← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃) - လုပ်ကြံခံရခြင်းလော

ဝူချန်းဟွမ်သည် မြို့‌တော်ဝန်အိမ်သို့သာ ပြန်သွားလေသည်။

ချူချင်းပြောသည်မှာ မှန်ပေသည်။ လော့ယွီခန်းမဆောင်ကိစ္စများနှင့် ချူမိသားစုတွင် ဖြစ်လာနိုင်သော အပြောင်းအလဲများကြောင့် သူမသည် ဤနေရာတွင် ချူချင်းနှင့် အချင်းများနေရန် အချိန်မရှိတော့ပေ။

အထူးသဖြင့် လော့ယွီခန်းမဆောင်ကိစ္စပင်။ အခွင့်ကောင်းဆိုသည်မှာ လက်လွတ်ခံ၍မရ၊ လက်လွတ်လိုက်ပါက ပြန်ရနိုင်ရန် မသေချာချေ။

သို့သော် ထွက်မသွားမီတွင် သူမက ချူချင်းကို အဓိပ္ပာယ်ဖော်မရသော အကြည့်ဖြင့် နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်သွားခဲ့လေသည်။

သူမထွက်သွားပြီးနောက် ချူချင်းသည် တည်းခိုခန်းသို့ ပြန်မသွားခဲ့ပေ။

ဟိုဘက်ဒီဘက်လျှောက်သွားနေရင်း သူသည် ချူမိသားစုအိမ်တော် အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။

ယခုအခါ၌ ညဉ့်ယံအောက်ရှိ ချူအိမ်တော်အထဲတွင် လူများဟိုဒီသွားလာရင်း ရှုပ်ယှက်ခတ်နေ၏။ အပြာရောင်ဝတ်လူများကလည်း ခြံတံခါးမှနေ၍ မကြာခဏ အဝင်အထွက် ပြုလုပ်နေကြလေသည်။

လူတိုင်း၏မျက်နှာသည် တည်ငြိမ်နေကြပြီး ဝမ်းနည်းနေသည့်ဟန်လည်း ပေါ်လွင်နေသည်။

ချူချင်း၏စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ အပြာရောင်ဝတ်လူများထံမှ 'သခင်ကြီး လုပ်ကြံခံရတယ်'ဟူသော စကားလုံးများကို ကြားလိုက်ရချိန်တွင် မှတ်ဉာဏ်အချို့က ရုတ်တရက် လွှမ်းမိုးလာကာ သူ့ကို မှုန်ဝေသွားစေ၏။

"လုပ်ကြံခံရတယ်... ချူယွန်ဖေး လုပ်ကြံခံလိုက်ရတာလား..."

သူက ချူမိသားစုအိမ်တော်ဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်ပြီး အထဲသို့ဝင်ကာ အခြေအနေကြည့်ရန် အလိုအလျောက် ခြေလှမ်းပြင်လိုက်လေသည်။

သို့သော် နှစ်လှမ်းခန့်လှမ်းပြီးသည်နှင့် သူ၏ခြေလှမ်းများ ရပ်တန့်သွား၏။

"မဟုတ်သေးဘူး..."

ချူချင်းက လေကို တစ်ချက်ပြင်းပြင်းရှူသွင်းလိုက်၏။

"ဒီကိစ္စက လှည့်ကွက်တစ်ခုပဲ... ပိုင်ချီရဲ့နည်းလမ်းတွေကို ငါသိတယ်... နေ့လယ်က အစီအစဉ်တွေက သူ့အကြံကုန်ပဲ... လူသတ်သမား နှစ်ယောက်လုံးကိုလည်း ရှင်းလင်းပြီးပြီပဲ... ချူယွန်ဖေးက ဘယ်လိုလုပ် သေနိုင်ဦးမှာလဲ…”

“ဒါ့အပြင် ပိုင်ချီက ထျန်းဝူမြို့ကနေ ထွက်ပြေးသွားပြီပဲ... ဒါဆို ဒီတစ်ကြိမ် လုပ်ကြံမှု လုံးဝကျရှုံးသွားပြီဆိုတာ သေချာနေတာပဲ... ဒီလိုအခြေအနေမျိုးမှာ... လုပ်ကြံခံရတယ်ဆိုတာက..."

ဤနေရာသို့ တွေးမိသောအခါ သူက မိမိ၏ပါးပြင်ကို ပုတ်ကာ အာရုံပြန်စုစည်းလိုက်လေသည်။

"ဝမ်ယဲ့တောင်ကြားက ချူယွန်ဖေးကို လုပ်ကြံဖို့ နျဲ့ကျင့်ထိုင်ကို ငှားခဲ့ပေမဲ့ ကျရှုံးသွားတာပဲလေ... ချူယွန်ဖေးက သေချင်‌ယောင်ဆောင်ပြီး ဝမ်ယဲ့တောင်ကြားကို မြှုပ်ဖို့ တွင်းတူးထားတာဘဲနေမှာ..."

ဤသည်မှာ လက်ရှိအချိန်တွင် ချူချင်း တွေးတောနိုင်စွမ်းရှိသည့် အကျိုးအကြောင်းအဆီလျော်ဆုံး ရှင်းလင်းချက်ပင် ဖြစ်သည်။

သို့သော် ဤရှင်းလင်းချက်က ယုတ္တိရှိသော်ငြား အားလုံးမှာ ခန့်မှန်းချက်များသာ ဖြစ်နေ၏။ မိမိထင်မြင်ထားသည်ကို သက်သေပြရန် လိုအပ်နေသေးသည်။

ထိုသို့ သက်သေပြရမည့်နည်းလမ်းမှာ ထင်ရှားလှပေသည်။

ချူချင်း ရုတ်တရက် လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ မိုးသည်းညဉ့်ယံထဲတွင် ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို မြင်လိုက်ရလေသည်။

မျက်လုံးချင်းဆုံမိသည်နှင့် ထိုအနက်ရောင်ဝတ်စုံလူက လှည့်ကာ ထွက်ပြေးလေတော့၏။

ချူချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အတွင်းအားကို စုစည်းကာ သူ၏နောက်မှ ထပ်ချပ်မခွာလိုက်ပါသွား၏။

ထိုလူ၏ကိုယ်ဖော့သိုင်းမှာ အလွန်မြန်ဆန်လှသည်။ မိုးသည်းညဉ့်ယံထဲတွင် ခုန်ပျံနေစဉ် သူ၏တစ်ကိုယ်လုံး၌ အပြာရောင်အငွေ့အသက်များ ဖုံးလွှမ်းနေကာ ကြယ်လိုက်လမီခြေလှမ်းများဖြင့် မိုးရေစက်များအကြားသို့ တိုးဝင်သွားလေသည်။

ချူချင်းက မျက်လုံးများကို မှေးကျဉ်းလိုက်ရာ သူ၏မျက်ဝန်းများအတွင်း၌ ခရမ်းရောင်အငွေ့အသက်များ စီးဆင်းသွား၏။

နဂိုက အနည်းငယ်နှေးကွေးနေရာမှ အရှိန်မြှင့်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်ဝတ်လူ၏ နောက်ကျောဘက်သို့ ရောက်ရှိသွားတော့သည်။

အနက်ရောင်ဝတ်လူက နောက်သို့ လှည့်ကြည့်လိုက်ရာ အနည်းငယ် ကြောင်အသွားပုံရပြီးနောက် သူ၏မျက်ဝန်းထဲတွင် ဝမ်းသာပျော်ရွှင်ရိပ်များ ဖြတ်ပြေးသွားလေ၏။

"ကောင်းလိုက်တဲ့ ကိုယ်ဖော့သိုင်း..."

ဤအချိန်တွင် သူသည် ထျန်းဝူမြို့ရိုးအနီးသို့ ရောက်ရှိနေပြီဖြစ်သည်။ သူက လက်နှစ်ဖက်ကို ဖြန့်တန်းလိုက်ရာ ကောင်းကင်သို့ ပျံတက်သွားသော နှင်းငန်းတစ်ကောင်အလား နှစ်ကျန်း၊ သုံးကျန်းခန့် ခုန်တက်သွား၏။

ထို့နောက် ခြေဖျားများကို ဖိနင်းလိုက်ကာ မြို့ရိုးပေါ်သို့ လမ်းလျှောက်တက်လှမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့ရိုးပေါ်သို့ ရောက်ရှိသွားလေသည်။

သူက နောက်သို့ ထပ်မံလှည့်ကြည့်လိုက်သောအခါ ချူချင်းကလည်း မြို့ရိုးပေါ်သို့ ခုန်တက်လာသည်ကို မြင်လိုက်ရ၏။

လေဟာပြင်တွင် လျှောက်လှမ်းကာ သူဆီသို့ ပြေးဝင်လာနေခြင်းပင်။

အနက်ရောင်ဝတ်လူမှာ ထပ်မံအံ့အားသင့်သွားပြီး ချက်ချင်းလှည့်ကာ တွေဝေမနေဘဲ မြို့ပြင်သို့ ဆက်လက်ခုန်ပျံထွက်ပြေးတော့၏။

ချူချင်းကလည်း ခြေဖျားများကိုဖိနင်းလိုက်ကာ လေထဲတွင် ခြေလှမ်းသုံးဆယ်ခန့် လျှောက်လှမ်းပြီးနောက် အနက်ရောင်ဝတ်လူ၏နောက်မှ အသေအလဲ လိုက်ပါသွားလေသည်။

ထျန်းဝူမြို့ရိုးပေါ်ရှိ ထျန်းဝူအစောင့်တပ်သားများမှာ ယခုမှသာ အိပ်မက်မှ နိုးထလာသကဲ့သို့ သတိဝင်လာကြလေသည်။

မြို့ရိုးပေါ်မှ ကျော်ဖြတ်သွားသော လူနှစ်ဦးကိုကြည့်ရင်း သူတို့က အော်ဟစ်လိုက်ကြ၏။

"ဘယ်သူတွေလဲ..."

လိုက်ဖမ်းရန် ကြံရွယ်လိုက်သော်လည်း အမှီလိုက်ဖမ်းနိုင်စွမ်းမရှိကြပေ။

သူတို့နှစ်ဦး ရှေ့ဆင့်နောက်ဆင့် မြို့ပြင်သို့ ထွက်လာခဲ့ကြပြီး သုံးမိုင်၊ ငါးမိုင်ခန့် အကွာအဝေးသို့ ရောက်သောအခါ တောထူသော နေရာတစ်ခုရှေ့သို့ ရောက်လာလေသည်။

ထိုအခါ အနက်ရောင်ဝတ်လူက ရုတ်တရက် လှည့်ကြည့်လာ၏။

"ကိုယ်ဖော့သိုင်းက ဒီလောက်တောင် အစွမ်းထက်နေမှတော့ မင်းရဲ့တိုက်ရည်ခိုက်ရည်က ဘယ်လိုနေမလဲဆိုတာ ငါ့ကို ပြစမ်းပါဦး..."

စကားသံအဆုံးတွင် သူက လက်တစ်ဖက်ကို ရုတ်တရက် တွန်းထုတ်လိုက်လေသည်။

ဤလက်ဝါးအဟုန်နှင့်အတူ ပတ်ဝန်းကျင်၌ လေနံရံကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။

သစ်ပင်ရိပ်များ ယိမ်းထိုးသွားကာ မိုးရေစက်များပါ စုဆုံသွားပြီး ထိုအထဲတွင် ကြီးမားသော လက်ဝါးကြီးတစ်ခု ပေါ်ထွက်လာလေသည်။

ဤသည်ကို မြင်သောအခါ ချူချင်းကလည်း လက်တစ်ဖက်ကို လှန်လိုက်ရာ သူ၏လက်ဝါးပေါ်တွင် ခရမ်းရောင်အငွေ့အသက်များ ဖုံးလွှမ်းသွား၏။

အလားတူပင် ကြီးမားသော လက်ဝါးကြီးတစ်ခု ပေါ်ထွက်လာချေသည်။

မည်သူမဆို ဤမြင်ကွင်းကို တွေ့မြင်ပါက ချက်ချင်း သိမြင်နိုင်ပေမည်။ ဤလူနှစ်ဦး အသုံးပြုနေသည်မှာ တူညီသော သိုင်းပညာတစ်မျိုးတည်းသာ ဖြစ်လေသည်။

ချင်းရွှီလက်ဝါးပင်။

ဘုန်း... ဘုန်း...

ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် အနက်ရောင်ဝတ်လူ၏ပုံရိပ်မှာ ယိမ်းယိုင်သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။ ချူချင်းကို ကြည့်လိုက်သောအခါမူ သူက တုန်လှုပ်ခြင်းအလျဉ်းမရှိဘဲ မူလအတိုင်း ရပ်နေသည်ကို တွေ့ရ၏။

"မင်း သုံးလိုက်တာ ဘာသိုင်းလဲ... ဘာလို့ ဒီလောက်အစွမ်းထက်နေရတာလဲ..."

အနက်ရောင်ဝတ်လူ၏အသံထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။

"ခင်ဗျားကရော ဘယ်လိုထင်လဲ..."

ချူချင်းက သူ၏ရှေ့ရှိ အနက်ရောင်ဝတ်လူကို ‘ဘာတတ်နိုင်‌သေးလဲ’ဆိုသည့်ဟန်ဖြင့် ကြည့်လိုက်၏။

"အစ်ကိုကြီး... နောက်မနေပါနဲ့တော့..."

ကိုယ်ဖော့သိုင်းက ကြယ်လိုက်လမီခြေလှမ်းဖြစ်ပြီး လက်ဝါးသိုင်းမှာ ချင်းရွှီလက်ဝါးဖြစ်လေသည်။

ဤနှစ်မျိုးလုံးသည် ချူမိသားစု၏ အပြင်လူမသိနိုင်သော လျှို့ဝှက်ချက်များ ဖြစ်ကြသည်။ ချူယွန်ဖေးအပြင် ချူမိသားစု၏ ညီအစ်ကိုသုံးယောက်သာလျှင် သင်ယူခွင့်ရရှိထားကြ၏။

ချူဖန်အနေဖြင့် အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ကာ သူ့ကို လာရောက်တွေ့ဆုံရန် စဉ်းစားမည်မဟုတ်ပေ။ ထို့ကြောင့် သူ၏ရှေ့ရှိဤလူသည် ချူထျန်းသာ ဖြစ်နိုင်တော့သည်။

ချူထျန်းက ချူချင်းကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး မျက်နှာဖုံးကို ချွတ်ချလိုက်လေသည်။

"မင်းက ဘာလို့ နည်းနည်းလေးတောင် မအံ့သြတာလဲ..."

"နေ့လယ်က သခင်ကြီးကို ကယ်ပြီး ကျွန်တော် ချူအိမ်တော်ကနေ ထွက်လာကတည်းကလေ... ခင်ဗျားက ကျွန်တော်နဲ့ ဝူချန်းဟွမ်ရဲ့နောက်ကနေ တောက်လျှောက် လိုက်နေတာလေ... ဝူချန်းဟွမ် သတိမထားမိပေမဲ့ ခင်ဗျား ကျွန်တော့်ကိုတော့ ဖုံးထားလို့မရပါဘူး..."

ချူချင်းက တိုးညင်းသောအသံဖြင့် ပြောလိုက်၏။

"ဝူချန်းဟွမ် ထွက်သွားပြီးမှ ခင်ဗျားထွက်လာပြီး ကျွန်တော့်ကို တွေ့မယ်လို့ ထင်ထားခဲ့တာ... ဒါပေမယ့် ရှင်းယိုဟန်ကို သတ်ပြီးချိန်မှာ ခင်ဗျားပါ ထွက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"အဲဒီတုန်းက မင်းရဲ့အစ်ကိုလတ်က မင်းနားမှာ ရှိနေတာကိုး... သူက ရမ်းရမ်းကားကားနဲ့ မင်းကို ထပ်ပြီး လက်ပါမှာ စိုးရိမ်လို့ သူ့ကို မျှားခေါ်သွားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး..."

ချူထျန်းက ဤနေရာအရောက်တွင် သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်လေသည်။

"ငါ မင်းကို မှတ်မိသွားပြီဆိုတာကို မင်း ဘယ်အချိန်ကတည်းက သိနေခဲ့တာလဲ..."

"ခုလေးတင်ပဲ..."

ချူချင်း၏စကားကြောင့် ချူထျန်းမှာ အနည်းငယ် အံ့အားသင့်သွား၏။

"ခုလေးတင် ဟုတ်လား..."

ချူချင်းက ပြုံးလိုက်၏။

"ခုနက ကျွန်တော် ချင်းရွှီလက်ဝါးကို သုံးလိုက်မှ ခင်ဗျားက ကျွန်တော်မှန်း တကယ်သေချာသွားတာ မဟုတ်ဘူးလား..."

ချူထျန်းက ခေတ္တမျှ ကြက်သေသေသွားပြီးနောက် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ သူ၏ရယ်မောသံထဲတွင် ကျေနပ်အားရမှုများ ပြည့်နှက်နေ၏။

"ကောင်းတယ်... ကောင်းတယ်... ညီငယ်သုံး... ခုနစ်နှစ်တောင် မတွေ့ရတဲ့အချိန်အတွင်း မင်း တကယ် အရွယ်ရောက်လာခဲ့ပြီပဲ..."

အရွယ်ရောက်လာပြီဆိုသည်မှာလည်း မသေချာလှပေ။

အကယ်၍ အမှန်တကယ် အရွယ်ရောက်ရင့်ကျက်လာခဲ့ပါက မည်သို့သောအကြောင်းကြောင့် နျဲ့ကျင့်ထိုင်၏လှည့်စားခြင်းကို ခံရကာ အဆုံးတွင် သေဆုံးရသည့် အခြေအနေသို့ ရောက်ရှိသွားမည်နည်း။

ချူချင်းက လေပူတစ်ချက်ကို ဖွဖွမှုတ်ထုတ်လိုက်၏။

"ဒါပေမယ့် ခင်ဗျားက ဒီမှာရောက်နေမှတော့ လုပ်ကြံခံရတယ်ဆိုတာက တကယ်ဟန်‌ဆောင်နေတာပေါ့..."

ချူထျန်းက ခေါင်းညိတ်ပြလိုက်၏။

"ဝမ်ယဲ့တောင်ကြားက အဖေ့ကို သတ်ဖို့ နျဲ့ကျင့်ထိုင်ကို ငှားတယ်ဆိုတာ အဖေ့ရဲ့ သိုင်းပညာကို ကြောက်လို့ပဲ... အဖေ့ရဲ့ရော့ရွှီကျင့်က အခုဆိုရင် အောင်မြင်ခါနီးဖြစ်နေပြီ... တကယ်တော့ နောက်တစ်လှမ်းပဲ လိုတော့တာ…”

“အဲဒီနောက်ဆုံးအဆင့်ကလည်း မင်း အိမ်ပြန်မလာသေးတာကို သူ့စိတ်ထဲမှာ စိုးရိမ်ပူပန်နေရလို့ တက်လှမ်းဖို့ ခက်နေခဲ့တာလေ... အခု မင်း ပြန်ရောက်လာပြီဆိုတော့ အဖေ့ရဲ့ရော့ရွှီကျင့် အောင်မြင်ဖို့က လက်တစ်ကမ်းမှာပဲ ရှိတော့တယ်…”

“ဝမ်ယဲ့တောင်ကြားက အဖေ့ကို ကြောက်လို့... သူသေဖို့ မျှော်လင့်နေကြတာ... ဒါကြောင့် အဖေကလည်း တကယ်သေချင်ယောင် ဆောင်လိုက်တာလေ... သူတို့ဆန္ဒအတိုင်း ဖြစ်အောင် ဖန်တီးပေးပြီးတော့ သူတို့ ဘယ်လို ဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့..."

ထိုနေရာအရောက်တွင် သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလေ၏။

"ဒီမတိုင်ခင်က မင်းရဲ့သရုပ်မှန်ကို အတည်မပြုနိုင်သေးပေမယ့် အဖေ လုပ်ကြံခံရတယ်ဆိုတဲ့သတင်း ထွက်လာတာနဲ့ မင်း တည်ငြိမ်နေပါ့မလားဆိုတာ ပြောဖို့ခက်တယ်လေ... တကယ်လို့ မင်းသာ တကယ်ဖြစ်နေရင်၊ ပြီးတော့ ဝမ်ယဲ့တောင်ကြားနဲ့ နျဲ့ကျင့်ထိုင်တို့ အောင်မြင်သွားပြီလို့ ထင်သွားပြီး... အမှန်မသိရ‌သေးတဲ့‌အခြေအနေမျိုးမှာ မင်းက သူတို့ကို သွားပြီး အသေအလဲ တိုက်ခိုက်မှာကို ငါစိုးရိမ်ခဲ့တာ…”

“ဒါကြောင့် မင်းကို တွေ့ပြီး အနည်းဆုံးတော့ သတင်းလေး ပါးချင်ခဲ့တာ... ဒါပေမဲ့ မင်းပုံစံကို ကြည့်ရတာ စောစောကတည်းက ရိပ်မိနေတဲ့ပုံပဲ..."

"ခင်ဗျားရဲ့မျက်နှာကို မြင်လိုက်ရမှ လုံးဝ သေချာသွားတာပါ..."

ချူချင်း၏စကားကို ကြားပြီးနောက် ချူထျန်းက သူ၏မျက်နှာကို အလိုအလျောက် စမ်းလိုက်မိကာ ထိုအခါမှသာ သဘောပေါက်သွားလေ၏။

"ငါက မင်းကို စမ်းသပ်နေတာလို့ ထင်ခဲ့တာ... တကယ်တော့ မင်းက ငါ့ကို ပြန်စမ်းသပ်နေခဲ့တာပဲကိုး…”

All Chapters