အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄) - ငါထွက်လာပြီ... မင်းဘာတတ်နိုင်သေးလဲ
တစ်ဝင်းလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကော်ကျင့်ချွမ်းက နှုတ်ဆိတ်နေသလို မေချန်လော့ကလည်း စကားတစ်ခွန်းမှမဟပေ။
သို့သော် ကော်ကျင့်ချွမ်း၏တည်ငြိမ်အေးဆေးမှုနှင့် မတူဘဲ မေချန်လော့၏ နဖူးပြင်ထက်တွင်မူ ချွေးစေးများစီးကျနေသည်။
၎င်းမှာ ခန္ဓာကိုယ်မှနာကျင်မှုကြောင့်သာမက အဓိကအားဖြင့် ထိုလူ၏လှည့်ကွက်ထဲသို့ မိမိကိုယ်တိုင်တိုးဝင်မိသွားသောကြောင့် ဖြစ်သည်။
'အခုပြန်တွေးကြည့်ရင် အဲဒီလူက ဓားတစ်ချက်တည်းနဲ့ ငါ့လက်မောင်းကို ဖြတ်လိုက်တာ...'
'နောက်ထပ်လှုပ်ရှားလိုက်ရင် ငါ့အသက်ကိုတောင် အလွယ်လေးနှုတ်ယူသွားနိုင်တာကို သူဘာလို့မလုပ်ခဲ့တာလဲ...'
'အဲဒီအစား အေးအေးဆေးဆေးတောင် စကားပြောနေလိုက်သေးတယ်...'
'ငါ့ကို ထွက်ပြေးဖို့ အခွင့်အရေးတောင်ပေးလိုက်သေး...'
'ဒါပေမဲ့...'
'အဲဒါက တကယ်ရော အခွင့်အရေးဟုတ်ပါ့မလား...'
'ငါ့မှာ အခုသွေးထွက်လွန်ပြီး အသက်တောင်ရှူလို့မဝတော့ဘူး အတွင်းအားကလည်း အရင်လောက် မကောင်းတော့ဘူး...'
'တကယ်လို့ အဲဒီလူက ငါ့နောက်လိုက်လာရင်တောင် ငါရိပ်မိပါဦးမလား...'
တွေးမိလေ ရင်ထဲတွင် ပို၍ထိတ်လန့်တုန်လှုပ်မိလေ ဖြစ်သည်။
ကော်ကျင့်ချွမ်းကမူ ပတ်ဝန်းကျင်ကို အေးစက်စွာဝေ့ဝဲကြည့်ရှုရင်း ဤနေရာရှိ စတုတ္ထမြောက်လူကို ရှာဖွေရန်နည်းလမ်းမျိုးစုံ ကြံဆနေသည်။
ထိုစဉ် ရယ်မောသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုအသံမှာအားနည်းလှသော်လည်း အလွန်ပင်နားကြားမကောင်းလှပေ။
ကော်ကျင့်ချွမ်းမျက်နှာပျက်သွားပြီး မြေပြင်ပေါ်ရှိ ဝတ်စုံနက်ဝတ်ဆင်ထားသူကို လှည့်ကြည့်လိုက်သည်။
၎င်းမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။
မျက်နှာကို အဝတ်နက်ဖြင့်ဖုံးအုပ်ထားသဖြင့် ရုပ်ရည်အစစ်ကို မမြင်ရသော်လည်း သွယ်လျလှပသောခန္ဓာကိုယ်မှာမူ အထင်းသားပေါ်လွင်နေသည်။
သူမသည် ယခုအချိန်တွင် အတင့်ရဲစွာရယ်မောနေသဖြင့် ကော်ကျင့်ချွမ်း၏မျက်နှာမှာ ပို၍ပင် အကျည်းတန်သွားသည်။
ကော်ကျင့်ချွမ်းက မေးလိုက်သည်။
"သေခါနီးလူက... ဘာကိုရယ်နေတာလဲ..."
"နာမည်ကျော်သိုင်းဆရာကြီးက တွေ့ရုံနဲ့တင် လက်မောင်းတစ်ဖက် အဖြတ်ခံလိုက်ရတယ်..."
"အစွမ်းထက်လှပါတယ်ဆိုတဲ့လူကလည်း... အခုတော့ ငကြောက်တစ်ကောင်လို ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး စောင့်ကြည့်နေရတယ်..."
"ရှင်တို့နှစ်ယောက် ဒီလိုအခြေအနေမျိုး ရောက်သွားတာကို မြင်ရတာ ဒီက မရယ်သင့်ဘူးလား..."
ထိုအမျိုးသမီးက ရယ်မောရင်းပြောလိုက်သည်။
သို့သော် သူမ၏အသံမှာ သိပ်မကျယ်လှပေ။
ခန္ဓာကိုယ်တွင် ဒဏ်ရာရထားပြီး မကြာသေးမီက သေမင်းတံခါးဝမှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သဖြင့် သူမ၏အခြေအနေမှာ မကောင်းလှပေ။
ကော်ကျင့်ချွမ်း... ခေါင်းကို အသာအယာခါယမ်းရင်း ပြောလိုက်သည်။
"ငါမှတ်မိတာမမှားဘူးဆိုရင် မင်းက ရှမိသားစုရဲ့သမီးအငယ်ဆုံး ရှဝမ်ရွှမ်း ဖြစ်ရမယ်..."
"အဲဒီတုန်းက ဂိုဏ်းချုပ်က ငါတို့ကို ဦးဆောင်ပြီး မင်းတို့ရှမိသားစုတစ်စုလုံးကို သတ်ခဲ့တုန်းက မင်းကကံကောင်းလို့ အိမ်မှာမရှိတာ..."
"ဒီနှစ်တွေအတွင်း မင်းပေါ်မလာခဲ့သလို ငါတို့လည်း အမြစ်ပြတ်အောင် လိုက်မသတ်ခဲ့ဘူး..."
"မင်းဘာသာမင်း အသက်ကိုတန်ဖိုးထားပြီး လင်ယူသားမွေးလုပ်နေရင် မကောင်းဘူးလား... ဘာလို့ ကိုယ့်သေတွင်းကိုယ်တူးနေရတာလဲ..."
သူကပြောရင်းနှင့် ရှဝမ်ရွှမ်းထံသို့ လျှောက်လှမ်းသွားသည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင် အရပ်မျက်နှာအားလုံးကို တိတ်တဆိတ် သတိထားစောင့်ကြည့်နေ၏။
သတိထားစောင့်ကြည့်နေသောကြောင့် ထိုလူပေါ်မလာသေးခြင်း ဖြစ်ပေမည်။
ထို့ကြောင့် သူက ရှဝမ်ရွှမ်းကို သတ်မည့်ဟန်ဆောင်ကာ တမင်ဟာကွက်ပြလိုက်ခြင်း ဖြစ်သည်။
ထိုလူလှုပ်ရှားလာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သောတိုက်ခိုက်မှုဖြင့် တုံ့ပြန်ရန်ပြင်ဆင်ထား၏။
သို့သော် သူ ရှဝမ်ရွှမ်း၏ရှေ့သို့ ရောက်သွားသည်အထိ ပတ်ဝန်းကျင်တွင် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ပေ။
ဤအခိုက်အတန့်တွင် ကော်ကျင့်ချွမ်းပင်လျှင် မိမိကိုယ်ကို စိုးရိမ်စိတ်လွန်ကဲနေမိသလောဟု သံသယဝင်မိတော့သည်။
သို့သော် ထိုလူရောက်မလာခဲ့လျှင် ပိုကောင်းပေသည်။
ရှဝမ်ရွှမ်းကိုသတ်ပြီးနောက် ဤကိစ္စကို ဂိုဏ်းချုပ်ထံအစီရင်ခံကာ ထျန်းဝူမြို့ရှိ ရှန်ရှာဂိုဏ်း၏သိုင်းဆရာအားလုံးကို စုစည်းပြီး ထိုသိုင်းပညာရှင်ကို ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်လိုက်ရုံသာ ကျန်သည်။
စိတ်ထဲတွင် ဤသို့တွေးတောရင်း သူလှုပ်ရှားရန်ပြင်လိုက်စဉ် တစ်ကိုယ်လုံးအေးစိမ့်သွားသည်ဟု ခံစားလိုက်ရသည်။
ဤအေးစိမ့်မှုမှာ စိတ်ထင်သက်သက်မဟုတ်ပေ။
သူ ရုတ်တရက်လှည့်ကြည့်လိုက်ရာ မေချန်လော့၏ကျောဘက်တွင် မည်သည့်အချိန်မှစ၍ ရောက်နေမှန်းမသိသော အရိပ်မည်းတစ်ခုကို တွေ့လိုက်ရသည်။
ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်ထားသဖြင့် ကော်ကျင့်ချွမ်းအနေဖြင့် တစ်ဖက်လူ၏ရုပ်ရည်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
သို့သော် ဓားကို ကိုင်ထားသောလက်ကိုမူ မြင်တွေ့နိုင်သည်။
ဓားသွားမှာ မေချန်လော့၏လည်ပင်းရှေ့တွင် ကန့်လန့်ဖြတ်ကာထားပြီး မေချန်လော့မှာ ပါးစပ်လှုပ်နေသော်လည်း အသံတစ်သံမှ ထွက်မလာပေ။
သူ အသံတိတ်အကြောပိတ်ခြင်း ခံလိုက်ရသည်။
ခန္ဓာကိုယ်မှာလည်း ချုပ်နှောင်ခံထားရပြီး လက်မောင်းများကိုလှုပ်ရှားနိုင်သော်လည်း နောက်ဘက်မှလူကိုမူ ဖမ်းဆွဲနိုင်စွမ်းမရှိပေ။
သေမည်ကို စောင့်ဆိုင်းရုံမှတစ်ပါး အခြားနည်းလမ်းမရှိတော့ပေ။
ကော်ကျင့်ချွမ်းက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
"ရပ်လိုက်စမ်း..."
သူ့နှလုံးသားတစ်ခုလုံး အေးစက်သွားရသည်။
သူသည် လုံလောက်စွာသတိထားခဲ့ပြီး ရှဝမ်ရွှမ်းကိုအသုံးချကာ ဟာကွက်ပြသည့်အစီအစဉ်လည်း အောင်မြင်ခဲ့သည်။
သို့သော် ရလဒ်မှာမူ တွေးထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။
ဤလူ မည်သည့်အချိန်တွင်ပေါ်လာသည်ကို လုံးဝမရိပ်မိခဲ့ပေ။
ဤလူ လှုပ်ရှားသွားလာရာတွင် အသံတစ်စိုးတစ်စိမျှမထွက်ခဲ့ပေ။
အတွေးများပေါ်လာသည့် တစ်ခဏအတွင်းမှာပင် ဓားသွားသည် မေချန်လော့၏လည်ပင်းကို တစ်ပတ်ပတ်ကာ ဖြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
ဦးခေါင်းမှာ မြေပြင်ပေါ်သို့ပြုတ်မကျသွားဘဲ အခြားလက်တစ်ဖက်က ဆံပင်မှ ဆွဲကိုင်ထားလိုက်သည်။
ကော်ကျင့်ချွမ်းက ဒေါသကြောင့် မျက်လုံးများပြူးကျယ်သွားရသည်။
သူနှင့်မေချန်လော့သည် ဆယ်စုနှစ်ပေါင်းများစွာရင်းနှီးခဲ့ကြပြီး ရှန်ရှာဂိုဏ်း၏ခေါင်းဆောင်များအဖြစ် အသီးသီး တာဝန်ယူထားကြသူများဖြစ်သည်။
နေ့စဉ်သဘောထားကွဲလွဲမှု အနည်းငယ်ရှိတတ်သော်လည်း သံယောဇဉ်အလွန်နက်ရှိုင်းကြသည်။
တစ်နေ့နေ့တွင် မေချန်လော့၏ဦးခေါင်း ဖြတ်တောက်ခံရသည်ကို မိမိမျက်စိရှေ့မှောက်တွင် မြင်တွေ့ရမည်ဟု လုံးဝမထင်ထားခဲ့ပေ။
သို့သော် မိမိအနေဖြင့် မည်သည့်အရာကိုမျှ မလုပ်နိုင်ခဲ့ပေ။
ကော်ကျင့်ချွမ်းက ခြေထောက်ကိုအားပြုကာ လွှတ်လိုက်သောမြားတစ်စင်းကဲ့သို့ ပြေးဝင်သွားသည်။
သို့သော် များမကြာမီ မေချန်လော့၏ ခေါင်းပြတ်နေသောအလောင်းမှာ လေကိုခွင်းကာ သူ့ထံသို့ ပြင်းထန်စွာလွင့်စင်လာခဲ့သည်။
ကော်ကျင့်ချွမ်းမျက်နှာပျက်သွားသော်လည်း လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ မေချန်လော့၏ခေါင်းပြတ်အလောင်းကို ဖမ်းဆွဲလိုက်စဉ် အလောင်းပေါ်တွင် ခရမ်းရောင်အလင်းတန်းများ ရစ်သိုင်းနေပြီး အတွင်းအားအငွေ့အသက်များပါဝင်နေသည်ကို ခံစားလိုက်ရသည်။
သူသည် ထိုအလောင်း၏အရှိန်ကြောင့် မတတ်သာဘဲ နောက်သို့ဆက်တိုက်ဆုတ်ခွာသွားရသည်။
အခန်းတံခါးရှေ့သို့ ရောက်မှသာ ရပ်တန့်နိုင်ခဲ့သည်။
ခေါင်းကို ပြန်မော့ကြည့်လိုက်သောအခါ ခြံဝင်းထဲတွင် ထိုလူ၏အရိပ်အယောင်ပင် မရှိတော့ပေ။
ကော်ကျင့်ချွမ်းက အသံနှိမ့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ထွက်ခဲ့စမ်း..."
သူ အသံကုန်အော်ဟစ်ခြင်းမပြုရသည်မှာ အဓိကအားဖြင့် ထျန်းဝူအစောင့်တပ်၏ သတိပြုမိခြင်းကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သူက တံခါးဘေးရှိ နဂါးခေါင်းတုတ်ကောက်ကို လှမ်းကိုင်လိုက်သည်။
၎င်းမှာ သူ၏လက်နက် ဖြစ်သည်။
ကွေ့ကျန့်ဖူလုံဟူသောအမည်မှာ သူ၏ 'ဖူလုံတုတ်ကောက်သိုင်း'ကြောင့်ဖြစ်ပြီး ရှေ့မှ 'ကွေ့'ဟူသောစာလုံးမှာ ဤလူ၏လှည့်ကွက်များကို ဖော်ညွှန်းခြင်းဖြစ်သည်။
သို့သော် သူ၏လှည့်ကွက်များမှာ ယခုအခါတွင် အသုံးမဝင်တော့ပေ။
ထိုသူသည် သရဲတစ္ဆေကဲ့သို့လျှို့ဝှက်ဆန်းကြယ်ပြီး မေချန်လော့ကို အလွယ်တကူသတ်ဖြတ်သွားခဲ့သည်။
ရှန်ရှာဂိုဏ်း၏တတိယခေါင်းဆောင်ကို သတ်ဖြတ်သည်မှာ သာမန်လူတစ်ယောက်ကို သတ်ဖြတ်လိုက်သကဲ့သို့ပင် ဖြစ်သည်။
ဤကဲ့သို့သောစွမ်းရည်မျိုးကြောင့် အခြားအရာများကိုတွေးတောရန် အချိန်မရှိတော့ပေ။
သူ၏အော်ဟစ်သံအပြီးတွင် အရာတစ်ခုထွက်ပေါ်လာခဲ့သည်။
လေကိုခွင်းကာ တစ်စုံတစ်ခုက ပြင်းထန်စွာပြေးဝင်လာသည်။
ကော်ကျင့်ချွမ်းက ၎င်းမှာ မေချန်လော့၏ဦးခေါင်းဖြစ်ကြောင်း ချက်ချင်းပင်ရိပ်မိလိုက်သည်။
တုတ်ကောက်ဖြင့်ရိုက်ချကာ ထိုဦးခေါင်းကို တိုက်ရိုက်ခွဲပစ်ရန် စိတ်ကူးရှိသော်လည်း...
နောက်ဆုံးတွင် စိတ်မဖြတ်နိုင်သဖြင့်...
သူက ဘေးသို့ရှောင်တိမ်းလိုက်ပြီး ထိုဦးခေါင်းကို အခန်းထဲသို့လွင့်စင်သွားစေလိုက်သည်။
ဦးခေါင်းလာရာလမ်းကြောင်းအတိုင်း ပုန်းကွယ်နေသူကို ရှာဖွေရန်ပြင်လိုက်စဉ် နောက်ဘက်မှ လေပြင်းတစ်ချက် ရုတ်တရက်တိုက်ခတ်လာသည်။
'ဘယ်အချိန်ကတည်းက ငါ့နောက်ကို ရောက်လာတာလဲ...'
ကော်ကျင့်ချွမ်း၏ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး ရုတ်တရက်လှည့်ကာ နဂါးခေါင်းတုတ်ကောက်ကို ဝှေ့ယမ်းလိုက်ရာ ဝုန်းခနဲအသံနှင့်အတူ နောက်ဘက်မှလူကို ရိုက်ထုတ်လိုက်သည်။
သို့သော် ကော်ကျင့်ချွမ်း၏မျက်နှာတွင် ဝမ်းသာရိပ် အနည်းငယ်မျှပင်မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူ ရိုက်ထုတ်လိုက်သောအရာမှာ...
ရှဝမ်ရွှမ်းဖြစ်နေသောကြောင့် ဖြစ်သည်။
လှစ်ခနဲဖြတ်ပြေးသွားသော ဓားအလင်းတန်းကို မျက်လုံးထောင့်မှမြင်လိုက်ရပြီး အေးစက်လှသောသတ်ဖြတ်လိုစိတ်အငွေ့အသက်မှာ မိမိ၏နောက်ကျောသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤတစ်ကြိမ်မှာမူ...
အစစ်အမှန်ဖြစ်သည်။
သို့သော် ကော်ကျင့်ချွမ်းအနေဖြင့် လှည့်ကြည့်ရန်အချိန်မရတော့ပေ။
အစောပိုင်းက သူအားကုန်သုံး၍ တိုက်ခိုက်ခဲ့သဖြင့် ယခုအခါ အားအင်ဟောင်းကုန်ခမ်းကာ အားအင်သစ်မမွေးနိုင်သေးပေ။
နောက်ကွယ်မှဓားချက်မှာ မိမိ၏အသက်ကို နှုတ်ယူမည်ဖြစ်ကြောင်း သိနေသော်လည်း...
ပြန်မတုံ့ပြန်နိုင်တော့ပေ။
ရှီး...
ဓားသွားက အသားထဲသို့တိုးဝင်သွားပြီး အဝတ်စုတ်ပြဲသွားသကဲ့သို့ အသံတစ်ခုထွက်ပေါ်လာသည်။
ဤဓားချက်မှာ ပခုံး သို့မဟုတ် အခြားနေရာမှခုတ်ပိုင်းလာမည်ဟု ထင်ထားသော်လည်း ဂျိုင်းအောက်မှတိုးဝင်လာမည်ဟု လုံးဝမထင်ထားခဲ့ပေ။
၎င်းမှာ ခုတ်ပိုင်းခြင်းမဟုတ်ဘဲ...
ထိုးစိုက်ခြင်း ဖြစ်သည်။
ဓားသွားက ပခုံးမှ တိုက်ရိုက်ထိုးထွက်သွားပြီး သွေးများပန်းထွက်လာသည်။
၎င်းတို့မှာ မိမိ၏သွေးများဖြစ်ကြောင်း တွေးမိရုံဖြင့် ကော်ကျင့်ချွမ်း တစ်ကိုယ်လုံးအေးစိမ့်သွားရသည်။
သူက ထိတ်လန့်တုန်လှုပ်စွာအော်ဟစ်ရင်း ရုန်းထွက်ရန်ကြိုးစားလိုက်သည်။
သို့သော် ခန္ဓာကိုယ်မှာ ဓားဖြင့်အထိုးခံထားရသဖြင့် မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။
ဓားသွား၏လှုပ်ရှားမှု ပြောင်းလဲသွားပြီး ဖျတ်ခနဲအသံနှင့်အတူ လက်မောင်းတစ်ဖက်ပြတ်တောက်သွားသည်။
ထို့နောက် ခြေကျင်းဝတ်နှစ်ဖက်လုံး အေးစိမ့်သွားသဖြင့် ငုံ့ကြည့်လိုက်ရာ ခြေကျင်းဝတ်များမှ သွေးများစီးကျနေသည်ကို တွေ့လိုက်ရသည်။
သူက ရှေ့သို့လှမ်းရန်ပြင်လိုက်ရာ ခြေထောက်မှာ ကြွတက်လာသော်လည်း ခြေဖဝါးများမှာမူ မူလနေရာတွင် ကျန်ရစ်ခဲ့သည်။
ဝုန်းခနဲအသံနှင့်အတူ တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွားတော့သည်။
သူ၏ခေါင်းပေါ်မှ အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"မင်းက ငါ့ကို ထွက်လာခိုင်းတယ်... ငါထွက်လာပြီ... မင်းဘာတတ်နိုင်သေးလဲ…”