အခန်း ၃၆
Vol. 4 Ch. 36
အခန်း (၃၆) - ကောလာဟလများ
အခန်းတွင်း၌ ရုတ်တရက် တိတ်ဆိတ်ခြောက်ကပ်သွားလေသည်။
ဝူချန်းဟွမ်ကမူ နားစွင့်ထားလိုက်သည်။ သူမသည် ထန်ယင်ဖုန်းနှင့်ထန်ရှီးတို့၏ မိစ္ဆာသိုင်းပညာများကို တွေးတောမိသွားခြင်း ဖြစ်သည်။
အကယ်၍ ထိုလူနှစ်ဦးတွင် လျှို့ဝှက်နောက်ခံသမိုင်းကြောင်း ရှိနေပါက စိတ်ဝင်စားစရာကောင်းလှပေသည်။
ဤလူစုသည် ဤမျှများပြားလှသော မိစ္ဆာကျင့်စဉ်များကို မည်သည့်နေရာမှ ရရှိခဲ့ကြသနည်း။ မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လှုပ်ရှားရသနည်း။
သို့သော် ထန်ယင်ဖုန်းသည် ဝူကန်ချီကို အတန်ကြာစိုက်ကြည့်နေပြီးနောက် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"ထားလိုက်ပါတော့... မင်းကို လှည့်စားလို့မရမှန်း ငါသိပါတယ်... ဒီလိုအချိန်တိုလေးအတွင်းမှာ မင်းကို စိုးရိမ်တကြီးဖြစ်သွားစေမဲ့ နာမည်တစ်ခုကို ငါဘယ်လိုလုပ်ပြီး လုပ်ကြံပြောနိုင်မှာလဲ..."
"အခုတော့ နိုင်တဲ့သူက ရှင်ဘုရင် ရှုံးတဲ့သူက ဓားပြပဲ... ငါ့မှာ ပြောစရာစကားမရှိတော့ဘူး..."
"သတ်မလား နှိပ်စက်မလား... မင်းသဘောအတိုင်းလုပ်တော့..."
ဝူကန်ချီက သက်ပြင်းချရင်းပြောလိုက်သည်။
"သုံးနှစ်ပတ်လုံး ခင်မင်လာခဲ့တဲ့တစ်လျှောက် ငါက မင်းကို ရိုးသားတဲ့ မိတ်ဆွေကောင်းတစ်ယောက်လို့ အမြဲသတ်မှတ်ခဲ့တာ... ကြည့်ရတာ ငါ့ရဲ့ယုံကြည်မှုတွေက အလဟဿ ဖြစ်သွားပြီပဲ..."
ဝူကန်ချီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း အမိန့်ပေးလိုက်သည်။
"အစောင့်တွေ... သူ့ကိုခေါ်သွားကြ... သေချာစောင့်ကြပ်ထားပြီး ငါ့အမိန့်ကိုစောင့်နေ..."
"ဟုတ်ကဲ့ပါ..."
ထိုအခါ ထျန်းဝူအစောင့်တပ်သားများ ချက်ချင်းဝင်လာပြီး ထန်ယင်ဖုန်းကို ဆွဲခေါ်သွားကြတော့သည်။
ဝူကန်ချီသည် တံခါးဝကိုကြည့်ကာ ခေတ္တမျှ တွေးတောနေပြီးမှ ဝူချန်းဟွမ်ဘက်သို့လှည့်၍ မေးလိုက်သည်။
"ဒီလူကို သေဒဏ်ပေးဖို့ ဘယ်အချိန်က အကောင်းဆုံးဖြစ်မယ်လို့ သမီးထင်လဲ..."
ဝူချန်းဟွမ်က မဆိုင်းမတွဘဲဖြေလိုက်သည်။
"သူ့ဆီကနေ အသုံးချလို့ရတာအားလုံးကို အသုံးချပြီးတဲ့နောက်မှပေါ့..."
"သူခိုးကို ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."
"ဒီနေ့ ချူအိမ်တော်မှာ ဖြစ်ခဲ့တဲ့ကိစ္စက ဝမ်ယဲ့တောင်ကြားကနေ နျဲ့ကျင့်ထိုင်ကို ငှားပြီးလုပ်ခိုင်းတာတဲ့..."
"ဒီကိစ္စက အချိန်ဆွဲထားလေ ကျွန်မတို့အတွက် ပိုပြီးအခြေအနေမကောင်းလေ ဖြစ်လာမှာ..."
"အဲဒါကြောင့် ဖေဖေ... ကျွန်မတို့က သူတို့ရဲ့ အကြံအစည်ကိုပဲ ပြန်အသုံးချပြီး ရန်သူကို ထောင်ဖမ်းသင့်တယ်လို့ ထင်ပါတယ်..."
ဝူကန်ချီသည် မိမိ၏တစ်ဦးတည်းသောသမီးချောလေးကို ကြည့်ကာ ကြမ်းတမ်းလှသောမျက်နှာထက်တွင် ကြင်နာဂရုစိုက်သည့်အရိပ်အယောင်များ ပေါ်လွင်လာပြီး ပြောလိုက်သည်။
"သမီးပြောတာမှန်တယ်... ဒါနဲ့... ဒီည သမီးနဲ့အတူ လော့ယွီခန်းမဆောင်ကို လိုက်လာတဲ့သူက ညဧကရာဇ်ဆိုတဲ့သူလား..."
"ဟုတ်ပါတယ်..."
ဝူချန်းဟွမ်သည် နှုတ်ခမ်းကိုဟလိုက်ပြီး ထိုသူသည် ညဧကရာဇ်အပြင် ချူချင်းလည်း ဖြစ်နိုင်ကြောင်းပြောရန် ပြင်လိုက်သော်လည်း ဤကိစ္စမှာ အတည်မပြုနိုင်သေးသဖြင့် တိုက်ရိုက်ပြောရန် မသင့်တော်သေးပေ။
ဝူကန်ချီက ရေရွတ်လိုက်သည်။
"ကျန်းဟူလောကထဲမှာ ဒီလောက်အထိ ရဲတင်းတဲ့ဘွဲ့အမည်ကို သုံးစွဲရဲတဲ့သူ ဘယ်တုန်းကပေါ်လာတာလဲ..."
"ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူ့ရဲ့အကူအညီကြောင့်သာမဟုတ်ရင် လော့ယွီခန်းမဆောင်ကို ဒီလောက်အလွယ်တကူ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး..."
"ဒါကြောင့် သမီး နောက်ကျရင် သူ့အတွက် အဖိုးတန်တဲ့လက်ဆောင်တစ်ခု ပြင်ဆင်ပြီး ပေးလိုက်ဦး..."
ဝူချန်းဟွမ်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ဝူကန်ချီသည် သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်ရာ သူမ၏မျက်နှာအမူအရာ မကောင်းသည်ကို သတိပြုမိသဖြင့် မေးမြန်းရန်ပြင်လိုက်စဉ် ထျန်းဝူအစောင့်တပ်သားတစ်ဦး ဝင်ရောက်သတင်းပို့လာသည်။
"ချူမိသားစုရဲ့ပထမသခင်လေး ရောက်လာပါတယ်..."
ဝူကန်ချီက တည်ငြိမ်စွာပင်ပြောလိုက်သည်။
"သူ့ကို ဝင်ခွင့်ပြုလိုက်..."
ခေတ္တမျှအကြာတွင် ဝတ်စုံဖြူဝတ်ဆင်ထားသော ချူထျန်းသည် လျှို့ဝှက်အခန်းတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
သူသည် လက်သီးဆုပ်ကာ ဝူချန်းဟွမ်ကို ဦးစွာနှုတ်ဆက်ပြီးနောက်မှ ဝူကန်ချီကို အရိုအသေပေးလိုက်သည်။
ဝူချန်းဟွမ်က မေးလိုက်သည်။
"အစ်ကိုကြီးချူ... ဘာလို့ရောက်လာတာလဲ... ချူမိသားစုမှာ တစ်ခုခုဖြစ်လို့လား..."
ဝူချန်းဟွမ်သည် ယခင်က ချူချင်းနှင့်အတူရှိနေစဉ် ချူမိသားစု၏ တပည့်အချို့ကို မြင်တွေ့ခဲ့ရသည်ကို ပြန်လည်သတိရမိသွားသည်။ ထိုစဉ်က သူမသည် ချူမိသားစုတွင် တစ်ခုခုဖြစ်ပျက်နေမည်ကို စိုးရိမ်သဖြင့် အိမ်သို့ အလျင်အမြန်ပြန်လာခဲ့ခြင်း ဖြစ်သည်။
ဖေဖေဖြစ်သူထံ အကြောင်းကြားပြီးနောက် ဝူကန်ချီသည် သူမကိုလော့ယွီခန်းမဆောင်သို့ တစ်ပါထဲခေါ်ဆောင်လာခဲ့သည်။ ယခုအခါ ချူထျန်းနှင့်တွေ့ဆုံရသဖြင့် မေးမြန်းရန် အခွင့်အရေးရသွားခြင်း ဖြစ်သည်။
ချူထျန်းက ခေါင်းညိတ်လိုက်ပြီး ခပ်ဖွဖွပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော့်ဖေဖေ ဆုံးသွားပါပြီ..."
ဝူချန်းဟွမ်သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဆွံ့အသွားတော့သည်။
ဤတုန်လှုပ်ဖွယ်ရာ သတင်းဆိုးကြီးကြောင့် သူမ စိတ်မအေးနိုင်သေးမီမှာပင် ဝူကန်ချီက ခေါင်းညိတ်လျက်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ငါ သိပြီ..."
ဝူချန်းဟွမ်သည် မျက်လုံးတစ်စုံ ပြူးကျယ်သွားတော့သည်။ ချူဦးလေး သေဆုံးသွားပြီဖြစ်သော်လည်း ဖေဖေက အဘယ်ကြောင့် ဤကဲ့သို့တုံ့ပြန်ရသနည်း။
သူက ဘာလို့ပြုံးနေရသေးတာလဲ။ ဤလောကကြီးသည် သူမ မသိနိုင်တော့လောက်အောင် မည်သည့်အချိန်ကစ၍ ရူးသွပ်သွားခဲ့ရသနည်း။
...
...
ချူယွန်ဖေး သေဆုံးသွားသည့်သတင်းကို လူသိရှင်ကြား ကျယ်ကျယ်ပြန့်ပြန့် မကြေညာခဲ့ပေ။ သို့သော် ထျန်းဝူတစ်မြို့လုံး၏လေထုသည် အလွန်ပင် ထူးဆန်းအေးစက်သွားခဲ့သည်။
နောက်တစ်နေ့တွင် ချူချင်းသည် တည်းခိုခန်းမှ ထွက်လာပြီး ပန်းပဲဖိုတစ်ခုကို ဦးစွာရှာဖွေရန် ကြံရွယ်ထားသော်လည်း ထျန်းဝူအစောင့်တပ်သားများ နေရာအနှံ့ ပျာပျာသလဲရှာဖွေစစ်ဆေးနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် တစ်မြို့လုံးကို အသည်းအသန် မြေလှန်ရှာဖွေနေကြခြင်း ဖြစ်သည်။
ထို့အပြင် ထိုနေ့တွင် ထျန်းဝူမြို့၏အရှေ့၊ အနောက်၊ တောင်၊ မြောက် မြို့တံခါးကြီးလေးခုလုံးကို ပိတ်ထားပြီး ထျန်းဝူအစောင့်တပ်များ၏ ကင်းလှည့်စောင့်ကြပ်မှုကိုလည်း တိုးမြှင့်ထားကာ မြို့ထဲသို့ဝင်ခွင့်သာပြုပြီး ထွက်ခွင့်ကိုမူ လုံးဝပိတ်ပင်ထားလေသည်။
မြို့သူမြို့သားများသည်လည်း မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မသိရှိကြသဖြင့် စိုးရိမ်ထိတ်လန့်နေကြတော့သည်။
သို့သော် တည်းခိုခန်းအတွင်း၌ သတင်းအချက်အလက် စုံစမ်းရယူနိုင်စွမ်းရှိသောလူအချို့ကမူ တိုးတိုးတိတ်တိတ်ဖြင့် လျှို့ဝှက်သတင်းများကို ပြောဆိုနေကြသည်။
"မနေ့ညက ချူယွန်ဖေးလုပ်ကြံခံရပြီး သေသွားပြီလို့ ကြားတယ်..."
"တရားခံက ဘယ်သူလဲဆိုတာကိုတော့ ငါတို့လည်းမသိဘူး... ဒါပေမဲ့ နောက်ခံကတော့ သေချာပေါက် သေးမှာမဟုတ်ဘူး..."
"ချူယွန်ဖေးက ဘယ်သူ့ကိုသွားပြီး ရန်စမိလို့ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံရတာလဲ မသိပါဘူး..."
"ရှူး... တိုးတိုးပြော... မြို့တော်ဝန်အိမ်က ဒီသတင်းကို လျှို့ဝှက်ထားပြီး အပြင်မှာ မပြောဖို့ တားမြစ်ထားတာ..."
"ချူမိသားစုခေါင်းဆောင်က လူကောင်းတစ်ယောက်ပါ... ဘာလို့ ဒီလိုဖြစ်ရတာလဲ... ဒီသတင်းက တကယ်ကြီးလား..."
"ဒါက လိမ်စရာလား... မင်းမမြင်ဘူးလား... ပွဲတော်လုပ်နေတာတွေကိုတောင် အကုန်သိမ်းလိုက်ပြီလေ... အရင်က သုံးရက်ကျင်းပမယ်ပြောတာ... အခုတော့ တစ်ရက်ပဲရှိသေးတယ်... အကုန်ပြီးသွားပြီ..."
"တကယ်လို့ အဲဒီလိုဆိုရင် ဘာလို့ လျှို့ဝှက်ထားကြတာလဲ..."
"ကြားရသလောက်တော့ ဝမ်ယဲ့တောင်ကြားက သိပ်မကြာခင် ငါတို့ထျန်းဝူမြို့ကိုသိမ်းဖို့ ပြင်နေတာတဲ့... ချူမိသားစုခေါင်းဆောင်ရဲ့ သိုင်းပညာက မြင့်မားလွန်းလို့ သူတို့က ကြောက်နေကြတာ... တကယ်လို့ သူတို့သာ ချူမိသားစုခေါင်းဆောင် သေသွားပြီဆိုတာကို သိသွားရင် အခြေအနေတွေက ဘယ်လိုဖြစ်လာမလဲ မပြောနိုင်တော့ဘူး..."
"ဘာ... ပြန်တိုက်ကြတော့မလို့လား... ဒါ... ဒါဆို ဘယ်လိုလုပ်ကြမလဲ..."
သတင်းများ ပျံ့နှံ့လာသည်နှင့်အမျှ ထျန်းဝူမြို့အတွင်းရှိလူတိုင်းသည် စိုးရိမ်ပူပန်မှုများ ပိုမိုတိုးပွားလာကြတော့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ကောလာဟလများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့သည်။
ဝမ်ယဲ့တောင်ကြားသည် ထျန်းဝူမြို့ကို အမှန်တကယ် တိုက်ခိုက်မည်လော။ ထိုသို့ဖြစ်လာပါက တစ်မြို့လုံးရှိ ပြည်သူလူထုမှာ မည်သို့ဖြစ်သွားမည်နည်း။
အချို့ကလည်း ခုနစ်နှစ်တိုင်တိုင် အိမ်သို့ပြန်မလာခဲ့သော ချူချင်းအကြောင်းကို ပြောဆိုနေကြပြီး ပြန်ရောက်လာသည်နှင့် သားမိုက်က ဖခင်ကို သတ်ဖြတ်သည့်ပြစ်မှုကြီးကို ကျူးလွန်ခဲ့ကြောင်း အမျိုးမျိုး ထင်ကြေးပေးနေကြသည်။
အမျိုးမျိုးသော ကောလာဟလများမှာ ဆူညံနေသော်လည်း မြို့တော်ဝန်အိမ်တော်၏ ပြင်းထန်သောဖိနှိပ်မှုအောက်တွင် တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့ရသည်။ သို့သော် ဤပြောဆိုသံများထဲတွင် လော့ယွီခန်းမဆောင်အကြောင်းကိုမူ မည်သူမျှ ထည့်သွင်းပြောဆိုခြင်း မရှိကြပေ။
မနေ့ညက ရွာသွန်းခဲ့သောမိုးရေစက်များသည် ကိစ္စရပ်များစွာကို ဖုံးကွယ်ပေးလိုက်သကဲ့သို့ပင်။ အချို့သူများက တစ်စုံတစ်ခုကို မြင်တွေ့ သို့မဟုတ် ကြားသိခဲ့ရလျှင်ပင် နှုတ်ဆိတ်နေကြပြီး နားကိုသာပိတ်ထားလိုက်ကြသည်။
အပြင်ကကြည့်လျှင် လော့ယွီခန်းမဆောင်သည် ယခင်အတိုင်းပင် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။ အရာအားလုံးသည် လှိုင်းလေငြိမ်သက်နေသကဲ့သို့ပင်။
ချူချင်းသည် ဤကောလာဟလများကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဘဲ မိမိလုပ်ဆောင်ရမည့်ကိစ္စရပ်များကိုသာ အာရုံစိုက်လုပ်ဆောင်နေခဲ့သည်။ သူသည် ပန်းပဲဖိုတစ်ခုကို ရှာဖွေကာ ဓားတစ်စင်းကို အပ်နှံခဲ့သည်။
ထို့ပြင် ဝှက်မြား၏အရွယ်အစားအတိုင်း နောက်ထပ်ဆယ်စင်းကိုလည်း မှာယူခဲ့သည်။
နှမြောစရာကောင်းသည်မှာ သူသည် အဆိပ်ပညာကို ကျွမ်းကျင်မှုမရှိခြင်းပင်။ နောင်တွင် သင့်တော်သောအဆိပ်ကို ရှာတွေ့ခဲ့ပါက ဝှက်မြားများတွင် အဆိပ်လူးရန် သူစဉ်းစားလိုက်သည်။
ဓားပြီးစီးရန် ရက်အနည်းငယ် စောင့်ဆိုင်းရမည်ဖြစ်သဖြင့် ချူချင်းသည် မလောဆော်တော့ပေ။ သူသည် ထန်ရှီး၏ဦးခေါင်း ထည့်ထားသော သေတ္တာတစ်လုံးကို သယ်ဆောင်လျက် တစ်နေရာသို့ အေးအေးလူလူ ထွက်ခွာလာခဲ့သည်။
ထိုနေရာမှာ မြေစောင့်နတ်ကွန်းပင် ဖြစ်သည်။
ဤနေရာသို့ ချူချင်းသည် ငယ်စဉ်က မကြာခဏလာရောက်လေ့ရှိပြီး ထိုစဉ်က အမွှေးတိုင်မီးများဖြင့် အလွန်စည်ကားခဲ့ဖူးသည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က မြေစောင့်နတ်ကွန်းအသစ်တစ်ခုကို ဆောက်လုပ်ခဲ့သဖြင့် ဤနေရာဟောင်းမှာ တဖြည်းဖြည်းနှင့် ပျက်စီးယိုယွင်းသွားခဲ့ရသည်။
အာ့ကုံသည် ဤမြေစောင့်နတ်ကွန်းဟောင်းတွင် ခေတ္တခိုလှုံနေခြင်းဖြစ်သည်။ သို့သော် ချူချင်းရောက်ရှိသွားချိန်တွင် အာ့ကုံအပြင် မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ဦးကိုပါ တွေ့လိုက်ရသည်။
ဝူချန်းဟွမ်ပင် ဖြစ်သည်။
သူမသည် မြေစောင့်နတ်ကွန်း၏အမိုးပေါ်တွင် ဝပ်လျက် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်ရှုနေပြီး မသိသူများအဖို့ ခိုးကြောင်ခိုးဝှက်ဝင်ရောက်လာသော သူခိုးမလေးတစ်ဦးအဖြစ် ထင်မှတ်ကြမည်ပင်။
ချူချင်းက စိတ်ပျက်လက်ပျက်ဖြစ်သွားကာ မိမိ၏ကိုယ်ငွေ့ကို ဖုံးကွယ်လိုက်ပြီးမှ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်သည်။
တစ်လံကျော်ခန့်အကွာတွင် ရပ်တန့်လိုက်ပြီးနောက် တင်ပါးလေးကို အနည်းငယ်ကော့လျက် ဝပ်နေသောမိန်းကလေးကို ကြည့်ရင်း။
အကယ်၍ အခြားသူသာဆိုပါက သူမ၏တင်ပါးကို ရိုက်ချချင်စိတ် ပေါ်လာနိုင်သော်လည်း ချူချင်းကမူ ထိုသို့မဟုတ်ပေ။ ဤကဲ့သို့သော အခွင့်ကောင်းကို မြင်တွေ့ရသဖြင့် သူသည် ခြေထောက်ဖြင့်သာ ကန်ထုတ်ပစ်ချင်စိတ် ပြင်းပြနေမိသည်။
ဤသည်မှာ ငယ်သူငယ်ချင်းများအဖြစ် ဖြတ်သန်းခဲ့ရသော အတိတ်မှတ်ဉာဏ်များကြောင့် ဖြစ်ပေလိမ့်မည်။