အခန်း ၃၉
Vol. 4 Ch. 39
အခန်း (၃၉) - ကျိုးယီ
အာ့ကုံသည် နားထောင်ရင်းကြက်သီးထသွားကာ သူ၏ခန္ဓာကိုယ်ကို မသိစိတ်ဖြင့် စမ်းသပ်ကြည့်လိုက်သော်လည်း ချူချင်းပြောသောမိစ္ဆာမျိုးစေ့မှာ မည်သည့်နေရာတွင် ရှိနေသည်ကို မသိပေ။
ချူချင်းက သူ့ကိုလိမ်ညာမည် မဟုတ်ကြောင်း သူခံစားမိသည်။ ချူချင်း၏သိုင်းပညာမှာ အလွန်မြင့်မားပြီး ထန်ရှီးလိုလူမျိုးကိုပင် အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည် မဟုတ်လော။
ချူချင်း၏ရှေ့မှောက်တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သိမ်ငယ်လှသဖြင့် သူ့ကိုလှည့်စားရန် အကြောင်းမရှိပေ။
ထိုခဏ၌ သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ချပြီး ပြောလိုက်သည်။
"အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်..."
သခင်...
ချူချင်းကတိတ်ဆိတ်သွားပြီး လက်နှစ်ဖက်ကိုနောက်ပစ်ကာ မတ်တတ်ရပ်ရင်းပြောလိုက်သည်။
"ထပါ... အာ့ကုံဆိုတဲ့နာမည်က နားထောင်လို့မကောင်းဘူး... မင်းနာမည်အသစ်ပြောင်းလိုက်..."
အာ့ကုံကမတ်တတ်ရပ်လိုက်ပြီး ခေါင်းကုတ်ရင်းပြောလိုက်သည်။
"သခင်... ကျွန်တော်ငယ်ငယ်ကတည်းက စာမသင်ခဲ့ရတော့ နာမည်မပေးတတ်ဘူး..."
ချူချင်းက တွေးလိုက်သည်။
'ငါလည်း မပေးတတ်ဘူးဟ...'
ချူချင်း အနည်းငယ်အခက်တွေ့သွားသည်။
အာ့ကုံဟူသောနာမည်မှာ အလွယ်တကူ အသက်ရှင်ကြီးပြင်းစေရန် ပေးထားတတ်သော နာမည်ဆိုးတစ်ခုသာဖြစ်ပြီး တစ်သက်တာအသုံးပြုရန် မသင့်တော်ပေ။
ချူချင်းက ထပ်မေးလိုက်သည်။
"မင်းရဲ့မျိုးရိုးနာမည်က ဘာလဲ..."
အာ့ကုံသည် တစ်ဝကြီးငိုကြွေးပြီးနောက် ရင်ထဲမှ အလုံးကြီးကျသွားသကဲ့သို့ ခံစားလိုက်ရကာ သူ၏ရင်ထဲတွင် စွဲမြဲနေသော ရက်စက်ကြမ်းကြုတ်မှုများ ပျောက်ကွယ်သွားပြီး ရိုးသားဖြူစင်သောပုံစံ ပေါ်ထွက်လာကာ ပြောလိုက်သည်။
"သခင်... ကျွန်တော့်ရဲ့မျိုးရိုးနာမည်က ကျိုးပါ..."
ချူချင်းက အလေးအနက်စဉ်းစားကာ အချိန်အတော်ကြာချိန်ဆပြီးနောက် ပြောလိုက်သည်။
"အရာအားလုံးက အစကနေပြန်စပြီး အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်လာပြီ… ဒီနေ့ကစပြီး မင်းနာမည်ကကျိုးယီပဲ..."
ချူချင်း၏လေသံမှာ နက်နဲလှသဖြင့် အာ့ကုံသည် နားထောင်ရင်းမှင်တက်သွားကာ ဤလူမှာ အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှကြောင်း သူခံစားမိသည်။
နာမည်ပေးခြင်းတွင်ပင် ဤမျှ နက်နဲသောပညာရပ်များ ပါဝင်နေပေသည်။
သူကချက်ချင်းပင် ခေါင်းကိုအကြိမ်ကြိမ်ညိတ်ရင်း ပြောလိုက်သည်။
"ကောင်းပါပြီ သခင်... ကျွန်တော် မှတ်ထားပါ့မယ်... ဒီနေ့ကစပြီး ကျွန်တော့်နာမည်က ကျိုးယီပါ..."
ချူချင်းသည် ဤသည်ကိုမြင်သောအခါ သက်ပြင်းသာချလိုက်ပြီး နာမည်ပေးခြင်းမှာ အမှန်တကယ်ပင်ခက်ခဲလှပြီး မိမိနှင့်မကိုက်ညီကြောင်း ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် အဆင်ပြေသွားသဖြင့် သူကချက်ချင်းပြောလိုက်သည်။
"ကျိုးယီ... မင်းလုပ်ပေးရမဲ့တာဝန်တစ်ခုရှိတယ်..."
ကျိုးယီက ပြောလိုက်သည်။
"သခင်... အမိန့်ပေးပါ..."
ချူချင်းက သူ့ကို မည်သည့်အရာပင်ခိုင်းစေပါစေ အသက်ကိုပင် ပဓာနမထားဘဲလုပ်ဆောင်ရန် ကျိုးယီက စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။
သို့သော် ချူချင်းက ညင်သာစွာပြောလိုက်သည်။
"မင်း ထျန်းဝူမြို့မြောက်ဘက်လမ်းမကြီးပေါ်က ချန်မိသားစုကုန်စုံဆိုင်ကို ဝယ်လိုက်..."
ကျိုးယီကမှင်တက်သွားပြီး ခေါင်းကုတ်ရင်းပြောလိုက်သည်။
"ဗျာ..."
ကျိုးယီက ဆက်ပြောလိုက်သည်။
"သခင်... ကျွန်တော့်မှာ ပိုက်ဆံမှမရှိတာ..."
သူသာပိုက်ဆံရှိပါက ဤနေရာတွင် အဘယ်ကြောင့်နေထိုင်ပါဦးမည်နည်း။
ချူချင်းက ညင်သာစွာပြောလိုက်သည်။
"ဒါကို မင်း စိုးရိမ်နေစရာမလိုပါဘူး...ငါ့လက်အောက်မှာ အလုပ်လုပ်နေသရွေ့ မင်းအတွက် ငွေပြတ်စေရဘူး…”
“ငါပြောတာကို အရင်နားထောင်... ဆိုင်ကိုဝယ်ပြီးရင် ပုံမှန်အတိုင်းပဲ ဆက်ဖွင့်ထား၊ ရှုံးတာမြတ်တာ မင်းသဘောပဲ…”
“ပြီးတော့ ညတိုင်းသန်းခေါင်ယံမှာ ဆိုင်ရဲ့နောက်ဖေးလမ်းကြားကို သွားရမယ်... အဲဒီမှာ ကျောက်တုံးကြီးတစ်တုံးရှိတယ်...မင်း အဲဒီကျောက်တုံးကိုမပြီး အထဲမှာ စာရှိရင်ယူလာရမယ်…”
“ပြီးရင် ခြံထဲမှာ ရေအိုးကြီးတစ်လုံးပြင်ထားပြီး အဲဒီအိုးပေါ်မှာ ဇလုံတစ်ခုတင်ထားရမယ်…”
“တကယ်လို့ စာရှိရင် ဇလုံထဲမှာရေအပြည့်ထည့်ပြီး စာကိုဇလုံအောက်မှာ ထားလိုက်...စာမရှိရင်လည်း ဇလုံတင်ထားရမယ်... ဒါပေမဲ့ ရေထည့်စရာမလိုဘူး…”
“ငါပြောတာတွေကို မင်းမှတ်မိလား..."
ကျိုးယီသည် ခေတ္တမျှတိတ်ဆိတ်သွားပြီး ချူချင်းပြောသမျှကို သေချာစွာမှတ်မိကြောင်း အတည်ပြုပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ သခင်... ကျွန်တော်မှတ်မိပါပြီ..."
"ကောင်းပြီ..."
ချူချင်းကခေါင်းညိတ်လိုက်ပြီး အတွင်းအိတ်ထဲမှ ရွှေရွက်များကိုထုတ်ကာ ဆိုင်၏တန်ဖိုးကို ခန့်မှန်းပြီးနောက် အချို့ကို ကျိုးယီထံသို့ကမ်းပေးလိုက်သည်။
ထို့ပြင် ငွေစအချို့ကိုလည်း ထပ်မံပေးအပ်လိုက်သည်။
ကျိုးယီသည် ရွှေရွက်များနှင့်ငွေစများကိုကြည့်ကာ ရှည်ရှည်ဝေးဝေးစဉ်းစားမနေဘဲ လှမ်းယူလိုက်သည်။
"ကောင်းပြီ... မင်းသွားနိုင်ပြီ..."
ချူချင်းက ဝတ်ရုံလက်ရှည်ကိုဝှေ့ယမ်းကာ သူ့ကို ထွက်ခွာခွင့်ပြုလိုက်သည်။
ကျိုးယီသည် ထွက်ခွာရန်ပြင်လိုက်သော်လည်း နောက်သို့ပြန်လှည့်ကြည့်ကာ မေးလိုက်သည်။
"သခင်...ပုံမှန်အတိုင်းဆိုရင် ကျွန်တော် သခင်နဲ့ဘယ်လိုဆက်သွယ်ရမလဲ..."
ချူချင်းက ခေါင်းခါယမ်းလိုက်သည်။
"မင်း ငါ့ကို ရှာစရာမလိုဘူး... ကိစ္စရှိရင် ငါကိုယ်တိုင် မင်းဆီလာခဲ့မယ်..."
"ဟုတ်ကဲ့..."
ကျိုးယီသည် ထပ်မမေးတော့ဘဲ မြေပြင်ပေါ်ရှိ ထန်ရှီး၏ဦးခေါင်းကိုကောက်ယူလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော့်ကို သွားခွင့်ပြုပါဦး..."
ထို့နောက် သူသည် နတ်ကွန်းအပြင်ဘက်သို့ ထွက်ခွာသွားသည်။
ချူချင်းသည် ကျိုးယီ၏ပုံရိပ်ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းပြီးမှ လေပေါ်သို့ခုန်တက်ကာ ကျိုးယီ၏နောက်သို့ လိုက်ပါသွားသည်။
တစ်ကိုယ်တော်လှုပ်ရှားရခြင်းမှာ အဆင်မပြေလှပေ။
သူ၏လက်ရှိအခြေအနေအရ လုပ်ကြံမှုတာဝန်များကို လက်ခံရရှိရန် ကံတရားအပေါ်တွင်သာ မှီခိုနေရသဖြင့် ရေရှည်အတွက်မကောင်းပေ။
ထို့ကြောင့် သူသည် မိမိကိုယ်ပိုင်အင်အားစုတစ်ခုကို တည်ဆောက်ရန်လိုအပ်သည်။
သို့သော် နျဲ့ကျင့်ထိုင်ကဲ့သို့ ကြီးမားသောအဖွဲ့အစည်းကြီးတစ်ခုကို တည်ထောင်ရန်မလိုအပ်ပေ... သူ လိုအပ်သည်မှာ သတင်းအချက်အလက်များကို ကြည့်ရှုနိုင်မည့်'မျက်လုံးများ' နှင့် ပြောပြနိုင်မည့်'နှုတ်ခမ်းများ'သာ ဖြစ်သည်။
ထို့ကြောင့် သူ၏လက်အောက်ငယ်သားများမှာ အဆင့်မြင့်သိုင်းဆရာများဖြစ်ရန် မလိုပေ။
သာမန်လူထုကြားတွင် အခြေချနေထိုင်မှသာ သတင်းအချက်အလက်များကို ပိုမိုသိရှိနိုင်မည် ဖြစ်သည်။
ကျိုးယီသည် သူ၏ပထမဆုံးစမ်းသပ်ချက်တစ်ခု ဖြစ်သည်။
အကယ်၍ ကျိုးယီက လောဘမတက်ဘဲ ချူချင်းပေးလိုက်သော ရွှေရွက်များနှင့် ငွေစများကို ယူဆောင်ထွက်မပြေးခဲ့လျှင် သူတို့အကြားတွင် အခြေခံယုံကြည်မှုတစ်ခု တည်ဆောက်နိုင်မည် ဖြစ်သည်။
နောင်တွင် ထိုဆိုင်၏အရှုံးအမြတ်အားလုံးမှာ ကျိုးယီ၏ပိုင်ဆိုင်မှုသာ ဖြစ်ပေမည်။
သူသည် ဤဆိုင်လေးကိုအမှီပြု၍ အသက်မွေးနိုင်ပြီး အိမ်ထောင်ပြုကာ သားသမီးများပင်မွေးဖွားနိုင်မည် ဖြစ်သည်။ ချမ်းသာကြွယ်ဝသွားခြင်းမျိုး မရှိနိုင်သော်လည်း သက်တောင့်သက်သာ နေထိုင်နိုင်မည်ဖြစ်သည်။
သို့သော် သူက ငွေကြေးများကိုယူဆောင်ကာ ထွက်ပြေးသွားသည်ရှိသော် ချူချင်းက သူ့ကိုလိုက်ဖမ်းမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကျိုးယီ၏ခန္ဓာကိုယ်ထဲရှိ မိစ္ဆာမျိုးစေ့ကို ချူချင်းက အပြီးတိုင်ဖယ်ရှားပေးလိုက်ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။
ချူချင်းက တမင်ချန်ထားခဲ့ခြင်းမဟုတ်ဘဲ မိစ္ဆာမျိုးစေ့မှာ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာဝင်ရောက်နေပြီးဖြစ်နေသည်။ အချိန်တိုအတွင်းဖယ်ရှားရန် မဖြစ်နိုင်သောကြောင့်ပင်။
ဇီရှားရော့ရွှီကျမ်းတွင် ထူးခြားသောအတွင်းအားများကို ဖယ်ရှားပေးနိုင်သည့် ဇီရှားနတ်သိုင်း၏စွမ်းရည်ပါဝင်ပြီး မိစ္ဆာမျိုးစေ့မှာလည်း တစ်နည်းအားဖြင့် ထူးခြားသောအတွင်းအားတစ်မျိုးဖြစ်သဖြင့် ဖယ်ရှားရန်ဖြစ်နိုင်ပေသည်။
သို့သော် ဤသည်ကိုဖယ်ရှားရန်မှာ အချိန်ယူရပေမည်။
ချူချင်းက ဤအချက်ကိုမပြောပြခဲ့ခြင်းမှာ ကျိုးယီ၏စိတ်နေစိတ်ထားကို စမ်းသပ်လိုသောကြောင့် ဖြစ်သည်။
ဤသည်မှာ ကျိုးယီအပေါ် မတရားရာရောက်နိုင်သော်လည်း ချူချင်းသည် သူ၏အသက်ကို ကယ်တင်ပေးခဲ့ပြီးဖြစ်သည်။ အကယ်၍ ချူချင်းသာပေါ်မလာပါက သူသည် နှလုံးသားကို အရှင်လတ်လတ်ခွဲထုတ်မျိုချခံရပြီး သေဆုံးရမည်ဖြစ်သည်။
ထို့ပြင် ချူချင်းက သူ့အတွက် ကလဲ့စားချေပေးခဲ့သည်။
မိမိ၏အသက်ကို ချူချင်းထံအပ်နှံမည်ဖြစ်ကြောင်း ပြောခဲ့သည်မှာလည်း သူကိုယ်တိုင်ပင်ဖြစ်သည်။
ဤကဲ့သို့သောအခြေအနေမျိုးတွင် သူက ငွေများကိုယူဆောင်ကာ ထွက်ပြေးသွားပါက သူသေဆုံးသွားလျှင်ပင် နှမြောစရာမရှိပေ။
ချူချင်းသည် ကျိုးယီ၏နောက်သို့ တစ်လမ်းလုံးလိုက်ပါသွားရာ ကျိုးယီသည် မျက်ကွယ်ရာနေရာတစ်ခုသို့ဦးစွာသွားပြီး ထန်ရှီး၏မျက်နှာကို ဓားမြှောင်ဖြင့်ဖျက်ဆီးလိုက်ပြီးနောက် လမ်းကြားလေးအတိုင်း တစ်ခုခုကိုရှာဖွေနေသကဲ့သို့ လျှောက်လှမ်းသွားသည်ကို တွေ့လိုက်ရသည်။
ခဏအကြာတွင် မြက်တောထဲမှလမ်းဘေးခွေးတစ်ကောင် ရုတ်တရက်ပြေးထွက်လာရာ ကျိုးယီသည် ယခင်က ခွေးကိုက်ခံခဲ့ရဖူးပြီး ထိုခွေးကိုမြင်သည်နှင့် တုန်လှုပ်သွားကာ လက်ထဲမှဦးခေါင်းကို လှမ်းပစ်ပေးလိုက်သည်။
ထိုခွေးသည် မည်မျှပင်ဆာလောင်နေမှန်းမသိ၊ အခြားသူများလုယူမည်ကို စိုးရိမ်သည့်အလား ဦးခေါင်းကိုကိုက်ချီကာ ထွက်ပြေးသွားတော့သည်။
ဤသည်ကိုမြင်သောအခါမှ ကျိုးယီသည်ပြုံးလိုက်ပြီး အဝတ်အထည်ဆိုင်သို့သွားကာ တစ်ကိုယ်လုံးကို သပ်ရပ်သောအဝတ်အစားသစ်များ ဝယ်ယူဝတ်ဆင်လိုက်သည်။
ထို့နောက် သူသည် ရေချိုးခန်းသို့သွားရောက်ခဲ့ပြီး ပြန်ထွက်လာချိန်တွင် အဝတ်အစားသစ်များကို သပ်ရပ်စွာဝတ်ဆင်ထားပြီးဖြစ်သည်။
ဤသည်တို့ကိုလုပ်ဆောင်ပြီးနောက် သူသည် ကုန်စုံဆိုင်သို့ ဆက်သွားခဲ့သည်။
သူဆိုင်ထဲမှပြန်ထွက်လာချိန်တွင် ဆိုင်ရှင်ဟောင်းနှင့်အတူ မြို့တော်ဝန်အိမ်တော်သို့ ဦးတည်ကာ အတူတကွထွက်သွားကြသည်။
ဆိုင်အရောင်းအဝယ်ကိစ္စရပ်များကို မြို့တော်ဝန်အိမ်တော်တွင် မှတ်ပုံတင်ရသည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ နှေးကွေးလှပြီး ညနေစောင်းအချိန်ရောက်မှသာ ဆိုင်ပိုင်ရှင်အသစ်ပြောင်းလဲခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသည်။
ထိုအခါမှသာ ချူချင်းသည်ထွက်ခွာသွားခဲ့ပြီး အခြေခံယုံကြည်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
ကျန်ရှိသောကိစ္စရပ်များကိုမူ နောင်မှသာ ဆက်လက်စောင့်ကြည့်ရပေမည်။
ချူချင်းတွင်လည်း လုပ်ဆောင်ရမည့်ကိုယ်ပိုင်ကိစ္စရပ်များ ရှိနေသေးသည်။
တည်းခိုခန်းတွင်နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ လူသတ်သမားတစ်ဦးအနေဖြင့် နေရာတစ်ခုတည်းတွင် ရေရှည်နေထိုင်ရန် မသင့်တော်ပေ။
ထို့ကြောင့် သူသည်နေထိုင်ရန်အတွက် ခြံဝင်းပါအိမ်လေးတစ်လုံးကို ဝယ်ယူလိုက်သည်။
လာမည့်ရက်အနည်းငယ်အတွင်း လုပ်စရာမရှိဘဲ 'အလုပ်ကြီး' စတင်မည့်အချိန်ကိုသာ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သူထင်မှတ်ထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ ထိုနေ့ညတွင် သူသည် အိမ်၌တရားထိုင်နေစဉ် ရုတ်တရက်တစ်စုံတစ်ယောက်သည် ညဉ့်နက်သန်းခေါင်ယံ၌ လေခွင်းသံများနှင့်အတူ ဖြတ်သန်းသွားသည်ကို ကြားလိုက်ရတော့သည်။