အခန်း ၃၈
Vol. 4 Ch. 38
အခန်း (၃၈) - သေခြင်းတရားရှေ့မှောက်တွင် လူတိုင်းတန်းတူဖြစ်သည်
ဝူချန်းဟွမ်က သေချာစဉ်းစားကြည့်ပြီးနောက် မချီးကျူးရမနေနိုင်ဖြစ်သွားသည်။
ဤလျှို့ဝှက်စာရေးသားနည်းမှာ အမှန်ပင် ဆန်းကြယ်လှပေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ထူးဆန်းသောမှတ်တမ်းစာအုပ်တစ်အုပ်နှင့် တွဲဖက်အသုံးပြုရခြင်းဖြစ်ပြီး သဲလွန်စချန်ထားခဲ့မိရန် လွယ်ကူခြင်းပင်ဖြစ်သည်။
သို့သော် ဤနေရာလွဲရေးသောနည်းလမ်းက ထိုအားနည်းချက်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ပေသည်။
သူမက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ကျွန်မနားလည်ပြီ... ဒါဆိုရင် ကျွန်မက လျှို့ဝှက်စာရေးပြီးရင် ရှင့်ကို ဘယ်လိုပေးရမလဲ..."
ချူချင်းက ပြောလိုက်သည်။
"အင်း... ကုန်စုံဆိုင်ပဲဖြစ်ဖြစ်ပေါ့..."
"ထျန်းဝူမြို့ မြောက်ဘက်လမ်းမကြီးပေါ်က ချန်မိသားစုကုန်စုံဆိုင်ရဲ့ နောက်ဖေးလမ်းကြားမှာပေါ့... မင်းလျှို့ဝှက်စာရေးပြီးရင် အပေါ်ကနေ ကျောက်ခဲတစ်လုံးနဲ့ဖိထားလိုက်..."
"ကျုပ် ညတိုင်းသန်းခေါင်ယံကျရင် လူလွှတ်ပြီး စစ်ခိုင်းလိုက်မယ်... မင်းရဲ့စာကို လွတ်သွားမှာမဟုတ်ဘူး..."
ဝူချန်းဟွမ်က သေချာမှတ်သားထားလိုက်ပြီး ချူချင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကောင်းပြီ...ကျွန်မလုပ်စရာရှိတာတွေပြီးပြီမို့ ခွင့်ပြုပါဦး..."
ချူချင်းက ရုတ်တရက်လှမ်းပြောလိုက်သည်။
"သခင်မလေးဝူ ခဏစောင့်ပါဦး..."
ဝူချန်းဟွမ်က ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး သူ့ကိုလှည့်ကြည့်လိုက်သည်။
ချူချင်းက ပြုံးလျက်ပြောလိုက်သည်။
"ပြောရမယ်ဆိုရင် ကျွန်တော်က ဝမ်ယဲ့တောင်ကြားအကြောင်း သိတာ နည်းလွန်းတယ်... ဒါကြောင့် သခင်မလေးဆီကနေ သတင်းအချက်အလက်ကို အကူအညီတောင်းချင်လို့ပါ..."
ဝူချန်းဟွမ်က ကြိုတင်ပြင်ဆင်ထားပုံရပြီး အတွင်းအိတ်ထဲမှ စာအိတ်တစ်အိတ်ကို ရုတ်ချည်းထုတ်ယူကာ ချူချင်းထံသို့ ပစ်ပေးရင်းပြောလိုက်သည်။
"ဒါက လွယ်ပါတယ်..."
"ဒါက ဝမ်ယဲ့တောင်ကြားရဲ့ နယ်ပယ်အသီးသီးက သိုင်းဆရာတွေရဲ့ အချက်အလက်တွေပဲ... ရှင်သေချာမှတ်ထားလိုက်ပေါ့..."
ချူချင်းက ပြုံးလျက်ပြောလိုက်သည်။
"ကောင်းပါပြီ... ကျုပ်သေချာပေါက် နှလုံးသွင်းထားလိုက်ပါ့မယ်... နောက်မှ လုပ်အားခ သတ်မှတ်ပြီးရင်တော့ သခင်မလေးအနေနဲ့ ငွေပြားတွေပြင်ထားဖို့ မမေ့နဲ့ဦးနော်..."
ဝူချန်းဟွမ်၏မျက်နှာမှာ အနည်းငယ် မဲ့သွားပြီးမှ ပြောလိုက်သည်။
"ရှင့်အတွက် လျော့မှာမဟုတ်ပါဘူး..."
ထို့နောက် သူမက ကိုယ်ဟန်တစ်ချက်လှုပ်ရှားလိုက်ကာ ထွက်ခွာသွားတော့သည်။
ဝူချန်းဟွမ်၏ပုံရိပ်မှာ မြင်ကွင်းထဲမှ လုံးဝပျောက်ကွယ်သွားသည့်တိုင်အောင် ချူချင်းက လက်ထဲရှိရွှမ်ယူဓားကို အတွေးနက်စွာဖြင့် ကြည့်နေမိသည်။
ချူချင်းက တွေးလိုက်သည်။
'နှစ်သစ်ကူးပြီးကတည်းက ဝမ်ယဲ့တောင်ကြားက ထျန်းဝူမြို့ထဲမှာ လှုပ်ရှားနေခဲ့တာ...'
'ဒီဓားကိုတော့ နှစ်မကူးခင်ကတည်းက ရခဲ့တာ...'
'ဒါပေမဲ့ ဒါက ရွှမ်ယူဓားတဲ့ ချင်းယဲ့ဓားမဟုတ်ဘူး... ဒီဓားရဲ့ဓားရိုးထဲမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေမလား...'
သူက သေချာစွာစစ်ဆေးကြည့်လိုက်ရာ ဤဓားမှာ နာမည်ကြီးပန်းပဲပညာရှင်တစ်ဦး၏ လက်ရာဖြစ်ပြီး ဓားရိုးမှာလည်း တစ်သားတည်းသွန်းလုပ်ထားကာ မည်သည့်ဆက်ကြောင်းရာမျှ မရှိသည်ကို တွေ့လိုက်ရသည်။
ချူချင်းက ရှာဖွေကြည့်သော်လည်း မည်သည့်အရာမျှမတွေ့ရသဖြင့် အလိုလို ပြုံးမိသွားသည်။
ချူချင်းက ဆက်လက်တွေးတောလိုက်သည်။
'ဟုတ်သားပဲ... ငါအရင်က ဒီသတင်းကို ဝူချန်းဟွမ်ကိုပြောပြခဲ့ဖူးတယ်... သူမက ဒီဓားကို လျစ်လျူရှုထားစရာ အကြောင်းမရှိဘူး... သေချာမစစ်ဆေးဘဲ နေပါ့မလား...'
'တကယ်လို့ တစ်ခုခုရှိရင်လည်း သူမက စောစောစီးစီးယူသွားလောက်ပြီ... ဒါပေမဲ့ တကယ်ပဲဓားရိုးထဲမှာ ပစ္စည်းတစ်ခုခု ဝှက်ထားတာဆိုရင် အဲဒါကဘာဖြစ်မလဲ...'
အဘယ်ကြောင့်မှန်းမသိ၊ သူက ရှင်းယိုဟန် မသေဆုံးမီ ပြောခဲ့သည့်စကားများကို ရုတ်တရက် သတိရသွားမိသည်။
'ဝမ်ယဲ့တောင်ကြားကနေ ပျောက်သွားတဲ့ လျှို့ဝှက်ကျမ်းစာလား...'
'ဒါပေမဲ့ "ကောင်းကင်... ကောင်းကင်... ကောင်းကင်..." ဆိုတာကိုကျ ဘယ်လိုရှင်းပြရမလဲ...'
(စကားချပ် - ထျန်း က ကောင်းကင် ကို ဆိုလိုပါသည်။)
'ဒါက တကယ်ပဲ ကောင်းကင်သုံးခုရှိနေတာမျိုး မဟုတ်ဘဲ အသက်ငင်နေတဲ့အချိန်မှာ စကားမဆက်နိုင်လို့ စကားလုံးတစ်လုံးတည်းကို ထပ်ခါတလဲလဲ ပြောသွားတာ ဖြစ်ဖို့များတယ်...'
'ဒါဆိုရင် "ကောင်းကင်" နဲ့ စတဲ့အရာက ဘာဖြစ်မလဲ...'
သူက သေချာစဉ်းစားကြည့်သော်လည်း ခေါင်းထဲတွင် မည်သည့်အချက်အလက်မျှ မရှိသဖြင့် ခေါင်းကိုသာ အသာအယာ ခါယမ်းလိုက်သည်။
စဉ်းစား၍မရသည့်ကိစ္စများကို ခေတ္တဘေးဖယ်ထားလိုက်ရန်သာ ရှိပေသည်။
သူသည် လူသတ်သမားတစ်ယောက်ဖြစ်ပြီး ဤနေရာတွင် အချိန်ကုန်ခံကာ ခေါင်းခြောက်စရာအကြောင်းမရှိပေ။
ဦးနှောက်သုံးရမည့်ကိစ္စများကို ချူထျန်းတို့အုပ်စုထံသာ လွှဲအပ်ထားသင့်ပေသည်။
ဤသို့တွေးတောရင်း သူက နတ်ကွန်းပျက်ရှေ့တွင် ထိုင်နေဆဲဖြစ်သော အာ့ကုံကို ကြည့်လိုက်ရာ မျက်နှာထက်တွင် ရှုပ်ထွေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
အာ့ကုံကိုသာ ဒီအတိုင်းပစ်ထားလိုက်ပါက မကြာမီ သေဆုံးသွားပေလိမ့်မည်။
ချူချင်းက သက်ပြင်းအသာချလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ သစ်သားသေတ္တာကို ပစ်ပေးလိုက်သည်။
ရုတ်တရက် ထွက်ပေါ်လာသောလှုပ်ရှားမှုကြောင့် အာ့ကုံမှာ လန့်ဖျပ်သွားသည်။
သူက အလိုလိုခေါင်းမော့ကြည့်လိုက်ရာ အမိုးပေါ်တွင်ထိုင်လျက် သူ့ကို ငြိမ်သက်စွာ ကြည့်နေသော ဝတ်စုံနက်ဝတ်ဆင်ထားသူကို တွေ့လိုက်ရသည်။
အာ့ကုံက ထိုမျက်နှာဖုံးကိုကြည့်ပြီး ထိုလူ၏သရုပ်မှန်ကို ချက်ချင်းပင် မှတ်မိသွားကာ တစ်ကိုယ်လုံးရှိသွေးများပင် ပြန်လည်နိုးကြားလာသကဲ့သို့ ခံစားလိုက်ရသည်။
"ခင်ဗျားလား..."
ချူချင်းက တိုးညင်းစွာပြောလိုက်သည်။
"ဒီထဲမှာ ထန်ရှီးရဲ့ခေါင်းပြတ်ရှိတယ်..."
အာ့ကုံက ထိုစကားကိုကြားသောအခါ ခန္ဓာကိုယ်တစ်ခုလုံးတုန်လှုပ်သွားပြီး အသက်ကိုပြင်းပြင်းရှူကာ သေတ္တာကို လှမ်းဖွင့်လိုက်သည်။
ဖြူဖျော့နေသောခေါင်းပြတ်တစ်ခုက မျက်စိရှေ့တွင် ပေါ်လာတော့သည်။
အာ့ကုံက ငြိမ်သက်စွာကြည့်နေပြီး မျက်ဝန်းတစ်စုံတွင် ဒေါသတရားများ တောက်လောင်နေသည်။
သို့သော် မျက်ရည်များကလည်း အလိုလိုစီးကျလာခဲ့သည်။
အစပိုင်းတွင် တိတ်တဆိတ် ငိုကြွေးနေသော်လည်း နောက်ဆုံးတွင် အော်ဟစ်ငိုကြွေးခြင်းသို့ ပြောင်းလဲသွားတော့သည်။
ငိုကြွေးပြီးနောက်မှ ချူချင်း၏ရှေ့တွင် ဒူးထောက်ကာ မြေပြင်ပေါ်သို့ဝပ်စင်းလိုက်ရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်ကြီး... ကျွန်တော့်ဇနီးသည်အတွက် ကလဲ့စားချေပေးလို့..."
ချူချင်း၏လေသံမှာ ယခုအချိန်တွင် အလွန်အေးစက်ခက်ထန်နေပုံရပြီး ပြောလိုက်သည်။
"ကျေးဇူးရှင်ကြီး ဟုတ်လား..."
"မင်းက ငါ့ကိုကျေးဇူးရှင်ကြီးလို့ ခေါ်တာလား... မင်း ငါနဲ့ထားခဲ့တဲ့ကတိကို မေ့သွားပြီလား..."
အာ့ကုံက ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော်မမေ့ဝံ့ပါဘူး... ဒီနေ့ကစပြီး ဒီအသက်က ကျေးဇူးရှင်ကြီးရဲ့အပိုင်ပါ..."
ချူချင်းက တိုးညင်းစွာပြောလိုက်သည်။
"ဒါဆိုရင်တော့ မင်းနဲ့ငါ့ကြားမှာ ကျေးဇူးတရားဆိုတာမရှိဘူး... မင်းငါ့ကို ဘာမှအကြွေးမတင်ဘူး..."
"မင်းရဲ့အသက်တစ်ချောင်းနဲ့ ထန်ရှီးရဲ့အသက်တစ်ချောင်းကို လဲလိုက်တာပဲ...တရားမျှတပါတယ်..."
အာ့ကုံက အံ့အားသင့်သွားပြီး ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ အဖိုးမတန်တဲ့အသက်က ထန်ရှီးလိုလူမျိုးနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ..."
ချူချင်း၏အသံက အာ့ကုံ၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
"လူ့အသက်မှာ အနိမ့်အမြင့် အမြတ်အစွန်းဆိုတာမရှိဘူး..."
အာ့ကုံမှာထိတ်လန့်သွားကာ အမိုးပေါ်တွင် ရှိနေသောချူချင်းမှာ ၎င်း၏ဘေးနားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူက အာ့ကုံ၏ပခုံးပေါ်သို့ လက်တစ်ဖက်တင်လိုက်ပြီး တည်ငြိမ်လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"မင်းက ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းဖြစ်ဖြစ်၊ လောကကြီးရဲ့ ဧကရာဇ်ဖြစ်ဖြစ်... နောက်ဆုံးမှာတော့ သေခြင်းတရားကို ရှောင်လွှဲလို့မရဘူး..."
"သေခြင်းတရားရှေ့မှောက်မှာ လူတိုင်းက တန်းတူပဲ..."
"အာ့ကုံ... မင်းသေချာမှတ်ထားပါ... မင်းရဲ့ဒီအသက်ကို ငါ့ဆီရောင်းလိုက်ပြီ... နောက်နောင် ငါသဘောမတူရင် မင်းမှာ သေခွင့်တောင်မရှိဘူး..."
အာ့ကုံက အလိုလိုခေါင်းညိတ်လိုက်မိပြီး ချူချင်းပြောသည်မှာ မှန်ကန်သည်ဟု ခံစားရသော်လည်း တစ်နေရာရာတွင် မှားယွင်းနေသည်ကိုလည်း ခံစားနေရသည်။
သူက ခေါင်းငုံ့ကာတွေးတောနေပြီး ခေတ္တမျှ မည်သို့ပြောရမည်ကို မသိဖြစ်နေသည်။
ထို့နောက် ချူချင်းကမေးမြန်းလိုက်သည်။
"အိမ်မှာ ဆွေမျိုးသားချင်းတွေ ကျန်သေးလား..."
အာ့ကုံက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"မရှိတော့ပါဘူး..."
"ကျွန်တော် တစ်ယောက်တည်းပဲ ကျန်တော့တာပါ..."
ချူချင်းက ခေါင်းညိတ်လိုက်ပြီး အာ့ကုံ၏လက်ကောက်ဝတ်ကို ရုတ်တရက် ဆွဲယူလိုက်ရာ လက်ချောင်းထိပ်ဖျားမှ ခရမ်းရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး အာ့ကုံ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဝင်ရောက်သွားသည်။
အာ့ကုံမှာ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်သေးခင်မှာပင် ချူချင်းက သူ့လက်ကိုဆွဲခါကာ လွှတ်လိုက်သည်ကို မြင်လိုက်ရသည်။
ထိုအခါ အာ့ကုံ၏ခန္ဓာကိုယ်မှာ အလိုလိုတစ်ပတ်လည်သွားပြီး မိုးပေါက်များကဲ့သို့ လက်ချောင်းများ ကျရောက်လာကာ အာ့ကုံ၏ရင်ဘတ်နှင့်ကျောပြင်ရှိ သွေးကြောဆုံမှတ်အသီးသီးကို ပိတ်ဆို့လိုက်တော့သည်။
လက်ချောင်းတစ်ချက် ကျရောက်တိုင်း ခရမ်းရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
သွေးကြောဆုံမှတ်ပေါင်းသုံးဆယ်ကျော်ကို ပိတ်ဆို့ပြီးနောက်မှ ချူချင်းက လက်ဝါးနှစ်ဖက်ကိုလှန်ကာ အာ့ကုံ၏ကျောပြင်ပေါ်သို့ တင်လိုက်သည်။
ပြင်းထန်သောနာကျင်မှုများက ခန္ဓာကိုယ်အနှံ့မှ ရုတ်တရက်တိုက်ခိုက်လာသဖြင့် အာ့ကုံမှာ မအောင့်နိုင်ဘဲ အော်ဟစ်မိတော့သည်။
ချူချင်း၏အသံက နားဘေးမှ ရုတ်တရက်ထွက်ပေါ်လာသည်။
"အောင့်ထားစမ်း... မအော်နဲ့..."
အာ့ကုံခမျာ သူ့ကို အဘယ်ကြောင့် ဤသို့နှိပ်စက်နေသည်ကို မသိသော်လည်း ယခင်ကတိကိုသတိရကာ အံကြိတ်ပြီး အသံမထွက်အောင် အောင့်ထားလိုက်သည်။
သူကိုယ်တိုင်ကလည်း အလွန်ဇွဲရှိသူတစ်ဦးဖြစ်ပြီး ထန်ရှီး၏အဆက်မပြတ် ဖိအားပေးမှုများစွာကို ကျော်ဖြတ်ခဲ့ဖူးသည်။
ယခုအခါ ခန္ဓာကိုယ်တွင်းရှိနာကျင်မှုမှာ ဓားဖြင့် မွှေနှောက်နေသကဲ့သို့ ပြင်းထန်လှပြီး နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာသော်လည်း အသံမထွက်ဘဲ အောင့်ခံထားဆဲဖြစ်သည်။
အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်လွန်သွားပြီးနောက် ချူချင်း၏ဦးခေါင်းထက်တွင်လည်း အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။
ရုတ်တရက် သူကလက်ဝါးနှစ်ဖက်ကို အနည်းငယ်အားစိုက်လိုက်ရာ အာ့ကုံ၏ခန္ဓာကိုယ်မှာ ရှေ့သို့ယိုင်လဲသွားသည်။
အာ့ကုံက ခြေလှမ်းအနည်းငယ်ယိုင်သွားပြီးမှ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ကာ လှည့်ကြည့်လိုက်ရာ ချူချင်းက လက်နှစ်ဖက်ကို ဖြည်းညင်းစွာ အောက်သို့ချလိုက်ပြီး မျက်ဝန်းထဲရှိ ခရမ်းရောင်အလင်းများမှာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
သူ၏နှလုံးသားမှာ အကြောင်းရင်းမရှိ တင်းကျပ်သွားပြီး ဇဝေဇဝါဖြစ်နေသော်လည်း မည်သို့မေးမြန်းရမည်ကို မသိဖြစ်နေသည်။
ချူချင်းက သူ၏စိတ်ကူးကို ရိပ်မိသွားပုံရပြီး အေးဆေးစွာပြောလိုက်သည်။
"ထန်ရှီးက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ မိစ္ဆာမျိုးစေ့ကို ချထားတာ၊ ပြီးတော့မှ အမုန်းတရားတွေနဲ့ပြည့်နေတဲ့ မင်းနှလုံးသားကိုသုံးပြီး သိုင်းကျင့်ဖို့ ကြံခဲ့တာ..."
"အခု သူသေသွားပေမဲ့ မိစ္ဆာမျိုးစေ့ကရှိနေတုန်းပဲ..."
"မင်းက ငါ့ရဲ့လက်အောက်ကို ရောက်လာပြီဆိုမှတော့ မင်းအသက်က ငါ့အလိုအတိုင်းပဲ ဖြစ်ရမယ်... သူများလက်ချက်နဲ့ ဘယ်လိုလုပ် သေခွင့်ပေးနိုင်မှာလဲ…”