← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂) - ဤမျှသာ

မိုးရေစက်တို့သည် အတွင်းအားများ၏ ဆွဲငင်မှုကြောင့် စုစည်းသွားကာ လက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ချူချင်းနှင့် ဝူချန်းဟွမ်တို့၏ ရှေ့ဆက်သွားမည့်လမ်းကို ပိတ်ဆို့တားဆီးလိုက်လေသည်။

ဝူချန်းဟွမ်၏စိတ်သည် လေးလံထိုင်းမှိုင်းသွားပြီး ဤလူမှာ လော့ယွီခန်းမဆောင်၏ ခန်းမသခင်ထန်ယင်ဖုန်း ဖြစ်ကြောင်း သိရှိလိုက်၏။

ဤလူ၏သိုင်းပညာသည် အလွန်တရာ မြင့်မားလှပေသည်။ ဖခင်ဖြစ်သူ ဝူကန်ချီသည် တစ်ကြိမ်၌ သူနှင့် လက်ရည်စမ်းဖူး၍ ထိုလူ၏အတွင်းအားမှာ မိမိနှင့် ချူယွန်ဖေးတို့ထက် မနိမ့်ကျကြောင်း ဝူချန်းဟွမ်ကို ပြောပြခဲ့ဖူး၏။

ထို့ကြောင့် ဝူချန်းဟွမ်အနေဖြင့် ဤခန်းမသခင်နှင့် တွေ့ဆုံပါက ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန် မှာကြားခဲ့ဖူးသည်။

သို့သော် ယခုအချိန်တွင်မူ ယဉ်ကျေးပျူငှာနေရန် အခွင့်အရေး မရှိတော့ချေ။

ထန်ရှီးက မိစ္ဆာသိုင်းကို ခိုးယူကျင့်ကြံနေပြီး လျိုရှီကျဲ့က သံမြင်းဓားပြခုနစ်ယောက်နှင့် ပူးပေါင်းကြံစည်နေသည်။

လော့ယွီခန်းမဆောင်၏ ဒုတိယခန်းမသခင်နှင့် သခင်လေးနှစ်ဦးလုံးတွင် ပြဿနာကိုယ်စီရှိကြသဖြင့် ဤခန်းမသခင်သည်လည်း ရွှံ့နွံထဲမှ သန့်စင်နေသော ကြာပန်းတစ်ပွင့် ဖြစ်နိုင်ပါဦးမည်လော။

အခြေအနေများက ယခုကဲ့သို့ အထိမခံရွှေပန်းကန်ဖြစ်နေချိန်တွင် အချင်းချင်းမျက်နှာပျက်ရတော့မည်ဟု တွေးရန်စောသေးသော်လည်း ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ဝူချန်းဟွမ်သည် မိမိ၏ အစွမ်းကို လျှို့ဝှက်ထားရန် စိတ်ကူးမရှိတော့ချေ။

ထိုလက်ဝါးရိပ်သည် မျက်စိရှေ့သို့ ရောက်ရှိလာတော့မည်ကို မြင်လိုက်ရသဖြင့် ဓားရှည်သည် ဓားအိမ်မှထုတ်ရန် ပြင်လိုက်တော့သည်။

သို့သော် ချူချင်းက သူမထက် ပိုမိုမြန်ဆန်လှ၏။

ဝူချန်းဟွမ်၏လက်သည် ဓားရိုးပေါ်သို့ ရောက်ရှိသွားချိန်တွင် ထိုလက်ဝါးရိပ်သည် ချူချင်း၏ ဓားချက်တစ်ချက်အောက်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့ချေပြီ။

သို့သော် ဤသို့ တားဆီးခံလိုက်ရသဖြင့် ဓားအရှိန်မှာ အနည်းငယ် နှေးကွေးသွားခဲ့သည်။

သို့ရာတွင် ဝူချန်းဟွမ် မော့ကြည့်လိုက်သည့်အချိန်မူ ထိုဓားဦးသည် ထန်ယင်ဖုန်း၏ ရင်ဘတ်ရှေ့သို့ ရောက်ရှိနေပြီဖြစ်၏။

ထန်ယင်ဖုန်းသည် သိုင်းပညာ မည်မျှပင် မြင့်မားစေကာမူ ယခုအခိုက်အတန့်တွင် ထိတ်လန့်တုန်လှုပ်သွားရလေသည်။

အကယ်၍ သူသာ အရင်လက်ဦးမှု မယူခဲ့ပါက ဤဓားချက်သည် သူ့ကို မသေစေနိုင်လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရစေမည်မှာ သေချာလှသည်။

ဤဓားသိုင်းသည် မည်မျှအထိ လျင်မြန်နိုင်သနည်း။

အတွေးများသည် လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားစဉ် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ လက်နှစ်ဖက်ကို စုစည်းကာ အဝေးမှနေ၍ ဆီးကြိုခုခံလိုက်တော့သည်။

လက်ဝါးနှစ်ဖက်ကြားတွင် သွေးနီရောင်အလင်းတန်းများ လင်းလက်သွားပြီး ချူချင်း၏ မျက်ဝန်းတစ်စုံတွင်မူ ခရမ်းရောင်အငွေ့အသက်များ ထင်ဟပ်လာ၏။

အတွင်းအားနှစ်ခု ထိပ်တိုက်အားပြိုင်ကြရာ မျက်စိတစ်မှိတ်အတွင်း၌ပင် အနိုင်အရှုံး မပေါ်ဘဲ သရေကျနေသည့် အနေအထားသို့ ရောက်ရှိသွားသည်။

သို့သော် ထိုအချိန်တွင် ထန်ယင်ဖုန်း၏ မျက်နှာသည် ပိုမိုတင်းမာသွားကာ လက်နှစ်ဖက်ကို လှည့်ပတ်လိုက်ချိန်တွင် ချူချင်းသည် မိမိ၏ ဓားရှည်မှာ စတင်ဆွေးမြည့် ပျက်စီးလာသည်ကို သတိပြုမိလိုက်၏။

"သွေးပျော်နတ်လက်ဝါး..."

ဝူချန်းဟွမ်၏ရင်ထဲတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ ဒွန်တွဲနေသည်။

ထန်ရှီးသည် အမုန်းမိစ္ဆာသိုင်းနှင့် သွေးပျော်နတ်လက်ဝါးသိုင်းကို ကျင့်ကြံနေသဖြင့် ဤထန်ယင်ဖုန်းသည်လည်း ထိုညစ်ညမ်းသောလမ်းစဉ်မှ ကင်းလွတ်နိုင်မည် မဟုတ်ပေ။

လော့ယွီခန်းမဆောင်သည် လက်တွေ့တွင် မည်ကဲ့သို့အဖွဲ့အစည်းမျိုး ဖြစ်သနည်း။

ဝုန်းခနဲ အသံထွက်ပေါ်လာ၏။

စဉ်းစားခန်းဝင်နေချိန်အတွင်း ချူချင်း၏ ဓားရှည်မှာ တစ်စစီ ကြေမွပျက်စီးသွားခဲ့ပြီ။

စွမ်းအားနှစ်ခုသည် ဘေးပတ်ပတ်လည်သို့ ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ မိုးရေစက်များကို အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားစေလေသည်။

သို့သော် တိုက်ပွဲအလယ်မှ လူနှစ်ဦးသည် ပြိုင်တူလှုပ်ရှားလိုက်ကြပြီး လက်ဝါးတစ်ဖက်စီကို အသီးသီး ရိုက်ထုတ်လိုက်ကြ၏။

ဝူချန်းဟွမ်သည် အလွန်အမင်း ထိတ်လန့်သွားပြီး လျင်မြန်စွာပင် ခုန်ပျံကာ အော်ဟစ်သတိပေးလိုက်၏။

"သတိထား... ဒါကမှ သွေးပျော်နတ်လက်ဝါး..."

သို့သော် ကျွမ်းကျင်သူတို့တိုက်ပွဲသည် အနိုင်အရှုံးပေါ်ရန် စက္ကန့်ပိုင်းမျှသာ လိုအပ်သဖြင့် ယခုအချိန်တွင် သတိပေးနေသော်လည်း အချိန်မမီ‌တော့ပေ။

လက်ဝါးနှစ်ဖက် ထိတွေ့မိတော့မည့် အချိန်တွင်မူ ဝေါခနဲ လေတိုးသံတစ်ချက် ထွက်ပေါ်လာ၏။

ချူချင်း၏အင်္ကျီလက်ရှည်အတွင်းမှ အရာတစ်ခုသည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားကာ ထန်ယင်ဖုန်း၏ လက်ဝါးကို တစ်ခဏအတွင်း ဖောက်ထွက်သွားခဲ့၏။

ထန်ယင်ဖုန်းသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး တံတိုင်းပေါ်မှ လိမ့်ကျသွားခဲ့သည်။

ထိုအချိန် ဝူချန်းဟွမ်သည် သူ၏ဘေးသို့ ရောက်လာသည်နှင့် သူမ၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ လေထဲသို့ ပျံတက်ထွက်ခွာသွားလေသည်။ လေထဲတွင် သူ၏စကားသံသာ ကျန်ရစ်ခဲ့၏။

"လော့ယွီခန်းမဆောင်ရဲ့ ခန်းမသခင်က ဒီလောက်ပဲလား..."

ထန်ယင်ဖုန်းသည် ဒေါသ၊ အအေးဒဏ်၊ နာကျင်မှုနှင့် မကျေနပ်မှုတို့ကြောင့် တစ်ကိုယ်လုံးတုန်ရီနေတော့သည်။

'အဲ့ကောင်က တော်တော်ယုတ်မာပတ်စက်တဲ့ လူယုတ်မာပဲ...'

သူ တွေးတောမိလိုက်၏။

'ကွယ်ရာကနေ ချောင်းတိုက်တဲ့‌ ကောင်ကများ... ငါ့ကိုတောင် လျှော့တွက်ရဲသေးတယ်ပေါ့... သတ္တိရှိရင် ငါ့လက်ဝါးကို ထိပ်တိုက်ရင်ဆိုင်ပြီး ဘယ်သူက ပိုသာလဲဆိုတာ သက်သေပြလိုက်စမ်းပါ...'

စိတ်ထဲမှ ကြုံးဝါးနေစဉ်အတွင်း လက်ဝါးပြင်မှ ထုံကျဉ်လာသော ခံစားချက်ကို ခံစားလိုက်ရသည်။

သူသည် ငုံ့ကြည့်လိုက်ရာ ပို၍ပင် ဒေါသထွက်သွားရပြန်၏။

'သူက အဆိပ်ပါ သုံးထားတာလား...'

သို့သော် ဒေါသငယ်ထိပ်မရောက်သေးပေ။ လော့ယွီခန်းမဆောင်၏ တပည့်အချို့သည် ပျာပျာသလဲ ပြေးလွှားရောက်ရှိလာကြ၏။

"ခန်းမသခင်... သခင်လေး ပျောက်နေပါတယ်..."

"ဘာ..."

ထန်ယင်ဖုန်း၏မျက်နှာသည် အလွန်ပျက်ယွင်းသွားပြီး အဆိပ်‌ဖြေရန် မစောင့်နိုင်တော့ဘဲ ထန်ရှီး၏အခန်းသို့ အပြေးသွားကာ သွေးကွက်များကို ကြည့်ရှု၍ ထန်ရှီး၏တည်နေရာကို ရှာဖွေလိုက်၏။

သူသည် လျှို့ဝှက်တံခါးကို ဖွင့်လှစ်လိုက်ရာ အဝတ်ဗလာဖြစ်နေသော ခေါင်းပြတ်အလောင်းတစ်ခုသည် ကြမ်းပြင်ပေါ်တွင် မှောက်လျက်သား လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ ထိုသူသေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်၏။

သို့သော်... ခေါင်းက မည့်သည့်နေရာသို့ ရောက်သွားသနည်း။။

ထန်ယင်ဖုန်းသည် ထိုလူသတ်သမားနှင့် တိုက်ခိုက်စဉ်က သူ၏လက်ထဲတွင် တစ်ခုခုကို ဆုပ်ကိုင်ထားသည်ကို ရုတ်တရက် သတိရလိုက်၏။

'ဒါဆိုရင် အဲ့ဒါက...'

ဤအချက်ကို တွေးမိသည်နှင့်တစ်ပြိုင်နက် အဆိပ်ဒဏ်ကို မထိန်းချုပ်နိုင်တော့ဘဲ ပါးစပ်မှ သွေးတစ်လုပ် အန်ထုတ်လိုက်ပြီးနောက် မျက်နှာသည် အကျည်းတန်သွားကာ ကောင်းကင်သို့ မော့ကြည့်၍ ဟိန်းဟောက်လိုက်တော့သည်။

"ဒါ ဘယ်သူလုပ်သွားတာလဲ..."

ထျန်းဝူမြို့သည် ချူချင်းနှင့် ဝူချန်းဟွမ်တို့ ငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့သောနေရာဖြစ်သည်။

လော့ယွီခန်းမဆောင်မှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် တစ်ခဏအတွင်းမှာပင် နောက်မှ လိုက်ပါလာသောရန်သူများကို လုံးဝမျက်ခြေဖြတ်နိုင်ခဲ့ပြီဖြစ်၏။

တိတ်ဆိတ်ငြိမ်သက်သော လျှို့ဝှက်နေရာတစ်ခုသို့ ရောက်ရှိသောအခါမှသာ သူတို့နှစ်ဦးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

"ပူးပေါင်းတာ အောင်မြင်တယ်လို့ ပြောရမှာပဲ..."

ချူချင်းက ဝူချန်းဟွမ်ကို ကြည့်ကာ ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ်..."

"နေဦး..."

ဝူချန်းဟွမ်က လျင်မြန်စွာပင် လှမ်းအော်လိုက်၏။

ချူချင်းက အံ့အားသင့်သွားပြီး မေးလိုက်၏။

"ဘာကျန်သေးလို့လား..."

ဤမျှ ကြီးမားလှသောကိစ္စကြီးကို လုပ်ဆောင်ပြီးစီးသွားသော်လည်း ဤသူသည် မည်သည့်အရာမှ မဖြစ်ခဲ့ဖူးသကဲ့သို့ တည်ငြိမ်လွန်းနေသည်။

သူမသည် ထိုသူကို စိုက်ကြည့်ရင်း မိမိ၏မှတ်ဉာဏ်ထဲရှိ လူနှင့် မည်သည့်နေရာမျှ တူညီခြင်းမရှိသည်ကို သတိပြုမိလိုက်၏။

သူမသည် ယနေ့ညတွင် လိုက်ပါလာရသည့် အကြောင်းရင်းမှာ တစ်ဖက်က ထန်ရှီး၏ထူးခြားသော အဆင့်အတန်းကြောင့် ဖြစ်ပြီး အခြားတစ်ဖက်မှာမူ ဤသူကို အကဲခတ်လိုသောကြောင့် ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ...

ဝူချန်းဟွမ်သည် ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း ပြောလိုက်သည်။

"ရှင်က ကျွန်မကို တမင်တကာ အရင် လက်ဦးမှုယူခိုင်းတာ... ရှင် လှုပ်ရှားဖို့အတွက် အခွင့်အရေးရှာချင်လို့လား..."

ဝူချန်းဟွမ်သည် အလွန်ပင် ထက်မြက်လှပေသည်။ သူမ ရပ်တည်နေရသည့်ရာထူးက သူမအား သာမန်မိန်းကလေးတစ်ဦး ဖြစ်ခွင့် မပေးထားချေ။

ယခုအချိန်တွင်မူ ချူချင်းသည် သူမကို အဘယ်ကြောင့် လိုက်ခွင့်ပြုခဲ့သည်ကို ရှင်းလင်းစွာ နားလည်သွားခဲ့ပြီဖြစ်သည်။ သူမသည် သူလှုပ်ရှားနိုင်ရန်အတွက် အခွင့်အလမ်းကောင်းကို ဖန်တီးပေးခဲ့ရခြင်းပင်။

ချူချင်းသည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး ပြောလိုက်၏။

"ဒီတစ်ခေါက်မှာတော့ သခင်မလေးဝူရဲ့ အကူအညီကြောင့် အောင်မြင်ခဲ့တာပေါ့... ဒါပေမဲ့ ကျွန်တော်တို့ ကြိုသဘောတူထားတဲ့အတိုင်း ထန်ရှီးကို သတ်တဲ့အတွက် ရမဲ့အဖိုးအခကိုတော့ မင်းတစ်ပြားမှရမှာမဟုတ်ဘူးနော်..."

လက်တွေ့တွင် ချူချင်းကိုယ်တိုင်လည်း မည်သည့်အဖိုးအခမျှ ရရှိမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အာ့ကုံတွင် ငွေကြေးမရှိသောကြောင့် ဖြစ်၏။

ဝူချန်းဟွမ်သည် တစ်ကိုယ်လုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဤစကားကို ကြားရသောအခါ ဒေါသပင် မထွက်နိုင်တော့ချေ။

သူမသည် ချူချင်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်၏။

"ရှင်က ကျွန်မနဲ့ အတူတူလှုပ်ရှားဖို့ သဘောတူကတည်းက ဒီလို စီစဉ်ထားပြီးသားလား..."

"ကျွန်တော်က ဗေဒင်ဆရာမှ မဟုတ်တာ... ဘယ်လိုလုပ် အကုန်လုံးကိုကြိုသိနိုင်မှာလဲ..."

ချူချင်းသည် ဆွံ့အသွားပြီး ပြောလိုက်၏။

"တစ်ယောက်တည်း ဆိုရင်လည်း နည်းလမ်း ရှိတာပဲ... နှစ်ယောက်ဆိုရင်တော့ နှစ်ယောက်အတွက် အစီအစဉ် ရှိတာပေါ့…”

“သခင်မလေးဝူက ပြည်သူတွေအတွက် မိစ္ဆာတွေကို ဖယ်ရှားပေးချင်တဲ့ စိတ်ဓာတ်ရှိမှတော့ ရလာတဲ့ အခွင့်အရေးကို အကျိုးရှိရှိ အသုံးချရမှာပေါ့... အဟမ်း... ဘာမှမဟုတ်ပါဘူး... ခင်ဗျား နားကြားမှားတာ ဖြစ်ပါလိမ့်မယ်..."

"အကျိုးရှိရှိကို အသုံးချလိုက်တာပဲ..."

ဝူချန်းဟွမ်သည် တစ်လုံးချင်း ပြောလိုက်၏။ သူမ၏မျက်နှာကို ဖုံးကွယ်ထားသော်လည်း ယခုအချိန်တွင် သူမမျက်နှာပျက်ယွင်းနေမည်ကို ခန့်မှန်းနိုင်ပေသည်။

ဤသူသည် သူမ လိုက်ပါလာမည်ကို ကြိုတင်တွက်ဆထားပြီးမှသာ ဤအစီအစဉ်ကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ယခုမူ ထိုသူသည် သူမ၏ရှေ့တွင် ဟန်ဆောင်ကောင်းနေဆဲ ဖြစ်၏။

'သူက ချူချင်း လုံးဝ မဖြစ်နိုင်ဘူး... ချူချင်းစိတ်က ဒီလောက်အထိ မရှုပ်ထွေးဘူး...'

ဤသို့ တွေးတောရင်း စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်စဉ်မှာပင် ရုတ်တရက် အတွေးတစ်ခုသည် သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာပြန်၏။ လူဟူသည် ပြောင်းလဲတတ်သည့် သဘာဝရှိပေသည်။

သူသည် ခုနစ်နှစ်တိုင်တိုင် ထွက်ခွာသွားခဲ့ပြီး သူမ မသိနိုင်သော အတိတ်များ ရှိခဲ့ပေမည်။ အကယ်၍ ဤသည်မှာ သူ၏ပြောင်းလဲမှုသာ ဖြစ်နေပါက...

သူမသည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် ချူချင်း၏ စကားသံကို ကြားလိုက်ရသည်။

"ပြောစရာရှိတာတွေကို နောက်မှ ပြောကြတာပေါ့... မင်း ဒီည တော်တော်အလုပ်ရှုပ်လိမ့်မယ် ထင်တယ်... ထန်ယင်ဖုန်းက အဆိပ်မိထားတော့ သူ့ရဲ့အတွင်းအားက အများကြီး လျော့ကျသွားပြီ…”

“ဒီည လော့ယွီခန်းမဆောင်က အားအနည်းဆုံးအချိန်ပဲ... အိမ်မြန်မြန်ပြန်ပြီး မင်းအဖေနဲ့ ... အဲ့မိစ္ဆာကို ထျန်းဝူမြို့ကနေ ဘယ်လို ဖယ်ရှားမလဲဆိုတာ ဆွေးနွေးတာ ပိုကောင်းလိမ့်မယ်..."

ချူချင်း၏စကားသည် ကျိုးကြောင်းဆီလျော်လှသော်လည်း ဝူချန်းဟွမ်ကမူ သူသည် ထွက်ပြေးရန် အကြောင်းပြချက် ရှာနေသကဲ့သို့သာ ခံစားလိုက်ရ၏။

ထိုစဉ် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသဖြင့် ချူချင်းနှင့် ဝူချန်းဟွမ်တို့သည် လော့ယွီခန်းမဆောင်မှ လူများ လိုက်လံရှာဖွေနေသည် ထင်မှတ်ကာ ရုတ်ချည်းပုန်းကွယ်လိုက်ကြ၏။

သို့သော် အစိမ်းရောင်ဝတ်လူအချို့သည် တစ်ခုခုကို ရှာဖွေနေသည့်အလား ပျာပျာသလဲ ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရသည်။

"ဒါက ချူမိသားစုက လူတွေလား..."

ချူချင်းနှင့် ဝူချန်းဟွမ်တို့သည် အပြန်အလှန်ကြည့်လိုက်ကြပြီး ထိုလူများ၏နောက်ခံကို သိရှိလိုက်ကြ၏။

သို့သော် သူတို့သည် ဤမိုးရွာသောညတွင် အဘယ်ကြောင့် ဤမျှ အလျင်စလို ပြေးလွှားနေကြရသနည်း။

သို့ဆိုလျှင်... ချူမိသားစုတွင် တစ်စုံတစ်ခုသော အရေးအခင်းများ ဖြစ်ပေါ်နေပြီလော။

All Chapters