သည့်အချိန်၌ ကင်းလှည့်သူများ ရှိမည်၊ မည်သည့်အချိန်တွင် ကင်းလဲမည်၊ အချိန်ကွာဟချက် မည်မျှရှိသည်တို့ကို ရှင်းလင်းစွာ သိရှိနေကြပေသည်။

ခဏအကြာတွင် သူတို့နှစ်ယောက်သည် ထန်ရှီး၏ခြံဝင်းဆီသို့ ရောက်သွားကြပြီ ဖြစ်၏။

အမိုးပေါ်တွင် သတိကြီးစွာဖြင့် ရပ်တန့်လိုက်ပြီးနောက် ချူချင်းက လက်လှမ်းကာ အုတ်ကြွပ်ပြားတစ်ပြားကို ခွာလိုက်သည်။

အခန်းအတွင်းမှ ညစ်ညမ်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

ဝူချန်းဟွမ်၏မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး ချူချင်းကိုမကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားသော်လည်း ချူချင်း၏မျက်ဝန်းထဲတွင်မူ ဝမ်းသာသွားသည်ကို မြင်လိုက်ရ၏။

ထို့နောက် ချူချင်းက သူမအား လှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရသည်။ ၎င်း၏အဓိပ္ပာယ်မှာ 'လှုပ်ရှားတော့' ဆိုသည့်သဘောပင်ဖြစ်သည်။

All Chapters