← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း (၄၃) - ရောက်နှင့်နေပြီ

ဝမ်ရိုက ချူချင်း၏စကားကို နားထောင်ပြီးနောက် ခေတ္တမျှစဉ်းစားကာ ပြောလိုက်သည်။

"ဒါပေမဲ့ သူထွက်ပြေးသွားတော့ ကျွန်မအတွက် ခက်သွားပြီ... ဒီအဆိပ်ကိုမပြန့်အောင် ထိန်းထားလို့ရပေမဲ့ အဆိပ်ဖြေလို့တော့ မရဘူး..."

ချူချင်းက မေးလိုက်သည်။

"ဘယ်လောက်ကြာကြာ ထိန်းထားနိုင်လဲ..."

ဝမ်ရိုက ပြောလိုက်သည်။

"တစ်မောင်းလောက်ပဲ... တစ်မောင်းပြီးရင်တော့ အဲဒါက ကျွန်မလက်ဖဝါးကနေ သွေးကြောတွေအထိပြန့်သွားလိမ့်မယ်... အများဆုံး ဆယ်မောင်းလောက်ဆိုရင် ကျွန်မသေနေလောက်ပြီ..."

ဝမ်ရိုက ဤသို့ပြောနေချိန်တွင် သူမ၏မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲခြင်းမရှိပေ။

သေခြင်းတရားသည် သူမနှင့်မသက်ဆိုင်သကဲ့သို့ပင် ဖြစ်နေသည်။

ချူချင်းက ခေါင်းညိတ်လိုက်ရင်း မေးလိုက်သည်။

"လှုပ်ရှားလို့ရလား..."

ဝမ်ရိုက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။

"လှုပ်လို့မရဘူး..."

"ဒါဆိုရင်တော့ ခွင့်ပြုပါဦး..."

ချူချင်းက ဤသို့ပြောပြီးနောက် ဝမ်ရိုကိုပွေ့ချီကာ အခန်းထဲသို့ဝင်သွားခဲ့သည်။ သူသည် မေချန်လော့ကို လုံးဝမေ့လျော့သွားပုံရသည်။

ဝမ်ရိုကို မိမိ၏အိပ်ရာပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းစေပြီးနောက် ချူချင်းကပြောလိုက်သည်။

"မင်း ဒီမှာပဲ အဆိပ်မပြန့်အောင် ဖြည်းဖြည်းချင်းထိန်းထားလိုက်... ကျုပ် မင်းအတွက် ဖြေဆေးသွားရှာပေးမယ်..."

ဝမ်ရိုက ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒါဆိုရင်လည်း သတိထားသွားဦး..."

ချူချင်းက ဆွံ့အသွားပြီး မေးလိုက်သည်။

"မင်းက ကျုပ်ကို တကယ်ယုံတာလား... ကျုပ်ဘယ်သူလဲဆိုတာတောင် မင်းမသိဘဲနဲ့..."

ဝမ်ရိုက တည်ငြိမ်အေးဆေးစွာပင် ပြောလိုက်သည်။

"ယုံတယ်..."

သူမက ဆက်ပြောလိုက်သည်။

"တကယ်လို့ စောစောက ရှင်သာ ဝင်မကူခဲ့ရင် ကျွန်မသေနေလောက်ပြီ..."

ဤစကားက အဓိပ္ပာယ်ရှိပေသည်။ ဝမ်ရိုသည် ချူဖန်၏ဂိုဏ်းတူညီမလေးဖြစ်နေသဖြင့် မည်သို့ပင်ဖြစ်စေ ချူချင်းအနေဖြင့် သူမကို မိမိမျက်စိရှေ့တွင် သေဆုံးသွားခွင့်မပြုနိုင်ပေ။

ထို့ကြောင့် သူက ပြုံးလျက်ပြောလိုက်သည်။

"ဒါဆိုရင်လည်း စိတ်အေးအေးထားပြီး ကျုပ်ပြန်လာတာကို စောင့်နေလိုက်..."

ပြောပြီးသည်နှင့် သူသည်ဓားကိုဆွဲကာ အပြင်သို့ထွက်လာခဲ့သည်။

သူ့စိတ်ထဲတွင်လည်း မနက်ဖြန်၌ မည်သည့်နေရာသို့ ပြောင်းရွှေ့ရမည်ကို စတင်စဉ်းစားနေမိသည်။

ဤနေရာတွင် ဆက်နေ၍မဖြစ်တော့ပေ။

မူလက ဝမ်ရိုသည် ချူဖန်ကို‌ ခေါ်လာနိုင်‌‌ခြေနည်းပါးသော်လည်း ယခုမူ သူမ၏အသက်ကို ကယ်တင်ပေးခဲ့သဖြင့် ကယ်တင်ရှင်ကို ကျေးဇူးတင်ရန်အတွက် ချူဖန်ကို ခေါ်လာနိုင်ခြေမှာ အလွန်ပင် များပြားသွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့် မဖြစ်မနေ အိမ်ပြောင်းရတော့မည်။

ယနေ့ည ဖြစ်ပျက်ခဲ့သောကိစ္စရပ်များကို ပြန်လည်တွေးတောရင်း သူ၏စိတ်ထဲတွင် သက်ပြင်းချမိသည်။

ဤကဲ့သို့သောလောကကြီးထဲတွင် အသက်ရှင်သန်ရသည်မှာ အမှန်တကယ်ပင် မလွယ်ကူလှပေ။

ယနေ့ည ဤနေရာတွင်နေထိုင်သူမှာ မိမိမဟုတ်ဘဲ သာမန်အရပ်သားတစ်ဦးသာဖြစ်ခဲ့ပါက အကြောင်းရင်းမရှိဘဲ သိုင်းလောကသားနှစ်ဦးက အိမ်ခေါင်မိုးပေါ်တွင် တိုက်ခိုက်သတ်ဖြတ်နေကြသည်ကို ကြုံတွေ့ရပေလိမ့်မည်။

နောက်တစ်နေ့နိုးလာချိန်တွင် ခြံဝင်းထဲရှိအလောင်းကိုမြင်လျှင် မည်မျှအထိ ထိတ်လန့်တုန်လှုပ်သွားမည်ကို မခန့်မှန်းနိုင်ပေ။

ထို့အပြင် မေချန်လော့၏စရိုက်အရ ဤခြံဝင်းပိုင်ရှင်ကိုပင် ချန်ထားခဲ့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူသည်အကြံအစည်ကြီးကြီးမားမားရှိသဖြင့် မည်သည့်သဲလွန်စမျှ မကျန်ရစ်လို‌ကြောင်း ပြောခဲ့ဖူးသောကြောင့် ဖြစ်သည်။

သာမန်လူများအတွက် ဤသည်မှာ မမျှော်လင့်ဘဲ ကြုံတွေ့ရသည့်ဘေးဒုက္ခဖြစ်ပြီး ပြန်လည်ခုခံရန် အခွင့်အရေးပင် ရှိလိမ့်မည်မဟုတ်ပေ။

ချူချင်းက ဤသို့တွေးတောရင်း မေချန်လော့ထွက်ပြေးသွားသည့် ခြေရာလက်ရာများနောက်သို့ လိုက်ရှာတော့သည်။

'ဒါက ထျန်းဝူမြို့ထဲမှာ ဖြစ်နေတာတောင်... ဝူကန်ချီက အရမ်းမထူးကဲဘူးဆိုရင်တောင် မြို့ကို ကောင်းကောင်းအုပ်ချုပ်နိုင်တယ်လို့ ပြောလို့ရတယ်…’

‘ဒါပေမဲ့ အုပ်ချုပ်မှု‌ကောင်းတာတောင် ဒီလိုကိစ္စမျိုးတွေကို မတားဆီးနိုင်သေးဘူး... လောကကြီးက ခက်ခဲကြမ်းတမ်းလွန်းတယ်... အမြဲတမ်း သာမန်လူတွေကိုပဲ ပစ်မှတ်ထားနေသလိုပဲ...'

သူသည် လူသတ်သမားတစ်ဦးဖြစ်သဖြင့် ခြေရာခံခြင်းမှာ အကျွမ်းကျင်ဆုံးအတတ်ပညာ ဖြစ်ပေသည်။

မေချန်လော့သည် မိမိ၏လက်တစ်ဖက်ကို ဖြတ်တောက်ခြင်းခံထားရသဖြင့် ထိုသွေးများကို အချိန်တိုအတွင်း မတားဆီးနိုင်သဖြင့် သဲလွန်စများစွာ ကျန်ရစ်ခဲ့ပေမည်။

သူ့ကို ရှာဖွေရန်မှာ အလွန်ပင်လွယ်ကူလှသည်။

ထို့ကြောင့် ချူချင်းသည် သူထွက်ပြေးသွားမည်ကို လုံးဝမစိုးရိမ်ပေ။ သူထွက်ပြေးသွားခြင်းကပင် နောက်ကွယ်မှ ကြိုးကိုင်နေသူများကိုပါ ဆွဲထုတ်နိုင်ရန် အခွင့်အရေးရရှိမည်ဖြစ်သည်။

လက်မောင်းပေါ်ရှိဒဏ်ရာမှာ အစပိုင်းတွင် ထုံကျင်ရုံမျှသာဖြစ်‌သော်လည်း ယခုအခါ ပြင်းထန်စွာနာကျင်လာသဖြင့် မေချန်လော့သည် အသက်ရှူရန်ပင်ခက်ခဲကာ တုန်လှုပ်နေမိသည်။

ပြင်းထန်သော‌ခေါင်းမူးဝေမှုက နှလုံးကိုလွှမ်းမိုးလာသဖြင့် သူသည် အလွန်ပင်ခံရခက်နေတော့သည်။

တစ်လမ်းလုံးတွင် အနောက်မှ လိုက်လာနိုင်သည့်ရန်သူများကို သတိထားရုံသာမက ထျန်းဝူအစောင့်တပ်ကိုလည်း သတိကြီးစွာဖြင့် ရှောင်ကွင်းသွားရသည်။

အကယ်၍ ထျန်းဝူအစောင့်တပ်နှင့်သာ ထိပ်တိုက်တွေ့ခဲ့လျှင် အခြေအနေမှာ အဆိုးရွားဆုံး ဖြစ်သွားပေမည်။

တစ်ခုတည်းသောကံကောင်းမှုမှာ ထိုလူငယ်သည် သူ့နောက်သို့ လိုက်လံဖမ်းဆီးရန် ရည်ရွယ်ချက်မရှိဟန်ဖြစ်သည်။

အနည်းဆုံးတော့ ယခုအချိန်အထိ နောက်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။

မေချန်လော့သည် ယိုင်တိယိုင်တိုင်ဖြင့် လျှောက်လှမ်းနေရင်း မိမိ၏အခြေအနေမှာ အလွန်ပင်ဆိုးရွားနေပြီဖြစ်ကြောင်း ခံစားနေရသည်။

'သူက ဘယ်သူလဲ... ဝမ်ရိုဆိုတဲ့မိန်းကလေးက ငါ့အဆိပ်မိထားတာ... အဆိပ်ဖြေဆေးမရှိရင် သူမ ဆယ့်နှစ်မောင်းကျော်တဲ့အထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး…’

‘အဲဒီလူက သူမကို ချူမိသားစုဆီ မပို့ဖို့ပဲမျှော်လင့်ရမယ်... မဟုတ်ရင် ငါ့ရဲ့သရုပ်မှန်က ဖုံးကွယ်ထားလို့ရတော့မှာ မဟုတ်ဘူး...'

သို့သော် နီးကပ်လာပြီ ဖြစ်သည်။

ရှေ့တွင် သူ၏နေအိမ်ရှိပြီး ဒုတိယခေါင်းဆောင်ဖြစ်သူ 'ကွေ့ကျန့်ဖူလုံ' ကော်ကျင့်ချွမ်းသည် ထိုနေရာတွင်ရှိနေသည်။

ဤနေရာသို့ပြန်ရောက်သွားပါက သူသည် ဘေးကင်းသွားပြီ ဖြစ်သည်။

ထို့နောက် ဒုတိယခေါင်းဆောင်ကို ကိုယ်တိုင်သွားရောက်စေပြီး ထိုလူနှစ်ဦးကို သတ်ပစ်လိုက်လျှင် ကိစ္စအားလုံး ပြီးဆုံးသွားပေမည်။

ဤသို့တွေးတောရင်း သူ၏ခန္ဓာကိုယ်ထဲတွင် အားအင်အချို့ပြန်လည်နိုးထလာသည်။

မပြိုလဲသွားစေရန် အတင်းအကျပ် အားတင်းထားသော်လည်း ဤခရီးတိုမှာ တစ်သက်တာလျှောက်လှမ်းနေရသကဲ့သို့ ခံစားရစေသည်။

နောက်ဆုံးတွင် သူသည် ခြံတံခါးကြီးကို အတင်းတွန်းဖွင့်လိုက်တော့သည်။

တံခါးပွင့်သွားသောအသံသည် တိတ်ဆိတ်လှသောညဉ့်နက်ပိုင်းတွင် အလွန်ပင် ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

ခြံဝင်းထဲတွင် လူများနှင့်ပြည့်ကျပ်‌နေသည်။

မေချန်လော့ မော့ကြည့်လိုက်ရာ မြင်ကွင်းကြောင့် ခေတ္တမျှ ကြောင်အသွားခဲ့သည်။

ကော်ကျင့်ချွမ်းသည် ဝတ်စုံနက်ဝတ်ဆင်ထားသူ၏လည်ပင်းကို ညှစ်ကာ လေထဲသို့မြှောက်ထားသည်ကို တွေ့လိုက်ရသည်။

တံခါးသံကြောင့် သူသည် မျက်မှောင်ကြုတ်လျက် မေချန်လော့ဘက်သို့ လှည့်ကြည့်လိုက်သည်။ မေချန်လော့၏ ပြတ်တောက်နေသောလက်မောင်းကို မြင်လိုက်ရချိန်တွင် သူ၏မျက်ဝန်းများ ကျုံ့သွားပြီး မေးလိုက်သည်။

"ဘာဖြစ်လာတာလဲ..."

သူသည် ဝတ်စုံနက်ဝတ်ဆင်ထားသူကို လက်ထဲမှပစ်ချလိုက်ရာ ထိုသူသည် ကံကောင်းစွာဖြင့် အသက်မထွက်သေးဘဲ ကြမ်းပြင်ပေါ်တွင်ဝပ်လျက် တဆက်ဆက် ချောင်းဆိုးနေတော့သည်။

မေချန်လော့ကလည်း မေးလိုက်သည်။

"ဒါကရော... ဘာဖြစ်တာလဲ..."

ကော်ကျင့်ချွမ်းက ပြန်ဖြေလိုက်သည်။

"ရှမိသားစုရဲ့ လွတ်သွားတဲ့ငါးတစ်ကောင်ပဲ... သူက တော်တော်လေးလိမ္မာပါးနပ်တယ်... ငါတို့နောက်ကို နောက်ယောင်ခံလိုက်လာပြီး မင်းအပြင်သွားတဲ့အချိန်ကို အခွင့်ကောင်းယူဖို့ ကြိုးစားတာ…”

“ငါ့ရဲ့ရေနွေးကြမ်းခွက်ထဲကို အဆိပ်ခတ်ဖို့လုပ်တာ ငါက သူ့အကြံကို သိသိကြီးနဲ့အကွက်ဆင်ပြီး ဖမ်းလိုက်တာ... နည်းနည်းတော့ အားစိုက်လိုက်ရတယ်..."

ကော်ကျင့်ချွမ်းက 'ရှမိသားစု' ဆိုသည့် စကားလုံးကို ပြောလိုက်ချိန်တွင် မေချန်လော့သည် ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

ရှမိသားစုသည် ရှန်ရှာဂိုဏ်း၏နယ်မြေအတွင်း ထင်ရှားကျော်ကြားသောမိသားစုကြီးတစ်ခု ဖြစ်သည်။

သို့သော် ချူမိသားစုကဲ့သို့ သိုင်းလောကမှ မဟုတ်ဘဲ အလွန်ချမ်းသာကြွယ်ဝသော ကုန်သည်မိသားစုကြီး ဖြစ်သည်။

အတန်ကြာစွာ သူတို့သည် ရှန်ရှာဂိုဏ်း၏ငွေတိုက်သဖွယ် ဖြစ်ခဲ့ရသည်။

သို့သော် ရှမိသားစုသည် ရှန်ရှာဂိုဏ်း၏ အမြတ်ထုတ်ညှဉ်းပန်းနှိပ်စက်မှုများကို မခံမရပ်နိုင်ဖြစ်ကာ ကွယ်ရာတွင် အခြားအင်အားစုများထံခိုလှုံရန် ကြိုးပမ်းခဲ့ကြသည်။

ဤကိစ္စကို ရှန်ရှာဂိုဏ်းကသိရှိသွားပြီးနောက် တစ်ညတည်းနှင့် သူတို့မိသားစုဝင် တစ်ရာ့သုံးဆယ်ကျော်ကို အကုန်အစင်သတ်ဖြတ်ကာ ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာများကို လုယက်ခဲ့ကြသည်။

သို့သော် ဤမျှအထိရက်စက်ခဲ့သည့်ကြားမှ လွတ်သွားသူတစ်ဦး ရှိနေမည်ဟု မထင်မှတ်ထားခဲ့ပေ။

မေချန်‌လော့က ထိုဝတ်စုံနက်ဝတ်ဆင်ထားသူကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြောလိုက်သည်။

"ဒီလူက ခပ်မြန်မြန်လုပ်လိုက်လို့ တော်သေးတာပေါ့... မဟုတ်ရင် ငါတို့ရဲ့အစီအစဉ်ကြီး ပျက်သွားနိုင်တယ်…”

“ဒါနဲ့ အစ်ကိုလတ်... ဒီလူ့ကို ငါ့လက်ထဲပဲ အပ်လိုက်ပါ... ငါ တကယ့်သိုင်းဆရာတစ်ယောက်နဲ့ တွေ့ခဲ့တယ်... သူ့ကို မသတ်နိုင်ခဲ့တဲ့အပြင် တစ်ချက်တည်းနဲ့တင် ငါ့လက်တစ်ဖက်လည်း အဖြတ်ခံလိုက်ရတယ်..."

ကော်ကျင့်ချွမ်းသည် ဤစကားကိုကြားလိုက်ရသောအခါ သူ၏ အိုမင်းရင့်ရော်နေသောမျက်ဝန်းများတွင် လေးနက်တည်ကြည်မှုများ ဖြတ်သန်းသွားပြီး မေးလိုက်သည်။

"မင်း သူ့ကို အသေအလဲ တိုက်ခိုက်ပြီး သတ်လိုက်ပြီလို့ ငါထင်နေတာ... သူ့ကို မင်းလက်တစ်ဖက်ကို ဖြတ်ခိုင်းပြီး ဘာဒဏ်ရာမှမရဘဲ ဒီအတိုင်း လွှတ်ပေးလိုက်တာလား..."

မေချန်လော့သည် ကြောင်အသွားပြီး လွှတ်ခနဲ ပြောလိုက်သည်။

"ငါတို့နဲ့ သူက ဘာရန်ငြိုးမှမရှိဘူးလေ... သူက..."

ဤနေရာသို့ရောက်သောအခါ သူသည် ဆက်မပြောနိုင်တော့ပေ။

သူ၏မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွားပြီး ထိတ်လန့်ဖွယ်ကောင်းလှသည်။

အစောပိုင်းက သူသည် အမြင်ကျဉ်းမြောင်းခဲ့သဖြင့် ချူချင်းက နောက်မှလိုက်မလာသည်ကို ရန်သူက အကုန်အစင်သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိဟု ထင်မှတ်ခဲ့သည်။

သို့သော် လက်တွေ့တွင် ထိုသို့ဖြစ်နိုင်ပါမည်လော။

ကော်ကျင့်ချွမ်းက မျက်နှာပျက်လျက် အတွင်းအိတ်ထဲမှဆေးလုံးတစ်လုံးကို ထုတ်ယူကာ မေချန်‌လော့ထံပစ်ပေးရင်း ပြောလိုက်သည်။

"မင်း သွေးထွက်လွန်ပြီး ဦးနှောက်ပါထိုင်းသွားပြီ ထင်တယ်... အဲဒီလူက ရောက်တောင်ရောက်နေလောက်ပြီ..."

ဤစကားကိုကြားလိုက်ရချိန်တွင် မေချန်လော့သည် တစ်ကိုယ်လုံးရှိသွေးများပင် ခဲသွားသကဲ့သို့ အေးစိမ့်သောခံစားချက်ကို ခံစားလိုက်ရသည်။

All Chapters