← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) - အလုပ်ကြီးတစ်ခု

ချူချင်းသည် နောက်ဆုံးတွင် စိတ်နှလုံးအောက်ခြေမှ သွေးဆောင်မှုကို အောင်မြင်စွာအောင့်အီးနိုင်ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်နေသော ခြေထောက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

သခင်မလေးဝူသည်လည်း နောက်ကွယ်မှ အခြေအနေတစ်ခုခု မူမမှန်သည်ကို နောက်ဆုံးတွင် ရိပ်မိသွားခဲ့သည်။

သူမသည် ရုတ်တရက်လှည့်ကြည့်လိုက်ရာ ချူချင်း၏ပြုံးယောင်သန်းနေသော မျက်ဝန်းများနှင့် တည့်တည့်တိုးတော့သည်။

ချူချင်းက ပြုံးစိစိဖြင့် မေးလိုက်သည်။

"ဂုဏ်သရေရှိလှတဲ့ ထျန်းဝူမြို့ရဲ့ သခင်မလေးက နေ့ခင်းကြောင်တောင်ကြီးမှာ ခိုးကြောင်ခိုးဝှက်နဲ့ ဘာတွေလုပ်နေတာလဲ..."

"ဘယ်လို ရတနာကောင်းတွေကို ခိုးဖို့ကြံနေတာလဲ၊ ကျွန်တော်ကူညီပေးဖို့ လိုသေးလား..."

ဝူချန်းဟွမ်၏မျက်နှာသည် မည်းမှောင်သွားခဲ့သည်။ ဤလူသည် လမ်းလျှောက်ရာတွင် အသံတစ်ချက်မျှ မထွက်သည့်အပြင် အသက်ရှူသံမှာလည်း တည်ငြိမ်ပြီး သဲလွန်စမကျန် ပုန်းကွယ်နိုင်ရာ အမှန်တကယ်ပင် လူသတ်သမားတစ်ဦး ဖြစ်ထိုက်ပေသည်။

ဝူချန်းဟွမ်က မေးလိုက်သည်။

"ရှင်လာတာကို ကျွန်မဘာလို့ လုံးဝမရိပ်မိတာလဲ..."

ချူချင်းက ခေါင်းခါယမ်းရင်း ပြန်ပြောလိုက်သည်။

"မင်းကသာ အလွယ်တကူ ရိပ်မိနေမယ်ဆိုရင် ကျွန်တော်က ဘာနဲ့လူသတ်ပြီး ပိုက်ဆံရှာရတော့မှာလဲ..."

"ပြီးတော့ နိုးနိုးကြားကြားဖို့ရှိဆိုရင် မင်းက အများကြီးလိုပါသေးတယ်..."

"ဒါက ထျန်းဝူမြို့ဖြစ်နေလို့သာ မင်းကို ဘယ်သူမှလာမထိရဲတာ၊ မဟုတ်ရင် ခုနကအကွာအဝေးအတိုင်းဆိုရင် မင်းလိုလူ ဆယ်ယောက်လောက်တောင် သေပြီးနေပြီ..."

"..."

ဝူချန်းဟွမ်က သူ့ကို စောင်းမြောင်းကြည့်လိုက်ပြီး ခါးကြားမှ ဓားတစ်စင်းကို ဆွဲထုတ်ကာ ချူချင်းထံသို့ လှမ်းပစ်ပေးလိုက်သည်။

ချူချင်းက လှမ်းဖမ်းလိုက်ပြီး ဝူချန်းဟွမ်ကို အံ့အားသင့်စွာကြည့်ရင်း မေးလိုက်သည်။

"ဒါက ဘာသဘောလဲ..."

ဝူချန်းဟွမ်က ရှင်းပြလိုက်သည်။

"ကျွန်မအဖေက ရှင့်အတွက် တန်ဖိုးရှိရှိ လက်ဆောင်တစ်ခုပေးဖို့ ပြောထားလို့..."

"ကျွန်မလည်း အထပ်ထပ်စဉ်းစားကြည့်တယ်၊ မနေ့ညက ရှင့်ဓားပျက်စီးသွားတယ်မလား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရင်နှစ်ကုန်ပိုင်းက ကျွန်မအဖေက ရတနာဓားတစ်စင်း ရထားတယ်၊ ပုံမှန်ဆိုကျွန်မကိုပေးမလို့ပဲ... ဒါပေမဲ့ ကျွန်မက အခုကိုင်နေတဲ့ဓားကိုပဲ လက်ယဉ်နေလို့ မလဲချင်တော့ဘူး..."

"အဲဒါကြောင့် ရှင့်ကိုပဲပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာ၊ ဒီဓားနာမည်က 'ရွှမ်ယို' တဲ့၊ ကောင်းကင်ပြင်ပက ဥက္ကာပျံသံရိုင်းနဲ့ သွန်းလုပ်ထားတာလို့ ကြားဖူးတယ်..."

သူမ စကားပြောနေစဉ်မှာပင် ချူချင်းက ရုတ်တရက်ကြားဖြတ်မေးလိုက်သည်။

"ဒီဓားက ပိုင်ရှင်ကို ဘေးဒုက္ခပေးတတ်လား..."

ဝူချန်းဟွမ်က သူဤနေရာသို့ ရောက်လာမည်ကို မည်သို့သိရှိခဲ့ကြောင်းကိုမူ မမေးမြန်းခဲ့ပေ။

ထန်ရှီးကျင့်ကြံသည့်သိုင်းပညာမှာ အမုန်းမိစ္ဆာသိုင်းဖြစ်ကြောင်း သိထားရုံဖြင့် ထိုအမုန်းပိုင်ရှင်မှာ မည်သူဖြစ်မည်ကို တွေးတောနေစရာပင် မလိုတော့ပေ။

ထို့ပြင် ချူချင်းသည် မည်သူ့ထံမှ အလုပ်အပ်ခံရသည်မှာလည်း အထူးပြောနေစရာ မလိုတော့ပေ။ အဆုံးတွင် အာ့ကုံ၏ကိစ္စမှာ တစ်မြို့လုံးသိထားပြီးသား မဟုတ်ပါလော။

ထို့ကြောင့်သာ သူမက ဤနေရာတွင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

"..."

ဝူချန်းဟွမ်သည် ချူချင်းက အဘယ်ကြောင့် ရုတ်တရက် ဤသို့မေးရသည်ကို လုံးဝနားမလည်နိုင်ဘဲ သေချာစဉ်းစားပြီးမှ ပြောလိုက်သည်။

“မပေးပါဘူး..."

ချူချင်းက စိတ်ထဲတွင် တွေးလိုက်သည်။

'ဒီလို ကောင်းကင်ပြင်ပ ဥက္ကာပျံသံရိုင်းနဲ့ သွန်းလုပ်ထားတဲ့ လက်နက်ဆန်းတွေကို အလွယ်တကူ မသုံးသင့်ဘူး...'

ကောင်းကင်မှ ကျလာသောအရာများတွင် ဓာတ်ရောင်ခြည်များ ပါရှိတတ်ပြီး ဤလောကမှလူများကမူ ဘာမှမသိဘဲ ဓားများ သွန်းလုပ်ကြသည်။ ဓားတစ်ချက်ခုတ်တိုင်း ဓာတ်ရောင်ခြည်သင့်စေသဖြင့် အံ့ဖွယ်ဓားဆန်းအဖြစ် သတ်မှတ်ကြခြင်း ဖြစ်သည်။

သို့သော် ဤကဲ့သို့သော လက်နက်များသည် ပိုင်ရှင်ကို ဘေးဒုက္ခပေးတတ်သည်ဆိုသော ကောလာဟလများရှိတတ်သည်။

နေ့စဉ်နေ့တိုင်း ဓာတ်ရောင်ခြည်သင့်နေသော ဓားတစ်စင်းကို ဆောင်ထားပါက အတွင်းအား မည်မျှပင်ကောင်းမွန်ပါစေ နှစ်ချီကြာလျှင် ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။

အနှေးနှင့်အမြန် ဓာတ်ရောင်ခြည်သင့်ပြီး သေဆုံးရ‌ပေမည်...

ချူချင်းက တွေးလိုက်သည်။

'ဒါဆိုရင်တော့ တော်သေးတာပေါ့၊ ဓာတ်ရောင်ခြည်သင့်တာမျိုး မရှိလောက်ဘူး...'

သို့သော် ပိုင်ရှင်ကို ဘေးမသင့်စေဘူးဆိုလျှင် ပြဿနာမရှိနိုင်ပေ။

သူသည် ဓားကိုကိုင်ပြီး အသာအယာ လှည့်ပတ်လိုက်ရာ ဓားရှည်သည် လက်ထဲတွင် တစ်ပတ်လည်သွားပြီးနောက် လက်ညှိုးနှင့် လက်ခလယ်တို့ဖြင့် ဓားအိမ်ဝကိုထိကာ အသာအယာဆွဲထုတ်လိုက်သည်။

ဝုန်းခနဲ မြည်သံနှင့်အတူ ဓားရှည်သည် တစ်ဝက်ခန့် ထွက်ပေါ်လာသည်။

စိမ်းဖန့်ဖန့်အလင်းတန်းနှင့်အတူ အေးစိမ့်သော အငွေ့အသက်များ ဖြာထွက်လာခဲ့သည်။

ချူချင်း၏မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

"တကယ်ကို ဓားကောင်းတစ်လက်ပဲ..."

ဝူချန်းဟွမ်က ပြုံးလိုက်သည်။

"ရှင်သဘောကျရင် ပြီးတာပဲ၊ ရှင်က ထန်ရှီးကိုသတ်ပြီး ထန်ယင်ဖုန်းကို ဒဏ်ရာရအောင် လုပ်ပေးခဲ့လို့၊ ကျွန်မတို့မြို့တော်ဝန်အိမ်တော်က လော့ယွီခန်းမဆောင်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ၊ အဲဒါကြောင့် ဒီဓားကိုတော့ ရှင်မငြင်းပါနဲ့..."

သူမ စကားပင်မဆုံးသေးမီ ချူချင်းက ဓားကို ဓားအိမ်ထဲသို့ပြန်ထည့်ကာ လက်ထဲတွင် သဘာဝကျကျ ကိုင်ဆောင်ထားလိုက်သည်။ ထိုဓားမှာ မူလကတည်းက သူ့ပိုင်ဆိုင်မှု ဖြစ်နေသည့်အလားပင်။

ဝူချန်းဟွမ်သည် ဆက်ဖျောင်းဖျရန် မလိုတော့ကြောင်း ခံစားလိုက်ရသည်။

ဤလူတွင် အားနာတတ်သည့်အလေ့အထ လုံးဝမရှိသည့်အပြင် ရှက်စိတ်ဟူသည်လည်း ရှိပုံမရပေ။

သူမသည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချလိုက်ပြီး စိတ်ကိုပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

ထို့နောက် ပြောလိုက်သည်။

"ဒီတစ်ခေါက်လာတာက ရှင့်ကို ဒီဓားလာပေးဖို့သက်သက်ပဲ..."

"ဒါ့အပြင် နောက်ထပ်ကိစ္စတစ်ခုလည်း ရှိသေးတယ်..."

ချူချင်းက သူမကို အနည်းငယ် အံ့အားသင့်စွာကြည့်ရင်း ပြောလိုက်သည်။

"ပြောပါဦး..."

ဝူချန်းဟွမ်က တိုးညင်းစွာ ပြောလိုက်သည်။

"ကျွန်မရှင့်ကို လူတစ်ယောက်သတ်ခိုင်းချင်လို့..."

"အို..."

ချူချင်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ပြောလိုက်သည်။

"ဒါက သတင်းကောင်းပဲ၊ ပြောပါ... သခင်မလေးဝူ၊ ကျွန်တော်တို့ ကျကျနနထိုင်ပြီး အေးဆေးဆွေးနွေးကြရင် ဘယ်လိုလဲ..."

ဝူချန်းဟွမ်က ခေါင်းခါယမ်းလိုက်သည်။

"မလိုပါဘူး..."

"ဒီမှာတင် ပြောလို့ရတယ်၊ လူအများကြီးရှိတဲ့နေရာမှာ ရှင်နဲ့လူသတ်ဖို့ကိစ္စကို ဆွေးနွေးစေချင်တာတော့ မဟုတ်ဘူးမလား..."

ချူချင်းက ပြုံးလိုက်သည်။

"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."

"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ သခင်မလေး သတ်ချင်တဲ့သူက ဘယ်သူလဲဆိုတာ သိပါရစေ..."

"မင်းက ကျွန်တော်ရဲ့ဖောက်သည်ဟောင်း ဖြစ်နေတာမို့လို့ လုပ်အားခနည်းနည်း လျှော့ပေးလို့ရပါတယ်..."

ဝူချန်းဟွမ်က ရုတ်တရက် ရယ်မောလိုက်သည်။

"ညဧကရာဇ်က ငွေကို အသက်ထက်တန်ဖိုးထားတဲ့သူ မဟုတ်လား၊ အခုလို ကပ်စေးနှဲကြီးက လျှော့ပေးမယ်ဆိုတော့ ကျွန်မတောင် အံ့သြမိတယ်..."

"ဒီနေ့ နေအနောက်ဘက်က ထွက်လာတာလား..."

ချူချင်းက သက်ပြင်းချရင်းပြောလိုက်သည်။

"သခင်မလေး... ကျွန်တော်ကအားနာလို့ အလိုက်သင့်ပြောလိုက်တာကို တကယ်ကြီးလို့ မထင်လိုက်ပါနဲ့..."

"မင်းက ကျွန်တော့်ကို တကယ်ဈေးလျှော့ခိုင်းမလို့လား၊ မြို့တော်ဝန်အိမ်တော်က ဘယ်တုန်းက ဒီလောက်အထိ ဆင်းရဲသွားတာလဲ..."

ဝူချန်းဟွမ်က နှာခေါင်းရှုံ့လိုက်သည်။

"ကျွန်မသိသားပဲ..."

"ရှင်ကတကယ့်ကို ငွေမက်တဲ့သူပဲ၊ နောက်ခါကျရင် အဲဒီလိုဟန်ဆောင်ပြီး အားမနာပါနဲ့၊ သူများတွေ တကယ်ထင်သွားဦးမယ်..."

"စကားမရှည်တော့ဘူး... ကျွန်မအရင်က ပြောဖူးသလိုပဲ၊ ထျန်းဝူမြို့နဲ့ ဝမ်ယဲ့တောင်ကြားက မကြာခင်မှာ တိုက်ပွဲဖြစ်ကြတော့မယ်..."

ချူချင်းက ပြုံးလိုက်သည်။

"မင်းက ကျွန်တော့်ကို ဝမ်ယဲ့တောင်ကြားကလူတွေကို သတ်ခိုင်းချင်တာလား..."

ဤအရာသည် အမှန်တကယ်ပင် အလုပ်ကြီးတစ်ခု ဖြစ်သည်။

ထို့ပြင် ဤကိစ္စမှာ ယခင်ကလုပ်ဆောင်ရန် မလွယ်ကူသော်လည်း မနေ့ညက ချူထျန်းနှင့် စကားပြောပြီးနောက် ဝမ်ယဲ့တောင်ကြားကို ထောင်ချောက်ဆင်ရန် အစီအစဉ်တစ်ခု ပြင်ဆင်ပြီးသားဖြစ်ကြောင်း သူ သိရှိထားသည်။

ယခု ဝူချန်းဟွမ်က ကိုယ်တိုင်လာရောက်အပ်နှံသဖြင့် သူ့အတွက် ဆုလာဘ်များလာရောက်ပေးအပ်သည်နှင့် မခြားပေ။

ဤအချက်ကိုတွေးမိသောအခါ ချူချင်းသည် ထျန်းဝူမြို့မှာ တကယ့်ကို နေရာ‌ကောင်းဖြစ်ကြောင်း ခံစားလိုက်ရသည်။

မနေ့က တစ်ရက်တည်းနှင့် အလုပ်နှစ်ခုရရှိခဲ့ပြီး ယနေ့တွင်လည်း အလုပ်ကြီးတစ်ခုက စိုက်စိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်၊ အကယ်၍ သူသာ ဤနေရာတွင် ဆယ်နှစ်ခန့် နေထိုင်မည်ဆိုပါက လောကတွင် ပြိုင်ဘက်ကင်းဖြစ်သွားနိုင်သည် မဟုတ်ပါလော။

ဝူချန်းဟွမ်ကလည်း မငြင်းဆန်ဘဲ ပြောလိုက်သည်။

"ဟုတ်တယ်..."

"ဒါပေမဲ့ အချိန်နဲ့နေရာ၊ ဘယ်လိုလှုပ်ရှားရမလဲဆိုတာကိုတော့ လောလောဆယ် နင့်ကိုမပြောပြနိုင်သေးဘူး..."

"အဓိကကတော့ ဒီရက်ပိုင်းအတွင်း နင်ထျန်းဝူမြို့ကနေ ထွက်လို့မရဘူး..."

ချူချင်းက မေးလိုက်သည်။

"ထျန်းဝူမြို့က အစောင့်အကြပ်တွေ ဒီလောက်များနေတာ၊ အခုဆို ယင်ကောင်တောင် ပျံထွက်လို့ရမှာ မဟုတ်ဘူးမလား..."

ဝူချန်းဟွမ်က သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ယင်ကောင်က ပျံထွက်လို့မရပေမဲ့ နင်ကတော့ ရပါတယ်..."

"ပြီးတော့ နင့်ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ ပြောသွားဦး..."

"အစီအစဉ်မစခင် ငါ နင့်ကို အကြောင်းကြားမယ်..."

ချူချင်းသည် မေးစေ့ကိုပွတ်သပ်ရင်း အနည်းငယ် စဉ်းစားရခက်သွားသည်။

သူသည် လက်ရှိတွင် တစ်ကိုယ်တော် လှုပ်ရှားနေသဖြင့် သတင်းပို့ပေးမည့်သူမရှိဘဲ ကိစ္စအဝဝကို ကိုယ်တိုင်လုပ်ဆောင်နေရသဖြင့် အနည်းငယ်ရှုပ်ထွေးလှသည်။

သို့သော် သူသည် မြေစောင့်နတ်ကွန်းအတွင်းရှိ ကျောက်တုံးပေါ်တွင် ထိုင်နေသောအာ့ကုံကို လှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင် ငါ နင့်ကို လျှို့ဝှက်စာရေးနည်းတစ်ခု ပြောပြမယ်..."

"နင် 'ထူးဆန်းသောမှတ်တမ်းများ'ဆိုတဲ့ စာအုပ်ကို သိလား..."

ဝူချန်းဟွမ်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"သိတာပေါ့..."

"ဒါပေမဲ့ အဲဒီလိုနတ်ဆိုးတစ္ဆေတွေအကြောင်း ရေးထားတဲ့စာအုပ်တွေကို လျှော့ဖတ်ဖို့ အကြံပြုချင်တယ်..."

ချူချင်းက မျက်စောင်းထိုးရင်း ပြောလိုက်သည်။

"ရှင်နဲ့ ဘာဆိုင်လို့လဲ..."

"ဒီလိုလုပ်... ငါတို့ရဲ့လျှို့ဝှက်စာက အဲဒီစာအုပ်ကို အခြေခံပြီးရေးမယ်..."

"မင်းပြောချင်တဲ့ စကားလုံးတွေကို အဲဒီစာအုပ်ထဲကနေရှာပြီး ပထမစာကြောင်းရဲ့ ပဉ္စမမြောက်စာလုံး၊ ဒုတိယစာကြောင်းရဲ့ တတိယမြောက်စာလုံး အဲဒီိိလိုရေးရမယ်..."

"ဒါပေမဲ့ ရေးရင်လည်း မင်းတကယ်ပြောချင်တဲ့စာလုံးကို တိုက်ရိုက်မရေးဘဲ အရှေ့ကို နှစ်လုံးကြိုပြီး ရေးရမယ်..."

ဝူချန်းဟွမ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ချူချင်း၏ဆိုလိုရင်းကို နားလည်သွားသည်။

"ဆိုလိုတာက ကျွန်မတကယ်ပြောချင်တာက ပထမစာကြောင်းရဲ့ သတ္တမမြောက်စာလုံး ဆိုရင် စာထဲမှာတော့ ပထမစာကြောင်းရဲ့ ပဉ္စမမြောက်စာလုံးလို့ ရေးရမှာလား..."

ချူချင်းက ပြုံးလိုက်သည်။

"အတိအကျပဲ... သခင်မလေးက တကယ်ဉာဏ်ကောင်းတာပဲ..."

"လောကမှာ စာအုပ်တွေ အများကြီးရှိတာမို့လို့ တစ်ယောက်ယောက်က လျှို့ဝှက်စာကို တွေ့သွားပြီး အဲဒီစာအုပ်ကို ရှာတွေ့ခဲ့ရင်တောင် ဘာမှနားလည်မှာမဟုတ်ဘူး…”

All Chapters