အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) - အခြေအနေမဟန်သဖြင့် ဆုတ်ခွာခြင်း
ယခုချက်ချင်း တိုက်ခိုက်ရမည်လော...။
တစ်ဖက်လူ ဤမျှအလုပ်ရှုပ်နေချိန်တွင် ဝင်ရောက်တိုက်ခိုက်ရန် သင့်တော်ပါမည်လော...။
ဤမေးခွန်းက သူမ၏ခေါင်းထဲ၌ ဖြတ်ခနဲပေါ်လာသော်လည်း သူမသည် အမြဲတမ်းလိုပင် ပြတ်သားသူတစ်ဦး ဖြစ်နေပေသည်။
ဤခရီးစဉ်အတွင်း အရာအားလုံးကို ချူချင်း၏အမိန့်အတိုင်း နာခံရန် သူမ ကတိပြုခဲ့ပြီး ဖြစ်၏။
'သူက ဝင်တိုက်ဖို့ အမိန့်ပေးလာမှတော့ တိုက်ရုံပေါ့...'
ခဏတာတွေဝေပြီးနောက် ဓားရှည်သည် လက်ထဲတွင် ဆုပ်ကိုင်ထားပြီးဖြစ်သည်။ သူမက ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် စူးရှလှသောဓားအရှိန်အဟုန်သည် ညကောင်းကင်ယံမှ ဖြတ်ကာကျဆင်းလာလေသည်။
အမိုးအုတ်ကြွပ်ပြားများ ကွဲအက်သွားသည့်အသံကိုကြားသည်နှင့် အလုပ်ရှုပ်နေသောထန်ရှီးပင် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ ဓားသွားက သူ၏မျက်စိရှေ့သို့ ရောက်ရှိနေပြီးဖြစ်သည်။
သူသည် အနည်းငယ်မျှပင် တွေဝေမနေဘဲ သူ၏အောက်မှ ထိတ်လန့်တုန်လှုပ်နေသော မိန်းမပျိုလေးကို လှမ်းဆွဲလိုက်ပြီး ကိုယ်ကိုလှည့်ကာ ချက်ချင်းပင် နေရာရွှေ့ပြောင်းလိုက်၏။
ဝူချန်းဟွမ်၏မျက်ဝန်းများ အေးစက်သွားသည်။
ထိုမိန်းမပျိုလေး၏သရုပ်မှန်ကို သူမမသိသော်လည်း ကျင့်ကြံခြင်းအဆင့်မရှိသူဆိုသည်မှာ သိသာထင်ရှားလှပေသည်။
မိမိ၏ဓားရှေ့တွင် ထိတ်လန့်တုန်လှုပ်နေခြင်းမှလွဲ၍ အခြားမည်သည့်တုံ့ပြန်မှုမျှ မရှိချေ။
သူမသည် လူသတ်သမားတစ်ဦး မဟုတ်သည့်အပြင် ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသော ဆုံးမသွန်သင်မှုများအရ လက်နက်မဲ့နေသူ၊ ခုခံနိုင်စွမ်းမရှိသူ သို့မဟုတ် ကိုယ်လုံးတီးဖြစ်နေသော မိန်းမတစ်ဦးကို သတ်ဖြတ်ရန် လုံးဝခွင့်မပြုပေ။
ထို့ကြောင့် ထိုခဏအတွင်း၌ပင် သူမသည် ဓားကိုတစ်ချက်လှည့်ကာ ဓားသွားဖြင့် ကန့်လန့်ဖြတ် ရိုက်ချလိုက်လေသည်။
ထိုမိန်းမပျိုလေးသည် ကုတင်ပေါ်မှ မြေပြင်သို့ လွင့်ကျသွားပြီး အသံပင်မထွက်နိုင်တော့ဘဲ သတိလစ်မေ့မြောသွားသည်။
သို့သော် ယခုလုပ်ရပ်ကြောင့် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရ၏။ တစ်ချိန်တည်းမှာပင် ဝူချန်းဟွမ်၏စိတ်ကို လေးလံသွားစေမည့် အခြားကိစ္စတစ်ခုကိုလည်း သတိပြုမိလိုက်လေသည်။
စောစောက သူမကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့သော ညဧကရာဇ်သည် ယခုအချိန်တွင် သူမနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခြင်း မရှိချေ။
'ဒီကောင် ငါ့ကို သစ္စာဖောက်သွားတာလား...'
သူမ၏အတွေးများ ဤနေရာသို့ ရောက်ရှိချိန်မှာပင် ထန်ရှီး၏လက်ဝါးတစ်ချက်က ရိုက်ခတ်လာမည်ကို မြင်လိုက်ရ၏။
ထိုလက်ဝါးချက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သွေးညှီနံ့တစ်ခုကို ရှူရှိုက်မိလိုက်ရသည်။ ထန်ရှီး၏လက်ဝါးက နီရဲနေသည်ကို မြင်လိုက်ရသောအခါ သူမ၏စိတ်ထဲ၌ အသိတစ်ခု ရုတ်တရက်ပေါ်လာ၏။
'သွေးပျော်နတ်လက်ဝါးသိုင်းပါလား...'
ကောလဟာလများအရ ဤမိစ္ဆာသိုင်းမှာ သွေးပျော်နတ်ကျင့်စဉ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး တစ်ခါက မိစ္ဆာလမ်းစဉ်မှ သိုင်းဆရာတစ်ဦးသည် ဤသိုင်းဖြင့် သိုင်းလောကကို မွှေနှောက်ဖူးကြောင်း ကြားခဲ့ရသည်။
ထို့ပြင် ဤကျင့်စဉ်ကို အသုံးပြု၍ သွေးကျွန်များကို ဖန်တီးနိုင်ကာ ၎င်းတို့ကို အစေခံများအဖြစ် အသုံးချနိုင်၏။
သို့သော် ထိုမိစ္ဆာသေဆုံးသွားပြီးနောက်တွင်မူ ဤကျင့်စဉ်သည်လည်း သိုင်းလောကမှ ပျောက်ကွယ်သွားခဲ့သည်။
နောင်တွင် တစ်စုံတစ်ယောက်က ဤကျင့်စဉ်၏ အကြွင်းအကျန်မှတ်တမ်းများကို တွေ့ရှိခဲ့ပြီး သွေးပျော်နတ်လက်ဝါးသိုင်းအဖြစ် ပြောင်းလဲဖန်တီးခဲ့ကြသော်လည်း သွေးကျွန်များ ဖန်တီးနိုင်သောလျှို့ဝှက်ချက်မှာမူ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ဤသိုင်းပညာသည် ရက်စက်ကြမ်းကြုတ်ကာ အလွန်အန္တရာယ်များလှပေသည်။ ၎င်းတွင်ပါဝင်သော သွေးအဆိပ်များ ကူးစက်သွားပါက သေရသည်ထက်ပင် ပိုမိုဆိုးရွားလှ၏။
အကယ်၍ ဤမိစ္ဆာသိုင်းကို အထွတ်အထိပ်အထိ ကျင့်ကြံထားနိုင်ပါက လက်ဝါးတစ်ချက်တည်းဖြင့်ပင် လူတစ်ယောက်၏သွေးသားများကို ခမ်းခြောက်သွားစေနိုင်ပြီး အရိုးဖြိုင်းဖြိုင်း အလောင်းကောင်တစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားစေနိုင်စွမ်း ရှိလေသည်။
ဝူချန်းဟွမ်သည် ဤယုတ်မာလှသောသိုင်းပညာမျိုးကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲသဖြင့် ကိုယ်ကိုတစ်ချက်ယိမ်းကာ ကုတင်ပေါ်မှ နောက်သို့ဆုတ်ခွာလိုက်၏။
ထန်ရှီးကမူ သူကိုယ်တိုင် အဝတ်အစားမဝတ်ရသေးသည်ကိုပင် ဂရုမစိုက်ဘဲ ခုန်ထလိုက်ကာ အသာစီးရယူ၍ ဆက်တိုက် ဖိအားပေးတိုက်ခိုက်လာတော့သည်။
ထန်ရှီးမျက်နှာပြောင်တိုက်သည်ဟုလည်း အပြစ်ဆို၍ မရနိုင်ပေ။ သေရေးရှင်ရေးဖြစ်နေချိန်တွင် အခြားအရာများမှာ အသေးအဖွဲ့သာ ဖြစ်၏။ မည်သည့်အရပ်မှ ရောက်လာမှန်းမသိသော ဤလူသတ်သမားကို အရင်သတ်နိုင်ဖို့ရာ အရေးကြီးဆုံးဖြစ်နေပေသည်။
ဝူချန်းဟွမ်သည် နောက်သို့တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာခဲ့ရ၏။ နောက်ထပ်မခုခံနိုင်တော့သည်ကို သိသောအခါ သူမက အံကြိတ်လိုက်ပြီး စုဆောင်းထားသောဓားအရှိန်အဟုန်ဖြင့် ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ဝုန်းခနဲအသံတစ်သံကို ကြားလိုက်ရပြီး လူရိပ်တစ်ခုက ပြတင်းပေါက်ကို ဖောက်ထွင်းကာ ဝင်ရောက်လာလေသည်။
ဓားသွားက လျှပ်စီးလက်သကဲ့သို့ တစ်မုဟုတ်ချင်း လင်းလက်သွား၏။
နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင် မြန်ဆန်လှပေ၏။
ဤဓားသိုင်းက ထန်ရှီး၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသည်ဆိုသည်ကိုပင် ထည့်ပြောရန် မလိုတော့ပေ။ အကယ်၍ သူအာရုံအပြည့်စိုက်ထားလျှင်ပင် ဤမျှမြန်ဆန်သောဓားချက်ကို ကာကွယ်နိုင်ရန် မသေချာလှချေ။
တွေဝေမနေဘဲ ကိုယ်ကိုလှည့်လိုက်သော်ငြား အချိန်မမီတော့သဖြင့် သူသည် သေစေနိုင်သောနေရာများကိုသာ အနည်းငယ်ရှောင်တိမ်းနိုင်ခဲ့၏။
ထိုဓားသွားသည် သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်သွားခဲ့ပြီဖြစ်၏။ ‘ရွှီး’ဟူသော အသံနှင့်အတူ ဓားသွားသည် ဘယ်ဘက်ရင်အုံမှ ဝင်ရောက်ကာ ညာဘက်ကျောပြင်သို့ ဖောက်ထွက်သွားလေသည်။
ချူချင်းသည် တိုက်ကွက်အောင်မြင်သွားသဖြင့် ထန်ရှီးကို အသက်ရှင်ခွင့်ပေးမည်မဟုတ်ပေ။ ခန္ဓာကိုယ်အတွင်း ဖောက်ထွင်းဝင်ရောက်နေသောဓားရှည်ကို ရုတ်တရက်တစ်ချက်လှည့်ကာ ဖြတ်တောက်လိုက်ရာ...
သို့သော် ထိုအချိန်၌ ထန်ရှီးက ဓားရှည်ကို ရုတ်တရက်လှမ်းဆွဲပြီး အရှိန်ယူကာ နောက်သို့ဆုတ်ခွာလိုက်၏။ သူက ခန္ဓာကိုယ်တွင်းမှဓားရှည်ကို ဆွဲထုတ်ရန် ကြိုးစားလိုက်ခြင်းပင်။
ချူချင်း၏မျက်ဝန်းများအတွင်း ခရမ်းရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ ဓားသွားကို တစ်ချက်လှည့်လိုက်ရာ ဖတ်ခနဲ မြေပြင်ပေါ်သို့ လက်ချောင်းအနည်းငယ် ပြုတ်ကျသွားလေသည်။
သို့သော် ထက်ဝက်ပိုင်းဖြတ်ခံရမည့်ဘေးမှ ထန်ရှီးမှာ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့ပြီး သူ၏ဘယ်ဘက်ရင်အုံတွင် အလွန်နက်ရှိုင်းသောဓားရာကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝူချန်းဟွမ်သည်လည်း ရပ်တန့်မနေဘဲ စုဆောင်းထားသောဓားအရှိန်အဟုန်များကို ထုတ်လွှတ်လိုက်၏။
တဖွဲဖွဲကျဆင်းလာသော ဓားပွင့်လေးများက ထန်ရှီး၏ခန္ဓာကိုယ်ပေါ်တွင် သွေးရာများကို တစ်ခုပြီးတစ်ခု ထင်ကျန်ရစ်စေခဲ့သည်။
သာမန်လူတစ်ယောက်သာ ဤကဲ့သို့သောဒဏ်ရာမျိုး ရရှိမည်ဆိုပါက သေချာပေါက် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ထန်ရှီးသည် အမုန်းမိစ္ဆာသိုင်းကို ကျင့်ကြံထားပြီး သွေးပျော်နတ်လက်ဝါးသိုင်းကိုပါ တတ်မြောက်ထားသူဖြစ်ရာ ဤမျှဆိုးရွားသော အခြေအနေသို့ ရောက်နေသည်တိုင် မသေသေးချေ။
သူက ခြေလှမ်းတစ်ချက်ပြောင်းလိုက်ရာ သူ၏ကိုယ်ဟန်က ပေါ်လိုက်ပျောက်လိုက်ဖြစ်ကာ တိုက်ပွဲထဲမှ ရုတ်တရက် လွတ်မြောက်သွားလေတော့သည်။
ချူချင်းက ဤအခြေအနေကို ကြိုတင်တွက်ချက်ထားပြီးဖြစ်၏။ တံခါးနှင့် ပြတင်းပေါက်စသည့်နေရာများကို ကြိုပိတ်ထားကာ ဓားကွက်များကိုလည်း အသင့်အနေအထားဖြင့် စုစည်းထားလိုက်သည်။
သို့သော် ဤလူသည် ယနေ့အခြေအနေတွင် မလွတ်မြောက်နိုင်တော့သည်ဟု နားလည်ထားပုံရသည်ကို ချူချင်း ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူသည် ပြတင်းပေါက်မှတစ်ဆင့် လွတ်မြောက်ရန် မကြိုးစားတော့ဘဲ စာအုပ်စင်ရှေ့သို့ ရောက်လာခဲ့သည်။
သူက ဆီမီးတိုင်ပေါ်သို့ လက်လှမ်းကာ ဆွဲချလိုက်ရာ စာအုပ်စင်တုန်ခါသံနှင့်အတူ တံခါးတစ်ချပ် ဖြည်းညင်းစွာ ပွင့်လာလေသည်။
တံခါးပွင့်စပြုသည်နှင့်တစ်ပြိုင်နက် သူက မစောင့်ဆိုင်းနိုင်တော့ဘဲ အတွင်းသို့ တိုးဝင်သွားတော့သည်။
သို့သော် အတွင်းသို့ဝင်ရောက်ကာ ခြေနှစ်လှမ်းခန့် ပြေးပြီးချိန်မှာပင် သူ၏ကိုယ်ဟန်က တောင့်တင်းသွားလေသည်။
ဓားသွားသည် သူ၏လည်ချောင်းမှ ထိုးထွက်လာခဲ့၏။ ထန်ရှီးက အံကြိတ်ကာ ဓားကိုဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း အားမထုတ်နိုင်မီမှာပင် ဝူချန်းဟွမ်က သူ၏လက်မောင်းကို ဖြတ်တောက်လိုက်လေသည်။
ဤလက်တစ်ဖက်ပြတ်သွားသည်ကို အခွင့်ကောင်းယူကာ ချူချင်းက ဓားကွက်တစ်ကွက်ကို ထုတ်လိုက်တော့သည်။
ခေါင်းတစ်လုံးသည် ထန်ရှီး၏လည်ပင်းပေါ်မှ လိမ့်ကျလာလေသည်။
မြေပြင်ပေါ်၌ အကြိမ်အနည်းငယ်မျှ လိမ့်သွားပြီးနောက် မျက်စိမမှိတ်နိုင်ဘဲ သေဆုံးသွားတော့သည်။
"သတ်ရတာ ခက်လိုက်တဲ့ ကောင်စုတ်..."
ထန်ရှီး သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါမှသာ ချူချင်းက ဓားပေါ်ရှိ သွေးများကို ခါချလိုက်သည်။ ထို့နောက် ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းရန် ပြင်လိုက်သော်လည်း လက်ထဲရှိ ဓားကိုကြည့်ကာ နှုတ်ခမ်းမဲ့လိုက်လေ၏။
ဓားကိုယ်ထည်မှာ ထန်ရှီး၏သွေးပျော်နတ်လက်ဝါးသိုင်းကြောင့် တိုက်စားခံလိုက်ရသဖြင့် ယခု၌ ပျက်စီးယိုယွင်းနေပြီ ဖြစ်၏။
နောက်တစ်ခေါက် ထပ်မံအသုံးပြုနိုင်တော့မည် မဟုတ်ပေ။ ဤဓားမှာ အသုံးမဝင်တော့ချေ။
သို့သော် ယခုအချိန်၌ ထိုအရာများကို ဂရုစိုက်မနေနိုင်ပေ။ သူက လက်တစ်ဖက်ဖြင့် ဝူချန်းဟွမ်ကို ဆွဲကိုင်လိုက်ပြီး အခြားလက်တစ်ဖက်ကမူ အတွင်းအားကို အသုံးပြု၍ ထန်ရှီး၏ခေါင်းကို ဆွဲယူလိုက်ကာ ချက်ချင်းပင် လှည့်ထွက်လာခဲ့လေသည်။
စောစောက လိုက်လံသတ်ဖြတ်ခြင်းနှင့် ခေါင်းဖြတ်ခြင်းစသော ဖြစ်ရပ်အားလုံးမှာ ရှင်းပြရမည်ဆိုလျှင် ရှုပ်ထွေးလှသော်လည်း လက်တွေ့တွင် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးစီးသွားခြင်း ဖြစ်ပေသည်။
ယခု သူတို့ခြေလှမ်းရပ်တန့်လိုက်ချိန်တွင် ဖုန်းခနဲအသံတစ်သံကို ကြားလိုက်ရပြီး ကျောဘက်ရှိစာအုပ်စင်ကြီးက ယခုမှသာ အံဝင်ခွင်ကျ ပိတ်သွားလေတော့သည်။
"အခြေအနေမဟန်ဘူး... ဆုတ်ကြစို့..."
ချူချင်းက ပြောလိုက်ရာ ဝူချန်းဟွမ်သည်လည်း တွေဝေမနေဘဲ ချူချင်း၏နောက်သို့ လိုက်ပါလာလေသည်။
သူမသည် စောစောက လျှို့ဝှက်ခန်းအတွင်းသို့ ဝင်ရောက်ကာ သေချာစွာရှာဖွေလိုသော်လည်း ယခုအချိန်မှာ သင့်တော်သောအချိန်မဟုတ်ပေ။
လျှို့ဝှက်ခန်းအတွင်း၌ မည်သည့်အခြေအနေရှိနေသည်၊ အကျယ်အဝန်းမည်မျှရှိသည်၊ ထောင်ချောက်များရှိမရှိနှင့် အစောင့်ချထားခြင်းရှိမရှိ ဆိုသည်များကို လုံးဝမသိနိုင်ပေ။ ထိုအရာအားလုံးက အတွေးတစ်ခုထက် မပိုတော့ပေ။
ထို့ပြင် စောစောကထွက်ပေါ်ခဲ့သော လှုပ်ရှားမှုများကြောင့် လော့ယွီခန်းမဆောင်မှလူများက အခြေအနေကို လာရောက်စစ်ဆေးကြမည်မှာ အသေအချာပင်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူတို့ကို လျှို့ဝှက်ခန်းအတွင်း၌ ပိတ်လှောင်ထားပါက ထွက်လိုလျှင်ပင် ထွက်လာနိုင်တော့မည် မဟုတ်ချေ။
ဤသည်မှာ လုံးဝခြေချရန်မသင့်သော အန္တရာယ်ကြီးလှသည့်နေရာပင်။ သူမ ရှာဖွေလိုသည်ဆိုလျှင်ပင် လော့ယွီခန်းမဆောင်မှ အရင်ဆုံးထွက်ခွာပြီး ထိုကိစ္စကို ဝူကန်ချီအား အကြောင်းကြားရမည်။
ထို့နောက် ထျန်းဝူအစောင့်တပ်များကို စေလွှတ်ကာ လော့ယွီခန်းမဆောင်ကို ဝန်းရံပိတ်ဆို့ရမည် ဖြစ်သည်။ အခြေအနေအားလုံးကို ထိန်းချုပ်ပြီးမှသာ သေချာစွာ စုံစမ်းစစ်ဆေးနိုင်မည်ဖြစ်ပြီး ယခုအချိန်တွင် ချူချင်းကို ဆွဲထားရမည့်အချိန် မဟုတ်ပေ။
ဝူချန်းဟွမ်၏ပြုမူပုံများကိုကြည့်ကာ ချူချင်းသည်လည်း စိတ်ထဲ၌ ကျေနပ်သွားမိသည်။
လွန်ခဲ့သောနှစ်များစွာက ဖင်တုံးလုံးနှင့် ဆံပင်ကို နှစ်ဖက်ခွဲချည်ထားတတ်သော ကောင်မလေးသည် ယခုအခါ၌ အမှန်တကယ် အရွယ်ရောက်လာခဲ့ပြီ ဖြစ်သည်။
စောစောက ထန်ရှီးသည် ပြတင်းပေါက်နှင့် တံခါးများမှ မပြေးဘဲ လျှို့ဝှက်ခန်းအတွင်းသို့ အတင်းတိုးဝင်သွားခဲ့ခြင်းမှာ သူသေချာပေါက် သေမည်ကို သိနေသောကြောင့် သူတို့ကိုပါ လျှို့ဝှက်ခန်းအတွင်းသို့ ခေါ်ဆောင်ကာ ပိတ်လှောင်ထားရန် ဖြစ်ပေသည်။ လော့ယွီခန်းမဆောင်မှ အခြားလူများ ရောက်လာချိန်တွင် သူ၏အသက်အတွက် လက်စားချေပေးနိုင်မည် ဖြစ်ပေသည်။
အနည်းဆုံးတော့ သူတို့နှစ်ယောက်ကို လော့ယွီခန်းမဆောင်မှ အသက်ရှင်လျက် ထွက်သွားခွင့်ပေးမည် မဟုတ်ချေ။
ဝူချန်းဟွမ်သည် မျက်စိရှေ့ရှိ ယာယီအကျိုးအမြတ်ကြောင့် မျက်စိကန်းမသွားခဲ့ပေ။ ဤသည်ကပင် သူမကို အထင်ကြီးလေးစားရန် လုံလောက်နေပြီ ဖြစ်၏။
လူနှစ်ယောက်မှာ အခန်းထဲ၌ အချိန်ဆွဲမနေဘဲ လေထဲသို့ ခုန်ပျံလိုက်ကြပြီး ဝူချန်းဟွမ်ဖောက်ထားခဲ့သော အမိုးပေါက်မှတစ်ဆင့် ခေါင်မိုးပေါ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။
ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
"ဘယ်သူလဲ..."
"လူသတ်သမားတွေ ရောက်နေတယ်..."
မည်သို့ပင်ဆိုစေကာမူ လော့ယွီခန်းမဆောင် ဖြစ်သဖြင့် တုံ့ပြန်မှုက အလွန်မြန်ဆန်လှပေသည်။
ချူချင်းက စဉ်းစားမနေတော့ဘဲ ဝူချန်းဟွမ်နှင့်အတူ ကိုယ်ဖော့သိုင်းကိုအသုံးပြုကာ ထိုနေရာမှ ထွက်ပြေးရန် ပြင်လိုက်၏။
ဤလော့ယွီခန်းမဆောင်မှ သာမန်အစောင့်များမှာ သူတို့နှစ်ဦးကို တားဆီးနိုင်မည် မဟုတ်ချေ။
သို့သော် လော့ယွီခန်းမဆောင်၏ခြံဝင်းထဲမှ ခုန်ထွက်တော့မည့်အချိန်တွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ခိုးကြောင်ခိုးဝှက်နဲ့ ငါတို့လော့ယွီခန်းမဆောင်ထဲကို ကျူးကျော်ရဲတယ်ပေါ့..."
"ဒီနေရာမှာပဲ နေခဲ့ကြစမ်း..."
ရုတ်တရက် လက်ဝါးရိပ်တစ်ခု ကျရောက်လာပြီး ကြီးမားလှသော အင်အားကြောင့် ကောင်းကင်နှင့် မြေကြီးကြားရှိ မိုးပေါက်များပင် ထိုလက်ဝါးအရှိန်နှင့်အတူ ယိမ်းယိုင်သွားတော့၏။