← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း (၄၁) - မေချန်လော့

ဤအဖြေသည် ချူချင်းနှင့် ထိုဝတ်စုံနက်ဝတ်ဆင်ထားသူတို့၏ မျှော်လင့်ချက်နှင့် လုံးဝကွာခြားနေသည်။

“အဓိပ္ပာယ်မရှိလိုက်တာ။”

ဝတ်စုံနက်ဝတ်ဆင်ထားသူသည် မယုံကြည်နိုင်စွာဖြင့် အေးစက်စက်ပြောလိုက်သည်။

“မင်းက ဘယ်သူမလို့ ချူမိသားစုမှာခိုကပ်နေတာလဲ။”

“ငါ အခုထျန်းဝူမြို့ကိုရောက်နေပြီဆိုတာ ချူမိသားစုသိကြလား။”

“မင်းသာ အမှန်အတိုင်း ပြောရင် ဒီည မင်းအသက်ကို ချမ်းသာပေးမယ်... မဟုတ်လို့ကတော့ ငါ့ကိုအပြစ်မတင်နဲ့။”

ဤစကားသည် တစ်ဖက်လူကိုလှည့်စားရန်ဖြစ်ကြောင်း ထင်ရှားလှသည်။

လူသတ်သမားကိုငှားရမ်းခြင်း၊ ဝတ်စုံနက်ဝတ်ဆင်ကာ မျက်နှာဖုံးစွပ်ထားခြင်း၊ အစောပိုင်းက လျှို့ဝှက်တိုက်ခိုက်ခဲ့ခြင်းတို့သည် လူသတ်ပြီးနှုတ်ပိတ်ရန် ရည်ရွယ်ကြောင်း ရှင်းရှင်းလင်းလင်းပြသနေသည်။ ထိုသို့ဆိုလျှင် အသက်ကို မည်သို့ချမ်းသာပေးမည်နည်း။

ဂိုဏ်းတူညီမလေးဝမ်၏ အေးစက်သောမျက်နှာသည် မပြောင်းလဲသွားသော်လည်း သူမ၏မျက်လုံးများတွင် နားမလည်နိုင်သည့်အရိပ်အယောင်များ ပေါ်လာသည်။

“ကျွန်မက ထိုက်ရိဂိုဏ်းရဲ့ ‘အမျက်မထွက်သံလက်သီးချွေ့ပုနူ’ရဲ့ စတုတ္ထတပည့်ဝမ်ရိုပါ။”

“ချူမိသားစုမှာ ခိုကပ်နေတာလား... မဟုတ်ရပါဘူး။ ကျွန်မက တတိယအစ်ကိုကြီးနဲ့ လိုက်လာတာပါ။”

“တတိယအစ်ကိုကြီးက သိုင်းပညာပြီးမြောက်လို့အိမ်ပြန်လာတာ၊ ပြီးတော့ သူ့ညီငယ်လေးကိုရှာဖို့ ကျန်းဟူလောကကို စွန့်စားသွားမယ်လို့ ပြောတယ်။ လမ်းကြုံရင် ကျွန်မကိုပါအိမ်ပြန်ပို့ပေးမယ်ဆိုလို့ ဆရာက သူ့နဲ့အတူ တောင်ပေါ်ကဆင်းခိုင်းတာပါ။”

“ပြီးတော့ တတိယအစ်ကိုကြီးရဲ့စကားကို နားထောင်ဖို့လည်း မှာလိုက်သေးတယ်။”

“ချူမိသားစုက ရှင်ထျန်းဝူမြို့မှာ ရှိနေတာကိုသိလားဆိုတာတော့ မသိဘူး။”

“ဒါပေမဲ့ ရှင့်ပုံစံကြည့်ရတာ လူကောင်းတစ်ယောက်တော့ မဟုတ်ဘူးထင်တယ်။ သိရင်တောင် ရှင့်ကိုပြောပြလို့မဖြစ်ဘူး။”

“ဒါနဲ့ ဦးလေးကြီး၊ ရှင်က ဘယ်သူလဲ။”

ဝတ်စုံနက်ဝတ်ဆင်ထားသူသည် ဝမ်ရို၏စကားများကိုကြားပြီးနောက် မျက်လုံးများတွင် စဉ်းစားဟန်ပေါ်လာသည်။

‘ဒီကောင်မလေးက သိပ်မပါးနပ်ဘူးပဲ... ပုံမှန်လူသာဆိုရင် ဘယ်ကလာမှန်းမသိတဲ့လူကို မေးသမျှ အကုန်ဖြေပါ့မလား...’

‘ဒါမှမဟုတ်... သူရူးနေတာလား...’

သူ့စိတ်ထဲတွင် အနည်းငယ်လှုပ်ရှားသွားပြီး စမ်းသပ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

“မိန်းကလေး၊ ခုနက ငါမင်းကိုစနေတာ။ ငါက တကယ်တော့ လူကောင်းတစ်ယောက်ပါ။”

“ဒါပေမဲ့ ရှင်ခုနကကျတော့ ကျွန်မကိုသတ်မယ်လို့ ပြောတယ်လေ။”

“ဟင်။ မင်းနဲ့ငါက အရင်ကလည်းရန်ငြိုးမရှိဘူး၊ ဒီနေ့လည်း ရန်ငြိုးမှမရှိတာ၊ ငါက ဘာလို့မင်းကိုသတ်ရမှာလဲ။”

ဝတ်စုံနက်ဝတ်ဆင်ထားသူက ဆက်ပြောလိုက်သည်။

“ဒီလိုလုပ်မယ်၊ မင်း ခုနက ငါဘယ်သူလဲလို့မေးလိုက်တယ်မလား၊ ငါအခုမင်းကိုပြောပြမယ်။ ဒါပေမဲ့ တရားမျှတမှုရှိအောင် တစ်ယောက်မေးခွန်းတစ်ခုစီ ဖြေမယ်ဆိုရင်ဘယ်လိုလဲ။”

ဝမ်ရို၏မျက်လုံးများတွင် ရုတ်တရက်တောက်ပလာသည်။

“ရှင် ကျွန်မနဲ့သူငယ်ချင်းလုပ်ချင်တာလား။”

“သူငယ်ချင်း... ဟုတ်တယ်။”

ဝတ်စုံနက်ဝတ်ဆင်ထားသူက အလျင်အမြန်ခေါင်းညိတ်လိုက်သည်။

“ငါ မင်းနဲ့သူငယ်ချင်းလုပ်ချင်တာ။”

ချူချင်းမျက်တောင်ခတ်လိုက်ရင်း လှည့်စား‌နေပြီဟု ခံစားလိုက်ရသည်။

‘ဒီဂိုဏ်းတူညီမလေးဝမ်က အရင်ကခန့်မှန်းရခက်နေတာ၊ အခုကျတော့ ဘာလို့ ဒီလောက်ရိုးအတဲ့သာမန်လူလို ဖြစ်နေရတာလဲ...’

‘ဒါမှမဟုတ် သူကိုခန့်မှန်းရခက်တယ်လို့ ထင်ရတာကစကားနည်းလို့များလား... စကားများများပြောလိုက်တော့မှ သူ့ရဲ့ရိုးအပြီး အပြစ်ကင်းတဲ့ဘက်က ပေါ်လာတာလား...’

ဤဝတ်စုံနက်ဝတ်ဆင်ထားသူသည် စကားနာထိုးပြီး သတင်းရယူလိုခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် ဝမ်ရိုက မည်မျှအထိသိရှိထားသည်ကို မသိနိုင်ပေ။

‘ဒီအခြေအနေကို ငါတားလိုက်သင့်လား...’

ချူထျန်းတို့သည် အကွက်ရွှေ့ကစားလိုကြပြီး ဤကိစ္စသည် ဝမ်ယဲ့တောင်ကြားနှင့်ထျန်းဝူမြို့၏ပဋိပက္ခနှင့် ပတ်သက်နေသည်။

ဤဝတ်စုံနက်ဝတ်ဆင်ထားသူသည် မည်သည့်နေရာမှရောက်ရှိလာသည်ကို မသိရသော်လည်း မကောင်းသောရည်ရွယ်ချက်ရှိကြောင်း ထင်ရှားလှသည်။

ဝမ်ရိုက သူ၏ယပ်တောင်ကိုကောက်ရခဲ့သဖြင့် သူ၏အထောက်အထားကိုသိသွားပြီဟု သူကထင်မှတ်နေသည်။ ဤအထောက်အထားကို ချူမိသားစုအား လုံးဝမသိစေလိုပေ။

ထို့ကြောင့် သူသည် ယနေ့ညတွင် နှုတ်ပိတ်ရန်ကြိုးစားနေခြင်း ဖြစ်သည်။

'ဒီလူက ဝမ်ယဲ့တောင်ကြားကနေ ထျန်းဝူမြို့မှာ ချထားတဲ့သူလျှိုများ ဖြစ်နေမလား...’

အကယ်၍ ထိုသို့ဆိုလျှင် သူ့ကို ဤခြံဝင်းထဲမှ လုံးဝထွက်ခွာခွင့်ပေး၍ မဖြစ်တော့ပေ။

ဤကိစ္စသည် ချူမိသားစုနှင့်ထျန်းဝူမြို့၏လုံခြုံရေးသာမက မိမိ၏အလုပ်ကြီးတစ်ခုနှင့်ပါ ပတ်သက်နေသည်။

စိတ်ထဲတွင် ထိုသို့တွေးနေစဉ် ဝမ်ရိုခေါင်းညိတ်လိုက်သည်ကို တွေ့လိုက်ရသည်။

“ကောင်းပြီလေ၊ ဒါဆို ရှင်အရင်ပြော၊ ရှင်ကဘယ်သူလဲ။”

ဝတ်စုံနက်ဝတ်ဆင်ထားသူသည် ထိုစကားကိုကြားသောအခါ စိတ်ထဲတွင်ဝမ်းသာသွားသည်။ ဤမိန်းကလေးသည် ခွဲခြားချိန်ဆနိုင်မည်မဟုတ်ဟု တွေးကာ နာမည်တစ်ခုကို လုပ်ကြံပြောရန် ကြံရွယ်လိုက်သည်။

သို့သော် ခေတ္တမျှတွန့်ဆုတ်သွားပြီးနောက် ထိုသို့မလုပ်ရဲတော့သဖြင့် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ငါ့နာမည်က မေ၊ မေချန်လော့။”

ချူချင်းသည် ထိုစကားကိုကြားသောအခါ မျက်လုံးများကို တွေးဟန်ဖြင့် မှေးစင်းလိုက်သည်။ မေချန်လော့... ‘တိမ်ပျံစာကလေးယပ်တောင်၊ သစ်ရွက်ခြောက်ထောင်ကြွေ’။

ဤလူသည် နတ်သဲဂိုဏ်း၏တတိယခေါင်းဆောင် ‘တိမ်ပျံစာကလေးယပ်တောင်၊ သစ်ရွက်ခြောက်ထောင်ကြွေ’ မေချန်လော့ ဖြစ်သည်။

သို့သော် သူသည် အဘယ်ကြောင့် ထျန်းဝူမြို့တွင်ရှိနေသနည်း။

ထို့ပြင် ထျန်းဝူမြို့ကိုပိတ်ဆို့ထားချိန်တွင် ပေါ်လာရခြင်းမှာ အဘယ်ကြောင့်နည်း။

နတ်သဲဂိုဏ်းသည် ဝမ်ယဲ့တောင်ကြားနှင့်နီးစပ်ပြီး အမြဲလိုပင်မသင့်မြတ်ကြပေ။ သို့သော် ဤကဲ့သို့သောအချိန်တွင် ထျန်းဝူမြို့သို့ ရောက်ရှိလာခြင်းမှာ အဘယ်ကြောင့်နည်း။

ဤသည်မှာ မည်သို့သောအကြောင်းကြောင့် ဖြစ်နိုင်သနည်း။

ဝမ်ရိုက ထိုစကားကိုကြားပြီးနောက် မျက်လုံးများကို ပြူးကျယ်စွာဖွင့်လိုက်သည်။

“ရှင့်နာမည်က ‘ပိုက်ဆံမရှိတော့ဘူး’ တဲ့လား။”

“သနားဖို့‌ကောင်းလိုက်တာ၊ ကျွန်မဆီမှာတော့ ငွေစနည်းနည်းတော့ရှိတယ်၊ ရှင်လိုချင်လား။”

မေချန်လော့က ဆွံ့အသွားသည်။

‘မင်းအဘိုးကြီးကိုပဲ သွားပေးလိုက်...’

မေချန်လော့၏မျက်နှာသည် ညိုမည်းသွားသည်။ သူ၏နာမည်ရင်းမှာ မေချန်လော့ မဟုတ်ပေ။

သို့သော် ‘တိမ်ပျံစာကလေးယပ်တောင်၊ သစ်ရွက်ခြောက်ထောင်ကြွေ’ ဟူသော စကားလုံးရှစ်လုံးသည် နာမည်ကျော်အမှတ်အသားတစ်ခုဖြစ်သဖြင့် ကျန်းဟူလောကသားများက သူ့ကို ‘ချန်လော့’ဟုသာ ခေါ်ဝေါ်ကြသည်။

ယခုဆိုလျှင် နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီဖြစ်သော်လည်း မည်သူမျှ သူ့ကို ဤသို့လှောင်ပြောင်ရဲခြင်း မရှိခဲ့ပေ။ သို့သော် ယနေ့တွင် အသက်နှစ်ဆယ်ပင်မပြည့်သေးသော မိန်းကလေးတစ်ဦး၏လှောင်ပြောင်ခြင်းကို ခံရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အားတင်းကာပြောလိုက်သည်။

“မိန်းကလေး၊ မဆိုင်တာတွေမပြောနဲ့တော့။ မင်းမေးခွန်းကို ငါ‌ဖြေပြီးပြီ။ အခုငါ့အလှည့်ပဲ။”

“ငါ မင်းကိုမေးမယ်၊ ချူယွန်ဖေးက တကယ်သေသွားတာလား။”

ချူချင်းသည် သူ၏အရှိန်အဝါကို ပိုမိုထိန်းချုပ်လိုက်သည်။ ဤမေးခွန်းသည် အဓိကသော့ချက် ဖြစ်သည်။ သူသည် ဝမ်ရိုကို တိတ်ဆိတ်စွာစောင့်ကြည့်နေပြီး သူမ မည်သို့ ဖြေဆိုမည်ကိုမသိနိုင်ပေ။

“ကျွန်မ မသိဘူး။”

ဝမ်ရို၏အသံသည် အေးစက်နေဆဲ ဖြစ်သည်။

“ဆရာက ပြောတယ်၊ တခြားသူအိမ်မှာ ဧည့်သည်အဖြစ်သွားနေရင် သူတို့ကိုဒုက္ခမပေးရဘူးတဲ့။”

“အဲဒါကြောင့် ကျွန်မက နေ့တိုင်းနိုးတာနဲ့ အပြင်မှာလျှောက်သွားပြီး ညမှပြန်လာတာ။”

“ချူမိသားစုက ဒီရက်ပိုင်းအလုပ်များနေလို့ ဘယ်သူမှ ကျွန်မကိုဂရုမစိုက်ဘူး။ တတိယအစ်ကိုကြီးကိုတောင် မတွေ့ရတာကြာ‌နေပြီ။”

“ဟင်။ ရှင်က ချူသခင်ကြီးသေသွားပြီလို့ ပြောလိုက်တာလား။”

မေချန်လော့က ဆွံ့အသွားသည်။

‘အခု ဘယ်သူက ဘယ်သူ့ကိုမေးနေတာလဲ...’

‘ငါသာသိရင်...မင်းကို ဘာလို့လျှောက်မေးနေရမှာလဲ...’

‘နောက်ထပ်ဘာမေးရမလဲ’ စဉ်းစားနေစဉ် ဝမ်ရိုကပြောလိုက်သည်။

“မဖြစ်ဘူး မဖြစ်ဘူး၊ ဒီမေးခွန်းကို ကျွန်မမသိချင်ဘူး၊ ကျွန်မ ပြန်မေးမယ်။”

“ဒီမြို့ထဲမှာ ကျွန်မအပြင် သူငယ်ချင်းရှိ‌သေးလား။”

ဤမေးခွန်းထွက်ပေါ်လာသည်နှင့် ချူချင်း၏မျက်နှာအမူအရာ ရုတ်တရက်ထူးဆန်းသွားသည်။

သူသည် ဝမ်ရိုအား တကယ်ပင် ရိုးအသောမိန်းကလေးတစ်ဦးဟု ထင်မှတ်ခဲ့သည်။ သို့သော် ပထမမေးခွန်းက မေချန်လော့၏နာမည်ကိုမေးခြင်းဖြင့် သူ၏နောက်ခံသမိုင်းကို သိရှိခဲ့သည်။

ဒုတိယမေးခွန်းမှာ သူ၏သူငယ်ချင်းများကိုမေးခြင်းထက် နတ်သဲဂိုဏ်းမှလူမည်မျှ ထျန်းဝူမြို့ထဲတွင်ပုန်းအောင်းကာ အခွင့်အရေးကိုစောင့်ဆိုင်းနေသည်ကို မေးမြန်းခြင်းနှင့် ပိုတူနေသည်။

“ဟင်။”

မေချန်လော့ တစ်ချက်ကြောင်သွားသည်။

“နေဦး၊ မင်း ခုနက အဖြေကိုမသိဘူးဆို ငါက နောက်တစ်ခုထပ်မေးရမှာလေ၊”

“မဟုတ်ဘူး။”

ဝမ်ရိုက ခေါင်းခါလိုက်သည်။

“မသိဘူးဆိုတာ ကျွန်မရဲ့အဖြေပဲ၊ ကျွန်မ အမှန်အတိုင်းဖြေပြီးပြီ။”

“အဲ့ဒီမေးခွန်းကပြီးသွားပြီ၊အခု ကျွန်မမေးခွန်းကို ဖြေရမဲ့အလှည့်ပဲ။”

“ဒါမှမဟုတ်... ရှင်က ကျွန်မနဲ့သူငယ်ချင်းလုပ်ချင်တာမဟုတ်ဘဲ...”

သူမ၏အသံသည် ရုတ်တရက် ပိုမိုအေးစက်လာသည်။

“ဒီမှာ ကျွန်မကို လာလှည့်စားနေတာလား။”

မေချန်လော့ မျက်မှောင်ကြုတ်လိုက်၏။

“ဇရှိလှချည်လား။”

တစ်သက်လုံး ငှက်မုဆိုးလုပ်လာပြီးမှ ယနေ့တွင် စာကလေးတစ်ကောင်၏ပြန်လည်ထိုးဆိတ်ခြင်းကို ခံလိုက်ရသည်။ ဤမိန်းကလေးသည် ရိုးအဟန်ဆောင်ကာ သူ့ကိုလှည့်စားသွားခြင်း ဖြစ်သည်။

ဒေါသတကြီးလက်ဝှေ့ယမ်းကာ ရိုက်နှက်ရန်ကြိုးစားလိုက်စဉ် ဝမ်ရို၏လက်ညှိုးအားသည် သူ့ရှေ့သို့ရောက်နှင့်နေပြီကို တွေ့လိုက်ရသည်။

ချက်ချင်းပင် ဒေါသငယ်ထိပ်‌ရောက်သွားပြီး လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ‘ရွှပ်’ဟူသောအသံနှင့်အတူ ခေါက်ချိုးယပ်တောင်တစ်ချောင်း ပွင့်သွားသည်။ လက်ညှိုးဖြင့် ယပ်တောင်မျက်နှာပြင်ကိုထောက်လိုက်ရာ ကျောက်စရစ်ခဲများရေထဲကျသွားသကဲ့သို့ ဖြစ်သွားသည်။

ယပ်တောင်မျက်နှာပြင်လှိုင်းထနေစဉ် မေချန်လော့သည် လက်ကိုလှုပ်ယမ်းကာ တစ်ချက်ဝှေ့ယမ်းလိုက်သည်။

ဝမ်ရိုသည် ခန္ဓာကိုယ်ကိုနောက်လှန်ကာ ရှောင်တိမ်းလိုက်ပြီး ခြေဖျားထောက်ကာ ‘ထိုက်ရိနတ်ခြေထောက်’ကို အသုံးပြုလိုက်သည်။

သို့သော် ဤသိုင်းပညာကို သူမ၏လက်ထဲတွင် အသုံးပြုလိုက်သောအခါ ချူဖန်ကဲ့သို့ အားပြင်းပြင်းမဟုတ်ဘဲ ပေါ့ပါးသွက်လက်ကာ ထူးခြားသောနက်နဲမှုများ ပါဝင်နေသည်။

All Chapters