← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) - လျှို့ဝှက်လမ်းကြောင်း

"သွေးဓားမသိုင်း ဖြစ်နေတာပဲ..."

ချူချင်းသည် မိမိ၏ဓားသိုင်းလမ်းစဉ်၌ အဆုံးတိုင်အောင် လျှောက်လှမ်းမည်ဟု တစ်ခါမျှ မတွေးဖူးခဲ့သော်လည်း ဤမျှမြန်ဆန်စွာ ဓားမသိုင်းတစ်ဆက် ပေါ်ထွက်လာမည်ဟု ထင်မှတ်မထားခဲ့ချေ။

ထို့ပြင် ၎င်းမှာသွေးဓားမသိုင်း ဖြစ်နေလေ၏။

နောက်တစ်ခဏ၌ ဓားမသိုင်းထဲမှ နက်နဲသောအနှစ်သာရများအားလုံး သူ၏ခေါင်းထဲသို့ အပြည့်စီးဝင်လာခဲ့လေသည်။

၎င်းတို့ထဲတွင် ဓားမကိုအသုံးပြုရမည့် လျှို့ဝှက်နည်းလမ်းပေါင်းစုံနှင့် ဓားမသိုင်းကွက်များအားလုံး ပါဝင်နေ၏။

တစ်ချိန်တည်းမှာပင် ချူချင်း၏ခန္ဓာကိုယ်ထဲမှ နွေးထွေးသောခံစားချက်တစ်ခု ထပ်မံထွက်ပေါ်လာကာ အချိန်ခဏကြာပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။

'ဒီသိုင်းက... သွေးဓားမဂိုဏ်းရဲ့ သွေးဓားမကျမ်းကနေ ထွက်ပေါ်လာတာပဲ...'

'ငါက သိုင်းကိုပဲရတာ၊ သွေးဓားမကျမ်းရဲ့အတွင်းအားကို မရခဲ့ဘူး...'

'ပြဿနာမရှိပါဘူး... ငါ့မှာ အသုံးချလို့ရတဲ့ ကိုယ်ပိုင်အတွင်းအား ရှိနေတာပဲ...'

ချူချင်းက လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီး ၎င်းမှာ စိတ်ပူစရာမဟုတ်ကြောင်း ခံစားမိလိုက်၏။

လောဘတကြီး လေ့လာလျှင် မကျေညက်နိုင်ဟူသော ကိစ္စမှာ သာမန်လူများအတွက်သာ ဖြစ်ပြီး မိမိကဲ့သို့စနစ်ပိုင်ရှင်မျိုးနှင့် မသက်ဆိုင်ပေ။

ထို့ပြင် လူသတ်သမားတစ်ယောက်အနေဖြင့် အချို့အချိန်များတွင် လက်နက်ရွေးချယ်ခွင့်မရှိချေ။

ခိုးဝင်လုပ်ကြံချိန်များတွင် နေရာတော်တော်များများသို့ ဓားရှည်ယူသွား၍မရနိုင်ဘဲ အခြေအနေအရ ပတ်ဝန်းကျင်တွင် တွေ့ရသောလက်နက်များကိုသာ အသုံးပြုရပေသည်။

ယခုဤသွေးဓားမသိုင်းကို ရရှိထားပြီဖြစ်၍ ရန်သူနှင့်ရင်ဆိုင်ရချိန်တွင် လက်နက်တစ်ခုပိုလာခြင်းပင်။

ဓားရှည်မရှိသောအခြေအနေမျိုး ကြုံလာရလျှင်ပင် သူသည် သွေးဓားမသိုင်းကို အသုံးပြုနိုင်သေး၏။

ထိုသိုင်းနှင့်နှိုင်းယှဉ်လျှင် လက်နက်မပါဘဲ သုံးနိုင်သော လက်သီးသိုင်း၊ လက်ဝါးသိုင်း၊ လက်ညှိုးသိုင်းနှင့် ခြေကန်သိုင်းကဲ့သို့သော သိုင်းပညာများသာ ရှိမည်ဆိုပါက ပို၍ကောင်းမွန်ပေမည်။

ချူချင်း၏စိတ်ထဲတွင် အချို့သိုင်းပညာများနှင့် ပတ်သက်၍ မျှော်လင့်ချက်များရှိနေသော်လည်း နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း ဖွင့်လှစ်နိုင်ရန်သာ စောင့်ဆိုင်းရတော့မည်ဖြစ်သည်။

စိတ်ကို တည်ငြိမ်စေပြီးနောက် သူသည် တင်ပျဉ်ခွေထိုင်ကာ အတွင်းအားကို ဖြည်းညင်းစွာ လည်ပတ်စေလိုက်၏။

ဇီရှားရော့ရွှီကျမ်းမှာ ယခုအခါ အဆင့်ခုနစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဆက်ကြိုးစားအားထုတ်ရန် လိုအပ်သေးပေသည်။

နျဲ့ကျင့်ထိုင်နှင့် ပတ်သက်သောရှုပ်ထွေးမှုများကို သူက ယာယီဖြတ်တောက်ထားနိုင်ခဲ့၏။

သို့သော် ထိုလူတစ်စုက ခွေးနှာခေါင်းများဖြစ်ကြရာ မည်သည့်အချိန်တွင် တစ်ဖန်ပြန်၍ ရောက်လာမည်ကို ပြောရခက်လှသဖြင့် ယခုလို လုံခြုံနေချိန်တွင် သေချာစွာ ကျင့်ကြံအားထုတ်ထားရမည်ဖြစ်သည်။

ဤဇီရှားရော့ရွှီကျမ်းကို ကျင့်ကြံရသည်မှာ မူလရော့ရွှီကျင့်ထက် ပို၍ခက်ခဲလှသဖြင့် ရက်ပိုင်းအတွင်း နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် မဖြစ်နိုင်ချေ။

ထို့ပြင် လအနည်းငယ်ကြာပြီးနောက် မိမိအနေဖြင့် အခြားအတွင်းအားကျင့်စဉ်တစ်ခုကို ထပ်မံရရှိကာ အတွင်းအားကို နောက်တစ်ကြိမ် ခုန်ပျံတိုးတက်စေနိုင်မည်လား ဆိုသည်ကိုလည်း ပြောရခက်ပေသည်။

သို့သော် တိုးတက်လာသော အခြေခံအုတ်မြစ်တိုင်းက အလဟဿ ဖြစ်သွားမည်မဟုတ်ပေ။

ယခုလက်ရှိ ဇီရှားရော့ရွှီကျမ်းဆိုလျှင်ပင် မူလရော့ရွှီကျင့်ကို အဆင့်လေးအထိ တိုးမြှင့်ထားခြင်းမရှိခဲ့ပါက ဇီရှားနတ်သိုင်းကို ရရှိခဲ့လျှင်ပင် ပေါင်းစပ်ပြီးနောက် ယခုကဲ့သို့သော အဆင့်မျိုးသို့ ရောက်ရှိလာနိုင်မည်မဟုတ်ချေ။

ထို့ကြောင့် လုံးဝပေါ့လျော့၍မရနိုင်ပေ။

ထို့အပြင် မနက်ဖြန်တွင်လည်း ကိစ္စတစ်ခုဆောင်ရွက်ရန် အပြင်ထွက်ရဦးမည်ဖြစ်သည်။

ယခင်လော့ယွီခန်းမဆောင်တွင် ရှိစဉ်က သူသည် မြားကိုအသုံးပြုခဲ့သဖြင့် ၎င်းကို ပြန်လည်ဖြည့်တင်းရန် နည်းလမ်းရှာရမည်ဖြစ်၏။

ဤအရာက လက်တွေ့တွင် အလွန်အသုံးဝင်လှသည်။

သံမြင်းဓားပြခုနစ်ယောက်မှ ထိုလူသည် အသက်‌ဘေးမှလွတ်မြောက်ရန် လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုခဲ့သော်လည်း တိုက်ခိုက်နေစဉ်အတွင်း ရုတ်တရက် ထုတ်သုံးလိုက်ပါက ခုခံရန် ပို၍ခက်ခဲသွားမည်ကို သိပုံမရချေ။

ထန်ယင်ဖုန်း၏ သွေး‌ပျော်နတ်လက်ဝါးမှာ 'ဒီလက်ဝါးသိုင်းက ပြဿနာရှိတယ်' ဟူသောစာသားကို သူ၏နဖူးပေါ်တွင် ကပ်မထားရုံတမယ်ဖြစ်နေရာ ချူချင်းက သူ့ကို အဘယ်ကြောင့် အသေခံရင်ဆိုင်မည်နည်း။

ဤဝှက်မြားဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး မိမိနှင့်ဝူချန်းဟွမ်တို့ လော့ယွီခန်းမဆောင်မှ လွတ်မြောက်သွားစေရန် ကူညီကာ သူ့ကို အဆိပ်မိ၍ နောက်ဆုတ်သွားစေခဲ့သည်။

ဤသည်မှာ အကောင်းဆုံးပင်ဖြစ်၏။

"ကောင်းလိုက်တဲ့လက်နက်... အရန်မြားတွေ ထပ်ရှာထားမှဖြစ်မယ်..."

ချူချင်းသည် လူသတ်သမားတစ်ယောက်ဖြစ်ရာ လူသတ်သမားများသည် လက်နက်ကိုမရွေးချယ်ဘဲ လူသတ်နိုင်ရန်အရေးကြီးလှသည်။ သိုင်းလောကမှ သိုင်းဆရာများသာလျှင် ရိုးသားစွာ တိုက်ခိုက်ကြမည်ဖြစ်၏။

ဤည၏မုန်တိုင်းဆန်သောဖြစ်ရပ်များက ချူချင်းအတွက် ယာယီပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

သို့သော် အခြားသူများအတွက် အစပြုရုံသာ ရှိသေးပေ၏။

လော့ယွီခန်းမဆောင်အတွင်း၌။

ဝူချန်းဟွမ်သည် ထန်ရှီးအခန်းထဲရှိ ထိုလျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

ယခုအခါ သူမသည် အခန်းထဲတွင်ထိုင်ကာ စာအုပ်စင်ပေါ်ရှိ စာလွှာများကို လှန်လှောရှာဖွေနေ၏။

ရှာဖွေရင်း သူမ၏မျက်နှာမှာ ပို၍မည်းမှောင်လာ၏။

ထိုစာလွှာများထဲတွင် လော့ယွီခန်းမဆောင်နှင့် ဝမ်ယဲ့တောင်ကြားတို့ ပူးပေါင်းကြံစည်ထားသည့် သက်သေအထောက်အထားများအားလုံး ပါဝင်နေပြီး ထိုအထဲတွင် ထျန်းဝူမြို့ကို သိမ်းပိုက်ပြီးနောက် မည်သို့ဆက်လုပ်မည်ဟူသော ရူးသွပ်ဖွယ်စာသားများလည်း ရောနှောပါဝင်နေသည်။

အထူးသဖြင့် ထန်ရှီးဆိုသူက စာထဲတွင် အလွန်ညစ်ညမ်းသော အကြောင်းအရာများစွာကို ရေးသားထားသဖြင့် ဝူချန်းဟွမ်က သူ့ကို သတ်လိုက်ရသည်မှာ အလွန်သက်ညှာပေးလိုက်မိသည်ဟု ခံစားလိုက်ရ၏။

အသားတစ်စချင်းစီ လှီးဖြတ်သတ်ပစ်သင့်‌သည်။

သို့သော် သာမန်အချိန်များတွင် ထိုမျှတည်ကြည်ဟန်ဆောင်နေသောလူတစ်ယောက်က ကွယ်ရာတွင် ဤမျှရွံရှာဖွယ်ကောင်းနေမည်ဟု မည်သူကထင်မှတ်ထားမည်နည်း။

ထိုစာများကို တစ်စောင်ပြီးတစ်စောင် ဖတ်ရှုနေစဉ် ထျန်းဝူအစောင့်တပ်သားတစ်ယောက် ရောက်လာကာ သတင်းပို့လာလေသည်။

"သခင်မလေး... ဒီနေရာကို ရှာဖွေလို့ ပြီးသွားပါပြီ... ရွှေငွေရတနာတွေနဲ့ လက်နက်မျိုးစုံကို တွေ့ရပေမဲ့ စာရင်းကောက်လို့တော့ မပြီးသေးပါဘူး..."

"ပြီးတော့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းထဲမှာ အရင်က ပျောက်ဆုံးနေတဲ့ပြည်သူဆယ်ယောက်ကျော်ကိုလည်း တွေ့ထားပါတယ်..."

"ဒီလျှို့ဝှက်လမ်းကြောင်းက တော်တော်ရှည်လျားပြီး မြို့ပြင်က ကျစ်လျောင်တောအုပ်အထိ လမ်းပေါက်ပါတယ်..."

"ကျစ်လျောင်တောအုပ်..."

ဝူချန်းဟွမ်က တစ်စုံတစ်ရာကို တွေးတောနေဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

ဤကျစ်လျောင်တောအုပ်တွင် ယခင်ကတည်းက ထူးဆန်းသောကောလာဟလများ ရှိခဲ့ဖူးပြီး တောအုပ်ထဲတွင် မသန့်ရှင်းသောအရာများကို မြင်တွေ့ခဲ့ရသည်ဟုဆိုကြသဖြင့် မည်သူမျှ လွယ်လွယ်ကူကူ အနီးသို့မကပ်ရဲကြပေ။

မြို့တော်ဝန်အိမ်တော်က ထျန်းဝူအစောင့်တပ်များကို စေလွှတ်၍ အကြိမ်ကြိမ်ရှာဖွေခဲ့ပြီး ၎င်းမှာ ကောလာဟလတစ်ခုသာဖြစ်ကြောင်း အတည်ပြုခဲ့သော်လည်း ပြည်သူများက မယုံကြည်ကြဘဲ မည်မျှပင်ပြောနေပါစေ ထိုနေရာသို့ ခြေတစ်လှမ်းမျှချရန် မဝံ့ရဲကြချေ။

ဤနေရာအထိတွေးမိပြီး သူမစကားပြောရန် ပြင်လိုက်စဉ် ဝူကန်ချီက လက်တစ်ဖက်တွင် သွေးများစွန်းပေနေသောရှင်းထျန်းပုဆိန်ကို ကိုင်ဆောင်ထားကာ အခြားလက်တစ်ဖက်ကမူ ထန်ယင်ဖုန်းကို ခွေးသေတစ်ကောင်ကဲ့သို့ ဆွဲလာသည်ကို မြင်လိုက်ရသည်။

ယနေ့ညတိုက်ပွဲမှာ အသံတိတ်ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ လျိုရှီကျဲ့မှာ ဝူကန်ချီ၏ပုဆိန်ချက်ဖြင့် ပထမဆုံးခုတ်ပိုင်းခံရသူဖြစ်ပြီး ထန်ယင်ဖုန်းမှာမူ အနည်းငယ် ရုန်းကန်နိုင်ခဲ့သော်လည်း ထိုမျှလောက်သာ တတ်နိုင်ခဲ့ပေသည်။

သူသည် အဆိပ်မိနေခဲ့ပြီး ကိုယ်တွင်းရှိ ပြင်းထန်သောအဆိပ်ကို ဖိနှိပ်ရန်အတွက် အတွင်းအားအများစုကို အသုံးပြုနေရ၏။

ထိုကဲ့သို့သော အခြေအနေမျိုးတွင်ပင် ဝူကန်ချီနှင့် အချိန်အတန်ကြာ တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ထိုသူတွင် သိုင်းပညာကောင်းရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

မှတ်သားစရာကောင်းသည်မှာ တိုက်ခိုက်နေစဉ်အတွင်း သူက အမုန်းမိစ္ဆာသိုင်းကို အသုံးပြုသည်အား ဝူကန်ချီမမြင်တွေ့ခဲ့ရပေ။ အမုန်းမိစ္ဆာသိုင်းကို ကျင့်ကြံထားသူမှာ ထန်ရှီးတစ်ယောက်တည်းသာရှိမည်ဟု ခန့်မှန်းရ၏။

ဝူကန်ချီက သူ့ကို မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး ဝူချန်းဟွမ်ကိုကြည့်လိုက်သည်။

"တစ်ခုခု တွေ့ခဲ့လား..."

ဝူချန်းဟွမ်က မတ်တတ်ရပ်လိုက်ပြီး အမူအရာကင်းမဲ့စွာဖြင့် ဆိုလိုက်လေ၏။

"အဖေ... လျှို့ဝှက်လမ်းကြောင်းက ကျစ်လျောင်တောအုပ်ဆီ ရောက်တယ်... သူတို့က ဒီလျှို့ဝှက်လမ်းကြောင်းကို အသုံးချပြီး ဝမ်ယဲ့တောင်ကြားက လူတွေကို ထျန်းဝူမြို့ထဲခေါ်သွင်းကာ အပြင်ရော အတွင်းပါပူးပေါင်းပြီး ကျွန်မတို့မြို့ကို ဖျက်ဆီးချင်နေကြတာ..."

ဝူကန်ချီက ဒေါသအလျဉ်းမရှိဘဲ ပြုံးလိုက်၏။ မြေပြင်ပေါ်တွင် ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောများအားလုံး ဖြတ်ခံထားရသဖြင့် လုံးဝလှုပ်ရှားနိုင်ခြင်းမရှိတော့သော ထန်ယင်ဖုန်းကိုသာ ကြည့်လိုက်လေသည်။

"အိုထန်... မင်း ထျန်းဝူမြို့ကို ရောက်ကတည်းက ငါမင်းအပေါ် ကောင်းပေးခဲ့တာပါ..."

"အခု မင်းရဲ့အတွင်းအပြင် ပူးပေါင်းကြံစည်တဲ့လုပ်ရပ်က ငါ့စိတ်ထဲမှာ တကယ်ကို နားမလည်နိုင်အောင် ဖြစ်စေတယ်..."

"မင်း ဒီလိုလုပ်ရတဲ့အကြောင်းရင်းက တကယ်ပဲ ဘာအတွက်ကြောင့်လဲ..."

ယခုအချိန်သို့ ရောက်နေသည်တိုင် ဝူကန်ချီက ရွှင်လန်းသောမျက်နှာထားဖြင့်ပင် ရှိနေသေး၏။

ထန်ယင်ဖုန်းက ကြားသောအခါ ပြုံးလိုက်သည်။

"လောကကြီးက အကျိုးအမြတ်အတွက်ပဲ လှုပ်ရှားနေကြတာ... လောကကြီးက အကျိုးအမြတ်အတွက်ပဲ ရုန်းကန်နေကြတာလေ..."

"မျှော်လင့်တာကလည်း ရာထူးနဲ့ အကျိုးအမြတ်ပဲရှိတာ..."

"ဝမ်ယဲ့တောင်ကြားက ငါ့ကိုကတိပေးထားတယ်... ဒီကိစ္စသာ အောင်မြင်ရင် ထျန်းဝူမြို့က ငါ့အပိုင်ဖြစ်လာမယ်တဲ့..."

"မင်းပဲ ပြောကြည့်စမ်းပါ... ဒီအန္တရာယ်က စွန့်ရကျိုးမနပ်ဘူးလား..."

"တန်တာပေါ့..."

ဝူကန်ချီက ပြတ်သားစွာ ပြောလိုက်လေ၏။

"ဒါပေမဲ့ ဒါလောက်နဲ့ မလုံလောက်သေးဘူး..."

"မင်းရဲ့အစာအိမ်က ငါ့ရဲ့ထျန်းဝူမြို့ကို မျိုချဖို့ မလုံလောက်သလို ဝမ်ယဲ့တောင်ကြားက ငါ့ထျန်းဝူမြို့ကို ဖျက်ဆီးပြီးရင်တောင် သူနဲ့ရင်ဆိုင်ဖို့ အရည်အချင်းမရှိသေးဘူး..."

"အိုထန်... မင်းကလည်း အရူးမဟုတ်သလို ငါ့ကိုလည်း အရူးလို့ မထင်လိုက်နဲ့..."

"မင်းရဲ့ယုံကြည်ချက်က ဘယ်မှာလဲ..."

"မင်းရဲ့ဒီမိစ္ဆာသိုင်းတွေက ဘယ်ကနေရလာတာလဲ..."

"မင်းက... တကယ်ပဲ ဘယ်သူလဲ..."

ထန်ယင်ဖုန်း၏မျက်နှာပေါ်ရှိ အမူအရာက ပြောင်းလဲမသွားဘဲ ဝူကန်ချီကိုကြည့်လိုက်သည်။

"ငါက ပြောရဲတယ်... မင်းကရော နားထောင်ရဲလို့လား..."

ဝူကန်ချီက ပြုံးလိုက်လေ၏။

"မင်းရဲ့စကားက ငါ့ကို စိတ်ဝင်စားသွားစေပြီ... ပြောသာပြော... ငါသေချာနားထောင်ပေးမယ်..."

All Chapters