← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း (၄၆) - လုပ်ငန်းသစ်

ချူချင်းက ဤမေးခွန်းကို မကြားချင်ယောင်ဆောင်လိုက်သည်။

သူက မေချန်လော့၏ အဝတ်အစားများကိုသာ ဆက်လက်ရှာဖွေနေပြီး ခဏအကြာတွင် သူ၏အင်္ကျီလက်ဝမှ အပ်အိတ်ငယ်တစ်ခုကို ရှာတွေ့သွားခဲ့သည်။

သူက ပြုံးလိုက်ပြီးပြောလိုက်သည်။

"ရှာတွေ့ပြီ..."

"မေပွင့်အပ်..."

ရှဝမ်ရွှမ်း၏မျက်ဝန်းများ လှုပ်ခတ်သွားသည်။

ချူချင်းက သူမကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"မင်းသိတာလား... ဘယ်ဟာက အဆိပ်ဖြေဆေးလဲဆိုတာ..."

"ကျွန်မ မသိဘူး..."

ရှဝမ်ရွှမ်းက ခေါင်းခါပြလိုက်သည်။ ချူချင်းက သူမ၏စကားကို ပြန်မဖြေခဲ့သဖြင့် စိတ်ဆိုးဒေါသထွက်နေခြင်းမဟုတ်ပေ။

သူမ တကယ်မသိခြင်းသာ ဖြစ်သည်။

မေပွင့်အပ်ဟူသည် မေချန်လော့ မည်သည့်အခါမျှ ထုတ်ပြောလေ့မရှိသော လျှို့ဝှက်လက်နက် ဖြစ်သည်။ သူမသာ ရှန်ရှာဂိုဏ်းကို အမြဲမပြတ် စောင့်ကြည့်မနေခဲ့ပါက သိနိုင်မည် မဟုတ်ပေ။

ချူချင်းသည် မလာခင်ကတည်းက ဖြစ်နိုင်ခြေအမျိုးမျိုးကို စဉ်းစားထားခဲ့ပြီး ဖြစ်သည်။ အရိုးရှင်းဆုံးနည်းလမ်းမှာ မေချန်လော့ကို အဆိပ်ဖြေဆေးပေးရန် ခြိမ်းခြောက်မည်ပင်။

သို့သော် ကော်ကျင့်ချွမ်းကို မြင်လိုက်ရချိန်တွင် ဤနည်းလမ်းမှာ အလုပ်ဖြစ်ရန် ခဲယဉ်းကြောင်း သိလိုက်သည်။

ကော်ကျင့်ချွမ်းသည် ကွေ့ကျန့်ဖူလုံဟု အမည်ကျော်ပြီး စကားကို ပရိယာယ်ကြွယ်ဝစွာ ပြောတတ်သူ ဖြစ်သည်။ သူ၏စကားကို မျက်စိမှိတ်ယုံမိလျှင် ငတုံးသာဖြစ်လိမ့်မည်။

မေချန်လော့သည်လည်း ရှန်ရှာဂိုဏ်း၏ တတိယခေါင်းဆောင်ဖြစ်သဖြင့် အဆိပ်ဖြေဆေးကို လွယ်လွယ်ပေးမည်မဟုတ်ပေ။

ဤနေရာတွင် အချိန်ဖြုန်းပြီး မသေချာသော အဆိပ်ဖြေဆေးကို ရယူရန် ကြိုးစားနေမည့်အစား သူတို့ကို ဦးစွာချုပ်ကိုင်ထားပြီးမှ...

ချူချင်းက အပ်အိတ်ကိုကိုင်ကာ ကော်ကျင့်ချွမ်းနားသို့ လျှောက်သွားပြီး သူ၏လက်တစ်ဖက်ကို ဆွဲဖြန့်လိုက်ရင်း ပြောလိုက်သည်။

"မကြောက်ပါနဲ့... ငါ ညင်ညင်သာသာလေး လုပ်မှာပါ..."

'ညင်ညင်သာသာလေး ဘာလုပ်မှာလဲ...'

ကော်ကျင့်ချွမ်း တစ်ခဏမျှကြောင်အသွားပြီး သူ၏လက်ဖဝါးကို မေပွင့်အပ်ဖြင့် ထိုးလိုက်လေသည်။

သူ၏မျက်နှာက ချက်ချင်းပျက်ယွင်းသွားပြီး အော်လိုက်သည်။

"မင်းက ငါ့ကို မေပွင့်အပ်နဲ့ ထိုးရဲတယ်ပေါ့..."

"မြန်မြန်... အစိမ်းရောင်ပုလင်းထဲက အဆိပ်ဖြေဆေးပဲ..."

ချူချင်းက ထိုစကားကိုကြားသောအခါ လက်ထဲရှိပုလင်းများကို ကြည့်လိုက်ပြီး အစိမ်းရောင်ပုလင်းကို ဘေးသို့ဖယ်ထားလိုက်ရင်း ပြောလိုက်သည်။

"မင်းက ဒီညသေရမှာ သေချာနေတာကို ဘာလို့ ဒီလောက်နှမြောနေတာလဲ..."

"သေရင်သေပါစေ ချန်စစ်ဟိုင် ဘယ်မှာလဲဆိုတာကို ငါ့ကိုမပြောဘဲနဲ့ အခုကျမှ ငါ့လက်ကိုသုံးပြီး မင်းကိုမင်း အပြီးသတ်ချင်နေတာလား..."

"..."

ကော်ကျင့်ချွမ်း၏ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားတော့သည်။

ချူချင်းက ပြောလိုက်သည်။

"ခန့်မှန်းတာမှန်သွားပုံပဲ..."

ချူချင်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြောလိုက်သည်။

"မင်းတို့လိုလူတွေကတော့ တကယ်ကို စိတ်ပုပ်လွန်းတယ်..."

မေချန်လော့၏ကိုယ်ပေါ်တွင် ပုလင်းသုံးလုံးသာရှိပြီး အစိမ်းရောင်ပုလင်းကို ဖယ်လိုက်လျှင် နှစ်လုံးသာ ကျန်တော့သည်။

သူက အနီရောင်ပုလင်းကိုထုတ်ကာ ၎င်းထဲမှ ဆေးလုံးတစ်လုံးကို ကော်ကျင့်ချွမ်း၏ ပါးစပ်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

ကော်ကျင့်ချွမ်းက မျက်နှာသေဖြင့် ဆေးလုံးကို မျိုချလိုက်သည်။

ခဏအကြာတွင် သူ၏လက်ဖဝါးပေါ်ရှိ မည်းနက်နေသောအဆိပ်ရောင်များမှာ သိသိသာသာ လျော့ပါးသွားခဲ့သည်။

ချူချင်းက ပြုံးလိုက်ရင်း ပြောလိုက်သည်။

"ဒီည ငါကံကောင်းပုံရတယ်... တစ်ကြိမ်တည်းစမ်းပြီး အဖြေထွက်သွားတယ်..."

"ဒါနဲ့... ဒီတစ်ခုက ဘာအတွက်လဲ..."

သူက နောက်ဆုံးကျန်ရှိသော ပုလင်းငယ်ကို ကောက်ကိုင်လိုက်ရာ ၎င်းထဲတွင် ဆေးဆီများ ရှိနေသည်။

ချူချင်းက ခေတ္တမျှ စဉ်းစားပြီးနောက် ကော်ကျင့်ချွမ်း၏ကိုယ်ပေါ်တွင် ဓားဖြင့် ဒဏ်ရာအသေးစားတစ်ခု ပေးလိုက်သည်။ သွေးအနည်းငယ် ထွက်လာပြီးနောက် ဆေးဆီအချို့ကိုယူကာ ဒဏ်ရာပေါ်သို့ သုတ်လိမ်းပေးလိုက်သည်။

သို့သော် တစ်ခဏမျှ စောင့်ကြည့်ပြီးနောက် ကော်ကျင့်ချွမ်း၏မျက်နှာတွင် နာကျင်သည့် အရိပ်အယောင် မတွေ့ရပေ။

သူက ရေရွတ်လိုက်သည်။

"အသားနုတက်ပြီး သွေးတိတ်စေတဲ့ ဆေးလား..."

ဤကဲ့သို့သော ဆေးမျိုးမှာ အချိန်တိုအတွင်း အာနိသင်ပြရန် မလွယ်ကူပေ။

ထို့ပြင် ဤပုလင်းငယ်မှာ အလွန်သေးငယ်လှသဖြင့် ကော်ကျင့်ချွမ်းနှင့် မေချန်လော့တို့၏ ဒဏ်ရာပြင်းထန်မှုမျိုးကိုတော့ မသက်သာနိုင်ပေ။

မေချန်လော့သည် ချူချင်း၏လက်ချက်ဖြင့် လက်တစ်ဖက် ပြတ်တောက်သွားခဲ့သော်လည်း ဤဆေးကို သုံး၍ သွေးတိတ်ရန်မကြိုးစားခဲ့ပေ။

ထို့နောက် ချူချင်းက ကော်ကျင့်ချွမ်း၏ကိုယ်ပေါ်တွင် ထပ်မံရှာဖွေလိုက်သည်။ သူက မေချန်လော့ထက် ပိုသပ်ရပ်ပြီး ကိုယ်ပေါ်တွင် ပုလင်းခွံများ မရှိပေ။

ငွေစက္ကူများ မရှိသော်လည်း ငွေတုံးငွေခဲများစွာ ရှိနေသည်။

ချူချင်းက ၎င်းတို့ကို အားမနာတမ်း သိမ်းဆည်းလိုက်ပြီးနောက် မေပွင့်အပ်၏ အဆိပ်ဖြေဆေးကို သိမ်းဆည်းကာ ရှဝမ်ရွှမ်းကို ကြည့်ရင်းမေးလိုက်သည်။

"မင်း ချန်စစ်ဟိုင်နဲ့ ရန်ငြိုးရှိတာလား..."

"ရှိတယ်..."

ချူချင်းက ထပ်မေးလိုက်သည်။

"မင်း သူ့ကို သတ်ပေးစေချင်လား..."

ချူချင်း၏မေးခွန်းများက ရိုးရှင်းပြီး ပြတ်သားလှသည်။

ရှဝမ်ရွှမ်း၏မျက်ဝန်းများ အကြိမ်ကြိမ် လှုပ်ခတ်သွားပြီးနောက် နောက်ဆုံးတွင် ခေါင်းကို အသာအယာညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"ရှင် ကော်ကျင့်ချွမ်းနဲ့ မေချန်လော့ကို သတ်လိုက်ပြီဆိုတော့ သူနဲ့က ရန်ငြိုးမပြေနိုင်တော့ဘူး..."

ချူချင်းက ခပ်အေးအေး ပြောလိုက်သည်။

“အဲဒီလိုတွက်လို့မရဘူးလေ... ငါတို့က တစ်ခုချင်းစီ ခွဲတွက်ရမယ်..."

ချူချင်းက ညင်သာစွာ ပြောလိုက်သည်။

"ငါ မင်းအတွက် ချန်စစ်ဟိုင်ကို သတ်ပေးလို့ရတယ်... ဒါပေမဲ့ ငါ့ကို အကူအညီတောင်းဖို့ဆိုရင် မင်းဘက်က တန်ဖိုးရှိတာတစ်ခုခုတော့ ပေးရမယ်..."

"တန်ဖိုးရှိတာ..."

ရှဝမ်ရွှမ်း နားမလည်နိုင်ဖြစ်သွားသည်။ အဘယ်ကြောင့် ရုတ်တရက် ဤသို့ ဖြစ်သွားရသနည်း။

သူမ မပြောလျှင်ပင် ဤလူသည် ချန်စစ်ဟိုင်ကို သတ်ရန်သွားမည် မဟုတ်ပါလော။

ယခုအခါ အဘယ်ကြောင့် သူမဘက်က တစ်ခုခုပေးရမည်ဟု ဖြစ်သွားရသနည်း။

ရှဝမ်ရွှမ်းက တိုးတိုးလေးမေးလိုက်သည်။

"ရှင် ဘာလိုချင်လို့လဲ..."

ချူချင်းက ပြန်ဖြေလိုက်သည်။

"ရွှေဖြစ်ဖြစ်... ငွေဖြစ်ဖြစ်... ရတယ်..."

ချူချင်း၏အဖြေက အနည်းငယ် လောကီဆန်လွန်းလှသည်။

ရှဝမ်ရွှမ်းက မေးလိုက်သည်။

"ရှင်က လူသတ်သမားလား..."

ရှဝမ်ရွှမ်းက ချူချင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ချူချင်းက သူ၏မျက်နှာဖုံးကို ကိုင်ကြည့်ရင်း ပြောလိုက်သည်။

"မသိသာဘူးလား..."

ရှဝမ်ရွှမ်း၏မျက်ဝန်းများ မှိန်ဖျော့သွားသည်။ လူသတ်သမားဟူသည် ငွေကြေးအတွက်သာ လူသတ်တတ်ကြသည် မဟုတ်ပါလော။

သူမဘက်က ဤသို့ပြောလိုက်ပြီ ဖြစ်ရာ ဤလူသတ်သမားသည် ချန်စစ်ဟိုင်နှင့် ရန်ငြိုးရှိနေလျှင်ပင် သူ့ကို သတ်ချင်မှသတ်တော့မည်။

အဘယ်ကြောင့်ဆိုသော် ဤအရာက သူ့အတွက် အကျိုးအမြတ် ရရှိစေနိုင်သောကြောင့် ဖြစ်သည်။

သူမ စိတ်ထဲတွင် ဤသို့တွေးတောရင်း လွှတ်ခနဲ ပြောလိုက်မိသည်။

"ကျွန်မဆီမှာ ပိုင်ဆိုင်မှုများများစားစား မရှိဘူး... ဒါပေမဲ့ ရုပ်ရည်ကတော့ မဆိုးပါဘူး... ငွေမလောက်ရင် ကျွန်မကိုယ်တိုင်နဲ့ပဲ အစားထိုးပေးရမလား..."

လေထုတစ်ခုလုံး ရုတ်တရက် အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။

ရှဝမ်ရွှမ်းသည် စကားကိုပြန်ရုပ်သိမ်း၍ မရတော့ပေ။

သူမက ချူချင်းကိုကြည့်လိုက်ရာ သူက တစ်ချက်စိုက်ကြည့်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်ကို တွေ့လိုက်ရသည်။

"ရူးနေတာပဲ..."

'သူ ဘာပြောလိုက်တာလဲ...'

ရှဝမ်ရွှမ်းက မျက်လုံးအဝိုင်းသားဖြင့် သူမ၏နားကိုပင် မယုံနိုင်ဖြစ်သွားသည်။

ချူချင်းကမူ ရှေ့မှစနစ်၏ အသိပေးချက်ကို ကြည့်လိုက်သည်။

【လုပ်ငန်းစဉ် စတင်ခြင်း - ရှန်ရှာဂိုဏ်းချုပ် ချန်စစ်ဟိုင်ကို လုပ်ကြံရန်...】

【လက်ခံမည်လော...】

စနစ်က ရှုပ်အောင်လုပ်နေသည်ဟု ခံစားရသော်လည်း ချူချင်းက မဆိုင်းမတွဘဲ လက်ခံလိုက်သည်။

ချူချင်းသည် မိမိ၏စနစ်မှာ အလွန်ရိုးရှင်းလွန်းသည်ဟု အမြဲတစေ ထင်မြင်ခဲ့သည်။

ဉာဏ်ရည်တုလည်း မရှိ၊ သူနှင့်လည်း စကားမပြောနိုင်၊ လုပ်ငန်းစဉ် စတင်သည့် အခြေအနေများကလည်း တင်းကျပ်လွန်းလှသည်။ ၎င်းသည် အလုပ်အပ်နှံသူအပေါ် မည်သည့်သတ်မှတ်ချက်မျှ မရှိသကဲ့သို့ အလုပ်အတွက် ပေးအပ်မည့် ဆုလာဘ်များကိုလည်း စိတ်ကြိုက် သတ်မှတ်ပေးတတ်သည်။

ထိုဆုလာဘ်များကို လက်ခံရန်မှာ ချူချင်းကိုယ်တိုင် ဆုံးဖြတ်ရသည်။

စနစ်ကမူ ဤအရာများကို မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ လုပ်ငန်းစဉ်များကို စတင်ပေးရန်နှင့် ဆုလာဘ်များ ပေးအပ်ရန်သာ တာဝန်ရှိသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ရိုးရှင်းသော်လည်း စိတ်အေးရပေသည်။

ရှဝမ်ရွှမ်းသည် ချူချင်း၏စကားကြောင့် ကြောင်အနေလျက် ချူချင်းက ညင်သာစွာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"သဘောတူတယ်..."

"..."

'ခုနလေးတင် သူမကို ရူးနေတာလားဟု ဆဲဆိုပြီး အခုကျ သူမကမ်းလှမ်းတာကို သဘောတူလိုက်တာလား...'

'ဒီလူသတ်သမားက စိတ်နှစ်ခွ ဖြစ်နေတာလား...'

သို့သော် မည်သို့ပင်ဖြစ်စေ အနည်းဆုံးတော့ ဤလူကသဘောတူခဲ့ပြီ ဖြစ်သည်။

ချန်စစ်ဟိုင်ကို သတ်ရန်မှာ အလွန်ခက်ခဲလှသည်။ ရှန်ရှာဂိုဏ်းတွင်ရှိနေစဉ်က ရှဝမ်ရွှမ်းအတွက် မည်သည့်အခွင့်အရေးမျှ မရခဲ့ပေ။

ယခုတစ်ကြိမ်တွင် ချန်စစ်ဟိုင်သည် အစောင့်အရှောက်ကြီးလေးဦးနှင့် ခေါင်းဆောင်အချို့ကို ခေါ်ဆောင်ကာ ထျန်းဝူမြို့သို့ရောက်ရှိနေခြင်းမှာ လုပ်ကြံသတ်ဖြတ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

နှမြောစရာကောင်းသည်မှာ သူမသည် ယခုအခါ ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် ကိုယ်တိုင်လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

မဟုတ်ပါက သရုပ်မှန်မသိရသော ဤလူကို အဘယ်ကြောင့် အကူအညီတောင်းနေပါမည်နည်း။

ယခုမူ ဤလူသည် ကတိတည်ရန်သာ မျှော်လင့်ရတော့သည်။

သူ၏သိုင်းပညာဖြင့်သာ လက်တွေ့လုပ်ဆောင်မည်ဆိုပါက သူမ၏ရန်ငြိုးကို အမှန်တကယ် ကလဲ့စားချေနိုင်ပေမည်။

ဆုလာဘ်နှင့် ပတ်သက်၍မူ...

ရှဝမ်ရွှမ်းက နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး သူမ၏မျက်ဝန်းများထဲတွင် ခေါင်းမာသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

"ခွေးကိုက်ခံရတယ်လို့ပဲ သဘောထားလိုက်မယ်…”

All Chapters