← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) - အစစ်နှင့် အတု

မျက်စိတစ်မှိတ်အတွင်းမှာပင်...

အစောပိုင်းတွင် တည်ငြိမ်အေးဆေးနေခဲ့သောကော့ကျင့်ချွမ်းသည် ယခုအခါ မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်ကဲ့သို့ ဝပ်စင်းနေပြီး မျက်နှာတစ်ခုလုံးပြာနှမ်းနေတော့သည်။

ယခုအခြေအနေတွင် သူ ဘာတတ်နိုင်ဦးမည်နည်း။ မျက်စိမှိတ်ကာ သေမင်းကို စောင့်ဆိုင်းခြင်းမှတစ်ပါး အခြားရွေးချယ်စရာလမ်းမရှိတော့ပေ။

သူသည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သော်လည်း ချူချင်း၏မျက်နှာကို မမြင်ရပေ။ သူက မျက်နှာဖုံးစွပ်ထားသောကြောင့် ဖြစ်သည်။

ကော့ကျင့်ချွမ်း၏အသံသည်လည်း တုန်ရီလာပြီးမေးလိုက်သည်။

"မင်း... တကယ်ပဲ ဘယ်သူလဲ..."

သူခံစားနေရသောနာကျင်မှုမှာ မေချန်လော့ထက်ပင် ပိုမိုပြင်းထန်နေသည်။

သူ့လက်မောင်းမှာ ပခုံးဆစ်မှ တိုက်ရိုက်ဖြုတ်ချခံထားရပြီး ခြေထောက်နှစ်ဖက်လုံးမှာလည်း တိတိရိရိဖြတ်တောက်ခံထားရသည်။

ဤလူ၏ဓားသိုင်းမှာ မြန်ဆန်လွန်းပြီး ရက်စက်ထူးခြားနေသည်။

သို့သော် ကော့ကျင့်ချွမ်းသည် သူသိသမျှ ဓားသမားအားလုံးကို သေချာစွာစဉ်းစားကြည့်သော်လည်း ဤလူနှင့် တိုက်ဆိုင်သူတစ်ဦးမျှမရှိပေ။

ချူချင်းက ပေါ့ပေါ့ပါးပါးရယ်မောရင်း ပြောလိုက်သည်။

"လမ်းကြုံလို့ ဝင်ကူညီပေးတဲ့ စေတနာရှင်တစ်ယောက်ပါ..."

"မင်းတို့တစ်သိုက်က အပြစ်မဲ့တဲ့မိန်းကလေးတစ်ယောက်ကို လိုက်သတ်နေကြတာတင်မကဘူး... အခုလည်း သက်သေဖျောက်ဖို့ လူသတ်နေကြတာကို မြင်လိုက်ရလို့လေ..."

"တကယ်ပဲ ကြည့်မနေနိုင်တော့လို့... မတရားတာကို ဝင်ကူညီပေးရုံသက်သက်ပါ..."

"..."

ဤသည်မှာ အဓိပ္ပာယ်မရှိသောစကားသာ ဖြစ်သည်။

ကော့ကျင့်ချွမ်းသည် ဤစကားများကို တစ်လုံးမျှမယုံကြည်ပေ။

သူက ခါးသီးစွာပြုံးလိုက်ရင်း ပြောလိုက်သည်။

"ထားလိုက်ပါတော့... ငါ့ကို မြန်မြန်သာသတ်ပေး..."

ယခု သူအသက်ရှင်ရန်လမ်းမရှိတော့ပေ။ ချူချင်းက သူ့ကိုမသတ်လျှင်ပင် ပြင်းထန်သောဒဏ်ရာရှိန်ဖြင့် သေဆုံးရမည်သာ ဖြစ်သည်။

နာကျင်မှုကို တဖြည်းဖြည်းချင်းခံစားရင်း သေဆုံးရမည့်အစား ချူချင်း၏ဓားချက်ဖြင့် ချက်ချင်းအသက်ပျောက်သွားခြင်းက ပို၍ကောင်း‌ပေမည်။

ချူချင်းက ခေါင်းယမ်းလိုက်ရင်း ပြောလိုက်သည်။

"မင်းဆီကနေ သိချင်တဲ့ကိစ္စ ရှိသေးတယ်..."

"မင်းတို့ ရှန်ရှာဂိုဏ်းက ဝမ်ယဲ့တောင်ကြားကို လက်အောက်ခံအဖြစ် အညံ့ခံလိုက်ပြီလား..."

ကော့ကျင့်ချွမ်း၏မျက်နှာမှာ အေးစက်သွားပြီး ပြောလိုက်သည်။

"သူတို့က... ထိုက်တန်လို့လား..."

ချူချင်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

"ဒါဆိုရင် မဟာမိတ်ဖွဲ့လိုက်ကြတာပေါ့..."

"ပြောစမ်းပါဦး... မင်းတို့ ဒီထျန်းဝူမြို့ထဲမှာ ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ... ပြီးတော့ ဘယ်လိုနည်းနဲ့ ခိုးဝင်လာကြတာလဲ..."

"ထျန်းဝူမြို့ရဲ့ကာကွယ်ရေးက ဘယ်လောက်ပဲ ပေါ့လျော့နေပါစေဦးတော့... မင်းတို့လို အကျော်အမော်တွေကို ဒီလောက်လွယ်လွယ်နဲ့ခိုးဝင်ပြီး ပုန်းအောင်းခွင့်ပေးမယ်လို့တော့ မထင်ဘူး..."

"မင်းတို့ ရှန်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ချန်စစ်ဟိုင်ကော ထျန်းဝူမြို့ထဲမှာရှိလား..."

ကော့ကျင့်ချွမ်းက ချူချင်းကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။

"ထျန်းဝူမြို့ထဲကို ခိုးဝင်ဖို့ လော့ယွီခန်းမဆောင်က ကူညီပေးခဲ့တာ..."

"လော့ယွီခန်းမဆောင်ရဲ့ လျှို့ဝှက်လမ်းကြောင်းကနေ ခိုးဝင်လာတာ..."

"မင်းပြောတာမှန်တယ်... ငါတို့ကြားမှာ မဟာမိတ်ဖွဲ့ထားတယ်..."

"အတွင်းအပြင်ညှပ်တိုက်ပြီး ထျန်းဝူမြို့ကိုသိမ်းပိုက်ဖို့ပဲ... အဲဒီအချိန်ကျရင် ထျန်းဝူမြို့ရဲ့အင်အားစုတွေကို နှစ်ခြမ်းခွဲပြီး ငါတို့ရှန်ရှာဂိုဏ်းနဲ့ ဝမ်ယဲ့တောင်ကြားက တစ်ဝက်စီ အပိုင်စားရဖို့ကြံထားတာ..."

ဤနေရာသို့ရောက်သောအခါ သူကခဏရပ်လိုက်ပြီး အေးစက်စွာရယ်မောရင်း ပြောလိုက်သည်။

"တကယ်လို့ ဂိုဏ်းချုပ်သာ အခု ထျန်းဝူမြို့ထဲမှာရှိနေရင် မင်းဒီလိုမျိုး ရမ်းကားခွင့်ရမှာ မဟုတ်ဘူး..."

"ဒီညတော့ မင်းသေကိုသေရမှာ..."

ကော့ကျင့်ချွမ်း၏စကားသံဆုံးသည်နှင့် ထောင့်တစ်နေရာမှ အားနည်းသောအသံတစ်သံ ထွက်ပေါ်လာသည်။

"သူ လိမ်ပြောနေတာ..."

"ချန်စစ်ဟိုင်က ထျန်းဝူမြို့ထဲမှာရှိတယ်..."

ကော့ကျင့်ချွမ်း၏မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

လိမ်ညာမှုဟူသည် အမှန်အမှားကို အနည်းငယ်ရောနှောထားတတ်သည်။

သူသည် လော့ယွီခန်းမဆောင်၏ လျှို့ဝှက်လမ်းကြောင်းအကြောင်းကို ပြောပြခဲ့ခြင်းမှာ သတင်းပေးလိုက်ခြင်းဖြစ်ပြီး အကြောင်းပြချက်မှာလည်း ယုတ္တိရှိလှသည်။

သူကွယ်ဝှက်ထားချင်သည်မှာ ဂိုဏ်းချုပ်၏သတင်းအချက်အလက် တစ်ခုတည်းသာ ဖြစ်သည်။

သို့သော် ချူချင်းဘက်မှ ပြန်မတုံ့ပြန်သေးခင်မှာပင် ရှဝမ်ရွှမ်းက တိုက်ရိုက်ဖွင့်ချလိုက်လေသည်။

ယနေ့ညဖြစ်ပျက်ခဲ့သမျှကို ပြန်ကြည့်လျှင် ကော်ကျင့်ချွမ်း နောင်တအရဆုံးမှာ မေချန်လော့ဝင်လာစဉ်ကတည်းက ဤရှဝမ်ရွှမ်းကို ချက်ချင်း လည်ပင်းညှစ်မသတ်ခဲ့မိခြင်းဖြစ်သည်။

ဤမိန်းကလေး၏အသက်မှာ သူ့လက်ခုပ်ထဲက ရေကဲ့သို့ဖြစ်နေပြီဟု သူထင်မှတ်ထားခဲ့သည်။

သူမကိုအသုံးချပြီး ချူချင်းကိုမျှားထုတ်နိုင်မည်ဟုပင် တွေးခဲ့သော်လည်း...

ချူချင်း၏သိုင်းပညာမှာ သူထင်ထားသည်ထက် များစွာပိုမိုအစွမ်းထက်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ အောင်မြင်ဟန်ဖြင့် ကျရှုံးခဲ့ရသည်။

ချူချင်းကို မျှားထုတ်နိုင်ခဲ့သော်လည်း မေချန်လော့မှာ ချူချင်း၏ဓားချက်ဖြင့် ခေါင်းဖြတ်ခံလိုက်ရသည်။

ထို့နောက် ချူချင်းနှင့်ရင်ဆိုင်နေရစဉ်အတွင်း ရှဝမ်ရွှမ်း၏ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့်သာ ဤကဲ့သို့ အရှုံးကြီးရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ ရှဝမ်ရွှမ်းသာ ထိုအချိန်ကသေဆုံးသွားခဲ့လျှင် သူသည် ဤကဲ့သို့သောအဆုံးသတ်မျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။

သို့သော် သူကိုယ်တိုင်ပင် ဤမေးခွန်းအတွက် အဖြေမရှိပေ။

ချူချင်း၏သိုင်းပညာကို သူအကဲမဖြတ်နိုင်ခဲ့ပေ။

ဤလူသည် မြူခိုးများထဲမှ ထွက်ပေါ်လာသကဲ့သို့ သူ၏စွမ်းရည်အားလုံးကိုလည်း မြူခိုးများအောက်တွင် ဖုံးကွယ်ထားသည်။ သိုင်းပညာအလွန်မြင့်မားသော်လည်း မိမိကိုထိပ်တိုက်ရင်မဆိုင်ပေ။

ထိုအစား နည်းလမ်းမျိုးစုံဖြင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်။

သို့သော် ဤလူ၏ဓားသိုင်းတစ်ခုတည်းနှင့်တင် သူသည် သာမန်လူမဟုတ်ကြောင်း ထင်ရှားလှပေသည်။

အကယ်၍ အသက်နှင့်ရင်းပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့လျှင်ပင် မည်သူနိုင်မည်ကို ခန့်မှန်းရန် ခက်ခဲလှပေသည်။

ဤသည်မှာ ကော့ကျင့်ချွမ်း အကဲမဖြတ်နိုင်ခြင်းကို အပြစ်ပြော၍မရပေ။ လူသတ်သမားတစ်ဦးအနေဖြင့် ချူချင်းသည် ကျန်းဟူလမ်းစဉ်အတိုင်း လျှောက်လှမ်းသူမဟုတ်ပေ။

ထိုသိုင်းသမားများသည် ကွယ်ရာတွင် ချောင်းမြောင်းတိုက်ခိုက်ခြင်းကို စက်ဆုပ်ကြပြီး ရဲရဲဝံ့ဝံ့ ထိပ်တိုက်ရင်ဆိုင်ခြင်းကိုသာ နှစ်သက်ကြသည်။

သို့သော် လူသတ်သမားတစ်ဦးအတွက် ရဲရဲဝံ့ဝံ့ ထိပ်တိုက်ရင်ဆိုင်ရန် လိုအပ်ပါသလော။

တစ်နေ့တွင် သိုင်းပညာက တစ်လောကလုံးကို လွှမ်းမိုးနိုင်သည့်အဆင့်သို့ ရောက်မသွားသေးရွေ့ သူသည် အခွင့်အရေးကိုဦးစွာရယူပြီး အသာစီးရရန်သာ ကြိုးစားမည် ဖြစ်သည်။

အသာစီးမရနိုင်ခဲ့လျှင်ပင် အတင်းအကျပ် ရယူ‌ပေမည်။

ဤသည်ကသာ လူသတ်သမားတစ်ဦး၏ အခြေခံအရည်အချင်း ဖြစ်သည်။

ချူချင်းက ကော်ကျင့်ချွမ်းကို တိတ်တဆိတ်ကြည့်လိုက်ပြီးနောက် အကြည့်ကို ရှဝမ်ရွှမ်းထံသို့ရွှေ့ကာ မေးလိုက်သည်။

"မင်းကကော ချန်စစ်ဟိုင် ထျန်းဝူမြို့ထဲမှာ ရှိနေတာကို ဘယ်လိုလုပ်သိတာလဲ..."

ရှဝမ်ရွှမ်းက ပြောလိုက်သည်။

"ရှန်ရှာဂိုဏ်းက ငါ့မိသားစုတစ်စုလုံးကို သတ်ခဲ့တဲ့ရန်သူတွေပဲ... ငါ သိုင်းပညာ တတ်မြောက်ကတည်းက ချန်စစ်ဟိုင်နဲ့ အပေါင်းအပါလူယုတ်မာအားလုံးကို သတ်ပစ်ဖို့ အမြဲကြံနေခဲ့တာ..."

"ဒါကြောင့် ငါက ရှန်ရှာဂိုဏ်းရဲ့အပြင်ဘက်မှာ ပုန်းအောင်းပြီး သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့တာ..."

"အဲဒါကြောင့် ချန်စစ်ဟိုင်၊ ကော်ကျင့်ချွမ်း၊ မေချန်လော့နဲ့ ရှန်ရှာဂိုဏ်းရဲ့ အစောင့်အရှောက်လေးယောက် ရှန်ရှာဂိုဏ်းကနေ ထွက်လာပြီး ထျန်းဝူမြို့ကို လာခဲ့တာကို ငါသိနေတာ..."

ရှဝမ်ရွှမ်းသည် ဤနေရာသို့ရောက်သောအခါ အသက်ရှူသံများမမှန်တော့ဘဲ အမောဖြေရန် ခဏနားလိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"သူက လျှို့ဝှက်လမ်းကြောင်းကနေ ထျန်းဝူမြို့ထဲကို ဝင်လာခဲ့တယ်လို့ ပြောတာကတော့ မမှားနိုင်ဘူး..."

"သူတို့ တောအုပ်တစ်ခုထဲကိုရောက်သွားပြီး လျှို့ဝှက်လမ်းကြောင်းထဲကို တစ်ယောက်ယောက်က ခေါ်သွားတာကို ငါကိုယ်တိုင် မြင်ခဲ့ရတယ်…”

“ငါကတော့ အထဲကို လွယ်လွယ်နဲ့ မဝင်ရဲခဲ့ဘူး... ဒါပေမဲ့ သူတို့ကို လာကြိုတဲ့လူက လော့ယွီခန်းမဆောင်ရဲ့ ခန်းမသခင်လေးထန်ရှီး ဖြစ်နေတာကို ငါသိလိုက်ရတယ်..."

"အဲဒီနောက် ငါ မြို့ပြင်မှာ ရက်နည်းနည်းလောက် စောင့်ကြည့်နေခဲ့ပေမဲ့ သူတို့အရိပ်အယောင်ကိုတောင် မတွေ့ရတော့မှ ထျန်းဝူမြို့ထဲကို ဝင်လာခဲ့တာ..."

"တိတ်တိတ်လေး စုံစမ်းကြည့်ပြီးမှ ကော်ကျင့်ချွမ်းနဲ့ မေချန်‌လော့နေတဲ့နေရာကို ရှာ‌တွေ့ခဲ့တာ..."

"နှမြောစရာကောင်းတာက ချန်စစ်ဟိုင်ကတော့ အပုန်းကောင်းလို့...ရှာမတွေ့ခဲ့ဘူး..."

ချူချင်းက ခေါင်းညိတ်လိုက်ပြီး ကော်ကျင့်ချွမ်းကိုပြောလိုက်သည်။

"မင်း တွေ့တဲ့အတိုင်းပဲ... ဒီမိန်းကလေးရဲ့စကားက မင်းစကားထက် ပိုပြီးယုံကြည်ရတယ်လို့ ငါထင်တယ်..."

"မင်းလည်း ထပ်ပြီးပြောပြပါဦး... ချန်စစ်ဟိုင်က အခုဘယ်မှာရှိနေတာလဲ..."

ကော်ကျင့်ချွမ်းသည် တစ်ကိုယ်လုံးမှ ခွန်အားများဆုတ်ယုတ်သွားသကဲ့သို့ ချူချင်းကို အားနည်းစွာကြည့်လိုက်ရင်း ပြောလိုက်သည်။

"ဂိုဏ်းချုပ် ဘယ်နေရာမှာရှိနေလဲဆိုတာကို ငါလည်း တကယ်မသိဘူး..."

"ဒါကတော့ ပူးပေါင်းဖို့ ငြင်းဆန်လိုက်တာပဲ..."

ချူချင်းက သက်ပြင်းချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိအကြောအချို့ကို ပိတ်ဆို့လိုက်ကာ သွေးထွက်နှုန်းကိုနှေးကွေးသွားစေသည်။

ထို့နောက် သူသည် မေချန်လော့၏အလောင်းကို ရှာဖွေကာ သူ့ကိုယ်ပေါ်ရှိပစ္စည်းများကို နှိုက်ယူလိုက်သည်။

သူသည် ရှန်ရှာဂိုဏ်း၏တတိယခေါင်းဆောင် ဖြစ်သဖြင့် သူ့ကိုယ်ပေါ်ရှိပစ္စည်းများမှာ အခြားသူများထက် ပိုမိုများပြားလှသည်။

ငွေစက္ကူများမှာပင် တစ်ရာကျော်အထိရှိနေပြီး ရွှေနှင့်ငွေတုံးများလည်း အမြောက်အမြားထွက်လာကာ ပိုက်ဆံအိတ်ထဲတွင် ပြည့်လျှံနေတော့သည်။

၎င်းအပြင် ကြွေပုလင်းငယ်သုံးလုံးလည်း ရှိနေသေးသည်။

ထိုပုလင်းများထဲတွင် မည်သည့်အရာများ ပါဝင်သည်ကို ခွဲခြားရန်ခက်ခဲလှသည်။

ချူချင်းသည် လက်နက်ပုန်းများကိုကျွမ်းကျင်ပြီး အဆိပ်များကိုလည်း သေချာလေ့လာထားသူဖြစ်သော်လည်း မည်သည့်အရာက ဝမ်ရို၏အဆိပ်ကိုပြေစေနိုင်မည်ကို မသိနိုင်ပေ။

ချူချင်း ဤအရာများကိုလုပ်ဆောင်နေစဉ် ရှဝမ်ရွှမ်းက သူ့ကိုစိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။

သူမ၏အကြည့်ကို ခံနေရသဖြင့် ချူချင်းက ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် မေချန်လော့၏ပိုက်ဆံအိတ်ထဲမှ ရွှေတုံးအသေးတစ်တုံးကိုထုတ်ယူကာ သူမထံသို့ပစ်ပေးရင်း ပြောလိုက်သည်။

"မြင်တဲ့သူတိုင်း ဝေစုရရမယ်လေ..."

"..."

ရှဝမ်ရွှမ်းက ချူချင်းကိုကြည့်သည့် အကြည့်များ ပြောင်းလဲသွားသော်လည်း တစ်ခဏမျှ စဉ်းစားပြီးနောက် ဤကိစ္စကို အာရုံမစိုက်တော့ဘဲ မေးလိုက်သည်။

"မင်းက ချန်စစ်ဟိုင်ကို ဘာလို့ရှာနေတာလဲ…”

All Chapters