အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) - မင်း ဘယ်တော့မှ အထီးမကျန်ပါဘူး
ချူယွန်ဖေး၏အသက်အန္တရာယ်နှင့် သက်ဆိုင်နေသောကြောင့် ပေါ့ဆ၍မရပေ။ မျက်မှောက်ရှိလူ၏သရုပ်မှန်ကို သေချာမသိရသေးသရွေ့ သူက ချင်းရွှီလက်ဝါးနှင့် ကြယ်လိုက်လမီခြေလှမ်းတို့ကို အသုံးပြုနိုင်နေလျှင်ပင် ချူချင်းက စိတ်မချနိုင်သေးချေ။
ထို့ကြောင့် ချူထျန်းကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် ချူချင်း၏စိတ်ထဲ၌ ကြိုတင်တွက်ချက်ပြီးဖြစ်သည်။
ချူထျန်းက ကြယ်လိုက်လမီခြေလှမ်းနှင့် ချင်းရွှီလက်ဝါးသိုင်းတို့ကို တမင်တကာ ထုတ်ဖော်ပြသခဲ့ခြင်းပင်။
ဤအချက်က ချူချင်း၏အတွေးနှင့် အံဝင်ခွင်ကျ ဖြစ်နေခဲ့၏။
နောက်ဆုံးတွင် ချူချင်းက ချူထျန်းဖြစ်ကြောင်း အမည်တပ်ခေါ်ဆိုလိုက်ပြီး မျက်နှာဖုံးကို ဖယ်ရှားစေလိုက်ချိန်မှသာ အရာအားလုံးက သေချာသွားတော့သည်။
ညီအစ်ကိုနှစ်ယောက်လုံး ခဏတာ တိတ်ဆိတ်သွားပြီးနောက် တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြလေ၏။
ရယ်မောအပြီးတွင် ချူချင်းကလည်း လက်လှမ်းကာ သူ၏မျက်နှာဖုံးကို ချွတ်ချလိုက်လေသည်။
ချူထျန်းက သူ၏မျက်နှာကို ခေတ္တမျှ စိုက်ကြည့်နေရာ ချူချင်းမှာပင် အနည်းငယ် နေရခက်သကဲ့သို့ ခံစားလိုက်ရ၏။ ထိုအခါမှ ချူထျန်းက မျက်ဝန်းများ မှိုင်းညှို့သွားကာ စကားစလိုက်လေသည်။
"ဒီနှစ်တွေထဲမှာ မင်း အတော်လေး ဒုက္ခရောက်ခဲ့မှာပဲ..."
"သိပ်အဆင်ပြေခဲ့တာတော့မဟုတ်ပေမဲ့ အရမ်းကြီးလည်း မဆိုးရွားပါဘူး..."
ချူချင်းက ပြုံးလိုက်ပြီး ထိုအကြောင်းအရာအပေါ် ဆက်ပြောလိုခြင်း မရှိပေ။
"ဝမ်ယဲ့တောင်ကြားနဲ့ ထျန်းဝူမြို့က ဘာဖြစ်ကြတာလဲ။"
"လောလောဆယ်တော့ ရှင်းရှင်းလင်းလင်း မပြောတတ်သေးဘူး..."
ချူထျန်းက တိုးညင်းသောအသံဖြင့် ပြောလိုက်၏။
"မနှစ်ကအထိ သူတို့ဘာသာ သီးခြားစီနေနေခဲ့ကြပေမဲ့ နှစ်သစ်ကူးပြီးချိန်ကစလို့ မြို့ထဲမှာ ဝမ်ယဲ့တောင်ကြားက သူလျှိုတွေကို ဆက်တိုက် တွေ့လာရတယ်။”
“အဲဒါကြောင့် မြို့တော်ဝန်ဝူက ကူချန်းချိုးဆီကို စာတစ်စောင် ရေးပို့ခဲ့တယ်။ ပွင့်ပွင့်လင်းလင်း မပြောခဲ့ပေမဲ့ နယ်ကျွံမလာဖို့ သွယ်ဝိုက်ပြီး သတိပေးခဲ့တာပဲ။ ဒါပေမဲ့ ကူချန်းချိုးရဲ့ အကြောင်းပြန်စာမှာတော့ ဒီကိစ္စကို ဘာမှမသိဘူးလို့ ဆိုထားတယ်…”
"အဲဒီလိုကိစ္စတွေ ခဏခဏ ဖြစ်လာတော့ မြို့တော်ဝန်ဝူလည်း ဒေါသထွက်ပြီး စာထဲက အသုံးအနှုန်းတွေက ပိုပြင်းထန်လာတယ်။ နောက်ဆုံးတော့ ကူချန်းချိုးက ဆက််တောင်မဖုံးထားတော့ဘဲ စာပြန်တာကိုပါ ရပ်ပစ်လိုက်တော့တာပဲ။"
ချူချင်းက ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်လေသည်။
"အရင်တုန်းက ထျန်းဝူမြို့နဲ့ ဝမ်ယဲ့တောင်ကြားမှာ ပဋိပက္ခတွေ ရှိဖူးတာလား။"
"အဖေပြောဖူးတာတော့ ရှေ့နှစ်တွေတုန်းက ရှိခဲ့ဖူးတယ်တဲ့။ ဒါပေမဲ့ အဲဒီအချိန်က မင်းမပြောနဲ့၊ ငါတောင် မမွေးသေးဘူးလေ။ အငြိုးအတေးဆိုလို့... အရင်လေးနှစ်လောက်က အဖေနဲ့ ရှင်းယိုဟန်တို့ လမ်းမှာ ဆုံခဲ့ကြပြီး သူက အဖေ့ရဲ့ချင်းရွှီလက်ဝါးသိုင်းကို အကဲစမ်းကြည့်ချင်ခဲ့တာပဲ။”
“သူတို့နှစ်ယောက် သိုင်းကွက်သုံးဆယ့်ခုနစ်ကွက်လောက် ဖလှယ်ခဲ့ကြပြီး ရှင်းယိုဟန်က သိုင်းလက်ဝါးတစ်ချက် မိသွားခဲ့တယ်။ ကြားရတာတော့ နှစ်နှစ်လောက် ကုလိုက်ရတယ်တဲ့။”
“ဒါပေမဲ့ ဒီကိစ္စလေးတစ်ခုတည်းအတွက်နဲ့ အချင်းချင်း စစ်ခင်းကြတယ်ဆိုတာကတော့ နည်းနည်း ယုတ္တိမရှိသလိုပဲ။"
"အရင်လေးနှစ်က..."
ချူချင်းက ခေါင်းခါလိုက်ပြီး ဤကဲ့သို့သော ကိစ္စရပ်တစ်ခုအတွက် ရုတ်တရက် တိုက်ခိုက်ကြခြင်းမှာ အဓိပ္ပာယ်မရှိလှကြောင်း ခံစားလိုက်ရသည်။
"ဒါပေမဲ့..."
ချူထျန်းက ချူချင်းကို တစ်ချက်ကြည့်လိုက်၏။
"ဒီနေ့ သခင်မလေးဝူကို မင်းပြောပြလိုက်တဲ့ သတင်းကို ကြားပြီးတော့မှ ငါ့ဆီမှာ အတွေးတစ်ခုဝင်လာတယ်။"
"ဟင်..."
ချူချင်းမှာ ကြက်သေသေသွားလေသည်။
"အဲဒီစကားထဲကနေ မင်း သဲလွန်စတစ်ခုခု ရှာတွေ့သွားလို့လား။"
ချူထျန်းက ခေါင်းညိတ်လိုက်သော်လည်း အသေးစိတ် ထပ်မပြောတော့ဘဲ မေးလိုက်၏။
"မင်း နျဲ့ကျင့်ထိုင်ထဲ ဝင်လိုက်တာလား။"
ဤစကားမှာ အနည်းငယ် ရုတ်တရက်ဆန်သော်လည်း ချူထျန်းက ဤအချက်ကို ရိပ်မိသွားခြင်းမှာ ထူးဆန်းလှသည်မဟုတ်ပေ။
သူသည် ချူချင်းနှင့် နျဲ့ကျင့်ထိုင်မှလူများ တိုက်ခိုက်ပြီးနောက်ပိုင်းမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ထိုလူနှစ်ယောက် အသုံးပြုသွားသည့် သိုင်းပညာများ မတူညီကြသော်လည်း တိုက်ခိုက်ဟန်မှာမူ တစ်ပုံစံတည်း ဖြစ်နေကြောင်းကို သူသတိထားမိခဲ့၏။
ထို့နောက်တွင်လည်း ချူချင်းကိုယ်တိုင်က ဝူချန်းဟွမ်အား သူသည် လူသတ်သမားတစ်ဦးဖြစ်ကြောင်း ပြောခဲ့သေးသည်။
အနည်းငယ် ဆက်စပ်တွေးကြည့်လိုက်သည်နှင့် အဖြေပေါ်သွားခြင်းပင်။
ချူချင်းက ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းပင် ခေါင်းပြန်ခါလိုက်၏။
"နျဲ့ကျင့်ထိုင်ကနေ သစ္စာဖောက်ပြီးထွက်လာခဲ့တာ။ အခု သူတို့က ကျွန်တော့်ကို မြေလှန်ရှာပြီး လိုက်သတ်နေကြတာလေ။"
"အဖေ့ကိစ္စကြောင့်လား။"
"တခြားကိစ္စတွေကြောင့်ပါ... အဖေ့ကိစ္စက တိုက်ဆိုင်မှုသက်သက်ပါ ကျွန်တော်ဘာသာ မတော်တဆ ဝင်တိုးမိသွားတာပါ။"
စကားဆုံးပြီးနောက် ချူချင်းမှာ ငေးကြောင်သွားလေသည်။ အဖေဟူသော အခေါ်အဝေါ်ကို နှုတ်မှ ထုတ်ပြောရသည်မှာ ထင်သလောက် မခက်ခဲလှချေ။
ယခင်က ‘အစ်ကိုကြီး’ ဟု ခေါ်ခဲ့စဉ်ကလည်း တွေဝေမနေဘဲ ချက်ချင်းထွက်ကျလာခြင်းဖြစ်၏။
ချူထျန်းက ရုတ်တရက် ပြုံးလိုက်သည်။
"ဒီလိုဆိုလည်း ကောင်းတာပါပဲ။ နျဲ့ကျင့်ထိုင်ကနေ ထွက်လာခဲ့ပြီဆိုမှတော့ အိမ်တန်းပြန်လာခဲ့ပေါ့။ နျဲ့ကျင့်ထိုင်က သစ္စာဖောက်ကိုလိုက်သတ်တာက ငါတို့ချူမိသားစုရဲ့ သခင်ငယ်လေးနဲ့ ဘာဆိုင်လို့လဲ။"
ချူချင်းက ဘာမှမပြောဘဲ ခေါင်းငိုက်စိုက်ချထား၏။
ချူထျန်း၏မျက်နှာပေါ်ရှိ မျှော်လင့်ချက်ရောင်ဝါများ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
"မင်း အိမ်မပြန်ချင်ဘူးလား။"
"နောက်မှပြောကြတာပေါ့..."
ချူချင်းက ပြုံးလိုက်၏။
"ဒီကိစ္စကို ကျွန်တော် သေချာလေးစဉ်းစားပါရစေဦး။"
ချူထျန်းက သူ့ကို ခေတ္တမျှ တိတ်တဆိတ်ကြည့်နေပြီးမှ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်လေသည်။
"ကောင်းပြီလေ... ဒါပေမဲ့ အဖေက မင်းကို တကယ်လွမ်းနေခဲ့တာ။ နောက်ဆုံးမှာ မင်းဘယ်လိုပဲဆုံးဖြတ်ပါစေ... အားတဲ့အချိန်လေးကျရင် အဖေ့ကိုတော့ အိမ်ပြန်လာကြည့်ပါဦး။"
"ကောင်းပါပြီ။"
ချူချင်းက သဘောတူလိုက်၏။
ဤအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် အချို့သောကိစ္စများကို ရှောင်လွှဲ၍မရနိုင်ကြောင်း ချူချင်းနားလည်သွားခဲ့သည်။
သူသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ အရာအားလုံးကို ဆက်ခံထားသောကြောင့် ဤအရှုပ်အထွေးများကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။
ကံကောင်းသည်မှာ ချူထျန်းက အကြောင်းအကျိုးသိတတ်သူတစ်ယောက် ဖြစ်နေသည်။ အကယ်၍ ယနေ့ ဤနေရာတွင်ရပ်နေသူမှာ ချူဖန်သာ ဖြစ်နေခဲ့လျှင်... အကျိုးအကြောင်းပြ၍ ရမည်မဟုတ်တော့ချေ။
ထိုခေါင်းမာသည့်ကောင်ဆိုလျှင် အတင်းအဓမ္မ ထမ်းခေါ်သွားရမည်ဆိုလျှင်ပင် သူ့ကို အိမ်ပြန်ရောက်အောင်ခေါ်သွားမည်မှာ သေချာလှသည်။
"ဝမ်ယဲ့တောင်ကြားနဲ့ ထျန်းဝူမြို့ရဲ့ကိစ္စက..."
ချူချင်းက ယခင်အကြောင်းအရာကို ဆက်လက်ပြောဆိုရန် ရည်ရွယ်လိုက်၏။
"မင်းလို အလိုက်ခံနေရတဲ့သူက ဒီကိစ္စတွေကို ဝင်မပါပါနဲ့တော့။ လက်ရည်ပြရတာ နည်းလေကောင်းလေပဲ။"
ချူထျန်းက ချူချင်း၏ပခုံးကို ပုတ်လိုက်သည်။
"ဒီကိစ္စတွေကို ငါရယ်၊ အဖေရယ်၊ ပြီးတော့ မြို့တော်ဝန်ဝူရယ် ကိုင်တွယ်ဖြေရှင်းကြမှာ။ မင်းစိတ်ပူစရာမလိုပါဘူး။"
"ထားလိုက်ပါတော့လေ..."
ချူချင်းက ပြုံးလိုက်၏။
"ဒါဆိုရင်လည်း ကျွန်တော် ပြန်တော့မယ်..."
"ညီလေးသုံး။"
ချူထျန်းက သူ့ကို လှမ်းခေါ်ကာ တားလိုက်လေသည်။
"ငါ့ကို ရှာချင်တယ်ဆိုရင် တောင်ဘက်ဘေးပေါက်ကနေ ဝင်လာခဲ့လို့ရတယ်။ ငါ မင်းအတွက် တံခါးဟပေးထားမယ်။ အထဲရောက်သွားတာနဲ့ ငါ့ခြံဝင်းထဲကို တိုက်ရိုက်ရောက်သွားမှာ။"
"သိပါပြီ။"
ချူချင်းက ခေါင်းညိတ်လိုက်ပြီး ထျန်းဝူမြို့ဘက်သို့ လျှောက်သွားလေတော့၏။
သို့သော် ချူချင်း၏ကျောပြင်ကိုကြည့်ရင်း ချူထျန်းက ထပ်ပြောလိုက်ပြန်သည်။
"ခဏလေး..."
"ကိစ္စရှိသေးလို့လား။"
ချူချင်းက သက်ပြင်းချကာ နောက်သို့လှည့်ကြည့်လိုက်၏။
"အစ်ကိုကြီးရယ်... ပြောစရာရှိတာကို တစ်ထိုင်တည်း အကုန်ပြောလိုက်ပါလား။ ဘာလို့ အဲဒီလောက် စကားများနေရတာလဲ။"
"ဒီကောင်စုတ်လေး... မင်းအစ်ကိုကို ဘယ်လိုစကားတွေပြောနေတာလဲ။"
ချူထျန်းက မနေနိုင်ဘဲ ရယ်မောကာ ဆူပူလိုက်ပြီးနောက် မျက်နှာတည်ကာ ပြောလိုက်လေသည်။
"နောက်ဆုံးမှာ မင်းဘယ်လိုပဲဆုံးဖြတ်ပါစေ... အစ်ကိုကြီးက မင်းကို အမြဲတမ်း ထောက်ခံနေမှာ။ ဒါပေမဲ့ မင်း မှတ်ထားရမှာက..."
ဤနေရာသို့အရောက်တွင် သူက အနည်းငယ်ရပ်တန့်သွားပြီးနောက် ပြုံး၍ပြောလိုက်၏။
"မင်းက ဘယ်တော့မှ အထီးမကျန်ဘူးနော်။"
ချူချင်းက ချူထျန်းကို ခေတ္တမျှ တိတ်တဆိတ်ကြည့်နေပြီးနောက် ရုတ်တရက် အသံထွက်အောင် ရယ်မောလိုက်တော့သည်။
"ချွဲလိုက်တာဗျာ... သွားပြီ။"
စကားဆုံးပြီးနောက် သူက လှည့်ထွက်သွားပြီး နောက်သို့ လုံးဝပြန်မကြည့်တော့ဘဲ အဝေးသို့ ခုန်ထွက်သွားလေတော့၏။
ချူထျန်းတစ်ယောက်တည်းသာ ထိုနေရာတွင် ကျန်ရစ်ခဲ့ပြီး ကောင်းကင်ယံကို မော့ကြည့်ရင်း အချိန်အတော်ကြာ ငေးမောနေမိသည်။ ထိုအခါမှသာ တိုးညင်းစွာဖြင့် ရယ်မောကာ ကျိန်ဆဲလိုက်တော့၏။
"ဒီကောင်စုတ်လေး... ဘယ်သူ့ကို လာချွဲနေတယ်လို့ ပြောနေတာလဲ..."
ထျန်းဝူမြို့သို့ ပြန်ရောက်လာသည့် အခိုက်အတန့်တွင် မြို့ရိုးပေါ်၌ ရှုပ်ယှက်ခတ်သွားသည်ကတော့ ရှောင်လွှဲ၍မရနိုင်သော ကိစ္စပင်။
ယနေ့ညတွင်တော့ မြို့ရိုးပေါ်ရှိ ထျန်းဝူအစောင့်တပ်သားများ အိပ်ပျော်နိုင်ကြမည် မဟုတ်တော့ပေ။
ချူချင်းသည် တည်းခိုခန်းသို့ ပြန်ရောက်ပြီးနောက် ရေစိုရွှဲနေသော ညဝတ်စုံကို လဲလှယ်လိုက်ပြီး မျက်နှာဖုံးကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
ထို့နောက် ပြတင်းပေါက်အပြင်ဘက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးစက်များကို ကြည့်ရင်း ငေးမောတွေဝေနေခဲ့၏။
အချိန်အတော်ကြာပြီးနောက် သူက အကြည့်လွှဲလိုက်ကာ အတွေးများကိုလည်း ရပ်တန့်လိုက်လေသည်။
ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်လေ၏။
ပြီးခဲ့သည့်အကြိမ်က အတွေ့အကြုံများအရ ဆုကြေးရယူပြီး ရတနာသေတ္တာကိုဖွင့်တိုင်း လုံခြုံသော ပတ်ဝန်းကျင်တစ်ခုကို ရှာဖွေရမည်မှန်း သူခံစားမိခဲ့သည်။
သူ၏စိတ်ထဲမှ ဆန္ဒပြုလိုက်သည်နှင့် စနစ်မျက်နှာပြင်က ပေါ်လာတော့၏။
[မဖွင့်ရသေးသော သိုင်းပညာ ရတနာသေတ္တာတစ်လုံး ရှိနေပါသည်။ ဖွင့်မှာလား။]
"ဖွင့်မယ်။"
ချူချင်း၏စိတ်အခြေအနေက ယခုအချိန်တွင် အတော်လေး တည်ငြိမ်နေခဲ့သည်။ လောလောဆယ်တွင် အတွင်းအားကျင့်စဉ်လိုအပ်ချက် မရှိသောကြောင့် မည်သည့်သိုင်းပညာမျိုး ထွက်လာပါစေ သူလက်ခံနိုင်ပေ၏။
အကယ်၍များ ကွေ့ဟွာကျမ်း သို့မဟုတ် ပိရှဲ့ဓားသိုင်းလိုမျိုးသာ ထွက်လာခဲ့ပါက... သူ့အနေဖြင့် ချွေးပြန်ရမည်မှာ အသေအချာပင်။
'ဒါပေမဲ့ စနစ်ကပေးတဲ့ဟာဆိုရင်တော့ မလိုလောက်ပါဘူး...'
'အတွင်းအားတွေကိုတောင် စနစ်ကပေါင်းစပ်ပေးနိုင်သေးတာပဲ။ ဒီလောက် ကိစ္စသေးသေးလေးက စနစ်အတွက် သိပ်ခက်ခဲမှာ မဟုတ်ပါဘူး...'
စိတ်ထဲတွင် ထိုသို့တွေးနေစဉ်မှာပင် သူ၏ရှေ့၌ အသိပေးစာက ထွက်ပေါ်လာတော့သည်။
[အောင်မြင်စွာ ဖွင့်လှစ်ပြီးပါပြီ။ ဓားသိုင်း - သွေးဓားမသိုင်းကို ရရှိပါသည်။]