← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂) - မင်း ဘယ်သူလဲ

မျက်စိတစ်မှိတ်အတွင်းမှာတင် ထိုလူနှစ်ယောက်သည် ခြံဝင်းထဲ၌ စတင်တိုက်ခိုက်ကြတော့သည်။

နှစ်ဖက်လုံးက တစ်ပြိုင်ထဲတိုက်စစ်ဆင်နေကြပြီး ကျဉ်းမြောင်းလှသောနေရာလေးအတွင်း၌ပင် ပြင်းထန်လှသောသတ်ကွက်များကို တစ်ကွက်ပြီးတစ်ကွက်ထုတ်သုံးနေကြ၏။

ချူချင်းစောင့်ကြည့်နေရင်း ထျန်းဝူအစောင့်တပ်များ ဤနေရာသို့ ကင်းလှည့်လာပြီး သူတစ်ပါးခြံဝင်းထဲသို့ ကျူးကျော်ဝင်ရောက်ကာ ရန်ဖြစ်နေကြသော ဤလူနှစ်ယောက်လုံးကိုမောင်းထုတ်ပေးရန် မျှော်လင့်နေမိသည်။

သို့သော် သူရွေးချယ်ထားသောနေရာသည် အလွန်ပင်ဆိတ်ငြိမ်လှရာ ထျန်းဝူအစောင့်တပ်များ တစ်မြို့လုံးကိုကင်းလှည့်နေသော်လည်း အစွန်းဆုံးနေရာကိုမူ ဂရုမစိုက်နိုင်ကြချေ။

တိုက်ခိုက်နေသူနှစ်ဦးလုံးသည်လည်း ပြင်းထန်ရက်စက်သောသိုင်းကွက်များကို ထုတ်မသုံးကြသဖြင့် အတန်ကြာအောင် တိုက်ခိုက်နေကြသော်လည်း မည်သူမျှ သတိမပြုမိကြပေ။

ဤတိုက်ပွဲကြောင့် ချူချင်းသည် ဂိုဏ်းတူညီမလေးဝမ်၏စွမ်းရည်ကို ရိပ်မိသွားခဲ့သည်။

သူမ၏သိုင်းပညာသည် ထိုက်ရိဂိုဏ်း၏ဘောင်အတွင်းမှ ရုန်းမထွက်သေးသော်လည်း ထိုက်ရိဂိုဏ်း၏အဆုံးစွန်သိုင်းပညာသုံးမျိုးကိုမူ ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ပေသည်။

သို့သော် ချူဖန်၏လက်ထဲတွင် ကြမ်းတမ်းခက်ထန်လှသောသိုင်းပညာသည် သူမ၏လက်ထဲတွင်မူ ဖမ်းဆုပ်ရခက်ခဲကာ ဆန်းကြယ်လှပြီး အလွန်ပင်လျင်မြန်ဖျတ်လတ်လှပေသည်၊ တူညီသောသိုင်းပညာဖြစ်သော်လည်း အသုံးပြုပုံချင်းမှာ လုံးဝကွဲပြားခြားနားနေ၏။

ထို့ပြင် သူမတွင် ဆန်းကြယ်လှသောလက်ညှိုးသိုင်းတစ်မျိုးလည်း ရှိသေးပြီး ထိုအဆုံးစွန်သိုင်းသုံးမျိုးကြားတွင်ညှပ်၍ အသုံးပြုကာ ရန်သူမထင်ထားချိန်တွင် တိုက်ခိုက်တတ်သည်။

ထို့ကြောင့် ယခုအချိန်အထိ တိုက်ခိုက်နေကြသော်လည်း သူမနှင့်နတ်သဲဂိုဏ်း၏တတိယခေါင်းဆောင်တို့သည် သရေကျနေသည့်အခြေအနေတွင်သာ ရှိနေသေးသည်။

သို့သော် ဤသည်မှာ တိုက်ခိုက်ကတည်းက ဂိုဏ်းတူညီမလေးဝမ်က မေချန်လော့ကို ဆုတ်ခွာခွင့်မပေးခဲ့သောကြောင့် ဖြစ်သည်။

‘တိမ်ပျံစာကလေးယပ်တောင်၊ သစ်ရွက်ခြောက်ထောင်ကြွေ’ ဆိုသည့် စကားစုတွင် ရှေ့စကားလုံးများသည် ထိုသူ၏သံယပ်တောင်သိုင်းပညာကို ရည်ညွှန်းခြင်းဖြစ်သည်။

နောက်စကားလုံးများသည်မူ လျှို့ဝှက်လက်နက်ပစ်ခတ်သည့်နည်းစနစ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

သို့သော် ယခုကဲ့သို့သောအခြေအနေမျိုးတွင် မေချန်လော့၏လျှို့ဝှက်လက်နက်နည်းစနစ်ကို လုံးဝထုတ်သုံး၍မရပေ၊ အကွာအဝေးက အလွန်နီးကပ်လွန်းလှသဖြင့် လှုပ်ရှားရန်အခွင့်အရေးမရှိချေ။

မူလသံယပ်တောင်မှာလည်း အလွန်သိသာလွန်းသဖြင့် ယနေ့ညတွင် ခေါက်ယပ်တောင်တစ်ချောင်းနှင့် လဲလှယ်ခဲ့ရကာ အစွမ်းမှာ အလွန်ပင်လျော့နည်းသွားခဲ့သည်။

သို့သော် တစ်ဦးက ကျန်းဟူလောက၏စီနီယာဖြစ်ပြီး အခြားတစ်ဦးက မျိုးဆက်သစ်လူငယ်ဖြစ်နေကာ ယခုကဲ့သို့ တိုက်ခိုက်ရာတွင် မပြတ်မသားဖြစ်နေခြင်းမှာ မေချန်လော့အတွက် အရှုံးကြီးရှုံးနေခြင်းပင် ဖြစ်သည်။

အကယ်၍ လူအများရှေ့တွင်သာ တိုက်ခိုက်ရပါက မေချန်လော့သည် ဂိုဏ်းတူညီမလေးဝမ်နှင့် ဆက်လက်တိုက်ခိုက်ရန်မဖြစ်နိုင်ပေ။

သို့သော် ယနေ့ညအခြေအနေက မတူညီပေ၊ ဤသည်မှာ အသက်လုတိုက်ပွဲဖြစ်သဖြင့် စီနီယာ၊ ဂျူနီယာဟူသည်များကို ဘေးဖယ်ထားကာ အနိုင်အရှုံးမဆုံးဖြတ်ဘဲ သေခြင်းရှင်ခြင်းဖြင့်သာဆုံးဖြတ်ရမည် ဖြစ်သည်။

မေချန်လော့က ရုတ်တရက်ခေါင်းမော့လိုက်ပြီး လက်ထဲမှခေါက်ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ဝုန်းခနဲအသံနှင့်အတူ ယပ်တောင်သည် လက်ထဲမှလွတ်ထွက်ကာ ပျံသန်းသွားတော့သည်။

ဂိုဏ်းတူညီမလေးဝမ်က လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ ထိုယပ်တောင်သည် သူမကို တစ်ပတ်ပတ်သွားခဲ့သည်။

နောက်ဆုံးတွင် မေချန်လော့၏ရှေ့သို့ ပြန်လည်ရောက်ရှိသွား၏။

မေချန်လော့က ယပ်တောင်ကိုလှမ်းယူမည်အထင်ဖြင့် ဂိုဏ်းတူညီမလေးဝမ်သည်လည်း နောက်ဆက်တွဲတိုက်ကွက်များကို ပြင်ဆင်ထားလိုက်သည်။

သို့သော် မမျှော်လင့်ဘဲ ဖြုန်းခနဲအသံနှင့်အတူ မေချန်လော့က လက်ညှိုးနှင့်လက်ခလယ်ကို ဆန့်ထုတ်လိုက်ရာ ယပ်တောင်သည် တစစီကြေမွသွားပြီး မမျှော်လင့်ထားချိန်တွင် ဂိုဏ်းတူညီမလေးဝမ်၏ပခုံးပေါ်သို့ ကျရောက်လုနီးပါးဖြစ်သွားသည်။

ဂိုဏ်းတူညီမလေးဝမ်က အခြေအနေကို တည်ငြိမ်စွာရင်ဆိုင်ရင်း သိုင်းကွက်ကိုချက်ချင်းပြောင်းလဲကာ လက်သီးတစ်ချက်ထိုးထုတ်လိုက်ရာ ထိုလက်ညှိုးနှစ်ချောင်းပေါ်သို့ ကွက်တိကျရောက်သွားသည်။

ဂျွတ်ခနဲ အသံတစ်ချက်ထွက်ပေါ်လာသည်။

မေချန်လော့၏လက်ညှိုးနှစ်ချောင်းမှ အရိုးကျိုးသံ ချက်ချင်းထွက်ပေါ်လာခဲ့၏။

ဂိုဏ်းတူညီမလေးဝမ်၏မျက်နှာတွင် ဝမ်းသာရိပ်မရှိပေ၊ ပုံမှန်မဟုတ်သော အခြေအနေနောက်ကွယ်တွင် လှည့်ကွက်တစ်ခုခု ရှိနေရမည်။

ဤလက်ညှိုးနှစ်ချောင်းသည် သတ်ကွက်မဟုတ်ပေ၊ သူသည် အဘယ်ကြောင့် ယခုကဲ့သို့တိုက်ခိုက်ရသနည်း။

ချက်ချင်းပင် သူမ၏မျက်နှာပျက်သွားပြီး ညည်းတွားသံနှင့်အတူ နောက်သို့လွင့်စင်သွားတော့သည်။

သူမ၏လက်သီးကို ကြည့်လိုက်သောအခါ သေးသွယ်ရှည်လျားသောငွေအပ်တစ်ချောင်း စိုက်ဝင်နေသည်ကိုတွေ့လိုက်ရသည်။

ငွေအပ်ပေါ်တွင် အဆိပ်လူးထားသဖြင့် ဖြူဖွေးသောလက်ဖမိုးမှာ မည်းမှောင်သွားသည်။

ဂိုဏ်းတူညီမလေးဝမ်၏မျက်နှာတွင် မပြောင်းလဲသွားသော်ငြား မျက်မှောင်ကို အနည်းငယ်ကြုတ်လိုက်ရင်း ဘယ်ဘက်လက်ညှိုးနှင့်လက်ခလယ်ကို ညာဘက်လက်မောင်းရှိ ချွီချီသွေးကြောဆုံမှတ်ပေါ်သို့ ဖိချလိုက်သည်။

အတွင်းအားကိုလှည့်ပတ်လိုက်ရာ ရှူးခနဲအသံနှင့်အတူ လက်ဖဝါးထဲမှငွေအပ်သည် ချက်ချင်းလွင့်ထွက်သွားတော့သည်။

ဂိုဏ်းတူညီမလေးဝမ်က ဤစကားကိုပြောလိုက်ချိန်တွင်လည်း မျက်နှာအမူအရာမှာအေးစက်နေဆဲဖြစ်သည်။

"ရှင်က ကျန်းဟူလောကရဲ့စီနီယာတစ်ယောက် ဖြစ်ပြီးတော့ ဒီလိုယုတ်မာတဲ့နည်းလမ်းတွေကို သုံးတယ်ပေါ့..."

သူမသည် မိမိ၏အခြေအနေကို စိုးရိမ်ပူပန်နေပုံမရချေ။

မေချန်လော့သည် ထိုစကားကိုကြားသောအခါ မျက်နှာနီမြန်းသွားပြီး စိတ်ထဲတွင်လည်း ရှက်ရွံ့မိသွားသည်။

မေချန်လော့က ပြောလိုက်သည်။

"ငါတို့ ကြံနေတဲ့ကိစ္စက တော်တော်ကိုကြီးလွန်းလို့ ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ဘူး။ မိန်းကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုသိုင်းပညာမျိုး ရှိနေတာပဲ၊ နောက်ထပ် ဆယ်နှစ်လောက်ဆိုရင် ငါက မင်းခြေဖျားအောက်ရောက်နေလောက်ပြီ…”

“ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းမှာ စောင့်ဖို့ ဆယ်နှစ်မရှိတော့ဘူး။ ဒီနေ့ အကြီးကအငယ်ကိုနှိပ်စက်တာ မသင့်တော်သလို ငွေအပ်အဆိပ်နဲ့ မင်းအသက်ကိုရန်ရှာတာကိုလည်း ဘယ်သူမှမသိစေရဘူး။”

“မဟုတ်ရင် မေချန်လော့ဆိုတဲ့နာမည်က ဟာသဖြစ်သွားမှာ။ ကံကောင်းတာက မင်းသေသွားရင် ဒီကိစ္စတွေကို ဘယ်သူမှသိမှာမဟုတ်တော့ဘူး..."

ဤသို့ပြောပြီးနောက် သူက ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး လက်ဖဝါးထဲတွင် အတွင်းအားများကိုစုစည်းကာ ဂိုဏ်းတူညီမလေးဝမ်၏ဦးခေါင်းကို ရိုက်ခွဲရန်ပြင်လိုက်သည်။

သို့သော် သူ၏လက်ဖဝါးကိုမြှောက်လိုက်စဉ် ဂိုဏ်းတူညီမလေးဝမ်က သူ၏နောက်ကျောဘက်ကိုကြည့်နေသည်ကို သတိပြုမိလိုက်သည်။

သူမ၏အေးတိအေးစက်မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်နေသည့်အရိပ်အယောင်များ အနည်းငယ်ပါဝင်နေ၏။

မေချန်လော့က တွေးလိုက်သည်။

"ဟမ်... သေခါနီးအထိ ငါ့ကို လှည့်စားချင်နေတုန်းပဲပေါ့..."

ကြည်လင်နူးညံ့သောမျက်လုံးများကိုကြည့်ကာ မေချန်လော့သည် ယခင်က ဂိုဏ်းတူညီမလေးဝမ်၏လှည့်စားမှုကိုခံရပြီး မိမိ၏အမည်ကို ပြောပြခဲ့မိသည်ကို သတိရသွားသည်။

ယခုမူ သူသည် ထပ်မံအလှည့်စားခံမည်မဟုတ်။

သူ၏လက်ဝါးချက်ကို ရုတ်ချည်းရိုက်ချရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရင်ထဲတွင်တင်းကျပ်သွားခဲ့သည်။

သူ့နောက်ကွယ်တွင် တကယ်ပင် တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရ၏။

သူက ရုတ်တရက်လှည့်ကြည့်လိုက်ရာ ပိတ်ထားသောအခန်းတံခါးသည် မည်သည့်အချိန်ကပွင့်သွားသည်မသိ ဖွင့်လျက်သားရှိနေသည်ကို တွေ့လိုက်ရသည်။

အဝတ်ကြမ်းများကို ဝတ်ဆင်ထားသည့်လူငယ်တစ်ဦးသည် အခန်းထဲမှထွက်လာခဲ့သည်။

သူသည် မေချန်လော့ကိုလည်းမမြင်၊ ဂိုဏ်းတူညီမလေးဝမ်ကိုလည်းမမြင်သကဲ့သို့ ဖြစ်နေ၏။

သူက ဂိုဏ်းတူညီမလေးဝမ်၏လက်ဝါးချက်ဖြင့် သေဆုံးသွားသောလူသတ်သမား၏ဘေးသို့ လျှောက်လှမ်းသွားခဲ့သည်။

ထို့နောက် မြေပြင်ပေါ်မှ ထိုသူ၏ဓားကို ကောက်ယူလိုက်သည်။

မေချန်လော့သည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီး မေးလိုက်သည်။

"မင်းက..."

သို့သော် စကားပင်ဆုံးအောင်မပြောရသေးမီ ထိုလူငယ်၏ခြေလှမ်းများက ပြောင်းလဲသွားပြီး သူ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။

ဓားသွားသည် ပြင်းထန်သောအရှိန်အဟုန်နှင့်အတူ ဆန်းကြယ်လှသောပုံစံဖြင့် ခုတ်ပိုင်းလာခဲ့၏။

ဓားချက်မှာရက်စက်ပြီး ပြတ်သားလွန်းလှရာ သာမန်ဓားသိုင်းများနှင့် လုံးဝမနှိုင်းယှဉ်နိုင်ပေ။ မေချန်လော့သည် မည်သို့ရှောင်တိမ်းရမည်ကိုပင် မသိတော့ချေ။

သူသည် မြေပြင်ပေါ်သို့လှိမ့်ချလိုက်ပြီး အလွန်ပင်သနားဖွယ်ကောင်းသောပုံစံဖြင့် ထိုဓားချက်ကိုရှောင်တိမ်းလိုက်ရသည်။

သို့သော် သူပြန်လည်မတ်တတ်ရပ်လိုက်ချိန်တွင် ဘယ်ဘက်လက်မောင်းမှ သွေးများဒလဟောစီးကျနေပြီး လက်မောင်းတစ်ဝက်မှာ မြေပြင်ပေါ်သို့ ပြတ်ကျသွားခဲ့ပြီဖြစ်သည်။

မေချန်လော့သည် မျက်နှာတစ်ပြင်လုံးပြာနှမ်းသွားပြီး ခြေလှမ်းများယိုင်နဲ့နဲ့ဖြင့် နောက်သို့ဆုတ်ခွာရင်း ချူချင်းကို မယုံကြည်နိုင်စွာကြည့်ကာ မေးလိုက်သည်။

"မင်းက ဘယ်သူလဲ..."

ချူချင်းကမူ တစ်ခါမျှ မခံစားဖူးသောသက်သာရာရခြင်းကို ခံစားလိုက်ရသည်။

အမှန်ပင် လူတစ်ယောက်၏ကိုယ်လက်အင်္ဂါကို ဖြတ်တောက်ရာတွင် ဓားကိုအသုံးပြုခြင်းက ပို၍အဆင်ပြေလှပေသည်။

သူက မေချန်လော့ကိုဂရုမစိုက်ဘဲ ဂိုဏ်းတူညီမလေးဝမ်ကိုကြည့်ကာ မေးလိုက်သည်။

"ဘယ်လိုလဲ..."

မေချန်လော့၏ငွေအပ်မှာ အလွန်ပင်လျှို့ဝှက်လွန်းလှသည်။ ယခုပြန်တွေးကြည့်ပါက ၎င်းကို အင်္ကျီလက်ဝတွင်ဝှက်ထားပြီး တိုက်ခိုက်ချိန်၌ လက်ကောက်ဝတ်ကိုခါထုတ်ကာ ငွေအပ်ကိုထုတ်ယူပြီး လက်ညှိုးနှစ်ချောင်းကြားတွင် ညှပ်ထားခဲ့ခြင်း ဖြစ်ရမည်။

ဂိုဏ်းတူညီမလေးဝမ်က သူ၏လက်ညှိုးကို ရိုက်ခတ်လိုက်ချိန်တွင် အတွင်းအားကိုအသုံးပြု၍ ငွေအပ်ကိုပစ်လွှတ်ကာ အနီးကပ်ဆုံးအကွာအဝေးမှ အပြင်းထန်ဆုံးဒဏ်ရာကိုရရှိစေခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သောအခြေအနေမျိုးကို ဆက်တိုက်စောင့်ကြည့်နေသောချူချင်းပင်လျှင် သတိမပြုမိခဲ့ချေ။

သူသတိပြုမိလိုက်ချိန်တွင် ဂိုဏ်းတူညီမလေးဝမ်သည် အပ်မှန်သွားခဲ့ပြီးဖြစ်သည်။

ဂိုဏ်းတူညီမလေးဝမ်က ချူချင်းကို ထူးဆန်းသောမျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်သည်။

"မသေပါဘူး..."

ထို့နောက် သူမက ဆက်မေးလိုက်သည်။

"မင်းက ဘယ်သူလဲ..."

ဤသည်မှာ အမှန်ပင်ဆန်းကြယ်လှပေသည်။

ချူချင်းသည် စိတ်ထဲတွင် အနည်းငယ်အံ့အားသင့်သွားမိသည်။ ဤမိန်းကလေးသည် သူ့အားမမှတ်မိ‌ချေ။

သူမက အနံ့ခံနိုင်သည် မဟုတ်ပါလော။

အရင်နှစ်ရက်အတွင်း သူကရေပုံမှန်ချိုးခဲ့သဖြင့် ကိုယ်နံ့ကပျောက်ကွယ်သွားပြီး ဤမိန်းကလေး ခွဲခြား၍မရတော့ခြင်း ဖြစ်မည်လော။

သို့သော် ဤသည်မှာလည်း မဖြစ်နိုင်ပေ။

ထိုနေ့က ချူအိမ်တော်သို့သွားစဉ်ကလည်း သူသည်ရေချိုးသန့်စင်ပြီးမှသွားခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့် ထိုနေ့တွင်ရိပ်မိ၍ ယနေ့တွင် မရိပ်မိရသနည်း။

ချူချင်းက သေချာစဉ်းစားကြည့်လိုက်ရာ ဤမိန်းကလေးပြောသောအနံ့မှာ ကိုယ်ခန္ဓာမှထွက်သောအနံ့မဟုတ်နိုင်ကြောင်း ရုတ်တရက်သဘောပေါက်သွားသည်။

‘အတွင်းအားရနံ့ …’

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူသည် ရော့ရွှီကျမ်းကို ဇီရှားရော့ရွှီကျမ်းအဖြစ် ပြောင်းလဲခဲ့သည်မှလွဲ၍ အခြားအရာများမှာ မပြောင်းလဲခဲ့သောကြောင့် ဖြစ်သည်။

အကယ်၍ အမှန်တကယ်သာထိုသို့ဖြစ်ပါက ဤသည်မှာ အနံ့ခံအာရုံထက်မြက်ခြင်းထက် ပို၍အံ့ဩဖွယ်ကောင်းလှပေသည်။

သူမသည် မွေးရာပါထူးခြားသောစွမ်းရည် ရှိနေခြင်း၊ သို့မဟုတ် ထူးဆန်းသောသိုင်းပညာတစ်မျိုးကို ကျင့်ကြံထားခြင်းပင် ဖြစ်ရမည်။

ဤအချက်ကိုတွေးမိသောအခါ ချူချင်းက သူ၏နှာခေါင်းကိုပွတ်လိုက်ရင်း ပြုံးကာပြောလိုက်သည်။

"မပြောပြဘူး..."

ဂိုဏ်းတူညီမလေးဝမ်၏မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်သွားပြီးနောက် မေချန်လော့ကိုလှမ်းကြည့်ကာ ချူချင်းကိုပြောလိုက်သည်။

"သူ ထွက်ပြေးသွားပြီ..."

ချူချင်းက ထိုစကားကိုကြားသောအခါ ပြုံးလိုက်ပြီး တံတိုင်းပေါ်မှ ကျော်ပြေးသွားသောမေချန်လော့ကို ကြည့်ကာပြောလိုက်သည်။

"အင်း... ပြေးသွားတာ ကောင်းတာပေါ့..."

ဂိုဏ်းတူညီမလေးဝမ်က နားမလည်နိုင်စွာ ကြည့်နေမိတော့သည်။

All Chapters